Pokemon Go ၊ Joseph Schooling နှင့် ဖြတ်လမ်း

pokemonjoseph7

[caption id="attachment_27397" align="alignnone" width="720"]pokemonjoseph1Pokemon Go တီထွင်သူ John Hanke[/caption]

မောင်သာတို့နိုင်ငံတွင် သြဂုတ်လပထမပတ်အတွင်း ကမ္ဘာ့ရွာ (Global Village) ၏ ရိုက်ခတ်မှုတစ်ခုဖြစ်သော Pokemon Go ကစားနည်းကို ကစားနိုင်ပြီဖြစ်ပါသည်။ စတင်ကစားခွင့်ရသည့်နေ့မှစ၍ ရန်ကုန်မြို့၏ အထင်ကရနေရာတိုင်းတွင် လူကြီးလူငယ်မရွေး ခေါင်းငုံ့လျက် လက်ကိုင်ဖုန်းပေါ်မှ လမ်းညွှန်ချက်များမှတစ်ဆင့် ' အကောင်' လေးများ လိုက်လံဖမ်းရပါသည်။ အာဆီယံနိုင်ငံတွင်သာမက ကမ္ဘာအနှံ့စိတ်ဝင်စားသူများပြားလွန်းပြီး ယခုအခါ Pokemon Go ကစားသူ ခန့်မှန်းစုစုပေါင်းမှာ App Annie နှင့် Sensor Tower တို့၏ စစ်တမ်းကောက်ယူချက်အရ စက်တင်ဘာလ ၈ ရက်အထိ သန်းငါးရာကျော် ရှိပါသည်။ Google Play တစ်ခုတည်းကတင် သြဂုတ်လ ၈ ရက်အထိ Download လုပ်သူအရေအတွက် သန်းတစ်ရာကျော်ရှိခဲ့ပါသည်။ သို့သော် ယခုအခါ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့နိုင်သဖြင့် အချို့နိုင်ငံများတွင် ဤကစားနည်းကို ကစားဖို့ရန် စဉ်းစားနေရပြီဖြစ်ပါသည်။ Pokemon Go ကို တီထွင်သည့် John Hanke ၏ အဆိုအရ အဆိုပါကစားနည်းကို နှစ် ၂၀ ခန့် အချိန်ယူ၍ ပြင်ဆင်ခဲ့ရကြောင်း သိရှိရလေသည်။ Pokemon Go ၏ ဆွဲဆောင်မှုတစ်ရပ်မှာ လတ်တလောရလဒ် (Achievement) ရရှိခြင်းပင်ဖြစ်ပါသည်။ မိမိလိုချင်သောအကောင်၊ ရှားပါးသောအကောင်များ ရယူနိုင်ခြင်းသည် မိမိ၏စွမ်းဆောင်ရည်ဟု ယေဘုယျ ထင်မြင်နိုင်ပါသည်။

pokemonjoseph2

သြဂုတ်လ ၅ ရက်တွင် ကမ္ဘာ့နွေရာသီ အိုလံပစ်အားကစားပွဲတော်ကြီးကို ဘရားဇီးနိုင်ငံ၊ ရီအိုဒီဂျနီဟိုမြို့တော်တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ သြဂုတ်လ ၁၂ ရက်တွင် အာရှသားများအတွက် ဂုဏ်ယူရမည့် ရေကူးရွှေတံဆိပ်ကို အသက် ၂၁ နှစ်အရွယ် စင်ကာပူနိုင်ငံသား Joseph Schooling (ဂျိုးဇက်စကူးရင်း) မှ မီတာတစ်ရာလိပ်ပြာကူးတွင် ကမ္ဘာ့နာမည်အကြီးဆုံး အမေရိကန်ရေကူးသမား Michael Phelp (မိုက်ကယ်ဖေးလ်) ကို နှာတစ်ဖျားအသာဖြင့် အနိုင်ယူခဲ့သည့် ဤပြိုင်ပွဲ၏ ပထမဆုံးထူးခြားချက်မှာ လူငယ်ဖြစ်သူဂျိုးဇက်မှာ မိမိလေးစားစံပြုရသော မိုက်ကယ်ကို အနိုင်ယူလိုက်နိုင်ခြင်း ဖြစ်ပါသည်။ ဒုတိယထူးခြားချက်မှာ ဒုတိယနေရာ ငွေတံဆိပ်အတွက် မိုက်ကယ်အပါအဝင် အခြားနာမည်ကြီး ရေကူးသမားနှစ်ဦး၊ ပေါင်းသုံးဦးမှာ တစ်ချိန်တည်း ပန်းဝင်ခြင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့ရေကူးသမိုင်းတွင် ၁၉၆၈ ခုနှစ်တွင် တစ်ကြိမ်ကြုံဖူးပြီး ယခုအချိန်မှာ ဒုတိယအကြိမ်ဖြစ်ပါသည်။ ထိုသတင်းမှာ စင်ကာပူနိုင်ငံအတွက် သမိုင်းတွင်သည့် ပထမဆုံး ရွှေတံဆိပ်ဆုဖြစ်သကဲ့သို့ နောက်ဆက်တွဲသတင်းများမှာ စိတ်ဝင်စားဖွယ် သင်ခန်းစာယူဖွယ် ဖြစ်ပါသည်။

pokemonjoseph3

တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၈ ခုနှစ်တွင် မိုက်ကယ်ဖေးလ် ဦးဆောင်သည့် အမေရိကန်ရေကူးအသင်း၊ စင်ကာပူနိုင်ငံသို့ အလည်အပတ်လာရောက်စဉ်က ၁၃ နှစ်သား ဂျိုးဇက်စကူးရင်းအနေဖြင့် သူ၏ စံနမူနာလေးစားရသည့် မိုက်ကယ်ဖေးလ်ကို ပထမဆုံးကြုံတွေ့ခဲ့ရသည်။ မိုက်ကယ်က ဂျိုးဇက်ကို အမေရိကန်နိုင်ငံတွင် အပြင်းအထန်လာရောက်လေ့ကျင့်ရန် အကြုံပြုခဲ့သဖြင့် ဂျိုးဇက်မှာ တက်ဆက်တက္ကသိုလ်တွင် သွားရောက်အခြေချခဲ့ရသည်။

[caption id="attachment_27393" align="alignnone" width="423"]pokemonjoseph4Joseph Schooling[/caption]

အသက် ၃၁ နှစ်ရှိပြီဖြစ်သော မိုက်ကယ်သည် အမေရိကန် အိုလံပစ်အားကစားသမိုင်းတွင် ရွှေတံဆိပ် အများဆုံးယူပေးနိုင်သူတစ်ဦးအဖြစ် မှတ်တမ်းတင်ခံရသူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ကမ္ဘာ့မြားပစ်ပြိုင်ပွဲတွင် အသက် ၁၅ နှစ်မှစ၍ ဝင်ပြိုင်ခဲ့သူဖြစ်ပါသည်။ ယခုပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ခဲ့ပါက သူ၏ ၂၃ ဆုမြောက်သော ရွှေတံဆိပ်ဖြစ်ပါသည်။ စနေနေ့ညတွင် ရွှေတံဆိပ် ဆုတစ်ဆုထပ်ရခဲ့သော မိုက်ကယ်အနေဖြင့်  အသက်အကြီးဆုံးရေကူးပြိုင်ပွဲဝင်ဖြစ်ပြီး ယခုပွဲအပြီးတွင် လုံးဝအနားယူတော့မည်ဖြစ်ကြောင်း တစ်ဆက်တည်း ကြေညာခဲ့လေသည်။ မိုက်ကယ်အနေဖြင့် ပြိုင်ပွဲဝင်ခဲ့သော ကမ္ဘာ့အိုလံပစ် ငါးခုမှ ရွှေတံဆိပ် ၂၃ ခု၊ ငွေတံဆိပ် ၃၃ ခုနှင့် ကြေးတံဆိပ် ၂၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇၉ ခုရရှိခဲ့ပြီး  ဆုတံဆိပ်အများဆုံးရသူအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါသည်။ မိုက်ကယ်အနေဖြင့် ဂျိုးဇက်ကို ရှုံးခဲ့ရသည့်ပွဲတွင် အနိုင်ရသူ ဂျိုးဇက်ကို ဂုဏ်ပြုစကား ချက်ချင်းပြောကြားခဲ့သည်မှာလည်း လေးစားဖွယ်ရာပင် ဖြစ်ပါသည်။

[caption id="attachment_27394" align="alignnone" width="720"]pokemonjoseph5Michael Phelp နှင့် Joseph Schooling[/caption]

ဂျိုးဇက်အနေဖြင့် ၂၀၀၈ ခုနှစ်၊ အသက် ၁၃ နှစ် အရွယ်ကတည်းက မိုက်ကယ်ကဲ့သို့သော ရေကူးသမား ဖြစ်လိုသော ဆန္ဒအိပ်မက်ရှိမည်မှာ မလွဲပေ။ သို့သော် သူ၏တစိုက်မတ်မတ် နှစ်မြှုပ်ကြိုးစားဆောင်ရွက်မှု (Commitment) ကြောင့် မိုက်ကယ်မှ သတိထားအသိအမှတ်ပြုပြီး အမေရိကန်နိုင်ငံတွင် သွားရောက်သင်ယူလေ့ကျင့်ရန် အကြံပြုခဲ့ခြင်းဖြစ်ပါသည်။ ဂျိုးဇက်အနေဖြင့် မိမိအိပ်မက်ကို ရှစ်နှစ်ကြာစည်းစနစ်ကျစွာ Discipline နှင့် စနစ်တကျ ကြိုးစားအကောင်အထည်ဖော်ခြင်းမှာ လေးစားဖွယ်ရာပင်ဖြစ်ပါသည်။ အထူးသဖြင့် ဆရာ့ထက် တပည့်လက်စွမ်းထက်ဆိုသကဲ့သို့ မိမိလေးစားဂုဏ်ယူခဲ့ရသူကို အနိုင်ယူနိုင်ခြင်းမှာလည်း တစ်သက်လုံးဂုဏ်ယူရမည့် အမှတ်တရပင်ဖြစ်ပါသည်။

[caption id="attachment_27395" align="alignnone" width="720"]pokemonjoseph6Michael Phelp[/caption]

မောင်သာတို့ မြန်မာနိုင်ငံတွင်လည်း အလုပ်အကိုင်အခွင့်အရေးများစွာ ရှိလာပြီဖြစ်ပါသည်။ တစ်နည်းအားဖြင့် အခွင့်အရေး (Chances) များစွာရရှိလာပြီဖြစ်ပါသည်။

ဤသို့သောအခွင့်အရေးများကို စည်းစနစ်ရှိသည့် Disciplined Choice ရှိမှသာ မိမိအိပ်မက်များကို ရယူနိုင်မည်ဖြစ်ပါသည်။ ဘဝတွင် ဖြတ်လမ်းနည်းများဖြင့် အောင်မြင်မှုရနိုင်ရန်မှာ လုံးဝမဖြစ်နိုင်သဖြင့် မဆုတ်မနစ် တစိုက်မတ်မတ်လုပ်ကိုင်ခြင်းနှင့် စည်းစနစ်ရှိစွာ ကြိုးစားလုပ်ကိုင်မှသာ Pokemon Go ကဲ့သို့ ဖျတ်ခနဲစိတ်ကျေနပ်မှုများ ကြုံရမည်မဟုတ်ဘဲ မိုက်ကယ်ဖေးလ်၊ ဂျိုးဇက်စကူလင်းတို့ကဲ့သို့ သမိုင်းတွင်မည့် အောင်မြင်မှုများ ရရှိနိုင်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

မောင်သာ