၀န်ထမ်းကို တာဝန်က ရပ်စဲသင့်တဲ့ အချက် ၈ ချက်

pinkslip1

မန်နေဂျာ၊ ဒါမှမဟုတ် လုပ်ငန်းရှင်တစ်ယောက်ရဲ့တာဝန်ဟာ ဝန်ထမ်းတွေအလုပ်မှာမြဲဖို့ လုပ်ရတာတင်မကဘဲ ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိရင် ဝန်ထမ်းတွေကို အလုပ်ကရပ်စဲရတာလည်း ပါဝင်ပါတယ်။ ဝန်ထမ်းတစ်ယောက်ကို အလုပ်ဖြုတ်တဲ့စာ (Pink Slip) ပေးရတာဟာ မန်နေဂျာတွေ၊ လုပ်ငန်းရှင်တွေအတွက် မလုပ်ချင်ဆုံးအလုပ်ပါပဲ။ ဒါပေမဲ့ အောင်မြင်တဲ့စီးပွားရေးတစ်ခုကို ဦးဆောင်ချင်တဲ့ လုပ်ငန်းရှင်တွေအတွက်တော့ လိုအပ်တဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ (Pink Slip ပေးတယ်ဆိုတာ အမေရိကန်ကျင့်ထုံးဖြစ်ပြီး ဝန်ထမ်းတဦးကို အလုပ်ဖြုတ်တဲ့အခါပေးတဲ့ တရားဝင်စာဖြစ်ပါတယ်။)

၁။ ဖုန်းလုံးဝမဆက်ဘူး၊ ရုံးကိုလည်းမလာဘူး

လုပ်ငန်းတစ်ခုကို ဦးဆောင်သူတစ်ယောက်အနေနဲ့ သင့်မှာ စာနာစိတ်ရှိသင့်ပါတယ်။ ဝန်ထမ်းတစ်ယောက်ဟာ ရုတ်တရတ် သူ့အမေ၊ အဖေဆုံးသွားတဲ့အခါမျိုးမှာ ရုံးကိုမလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါမျိုး နောက်တစ်ခါထပ်ဖြစ်လာရင်တော့ သံသယဖြစ်ဖို့ ကောင်းလာပါပြီ။ သူ့ရဲ့အလုပ်ပျက်မှုက ကိုယ့်ရဲ့အလုပ်အတွက် အချိန်ရော ငွေရော ဆုံးရှုံးစေပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ခွင့်ယူတာ၊ ခွင့်မဲ့ပျက်တာတွေနဲ့ပတ်သက်ပြီး ပေါ်လစီတစ်ခုကို ကျင့်သုံးသင့်ပါတယ်။ ဒီပေါ်လစီရှိတယ်ဆိုတာကိုလည်း ဝန်ထမ်းတိုင်းကို သိထားစေသင့်ပါတယ်။ ဥပမာ - ခွင့်မဲ့ပျက်တဲ့ဝန်ထမ်းမျိုးကို ပထမအကြိမ်ဆိုရင် ခေါ်သတိပေးပြီး ဒုတိယအကြိမ် ထပ်ဖြစ်လာရင်တော့ အလုပ်က ချက်ချင်းထုတ်ပစ်တာမျိုးပါ။ ဒါဟာ ဝန်ထမ်းအပေါ်ရက်စက်ရာကျတယ်ဆိုပေမဲ့ အောင်မြင်တဲ့ စီးပွားရေးတစ်ခုကို ဦးဆောင်ရာမှာ ဒီလိုလူမျိုးကို အလုပ်မဖြုတ်ဘဲ ဆက်ခန့်ထားရင် အလုပ်ကိုရော၊ တခြားဝန်ထမ်းတွေပါ လျော့တိလျော့ရဲဖြစ်လာစေမယ့်အပြင် အောင်မြင်မှုကို တက်လှမ်းနိုင်ဖို့ ခက်ခဲစေပါလိမ့်မယ်။

၂။ စွမ်းဆောင်ရည်ကျဆင်းလာတယ်

မျှမျှတတပြောရရင် ဝန်ထမ်းတိုင်းမှာစွမ်းဆောင်ရည် ကျဆင်းတဲ့အချိန်ဆိုတာ ရှိပါတယ်။ တစ်ခါတလေမှာ လုပ်ငန်းတစ်ခုက အစကစီစဉ်ထားတာထက် ပိုကြီးပြီးလုပ်ရတာ အချိန်လည်းပိုယူရတယ်ဆိုရင် စွမ်းဆောင်ရည် ကျဆင်းတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဝန်ထမ်းတွေ စွမ်းဆောင်ရည်ကျဆင်းတာဟာ သူတို့တွေ အရည်အချင်း မပြည့်မီတာကြောင့် မဟုတ်ပါဘူး။

ဒါပေမဲ့ ဝန်ထမ်းတစ်ယောက်က သူ့ကိုပေးထားတဲ့အလုပ်ကို ပေးထားတဲ့အချိန်အတွင်းပြီးအောင် မလုပ်နိုင်ဘူးဆိုတာကတော့ သိသာထင်ရှားတဲ့ စွမ်းဆောင်ရည်ကျဆင်းမှုပဲ ဖြစ်ပါတယ်။ နောက်ထပ် စွမ်းဆောင်ရည်ကျဆင်းတဲ့ လက္ခဏာတစ်ခုကတော့ သူ့ရဲ့အလုပ်ကို အခေါက်ခေါက်အခါခါ ပြန်စစ်ရတာ၊ လုပ်ဖော်ကိုင်ဖက်တွေကို သူ့အလုပ်ကိုကူဖို့ ခဏခဏ အကူအညီတောင်းတာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အချိန်ကိုအများကြီး ပြုန်းတီးစေတာတွေဆိုရင်တော့ ဒီဝန်ထမ်းကို လက်လွှတ်လိုက်ဖို့ အချိန်ကျပြီဆိုတာ သိနိုင်ပါတယ်။

pinkslip2

၃။ ပျော်ရွှင်မှုအတွက် တစ်ပါးသူကို စိတ်ဒုက္ခလိုက်ပေးတယ်

ဒီလိုလူမျိုးတွေဟာ အလုပ်ခွင်ထဲမှာ ကောလာဟလတွေ ပြောတယ်။ အလုပ်အကြောင်း၊ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း အတင်းပြောတယ်။ အထက်အရာရှိကို မချေမငံပြန်ပြောတယ်။ ပေးထားတဲ့တာဝန်ကို မကျေပွန်ဘူး။

၄။ အပြောင်းအလဲကို လက်မခံနိုင်ဘူး

ဝန်ထမ်းတွေဟာ အပြောင်းအလဲတွေကို လက်ခံနိုင်ဖို့နဲ့ လိုအပ်တဲ့အရည်အချင်းတွေကို ထပ်မံဖြည့်တင်းနိုင်ဖို့ လိုပါတယ်။ ပြောင်းလဲလာတဲ့ ကုမ္ပဏီရဲ့ ရပ်တည်ချက်တွေနဲ့အညီ အရည်အချင်းတွေကိုလည်း တိုးတက်လာအောင် ဖြည့်တင်းဖို့လိုပါတယ်။

ဝန်ထမ်းတစ်ယောက်က အလုပ်တအားကြိုးစားတယ်၊ အရည်အချင်းလည်း ပြည့်မီတယ်၊ ဒါပေမဲ့ ကုမ္ပဏီက အပြောင်းအလဲတွေလုပ်ပြီးနောက်ပိုင်းမှာ ဒီဝန်ထမ်းဟာ သတ်မှတ်ထားတာလောက် မလုပ်နိုင်တော့ဘူး။ ပြောင်းလဲလာတဲ့ကုမ္ပဏီရဲ့ လုပ်ငန်းသဘောသဘာဝတွေကို အမီမလိုက်နိုင်တော့ဘူး။ သူ့အရည်အချင်းကို ပံ့ပိုးပေးတဲ့ သင်တန်းတွေပေးတာတောင် မလိုက်ပါနိုင်တော့ဘူးဆိုရင် ဝမ်းနည်းစွာနဲ့ပဲ ဒီလိုလူမျိုးကို လက်တွဲဖြုတ်ရမှာ ဖြစ်ပါတယ်။

၅။ အတိုက်အခံလုပ်ပြီး ပြဿနာရှာတတ်တယ်

ဦးဆောင်သူတစ်ယောက်အနေနဲ့ ကိုယ့်ကိုအကြံသစ်၊ ဉာဏ်သစ်တွေရဖို့ တွန်းအားပေးနိုင်သူ၊ ကုမ္ပဏီရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ တွန်းအားပေးနိုင်သူမျိုးကို လိုချင်ကြပါတယ်။ ဒါပေမဲ့လည်း ဝန်ထမ်းတစ်ယောက်ဟာ အမြဲတမ်း ကိုယ်နဲ့၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေ၊ ဖောက်သည်တွေနဲ့ အတိုက်အခံ၊ အငြင်းအခုံလုပ်တယ်ဆိုရင်တော့ ပြဿနာရှာချင်သူလို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုအပြုအမူမျိုးဟာ ကုမ္ပဏီအတွက် အန္တရာယ်များစေသလို တခြားဝန်ထမ်းတွေအတွက်လည်း အဆင်ပြေစေမှာ မဟုတ်တာကြောင့် အခြေအနေတအားကြီးမဆိုးလာခင် ဒီလိုလူမျိုးကို လက်လွှတ်သင့်ပါတယ်။

pinkslip3

၆။ တိုးတက်ဖို့ မကြိုးစားဘူး

ကိုယ့်မှာ အလုပ်လုပ်တာ နှေးကွေးပြီး လူရှေ့သူရှေ့ စကားမပြောရဲတဲ့ ဝန်ထမ်းတစ်ယောက်ရှိတယ်ဆိုပါစို့။ သူဟာ အလုပ်ကို စောစောလည်းမလာသလို လူရှေ့မှာ စကားပြောရဲအောင် သင်ကြားပေးတဲ့ သင်တန်းတွေကိုလည်း မတက်ဘူး။ သူ့ကိုယ်သူတိုးတက်ဖို့လည်း ဘာမှမလုပ်ဘူး၊ အမှားကိုလည်း မပြင်ဘူးဆိုရင် ဒီလိုဝန်ထမ်းမျိုးကို အလုပ်က ရပ်ဆိုင်းသင့်ပါပြီ။

၇။ အရည်အချင်းမရှိဘဲ နေရာယူတယ်

လုပ်ငန်းတစ်ခုစတင်ချိန်မှာ ဝန်ထမ်းတွေကို ဘယ်ကနေပဲရရ ငှားရမှာပါတယ်။ တစ်ခါတလေ လုပ်ငန်းစတင်ချိန်တုန်းက ကိုယ့်ရဲ့သူငယ်ချင်း၊ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ကို အလုပ်ခန့်ထားခဲ့တယ်။ ဒါပေမဲ့ သူ့မှာ ကိုယ့်လုပ်ငန်းတိုးတက်အောင်မြင်အောင်လုပ်ဖို့ လုံလောက်တဲ့အရည်အချင်း၊ အတွေ့အကြုံတွေ မရှိဘူးဆိုရင် သူကနေရာဝင်ယူသူပါပဲ။

ဒီလိုကိစ္စမျိုးဟာ တကယ်တော့ တော်တော့်ကိုကိုင်တွယ်ရခက်တဲ့ ပြဿနာပါပဲ။ သူ့မှာ အလုပ်နဲ့ပတ်သက်တဲ့ ကျင့်ဝတ်မရှိသလို ကိုယ်ကျင့်တရားလည်း မရှိဘူး။ ကိုယ့်အနေနဲ့လည်း သူ့ကို အလုပ်က အနားပေးလို့မရတဲ့ အနေအထားမျိုးဆိုရင် ကိုယ့်လုပ်ငန်းကြီးပွားတိုးတက်အောင်မြင်အောင် လုပ်ပေးဖို့ ဆုတောင်းရုံပဲ ရှိပါတော့တယ်။

pinkslip4

၈။ ဖောက်သည်တွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို တင်ပြလာတယ်

၈၆ ရာခိုင်နှုန်းသော ဖောက်သည်တွေဟာ ကုမ္ပဏီနဲ့ ဘာကြောင့်အလုပ်တွဲမလုပ်ချင်ကြတာလဲဆိုရင် ဖောက်သည်ဝန်ဆောင်မှုမကောင်းလို့ ဖြစ်ပါတယ်။ ဖောက်သည်တစ်ယောက်ကို ကျေနပ်အောင် ဝန်ဆောင်မှုမပေးနိုင်ရင် သူကနေ နောက်ထပ် လူကိုးယောက်ကနေ ၁၅ လောက်အထိကို ကုမ္ပဏီက ဝန်ဆောင်မှုမကောင်းဘူးလို့ ပြောနိုင်တာကြောင့် ကုမ္ပဏီရဲ့နာမည်ထိခိုက်လာစေမှာပါ။ ဝန်ထမ်းတစ်ယောက်ရဲ့ ဖောက်သည်ဝန်ဆောင်မှု မကောင်းတာကြောင့် ဖောက်သည်တွေက မကျေနပ်ချက်တွေ ခဏခဏ တင်ပြလာပြီဆိုရင် ဒီလိုဝန်ထမ်းမျိုးကို အလုပ်ကရပ်ဆိုင်းသင့်ပါတယ်။ ရိုင်းစိုင်းပြီး ဖောက်သည်တွေကို စိတ်မပါဘဲ ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းရှိတဲ့ ကုမ္ပဏီနဲ့ ဘယ်သူမှအလုပ်လုပ်ချင်မှာ မဟုတ်ပါဘူး။