စီမံချက်ရေးဆွဲခြင်း

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ (အခန်း ၁)

plantheproject1

ရည်ရွယ်ချက်အောင်မြင်အောင် လိုက်နာဆောင်ရွက်ရမယ့်အချက်များ . . .

- အခြေအနေတွေကို မှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံ သုံးသပ်ဆန်းစစ်ပါ။

- အားနည်းချက်တွေ၊ အားသာချက်တွေကို ယှဉ်ကြည့်ပါ။

- ရည်ရွယ်ချက်အောင်မြင်ရေးအတွက် ပြောင်းလဲလုပ်ကိုင်နိုင်တာတွေကို မြင်အောင်ကြည့်ပါ။

အဖွဲ့အစည်းက လုပ်ကိုင်ဆောင်ရွက်ချင်တာကို လုပ်ကိုင်နိုင်ရေးအတွက် စီမံချက်ရေးဆွဲရမှာဖြစ်ပါ တယ်။ ရေးဆွဲရာမှာလည်း ပကတိဖြစ်ပျက်နေတာတွေ၊ အမှန်တရားတွေကို ထည့်တွက်ရမယ်။ ဒါကြောင့် ဒီအခန်းမှာ ဆန်းစစ်သုံးသပ်ခြင်းအလုပ်ကို အဓိကထား တင်ပြသွားမှာဖြစ်ပါတယ်။

ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေကို ကြည့်လိုက်ရင် ရည်ရွယ်ချက်၊ ဦးတည်ချက်တွေကို ပီပီပြင်ပြင် မြင်သာအောင် ဖော်ပြဖို့လိုတယ်။ ဘာတွေကို အဓိကတန်ဖိုးထား ရေးဆွဲထားသလဲ၊ အဖွဲ့အစည်းရဲ့ အနာဂတ် ဖြစ်လာမယ့်ပုံရိပ်ကိုလည်း ပီပီပြင်ပြင် ထင်ထင်ရှားရှား ပေါ်လွင်နေရမှာဖြစ်တယ်။ အဲဒီလိုဖြစ်ချင်တဲ့ စိတ်ကူးစိတ်သန်းတွေကို အခြေခံပြီး ဦးစီးခေါင်းဆောင်လုပ်သူတွေဟာ လုပ်ငန်းအောင်မြင်ရေးအတွက် ဘယ်လိုစတင်လုပ်ကိုင်ရမယ်။ အဖွဲ့အစည်းကိုလည်း စီမံထားတာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

စီမံချက်ရေးဆွဲရာမှာ အသေးစိတ်တွေနဲ့ ရှုပ်ထွေးမှုတွေများလေလေ လက်ရှိတည်ရှိနေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် အလျှော့အတင်း လုပ်ပေးရတာ ခက်လေလေဖြစ်ပါတယ်။ တင်းကျပ်တဲ့ လုပ်ကိုင်ပုံနည်းစနစ်တွေမှာ ချမှတ်ရေးဆွဲထားတဲ့စီမံချက်အတိုင်း တစ်သဝေမတိမ်း လိုက်နာခြင်းဟာ အောင်မြင်ရေးအတွက် သော့ချက်ဖြစ်တယ်လို့ ယူဆကြတယ်။ အသေအချာဂရုတစိုက်ရေးဆွဲထားတဲ့ စီမံချက်တွေကို တိတိကျကျ မှန်မှန်ကန်ကန် အကောင်အထည်ဖော်သွားရင် မလွှဲမရှောင်သာ ပေါ်ပေါက်လာမယ့် ရှုပ်ထွေးမှုများကို ရှောင်ရှားကျော်လွှားသွားနိုင်တယ်လို့ ယူဆကြတယ်။ စီမံချက်ရေးဆွဲတဲ့အလုပ်ကိုပဲ အချိန်ယူအလေးပေးပါ။ လုပ်ကိုင်နေတဲ့အခါ အဲဒီစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးဟာ စီမံချက်ရေးဆွဲတဲ့အလုပ်လောက် အရေးမကြီးတဲ့အလုပ် ဖြစ်လာတယ်။ ဒါပေမဲ့ အပြောင်းအလဲမလုပ်ဘဲ ပုံသေကားကျချည်း လုပ်သွားရင် ဘောလုံးပွဲ မအောင်နိုင်ဘူးဆိုတာ ဘောလုံးအားကစားနည်းပြတိုင်းက ပြောနိုင်ပါတယ်။ ကစားကွင်းထဲမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့အခြေအနေနဲ့လိုက်ပြီး ကစားကွက်ပြောင်းပေးရတဲ့စီမံချက်တွေဟာ အဲဒီနည်းပြတွေမှာ ရှိကြတာချည်းပါပဲ။ ဒီအချက်ကိုကြည့်ရင် စီမံချက်ကို အပြောင်းအလဲလုပ်ပေးသူဟာ စီမံချက်ရေးဆွဲသူမဟုတ်ဘူး။ ဖြစ်ပေါ်နေတဲ့အခြေအနေအမှန်ကသာ စီမံချက်ကို ပြောင်းလဲစေတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

လူတိုင်းလိုလို အယူအဆမှားတတ်တာက စီမံချက်ချတယ်ဆိုတာ စိတ်အလုပ်မျှသာဖြစ်တယ်လို့ ယူဆနေကြတာဖြစ်တယ်။ အရင်က ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားကာ နောင်အနာဂတ်မှာ အဆင်ပြေအောင် လုပ်သွားရမယ့်အယူအဆတွေ၊ စိတ်ကူးတွေလို့ ပဲထင်ကြတယ်။ တကယ်တော့ အဲဒီလိုခေါင်းထဲမှာရှိတာတွေကို စာနဲ့ချမရေးရင် စီမံချက်ရှိနေပြီလို့ကို မပြောနိုင်ပါဘူး။ အိပ်မက်ပဲ ရှိနေတာဖြစ်တယ်။ စိတ်ကူးစိတ်သန်းပဲ ရှိနေတာဖြစ်တယ်။ ထိတ်လန့်စရာ အိပ်မက်ဆိုးလို့တောင် ဖြစ်နိုင်သေးတယ်။ ဒါကြောင့် စီမံချက်ကို ခေါင်းထဲမှာပဲမထားဘဲ ချရေးထားတာအကောင်းဆုံး အလုပ်ဖြစ်နိုင်တယ်။

ပြဿနာတစ်ရပ်ကို ဖြေရှင်းနိုင်အောင် မကြိုးစားဘဲ အဲဒီပြဿနာကို ရှင်းရှင်းလင်းလင်း နားလည်အောင် ကြိုးစားပါ။ စီမံချက်ရေးဆွဲတဲ့အခါ လက်ရှိမိမိမှာရှိထားတာတွေနဲ့ လုပ်ကိုင်လို့ရတာတွေကိုချည်း ထည့်မတွက်ပါနဲ့။ သင့်မှာ ပစ္စည်းလက်နက်ကိရိယာဆိုလို့ ဘာမှမရှိဘဲ တူတစ်လက်ပဲရှိနေမယ်ဆိုရင် သင့်မျက်စိထဲမှာ အဲဒီတူကို သုံးလို့ရတဲ့သံတွေကိုပဲ မြင်နေမှာဖြစ်တယ်။

[caption id="attachment_26918" align="alignnone" width="720"]plantheproject2လုပ်ငန်းလမ်းညွှန် အခြေခံသဘောတရားတွေက အောင်မြင်မှုကို အဆုံးအဖြတ်ပေးပါတယ်[/caption]

အခြေအနေတွေကို စေ့စေ့စပ်စပ် စိစစ်သုံးသပ်ပါ . . .

ဆွန်ဇူးက အောက်ပါအတိုင်း ပြောပါတယ်။

စစ်ဆိုတာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ သေရေးရှင်ရေးကိစ္စပဲ။ ဆက်လက်ရှင်သန် ရပ်တည်သွားနိုင်တဲ့လမ်းနဲ့ လုံးဝပျက်သုဉ်းသွားတဲ့လမ်းဆိုတဲ့ လမ်းတွေထဲက တစ်ခုခုကို ရွေးရမယ့်ကိစ္စဖြစ်တယ်။ ဒါကြောင့် ဒါကို စေ့စေ့စပ်စပ် ပြည့်ပြည့်စုံစုံ လေ့လာထားဖို့ သိပ်အရေးကြီးတယ်။

ဒါကြောင့် စစ်တိုက်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ အကျိုးရလဒ်ကိုစိစစ်သုံးသပ်တဲ့အခါ ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ဘက်နှစ်ဖက်စလုံးရဲ့ အခြေအနေတွေကို အောက်ဖော်ပြပါအမြဲပါဝင်နေတဲ့နေတဲ့ အချက်ငါးချက်ရဲ့ ထောင့်ကနေပြီး ကြည့်မြင်စိစစ်သုံးသပ်ဖို့လိုပါတယ်။

၁။ လူ့ကျင့်ဝတ်ဆိုင်ရာလွှမ်းမိုးမှု

၂။ ရာသီဥတု

၃။ ရေမြေတောတောင်၊ မြေပြင်အနေအထား

၄။ တပ်မှူး

၅။ အယူဝါဒ

အထက်ပါအမြဲရှိနေတဲ့ အချက်ငါးချက်ဟာ ဗိုလ်ချုပ်ကြီးတိုင်း သိထားသင့်တဲ့အချက်တွေ ဖြစ်တယ်။ ဒီအချက်တွေကို ကျွမ်းကျင်ကြသူတွေဟာ စစ်ပွဲအောင်တယ်။ မကျွမ်းကျင်သူတွေကတော့ စစ်ရှုံးကြတယ်။ အထက်ပါအမြဲတမ်းတွေ့ရတဲ့ အချက်ငါးချက်ကို စီးပွားရေးလုပ်ငန်းတွေမှာလည်း အောက်ပါအတိုင်း တွေ့ရတယ်။

[caption id="attachment_26919" align="alignnone" width="720"]plantheproject3စီးပွားရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် ချမှတ်ရေးဆွဲသူဟာ ဈေးကွက်မှာ ပါဝင်ပတ်သက်နေတဲ့ အရာအားလုံးကို ထည့်သွင်းစဉ်းစားရပါမယ်[/caption]

၁။ လူ့ကျင့်ဝတ်ဆိုင်ရာလွှမ်းမိုးမှု ။ ။ သာသနာပြုလုပ်ငန်းစတဲ့ လူ့အကျိုးပြုလုပ်ငန်းတွေမှာ ထားရှိအပ်တဲ့စိတ်ဓာတ်မျိုးပါပဲ။ စီးပွားရေးလုပ်ငန်းတွေရဲ့ ရည်ရွယ်ချက်ဟာ လူ့ကျင့်ဝတ်ဆိုင်ရာ အမြင်ကကြည့်ရင် ထားရှိသင့်တဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ထားရင် လုပ်ငန်းတွေကို အားကြိုးမာန်တက် လုပ်ကိုင်ချင်လာတယ်။ ဇွဲနပဲနဲ့ တစိုက်မတ်မတ် လုပ်ကိုင်ချင်စိတ်လည်း ပေါ်ပေါက်လာတယ်။

၂။ ရာသီဥတု ။ ။ စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် ဒါဟာ အပြင်ကတွန်းအားတွေနဲ့ တူပါတယ်။ စီးပွားရေးလုပ်ငန်းတိုင်းဟာ ရရှိထားတဲ့အောင်မြင်မှုကို ခိုင်မာအောင် ကြိုးစားလာကြတယ်။ ဒီဖြစ်ရပ်ဟာ စီးပွားရေးလုပ်ငန်းတစ်ရပ်အတွက် ပြင်ပက တွန်းအားတွေပါပဲ။ စီးပွားရေးနယ်ပယ်မှာ ကမ္ဘာအနှံ့ ယှဉ်ပြိုင်လုပ်ကိုင်နေကြတာတွေလည်း တွန်းအားတွေပဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေရဲ့ လုပ်ငန်းတွေဟာလည်း ထည့်တွက်ရမယ့်တွန်းအားတွေပါပဲ။

၃။ ရေမြေတောတောင်၊ မြေပြင်အနေအထား ။ ။ ဒါကတော့ စီးပွားရေးလုပ်ငန်းတွေမှာ ဈေးကွက်နဲ့တူတယ်။ စစ်ဗိုလ်ချုပ်ကြီးဟာ ရေမြေတောတောင်၊ မြေပြင်အနေအထားကို သိရမှာဖြစ်သလို စီးပွားရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်ချမှတ် ရေးဆွဲသူဟာလည်း ဈေးကွက်မှာ ပါဝင်လှုပ်ရှားပတ်သက်နေကြတဲ့လူတွေ၊ နေရာတွေ ထုတ်ကုန်ပစ္စည်းတွေ၊ အရောင်းမြှင့်တင်ရေးကိစ္စတွေ၊ ဈေးနှုန်းတွေ စတာတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်။

၄။ တပ်မှူး ။ ။ ဒါက စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် ဦးစီးခေါင်းဆောင်လုပ်သူဖြစ်တယ်။ နာမည်တွေသာ ပြောင်းပြောင်းသွားပေမဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ သဘောတရားတွေကတော့ ဒီအတိုင်းပဲ အမြဲရှိနေတယ်။

၅။ အယူဝါဒ ။ ။ ဒါက စီးပွားရေးမှာဆိုရင် လုပ်ငန်း လမ်းညွှန်အခြေခံ သဘောတရားတွေပဲ ဖြစ်တယ်။ အောင်မြင်မှုကိုအဆုံးအဖြတ်ပေးတဲ့ အဲဒီသဘောတရားတွေကို နားလည်အောင်ကြိုးစားပြီး လက်တွေ့အသုံးချပါ။

ညွန့်သောင်း