[caption id="attachment_29227" align="alignnone" width="370"]Mr David Maddan[/caption]
၂၀၁၇ ခုနှစ်၊ မတ်လ ၃ ရက်က မြန်မာနိုင်ငံရဲ့ နည်းပညာပိုင်းဆိုင်ရာ အကြီးမားဆုံးရင်းနှီးမြှုပ်နံှမှုပွဲကြီးကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနဲ့ ၃၅ လမ်းရှိ Phandeeyar Myanmar Innovation Lab မှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ Phandeeyar ရဲ့ Founder & CEO ဖြစ်သူ Mr David Maddan က အဖွင့်အမှာစကား ပြောကြားပြီးနောက် Phandeeyar Accelerator က ထွက်ပေါ်လာတဲ့ Startup လေးခုနဲ့ Founder Institute အစီအစဉ်က Startup ငါးခုတို့က ရင်းနှီးမြှုပ်နံှမှုတွေရစေဖို့ Presentation တွေပေးခဲ့ပါတယ်။
ပွဲမှာ Phandeeyar က ပြုလုပ်တဲ့ Phandeeyar Accelerator Program မှာ နောက်ဆုံးဆန်ခါတင် ကျန်ခဲ့တဲ့ Startup လေးခုနဲ့ အင်တာဗျူးမေးမြန်းခွင့်ရခဲ့ပြီး လုပ်ငန်းအကြောင်းအရာပိုင်းနဲ့အတူ Phandeeyar Accelerator Program ကနေရခဲ့တဲ့ အကျိုးကျေးဇူးတွေကို အခုလိုသိခွင့်ရခဲ့ပါတယ်။
မဟန်နီမြဝင်း
CEO & Co-Founder
Chate Sat
www.chatesat.com
Startup လုပ်ငန်းအကြောင်း အရင်ဆုံးမိတ်ဆက်ပေးပါ . . .
ကျွန်မတို့လုပ်ငန်းကို Chate Sat လို့ခေါ်တယ်။ Chate Sat က ကျွန်မတို့ Technoholic Company ရဲ့ ပထမဆုံး Product တစ်ခုဖြစ်ပါတယ်။ Chate Sat က မြန်မာနိုင်ငံမှာ ရှိတဲ့ Local Freelance အလွတ်တန်းပညာရှင်တွေ၊ အချိန်ပိုင်းဝန်ထမ်း လုပ်ချင်တဲ့သူတွေကို Business တွေ၊ လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးတာပါ။
ဒီလုပ်ငန်းကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲ . . .
ကျွန်မက Technoholic Pte Ltd ကို ကျွန်မရဲ့ညီမလေး ရွှေရည်မြဝင်းနဲ့ နှစ်ယောက်အတူတူ တည်ထောင်ခဲ့ပါတယ်။ အဓိကကတော့ ကျွန်မညီမလေးက အရင်တုန်းက Freelance Web Developer တစ်ယောက်ဖြစ်တယ်။ Website တွေ ရေးတယ်။ သူ့ကို Project တွေ လာအပ်တဲ့ သူ့ရဲ့သူငယ်ချင်းတွေ ရှိတယ်။ သူလုပ်တဲ့ Project က ရတဲ့ ၅၀ ရာခိုင်နှုန်းကို သူ့ရဲ့သူငယ်ချင်းကို ပေးရတယ်။ ဒါကိုဖြေရှင်းဖို့အတွက် အိုင်ဒီယာတွေ အများကြီးထဲကမှ ဒီလုပ်ငန်းကို ရွေးလိုက်တယ်။
ကျွန်မတို့ ကိုယ်တိုင်ကြုံခဲ့တဲ့ ပြဿနာဖြစ်တဲ့အတွက် ဖြေရှင်းမယ်ဆိုပြီး လုပ်ခဲ့တာပါ။ တစ်ဖက်ကဆိုရင်လည်း လုပ်ငန်းရှင်တွေက အလုပ်တစ်ခုခုအတွက် လူလိုပြီဆိုရင် သူတို့မှာဝန်ထမ်း အလုံအလောက်မရှိတဲ့အခါမျိုးမှာ ဝန်ထမ်းရှာရတာ တအားခက်ပါတယ်။ ဒီနှစ်ခုကို ချိတ်ဆက်ပေးတဲ့ ပုံစံမျိုးပါ။
ဒီလုပ်ငန်းကို အကောင်အထည်ဖော်ဖို့ အချိန်ဘယ်လောက်ယူခဲ့ရလဲ . . .
ဒီအလုပ်ကိုလုပ်ဖို့ အိုင်ဒီယာရခဲ့တာက ၂၀၁၆ ခုနှစ်၊ ဇွန်လကတည်းကပါ။ အရင်ကတည်းက ဒီလိုပဲတခြား Accelerator တွေမှာ ဝင်ပြိုင်ဖူးပါတယ်။ အဲဒီပြိုင်ပွဲတွေမှာလည်း Top Ten ထဲဝင်ခဲ့လို့ ဒီလုပ်ငန်းက လုပ်ငန်းတစ်ခုအနေနဲ့လုပ်ဖို့ အဆင်ပြေတယ်ဆိုတာ သိလာတယ်။ အဲဒီကြားထဲမှာလည်း Market Research တွေလုပ်ခဲ့ပြီး ဒါက တကယ့်လုပ်ငန်းတစ်ခုအနေနဲ့ လည်ပတ်နိုင်တယ်ဆိုတာ ပိုသိလာတယ်။
လက်ရှိလုပ်ငန်းလည်ပတ်မှုအခြေအနေ . . .
အဓိက Website အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မတို့ Website မှာ လူနှစ်ဦးနှစ်ဖက်က ချိတ်လို့ရတယ်။ ဥပမာ - ဝန်ထမ်းလိုတယ်၊ ဒီဇိုင်းတစ်ခုလိုတယ်ဆိုပြီး လိုချင်တဲ့ပုံစံ အသေးစိတ်ရေးပြီး Post တစ်ခု တင်လိုက်တယ်ဆိုရင် ကျွန်မတို့က ဒီဇိုင်နာတွေ အားလုံးဆီကို Automatic Email ပို့ပေးတယ်။ အဲဒီမှာအများကြီးလာပြီး လျှောက်ကြတဲ့အထဲကမှ ကိုယ်နဲ့အဆင်ပြေတဲ့သူတစ်ယောက်ကို ချိတ်လိုက်ရုံပါပဲ။
တကယ်လို့ Connect ဖြစ်သွားပြီဆိုရင် ကျွန်မတို့ Website ပေါ်မှာပဲ သူတို့အလုပ်အတူတူလုပ်လို့ရတယ်။ ဟိုဘက်ဒီဘက် စကားပြောတာတွေကအစ သုံးလို့ရတယ်။ ကျွန်မတို့က Website တစ်ခုနဲ့စာရင် Community တစ်ခု၊ Freelance အဖွဲ့အစည်းတစ်ခုအနေနဲ့ နေချင်တာပါ။ ပြီးခဲ့တဲ့လက Chate Sat မှာရှိတဲ့ Freelancer တွေ အကုန်လုံးကို ကျွန်မတို့ Chate Sat က ဘယ်လိုအလုပ်လုပ်တယ်၊ လက်ရှိခေတ်စားနေတဲ့ Freelance တွေ က ဘာတွေဖြစ်တယ်၊ သူတို့အလုပ်လျှောက်တဲ့အခါ Client တွေက သူတို့ကို ဘယ်လိုရွေးမှာလဲဆိုတာတွေ ပြောပြပေးတဲ့ပွဲတွေ လုပ်ပေးတယ်။ Client တွေ ကိုယ်တိုင်လာပြီး ကူညီရှင်းပြပေးတာတွေလည်းရှိပါတယ်။ နောက်ပိုင်းကျရင်လည်း Training တွေ၊ Workshop တွေ လုပ်သွားဖို့ ရှိပါတယ်။
Phandeeyar Accelerator မှာ ပါဝင်ခဲ့တဲ့အတွက်ရရှိတဲ့ အကျိုးကျေးဇူးတွေ . . .
Seed Funding အနေနဲ့ ဒေါ်လာ ၂၅,၀၀၀ ပေးထားတဲ့အပြင် Office Space ပေးထားတယ်၊ Mentor တွေ ပေးထားတယ်။ ပြီးတော့ Coach လည်းရှိတယ်။ ဒီလုပ်ငန်းမှာမှ မဟုတ်ဘဲ တခြားပြဿနာတွေအကုန်လုံးကို ဘယ်လိုဖြေရှင်းရမလဲဆိုတာမျိုး တစ်ပတ်တစ်ခါ နည်းပြနဲ့တွေ့ရတယ်။ ပြီးတော့ တကယ်လိုအပ်တဲ့အပိုင်းတွေဖြစ်တဲ့ Management ပိုင်း၊ Finance ပိုင်း၊ Technical ပိုင်းတွေမှာ ကိုယ်သိချင်တာရှိရင် Mentor တွေအကုန်လုံးက လာပြီးရှင်းပြပေးတယ်။
လုပ်ငန်းရဲ့အနာဂတ်အစီအစဉ် . . .
အဓိကကတော့ Workshop တွေ၊ Training တွေ ပေးသွားမယ်။ Chate Sat ကို လူတွေပိုသိလာအောင် လုပ်သွားမယ်။ မြန်မာနိုင်ငံမှာ Freelancer လုပ်ချင်တယ်၊ အချိန်ပိုင်းအလုပ်လုပ်ချင်တယ်ဆိုရင် Chate Sat ကို သွားလို့ရတယ်ဆိုတာမျိုး လူတွေသိလာအောင် ကြိုးစားသွားမယ်။ အဓိကတော့ Community ပုံစံမျိုးနဲ့ ဆက်သွားဖို့ရှိပါတယ်။
ကိုအောင်ဖြိုးလွင်
CEO & Co-Founder
Ezstay
www.ezstay.com.mm
Startup လုပ်ငန်းအကြောင်း အရင်ဆုံး မိတ်ဆက်ပေးပါ . . .
ကျွန်တော်တို့ Startup က Ezstay (Easy Stay) ပါ။ ezStay က မြန်မာနိုင်ငံမှာရှိတဲ့ Hotel ၊ Motel ၊ Guest House တွေကို ခရီးသွားတွေ Booking တင်လို့ရတဲ့ ဝန်ဆောင်မှုပေးတဲ့ Hotel Booking Website ပါ။
Ezstay မှာ တည်ထောင်သူ ဘယ်နှယောက်ပါသလဲ . . .
Founder နှစ်ယောက်ရှိပါတယ်။ ကျွန်တော်က ezStay ရဲ့ CEO & Co-Founder ပါ။ နောက်တစ်ယောက်က CTO ပါ။ အခုလက်ရှိမှာတော့ ဝန်ထမ်းလေးယောက်ရှိပါတယ်။ Team Size အားဖြင့်တော့ စုစုပေါင်းခြောက်ယောက်ပါ။
ဒီလုပ်ငန်းကို ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့သလဲ . . .
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက Phandeeyar က လုပ်တဲ့ Startup Challenge မှာ ကျွန်တော်ဝင်ပြိုင်ခဲ့တယ်။ အဲဒီတုန်းကတော့ ရန်ကုန်မှာရှိတဲ့ တိုက်ခန်းတွေကို ငှားရမ်းတဲ့အခါမှာ ကြားခံပွဲစားမလိုဘဲ ငှားလို့ရအောင်၊ နောက်တစ်ခုက အိမ်ငှားတဲ့သူတွေအချင်းချင်း အခန်းဖော်ရှာလို့ရအောင်ဆိုပြီး အဲဒီနှစ်ခုပေါင်းထားတဲ့ Website ကို ကျွန်တော်စလုပ်ခဲ့တယ်။
နောက်ပိုင်း Phandeeyar က Accelerator Program ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့ဝင်ခဲ့တယ်။ နိုင်ငံတကာမှာရှိတဲ့ Air Bnb လိုမျိုး ခရီးသွားဖို့ကို ဟိုတယ်တွေမှာမတည်းဘဲနဲ့ အိမ်တွေမှာ နေလို့ရအောင် လုပ်ထားတယ်။ အဲဒီလိုလုပ်နိုင်ဖို့အတွက် ငပလီ၊ တောင်ကြီးနဲ့ ရန်ကုန်မှာ လေ့လာစမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့သိလာရတာက မြန်မာလူမျိုးတွေက ကိုယ့်ရဲ့အိမ်ကို သူစိမ်းကို တစ်ရက်၊ နှစ်ရက်လောက်နဲ့ မငှားပေးချင်ဘဲ ခြောက်လ၊ တစ်နှစ်လောက်မှ ငှားချင်ကြတယ်။ ပထမအချက် အိမ်ရှင်တွေဘက်က အဆင်မပြေဘူး။ ခရီးသွားတဲ့သူတွေကလည်း ခရီးသွားတဲ့အချိန်မှာ ဒီလိုသူစိမ်းအိမ်မှာ တည်းရမှာထက် ဈေးပဲ နည်းနည်းပိုပေးရရင် ပိုပေးရပါစေ၊ ဟိုတယ်၊ တည်းခိုခန်းတွေမှာပဲ တည်းချင်ကြတယ်။ ဒါကြောင့် မြန်မာတွေအတွက် ဒီဟာက အဆင်မပြေဘူး။
မြန်မာနိုင်ငံမှာ ခရီးသွားတွေအတွက် ဘယ်လိုဝန်ဆောင်မှုက အဆင်ပြေနိုင်မလဲဆိုတာ ထပ်ပြီးလေ့လာကြည့်တဲ့အခါ ဒီမှာက Booking Website အနေနဲ့ တိတိကျကျလုပ်နေတာတွေ မရှိသေးဘူး။
Hotel Booking Website ကို အသုံးပြုတဲ့ အလေ့အထလည်းမရှိသေးဘူး။ ကျွန်တော်တို့ Website မှာ ဟိုတယ်ကို စရောင်းကြည့်တဲ့အခါမှာ လူတွေက ကြိုက်ကြတယ်။ ကျွန်တော့် Website ပေါ်ကနေပြီးတော့ Booking လုပ်ကြတယ်။ ဒါကြောင့် Hotel Booking Website လုပ်ဖြစ်သွားတာပါ။
ဒီလုပ်ငန်းကို အကောင်အထည်ဖော်ဖို့ အချိန်ဘယ်လောက်ယူခဲ့ရလဲ . . .
Ezstay က Accelerator Program စတဲ့အချိန်မှာမှ စလုပ်ခဲ့တာပါ။ ခြောက်လရှိတဲ့အထဲမှာ ရှေ့ပိုင်းလေးလက Air BnB လို ပုံစံမျိုးကို လေ့လာစမ်းသပ်ခဲ့တာဖြစ်ပြီး Ezstay ဘက်ကိုပြောင်းလိုက်တာက နှစ်လလောက်ပဲရှိပါသေးတယ်။
လက်ရှိလုပ်ငန်းလည်ပတ်မှုအခြေအနေ . . .
ကျွန်တော်တို့မှာ System တွေရှိပါတယ်။ ဟိုတယ်၊ တည်းခိုခန်းပိုင်ရှင်တွေ အကုန်လုံးကို သူတို့ရဲ့ အခန်းဈေးနှုန်းတွေ၊ ပြီးတော့ အခန်းလွတ် မလွတ်ဆိုတာတွေကိုပါ အကုန်လုံးထိန်းချုပ်နိုင်အောင် System တစ်ခု တည်ဆောက်ပါတယ်။ အဲဒီ System ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာပဲ ပြီးအောင်လုပ်နိုင်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့ ဟိုတယ်တွေကို အခမဲ့ဖြန့်ချိထားပေးတယ်။
Phandeeyar Accelerator မှာ ပါဝင်ခဲ့တဲ့အတွက် ရရှိတဲ့အကျိုးကျေးဇူးတွေ . . .
Phandeeyar က Startup တစ်ခုအတွက် ဒေါ်လာ၂၅,၀၀၀ ထောက်ပံ့ပေးတယ်။ တခြား Facility တွေဖြစ်တဲ့ Facebook မှာ အခမဲ့ကြော်ငြာလို့ရတာတွေ၊ Web Server တွေလည်းရှိမယ်။ အလုပ်လုပ်ဖို့နေရာပေးတယ်။ ပြီးတော့ Mentors တွေက သူတို့ရဲ့အတွေ့အကြုံတွေကို ကျွန်တော်တို့ကိုဝေမျှပေးတယ်။ ကျွန်တော်တို့ရဲ့ Coach ကလည်း သူ့ရဲ့အတွေ့အကြုံတွေ၊ ဗဟုသုတတွေနဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းကို လမ်းမှန်ရောက်အောင် လမ်းညွှန်ပေးတယ်။
ကျွန်တော်တို့ ကိုယ်ဘာသာကိုယ် လုပ်ခဲ့တဲ့ တစ်နှစ်တာကာလနဲ့ Phandeeyar မှာလုပ်ခဲ့တဲ့ ခြောက်လတာကာလက လုံးဝကိုယှဉ်လို့မရပါဘူး။ Phandeeyar မှာရှိနေတဲ့ ခြောက်လကအလုပ်လုပ်တာ တအားမြန်ပါတယ်။ ကျွန်တော်တို့လိုအပ်တဲ့ Management ၊ Finance ၊ Knowledge၊ Business Development ၊ Technology ပိုင်းတွေ အကုန်လုံးသိသိသာသာကို တိုးတက်လာပါတယ်။
လုပ်ငန်းရဲ့အနာဂတ်အစီအစဉ် . . .
အဓိကကတော့ ကျွန်တော်တို့ Website က ရန်ကုန်၊ မန္တလေးတို့မှာ အင်တာနက်လည်းသုံးနေပြီ၊ ခေတ်လည်း မီနေပြီဆိုတော့ သူတို့အတွက် အဆင်ပြေပါတယ်။ ဒါ ပေမဲ့ မြန်မာနိုင်ငံမှာ နယ်က လူဦးရေက ပိုများတဲ့အတွက် နယ်ကလူတွေသုံးလာဖို့ကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ မြန်မာတစ်နိုင်ငံလုံး Online သုံးပြီးတည်းခိုခန်းတွေ၊ ဟိုတယ်တွေကို Booking လုပ်လာနိုင်အောင် ကြိုးစားသွားမယ်။ လူတွေခရီးသွားတဲ့အခါမှာ လိုအပ်တာမှန်သမျှ ထောက်ပံ့ပေးနိုင်တဲ့ Travel Website တစ်ခုဖြစ်လာအောင်လည်း ကြိုးစားသွားမယ်။
ကိုအောင်ရဲကျော်
Chief Executive Officer
White Meark
www.whitemerakcomi-cscom
Startup လုပ်ငန်းအကြောင်း အရင်ဆုံးမိတ်ဆက်ပေးပါ . . .
မြန်မာနိုင်ငံမှာ ကာတွန်းတွေက သိပ်မတိုးတက်လာသေးတဲ့အတွက် ဒါကိုကျွန်တော်တို့က အစပြန်ဖော်ချင်တာပါ။ ပြီးတော့ Digital တွေ၊ Mobile Penetration တွေ ရလာတဲ့အခါမှာ ဒါကို App တစ်ခုအနေနဲ့ လုပ်ပြီးတော့ နယ်ကလူတွေကအစ ကာတွန်းဖတ်ချင်ရင် တစ်ခါတည်း ဖတ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။
ကျွန်တော့်ရဲ့ Partner က CTO ပါ။ ဒီ App ကိုသူရေးတာပါ။ ကျွန်တော်တို့ Founder နှစ်ယောက်အပါအဝင် ဝန်ထမ်းအားလုံး ၁၁ ယောက်ရှိပါတယ်။
ဒီလုပ်ငန်းကို ဘာကြောင့်ရွေးချယ်ခဲ့သလဲ . . .
ကာတွန်းကတော့ ကျွန်တော်ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ ကျွန်တော်က နယ်ကဖြစ်တဲ့အတွက် ကျွန်တော်ခံစားခဲ့ရတာက နိုင်ငံခြားကာတွန်းတွေ လိုချင်တဲ့အချိန်မှာ ရန်ကုန်မှာတောင် လွယ်လွယ်ကူကူ မရနိုင်တော့ နယ်မှာပိုဆိုးပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းကို လုပ်ဖို့ စဉ်းစားခဲ့တယ်။ ကျွန်တော်က ဆရာဝန်ပါ။ ကျွန်တော်နဲ့ ကျွန်တော့် Partner က ကျောင်းအတူတက်ခဲ့တာပါ။ သူက ပထမနှစ်မှာ ကျောင်းထွက်ပြီး စင်ကာပူမှာ ကျောင်းသွားတက်တယ်။ သူ မြန်မာနိုင်ငံကိုပြန်လာပြီး ကျွန်တော်နဲ့ပြန်တွေ့တဲ့အချိန်မှာ ဒီလုပ်ငန်းကို စလုပ်ဖြစ်ခဲ့တာပါ။
ဒီလုပ်ငန်းကို အကောင်အထည်ဖော်ဖို့ အချိန်ဘယ်လောက်ယူခဲ့ရလဲ . . .
ကျွန်တော် Phandeeyar မရောက်ခင် ၂၀၁၅ ခုနှစ်၊ သြဂုတ်လလောက်ကတည်းက စလုပ်ခဲ့တာပါ။ ပြီးမှ Phandeeyar ကို ဝင်ခဲ့တာပါ။
Phandeeyar Accelerator မှာ ပါဝင်ခဲ့လို့ ရခဲ့တဲ့အကျိုးကျေးဇူးတွေ . . .
Phandeeyar ကိုရောက်မှ ပိုပြီးနည်းလမ်းမှန်လာတယ်။ ပိုပြီးလည်း အရှိန်အဟုန်မြင့်သွားတယ်။ ကျွန်တော်တို့ Startup တွေအတွက် မတည်ငွေ ဒေါ်လာ ၂၅,၀၀၀ ခွဲစီ ပေးတယ်။ တခြားထောက်ပံ့မှုတွေက Coach တွေနဲ့ Mentors အယောက် သုံးဆယ်၊ လေးဆယ်ကျော် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ Coach ကိုသာထက်ကလည်း တစ်ပတ်ကိုတစ်ခါ ကျွန်တော်တို့ကို Checking ဝင်တယ်။ ကျွန်တော်တို့ လိုအပ်တဲ့အချိန်မှာခေါ်လို့ရတယ်၊ ပြောလို့ရတယ်။ အဲဒါတွေကြောင့် ခြောက်လအတွင်းမှာ ဒီလောက်ဖြစ်လာတာပါ။
လက်ရှိလုပ်ငန်းလည်ပတ်မှုအခြေအနေနဲ့ အနာဂတ်အစီအစဉ် . . .
ကျွန်တော်တို့ App ထဲမှာ စာအုပ်တွေများများရအောင် ကြိုးစားနေတယ်။ အခုဆိုရင် တော်တော်များများလည်း ရနေပါပြီ။ ၁၇ အုပ်၊ ၁၈ အုပ်ရှိနေပါပြီ။ Series အနေနဲ့ကတော့ ခြောက်ခုရှိပါတယ်။ ဒီထက်ပိုကောင်းတဲ့ စာအုပ်တွေ ကျွန်တော်တို့ကိုယ်တိုင်ထုတ်ဖို့လည်း ကြိုးစားနေတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကာတွန်းဆွဲနေတဲ့သူတွေ အကုန်လုံးကိုလည်း ဒီ Platform ပေါ်မှာ တင်ရောင်းပြီး သူတို့အတွက်ပါအဆင်ပြေအောင် ကျွန်တော်တို့ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံရဲ့ Comic Society တစ်ခုလုံးကို ပြန်ပြီးအောင်မြင်လာစေချင်တယ်။
ကိုညွန့်ဝင်းအောင်
CEO
GoP
Goptour.com
Starup လုပ်ငန်းအကြောင်း အရင်ဆုံးမိတ်ဆက်ပေးပါ . . .
ကျွန်တော်တို့ GoP က သကမ Tour Platform ပါ။ Tour Company နဲ့ ခရီသွားချင်တဲ့သူတွေကို ချိတ်ဆက်ပေးတာပါ။ အခုခေတ်မှာ Tour Company တွေ အများကြီးရှိလာတော့ Facebook ပေါ်မှာ ရှာရခက်လာတယ်။ ကျွန်တော်တို့က အဲဒီ Tour Company တွေနဲ့ သူတို့ရဲ့ Package တွေ အကုန်လုံးကို တစ်နေရာတည်းမှာစုပြီးတော့ Website ၊ Mobile App တွေနဲ့ အလွယ်တကူရှာပြီးတော့ Booking လုပ်လို့ရအောင် လုပ်ပေးပါတယ်။
GoP မှာ အဖွဲ့ဝင်ဘယ်နှယောက်ပါလဲ . . .
ကျွန်တော်က CEO & Co-Founder ညွန့်ဝင်းအောင်ပါ။ ကျွန်တော်အပါအဝင် Co-Founder လေးယောက်ရှိပါတယ်။ ဝန်ထမ်းကတော့ တစ်ယောက်ပဲ ရှိပါသေးတယ်။
ဒီလုပ်ငန်းကို ဘာကြောင့်ရွေးချယ်ခဲ့သလဲ . . .
ကျွန်တော်တို့ကိုယ်တိုင်ကလည်း ခရီးသွားတာဝါသနာပါကြတယ်။ အရင်က ကျွန်တော်တို့သူငယ်ချင်းတွေစုပြီး ခရီးသွားဖို့လုပ်တဲ့အခါမှာ ကျွန်တော်တို့သွားချင်တဲ့နေရာကို ရှာရတာ မလွယ်ဘူး။ Google လိုမျိုးကလည်း နိုင်ငံခြားသားတွေအတွက်ပဲ အဆင်ပြေပြီး ပြည်တွင်းက လူတွေအတွက် လွယ်လွယ်ကူကူရှာလို့ရမယ့်နေရာ မတွေ့ရဘူး။ ဒါကြောင့် ဒီ GoP Tour Platform ကို လုပ်ဖို့ အိုင်ဒီယာရခဲ့တာပါ။
လက်ရှိလုပ်ငန်းလည်ပတ်မှုအခြေအနေ . . .
လက်ရှိမှာ Android နဲ့ Website တွေကို Release လုပ်ပြီးသွားပါပြီ။ ခရီးသွားတဲ့သူတွေကလည်း ကျွန်တော်တို့ Website ထဲမှာ ရှာပြီး Booking လုပ်လို့ ရနေပါပြီ။
ဒီလုပ်ငန်းအတွက် အချိန်ဘယ်လောက်ယူခဲ့ရလဲ . . .
ကျွန်တော်တို့ Phandeeyar ကို မရောက်ခင် လေးလလောက်ကတည်းက စလုပ်ခဲ့တာပါ။ အဲဒီလေးလက Telenor က လုပ်တဲ့ Accelerator နဲ့ ချိတ်ဆက်ပြီး ဘန်ကောက်လေးလသွားခဲ့တယ်။ အဲဒီက ပြန်လာပြီးတော့မှ Phandeeyar နဲ့ ဆက်သွယ်ခဲ့တာပါ။
Phandeeyar Accelerator မှာ ပါဝင်ခဲ့တဲ့အတွက် ရရှိခဲ့တဲ့အကျိုးကျေးဇူးတွေ . . .
Phandeeyar ကရတဲ့အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ Network တွေရတယ်။ Coach ၊ Mentor တွေလည်းရတယ်။ ကျွန်တော်တို့ရဲ့ Coach ကိုသာထက်နဲ့ တွေ့ခဲ့ရတာ တကယ်ကံကောင်းပါတယ်။ အကြံဉာဏ်တွေလည်း အများကြီးရတယ်။ ကျွန်တော်တို့ရဲ့ Startup တွေရုပ်လုံးပေါ်လာအောင် ဘာတွေလုပ်ရမလဲဆိုတာတွေ သိလာတယ်။
လုပ်ငန်းရဲ့အနာဂတ်အစီအစဉ် . . .
လက်ရှိကတော့ Tour Company တွေနဲ့ ဖုန်းတွေဖြေရတဲ့ Process တွေ အများကြီးရှိနေတယ်။ ဒါတွေကို လျှော့ချနိုင်ဖို့ Tour Management System တွေလုပ်နေတယ်။ နောက်ပိုင်းကျရင် Tour Company တွေအတွက်လည်း ပိုပြီးအလုပ်ဖြစ်မယ့်စနစ်တစ်ခုကို အကောင်အထည်ဖော်ပြီး ဆက်လုပ်သွားပါမယ်။
ရေဗက္ကာ