Presentation တစ်ခုလုပ်ဖို့ ပြင်ဆင်နေပြီဆိုရင် အမှန်တကယ် ကောင်းမွန်ပြီး ထိထိရောက်ရောက် ပြုလုပ်နိုင်စေဖို့ အဓိကအရေးကြီးတဲ့ Etiquette ကိုးချက်ကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ့်ရဲ့ Presentation မှာ ဒီအချက်တွေကို ထည့်သွင်းလုပ်ဆောင်ရင်းနဲ့ ပရိသတ်တွေ ဈာန်ဝင်သွားစေနိုင်မယ့် Presentation ကို ပြုလုပ်လိုက်ပါ။
၁။ သက်ဝင်တဲ့ဟန်အနေအထားနဲ့ နေရာယူပါ။
Stage ပေါ်မတက်ခင် နေရာလွတ်တစ်ခုရှာပြီး အသက်ပြင်းပြင်းရှူတာ၊ ဘယ်ညာကိုင်းတာနဲ့ စိတ်လှုပ်ရှားမှုကို လျှော့ချပါ။ စိတ်လှုပ်ရှားမှု လုံးလုံးမပျောက်ရင်တောင် နေလို့ထိုင်လို့ ကောင်းသွားပါလိမ့်မယ်။
၂။ ထိရောက်စွာ အစပြုပါ။
ဟာသ၊ ဒါမှမဟုတ် ပုံပြင်တစ်ခုနဲ့ ပရိသတ်အာရုံကို ဖမ်းစားတာ၊ ဒါမှမဟုတ် မေးခွန်းမေးတာဟာ Presentation ကို ပိုထိရောက်စေပါတယ်။ ဗရပြွတ်တင်ပြတာထက် အချက်အလက်တွေ ချိတ်ဆက်မှုရှိပြီး ဆက်စပ်မှုရှိဖို့ လိုပါတယ်။
၃။ ခံတွင်းသန့်ရှင်းစေတဲ့ဆေး ဆောင်ထားပါ။
ဘယ်အချိန်ခံတွင်းရှင်းဖို့ လိုမလဲဆိုတာ မသိနိုင်တာကြောင့် ခံတွင်းရှင်းစေတဲ့ဆေး ဆောင်ထားတာ အထောက်အကူပြုပါတယ်။
၄။ Stage ကို လိုသလိုအသုံးချပါ။
စင်အနောက်မှာနေတာ၊ စားပွဲကိုမှီပြီး ရပ်နေတာမျိုး ပြုလုပ်မယ့်အစား Stage စင်မြင့်ပေါ်မှာ တည့်တည့်မတ်မတ်၊ မျှမျှတတနဲ့ ရပ်ပါ။ တစ်နေရာတည်းမှာ အကြာကြီး ရပ်နေတာမျိုးလည်း မလုပ်ပါနဲ့။ တစ်ပတ်ပတ်ပြီး ပရိသတ်ရဲ့ မျက်လုံးတွေကို ကြည့်ပြီး မေးခွန်းမေးတာမျိုး ပြုလုပ်ပါ။ ဂနာမငြိမ် ဖြစ်နေတာမျိုးမဟုတ်ဘဲ သင့်တော်တဲ့ ကိုယ်ဟန်အမူအရာကို အသုံးပြုပါ။
၅။ အလေးထားစေလိုတဲ့ စကားလုံးကို သုံးတဲ့အခါ သတိပြုပါ။
တူညီတဲ့ စာတစ်ကြောင်း၊ စကားလုံးတစ်လုံးကို အလေးထားသုံးတာဟာ စာကြောင်းရဲ့ အဓိပ္ပာယ်တစ်ခုလုံးကို လုံးဝပြောင်းလဲသွားစေနိုင်တဲ့အတွက် စကားလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်းကို အလေးထားပြီး ပြောမယ်ဆိုရင် (ဖိပြီးပြောမယ်ဆိုရင်) သတိပြုသင့်ပါတယ်။
၆။ အလိုက်သင့်လေးသွားပါ။
မူလအကြောင်းအရာက သွေဖည်သွားရင် စိတ်မလှုပ်ရှားပါနဲ့။ ကိုယ်ရေးထားတာကို ကိုယ်ကလွဲပြီး တခြားဘယ်သူမှ မသိပါဘူး။ ဒါကြောင့် ကိုယ်တင်ပြတဲ့ အကြောင်းအရာကို အသေအချာသိအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ပြောမယ့်အကြောင်းအရာကို ရင်းနှီးကျွမ်းဝင်ရင် မမျှော်လင့်ထားတဲ့မေးခွန်း ဒါမှမဟုတ် ဝေဖန်မှုတစ်ခုကြောင့် လမ်းကြောင်းချော်ထွက်သွားခြင်းက သင့်ကို တုန်လှုပ်စေနိုင်တော့မှာ မဟုတ်ပါဘူး။
၇။ အနှောင့်အယှက်ပေးသူကြောင့် ကတောက်ကဆတ် မဖြစ်ပါနှင့်။
အနှောင့်အယှက်ပေးတတ်တဲ့၊ ဒေါသထွက်အောင်ပြုတတ်တဲ့ ပရိသတ်ရှိတတ်ပါတယ်။ စိတ်မပူပါနဲ့။ သူ့မေးခွန်းကို လေးလေးစားစားဖြေပြီး Presentation အပြီးမှာ Feedback နဲ့ Follow Up လုပ်ဖို့ အခွင့်ပေးလိုက်ပါ။ ကိုယ့်ရဲ့ ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန်ဖြေဆိုမှုက အများရဲ့လေးစားမှုကိုလည်း ခံရစေမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ကြောင့် Confidence မကျသွားပါစေနဲ့။
၈။ ပရိသတ်မသိတာကို သင်ပြပါ။
တကယ်ကောင်းတဲ့ Presenter တစ်ယောက်ဟာ Presentation ပြီးသွားလို့ ပရိသတ်တွေ ပြန်သွားတဲ့အခါမှာလည်း ကိုယ်ပြောလိုက်တာကို သူတို့အမှန်တကယ် နားလည်ပြီး အသုံးချနိုင်အောင် အချက်အလက်ပေးနိုင်တဲ့သူဖြစ်ပါတယ်။ Presentation က ပေးလိုက်တဲ့ သတင်းအချက်အလက်တွေဟာ သူတို့ရဲ့ စီးပွားရေးနဲ့ လူမူရေးဆိုင်ရာ အတွေးတွေရစေပြီး ညစာစားဝိုင်း၊ ဒါမှမဟုတ် ကွန်ရက်မှာ စကားစတတ်စေပါတယ်။
၉။ ဘယ်လိုဆက်သွယ်ရမယ်ကို ပြောပြပြီး အဆုံးသတ်ပါ။
ကိုယ့်ကို ပရိသတ်တွေ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ မဖြစ်မနေပြောပြပါ။ အဆက်အသွယ်မပြတ်ဖို့နဲ့ သူတို့အမြင်ကို သင့်ကိုပြောဖို့ အားပေးပါ။ အဟောအပြော ကောင်းတယ်ဆိုတာရဲ့ ရလဒ်တစ်ခုက ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးကို တည်ဆောက်တာ ဖြစ်ပါတယ်။
Ref:http://ethailand.com