လူငယ်တွေအတွက် လက်ဆင့်ကမ်းပညာတွေ ဖြန့်ဝေပေးချင်တယ်ဆိုတဲ့ Ooredoo ရဲ့ National Sales Director ဦးမြင့်ဇော်

article landscape wartermark final2 လူတိုင်းမှာ ကိုယ်စီ ဘဝအတွေ့အကြုံတွေ များစွာရှိကြပါတယ်။ မိမိတို့ဘဝတိုးတက်အောင်မြင်ဖို့အတွက်ကို လည်း လူတိုင်းလူတိုင်း ကြိုးစားနေကြပါတယ်။ အဲဒီလို ကြိုးစားနေပါလျက် မအောင်မြင်တဲ့လူတွေ၊ လမ်းတစ်ဝက် မှာရပ်တန့်နေတဲ့လူတွေလည်း ရှိနေကြတာပါပဲ။ အောင်မြင်ကြတဲ့ပုဂ္ဂိုလ်တွေကိုလည်း အားကျလောက်အောင် တွေ့ရပါတယ်။ အဲဒီလိုအောင်မြင်နေကြတဲ့ လူတွေထဲက ဘဝမှာ ပညာသာလျင် ကိုယ်ပိုင်ဆိုတဲ့ခံယူချက်နဲ့ လုပ်ငန်းနယ်ပယ်အလွှာစုံကို သိရှိလုပ်ကိုင်ခဲ့တဲ့ Ooredoo ရဲ့ National Sales Director  ဦးမြင့်ဇော် နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို CEO ရဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။  

ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံ

ကျွန်တော်ရဲ့ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံဆိုရင် အဋ္ဌမတန်းကျောင်းသားဘဝက စပြီးပြောချင်ပါ တယ်။ အဲဒီရှစ်တန်းကျောင်းသားဘဝကို ကျွန်တော်က သုံးနှစ်နေခဲ့တာပါ။ ပထမနှစ်က ကျွန်တော်ညံ့လို့ ဒုတိယနှစ်ကတော့ ကျွန်တော့်ဘက်က ကြိုးစားနေပါလျက် စာမေးပွဲကျတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်စိတ်ဓာတ်တော်တော် ကျသွားတယ်။  ကိုယ့်ကိုယ်ကိုယ်လည်း  စိတ်မကောင်းဖြစ်သွားတယ်။ အဲဒီမှာကျေးဇူးတင်ရမှာက ကျွန်တော့်အဖေပြောခဲ့တဲ့စကား တစ်ခွန်း ပါပဲ။ ရေနွေးအိုးတစ်လုံးဆူဖို့အတွက် အပူချိန်ဘယ်လောက်လိုလဲဆိုပြီး ကျွန်တော့်အဖေက မေးခဲ့တယ်။ အဲဒီအခါမှာ ကျွန်တော်က လိုအပ်တဲ့ အပူချိန်လို့ ပြောခဲ့ပါတယ်။ နောက်ထပ်ပြီး ကျွန်တော့်အဖေက လိုအပ်တဲ့အပူချိန်အောက် ၁၀ ဒီဂရီ လောက် လျော့နေရင်  ရေနွေးဆူနိုင်ပါ့မလားဆိုပြီး မေးခဲ့ပါတယ်။ အဲဒီတော့ ကျွန် တော်ကလည်း အငွေ့ပဲထွက်မယ် ရေပလုံစီထပြီးရေနွေးကဆူမှာ မဟုတ်ပါဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ ဒီအခါမှ ကျွန်တော့်အဖေက မင်းဘက်က ကြိုးစားတာ ၉၉.၉၉ ရာခိုင်နှုန်းပဲရှိတဲ့အခါ လိုနေတဲ့ ၀၀.၀၁ ရာခိုင်နှုန်းကို ဟိုဘက်က မဖြည့် ဆည်းပေးနိုင်ဘူး၊ မင်းဘက်ကနေပြီး စတင်ကတည်းက ၁၂၀ လောက်ကို မှန်းထားမှ အောင်မြင်မှာလို့ပြောခဲ့ပါတယ်။ အဲဒီအခါမှ ကျွန်တော့်ဘက်ကပြန်ပြီး ကြိုးစားဖြစ်ခဲ့တယ်။ အဲဒီမှာပဲ ပိုဆိုးတာက အဖေနဲ့အမေရဲ့ အိမ် ထောင်ရေး အဆင်မပြေဖြစ်ခဲ့ပါတယ်။ အဲဒီအခါမှာ ဘာတွေ့ရလဲဆိုတော့ အိမ်ကလည်းနိုင်ငံတော်ကပေးထားတဲ့အိမ်၊အသုံးအဆောင်ကလည်းနိုင်ငံတော်က ပေးထားတာဖြစ်တဲ့ ပြန်အပ်ရတဲ့အခါမှာ အိမ်ကခြောက်သွေ့လာတယ်။ အရင်ကပေါင်းသင်းနေတဲ့သူငယ်ချင်း မိတ်ဆွေ တွေက တဖြည်းဖြည်း ဖယ်သွားကြတယ်။ အဲဒီအခါမှာ စဉ်းစားဖြစ်တာက တကယ်တမ်း ကိုယ့်အနားမှာရှိတာ ဘယ်သူမှယူလို့မရပဲ ကိုယ်ပိုင်ဆိုင်ပြီး ပြန်ပေး လို့ရတာက ပညာနဲ့အတွေ့အကြုံပဲဖြစ်တယ်ဆိုတာကို  ကျွန်တော် သိလိုက်ပါတယ်။ အဲဒီကစပြီး ကြိုးစားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆယ်တန်းအောင်တော့ စီးပွား ရေးတက္ကသိုလ်တက်ပြီးတော့ Master  ဆက်တက်ခဲ့ပါတယ်။ နောက်ထပ်လည်း နိုင်ငံခြားက ဒီပလိုမာတွေ တက်ရောက်ပြီးစီးခဲ့ပါတယ်။  

လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံ

လုပ်ကိုင်ခဲ့တဲ့လုပ်ငန်းတွေကတော့ ပထမဦးဆုံး ကျွန်တော်က လက်ဖက်ရည်ဆိုင်ကို သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖွင့်ခဲ့ပါတယ်။ အဲဒီမှာလည်း လူမှုဆက်ဆံရေးပညာ၊ အရိပ်အကဲကြည့်တဲ့ပညာတွေ ရခဲ့တယ်။ အဲဒီနောက်မှာ လေဘေး (ဘေထုတ်-အဟောင်းထည်) သည်ဆက်ပြီးတော့ လုပ်ခဲ့ပါတယ်။  အဲဒီအခါကျတော့  အပြောအဆို ရောင်းဝယ် တဲ့ပုံစံတွေ လူတွေရဲ့ စရိုက်လက္ခဏာတွေကို  ကြည့်တတ် လာခဲ့ပါတယ်။ ဘယ်လိုပုံစံတွေနဲ့ ရောင်းဝယ်ရတယ်ဆိုတာ သိလာခဲ့ပါတယ်။ နောက်ပိုင်းမှာစီးပွားရေးကို တကယ်စိတ် ဝင်စားအောင် လုပ်ဆောင်ပေးခဲ့တာက လေလံဖြစ်ပါတယ်။ ဒါတွေက ကျောင်းတက် ရင်းလုပ်ခဲ့တဲ့အ လုပ်တွေပါ။ နောက် ပိုင်းမှာကမ္ဘာကျော်ကြော်ငြာကုမ္ပဏီဖြစ်တဲ့ (McCann-Erickson Advertising Agency)  ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့ပြီး အဲဒီမှာ Nestle Account ကို ကိုင်ရတယ်။ Milo Brand  ကို မြန်မာနိုင်ငံမှာစပြီး ဈေးကွက်ဝင်အောင် ထိုးဖောက်ပေးခဲ့ တယ်။ အဲဒီနောက်မှာတော့ Unilever Product  တွေကို ဝင်ရောက်လုပ်ကိုင်ပေးခဲ့တယ်။ အဲဒီကမှတစ်ဆင့် Commodity Futures Trading  စတော့စ်အိတ်ချိန်းကုမ္ပဏီ တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။  

၁၉၉၀ နောက်ပိုင်းလုပ်ကိုင်ဖြစ်တဲ့လုပ်ငန်းတွေ

၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ကျတော့ Myanmar Brewery  Ltd (MBL) မှာMarketing Assistant    အဖြစ်ဝင်ရောက် လုပ်ကိုင်ခဲ့တယ်။ အဲဒီကုမ္ပဏီမှာ Brand  Executive  အဖြစ်နဲ့Myanmar Beer Brand  ကို အရသာပိုင်း အရောင်းပိုင်း ဒီဇိုင်းကစပြီး စမ်းသပ်အကောင်အထည်ဖော် ခဲ့ပါတယ်။ ထိုးဖောက်ပေးခဲ့တဲ့အတွက် ဒီကနေ့မှာ မြန်မာ စည်ဘီယာဆိုပြီး ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးခဲ့ရ တာက အမှတ်ရစရာဖြစ်ပါတယ်။ အဲဒီနောက်တော့ မြန်မာ စည်ဘီယာဆိုင်တွေ ပေါ်ပေါက်လာမယ့် အကြောင်းအရင်း တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒါက ဘာလဲဆိုတော့ လက် ဘက်ရည်ဆိုင်လို ဖွင့်ကြည့်ရင် အောင်မြင်မယ်လို့ ယူဆတဲ့ အတွက်လုပ်ဖြစ်ခဲ့တာ ဒိကနေ့မှာဆိုရင် မြန်မာစည်ဘီယာ ဆိုင်တွေ အများကြီးဖြစ်နေပါပြီ။ ဒီလိုနဲ့ပဲ MBL  မှာ ရာထူး တစ်ဆင့်စီတက်ရင်း  Sales Director   ထိ တာဝန် ယူဆောင်ရွက်ခဲ့ပါတယ်။  အဲဒီကနေဆက်ပြီးတော့ စင်ကာ ပူမှာရှိတဲ့ Asia Pacific Breweries Ltd  မှာ Project Manager    အဖြစ် နှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကိုပြန်လာပြီး  Project Director    အဖြစ် 100Plus Isotonic Drank    ကို တာဝန်ယူလုပ်ကိုင် ခဲ့ပါတယ်။ အဲဒီမှာပဲတစ်ဆက်တည်း (MBL) Commercial Director   အဖြစ်ပါ ပူးတွဲပြီး တာဝန်ယူ ခဲ့ပါတယ်။ နောက်တစ်ခု ထပ်တွေ့တာကတော့ ဒီကနေ့ မြန်မာနိုင်ငံမှာ Skilled Labour    တွေရှားပါးလာတာကို တွေ့ရပါတယ်။ ဒါကြောင့်  ဒီကနေ့လူငယ်တွေအတွက် ဈေးကွက်နဲ့ ပတ် သက်တာတွေ သိစေဖို့ရည်ရွယ်ပြီးတော့ PMA ဆိုတဲ့ Professional Marketers Association  သင်တန်းကျောင်း ကို တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီမှာလည်း ဟောပြော ပွဲတွေလုပ်ပေးတယ်၊ နိုင်ငံခြားပညာရှင်တွေခေါ်ပြီး ဆွေးနွေး ပွဲတွေ လုပ်ပေးပါတယ်။ နောက်ထပ်လည်း ပဉ္စဝတီ FM  နဲ့Mandalay FM မှာ လည်း အပတ်စဉ် အမေးအဖြေကဏ္ဍကိုလုပ်ပေးနေပါတယ်။ ယခုလက်ရှိလည်း အပြောင်းအလဲနဲ့ အတွေ့အကြုံ လိုချင် တာကြောင့် Ooredoo ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီမှာ National Sales Director  အနေနဲ့ တာဝန်ယူ လုပ်ကိုင်နေပါတယ်။  

စံနမူနာထားလေးစားရတဲ့ ပုဂ္ဂိုလ်တွေ

ကျွန်တော့်အနေနဲ့ ဗုဒ္ဓဘာသာဆိုတော့ စံအထားရဆုံး ပုဂ္ဂိုလ်ပြပါဆိုရင် ဂေါတမဗုဒ္ဓမြတ်စွာဘုရားကို ပြရမှာဖြစ် ပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမကို ကျွန်တော်က Philosophy  တစ်ခုအနေနဲ့ လေ့လာတာဖြစ်ပါတယ်။ တကယ်တမ်း လေ့ လာကြည့်ရင်လည်း Buddhism Philosophy  မှာ လက် တွေ့ဘဝတွေနဲ့ကိုက်ညီမှုတွေ၊ လွတ်ထွက်မသွားတာ တွေ ကိုတွေ့ရပါတယ်။ အတုယူသင့်တာက ပါရမီဖြည့်တဲ့ နေရာ တွေမှာ တစိုက်မတ်မတ်နဲ့ ဇွဲရှိတာကို တွေ့ရတယ်။ ပိုပြီး တော့လေးစားစရာကောင်းတာက ဘုရားဖြစ်တော့လည်း မနားမနေတရားတွေဟောတယ် နည်းစနစ်တွေကိုလည်း တစ်ဆင့်ချင်းစီဟောပြတယ်။  အချိန်တိုတိုနဲ့လည်း သက် တမ်းမကုန်ခဲ့ပါဘူး။ နောက်ထပ်ပြီး လေးစားတာကတော့  ဂန္ဓီနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ပါတယ်။ လေးစားပုံချင်း တော့ ကွာခြားပါတယ်။ ဂန္ဓီကိုတော့ သူ့ရဲ့အတွေးအခေါ်၊ သည်းခံနိုင်မှုစွမ်းရည်တွေကို လေးစားတာဖြစ်ပါတယ်။ ဗိုလ် ချုပ်ကိုလေးစားတာက ပြတ်သားတဲ့အတွေးအခေါ် ပြည်သူ တွေအတွက်ဆိုရင် အခုမကောင်းသေးပေမဲ့ နောင်ကောင်း လာမယ်ဆိုရင် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြောင်းလဲရဲတဲ့ သတ္တိကိုလေး စားရပါတယ်။ ဘယ်သူကပြောမှာ ဘယ်သူက သမုတ်မှာ စတာတွေကိုဂရုမစိုက်ဘူး။ ဟန်ဆောင်တာမရှိဘူး မာန လည်းမထားတတ်ဘူး။ ဝန်ကြီးချုပ်ဖြစ်နေတာတောင် ကား ပျက်တော့ ကားဆင်းတွန်းတာ တွေ့ရတဲ့အတွက် အင်မတန် လေးစားမိတာဖြစ်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အားကျ အတုယူရတာကတော့Bill Gates နဲ့ Steve Jobsနဲ့  Jack Welch  တို့ဖြစ်ပါတယ်။ သူတို့ကိုလည်း လေးစားပုံအနေအထားချင်း ကွာပါတယ်။  

စာအုပ်စာပေစိတ်ဝင်စားဖြစ်ပုံ

ကျွန်တော်ဘဝမှာ စာအုပ်စာပေတွေကို ဖတ်ဖြစ်အောင် လုပ်ပေးခဲ့တာက ကျွန်တော့်အဖေကျေးဇူးဖြစ်ပါတယ်။ အ ဖေ့ဆီမှာက အသိုင်းအဝိုင်းသုံးခု ဖြစ်နေပါတယ်။ စစ်တပ် ကနေထွက်ထားတဲ့အတွက် စစ်တပ် အသိုင်းအဝိုင်းနဲ့လည်း တွေ့ရတယ်။ အဲဒီနောက်မှာ ဌာနဆိုင်ရာဝန်ထမ်းလုပ်တော့ အစိုးရအရာရှိတွေနဲ့တွေ့ဖူးတယ်။ အဲဒီမှာ ထူးခြားတာက ကိုယ်က လူငယ်ဆိုတော့ လူကြီးတွေက သိပ်ပြီးနေရာမပေးကြ ဘူး။ မင်းမသိပါဘူး မင်းနားမလည်ပါဘူးဆိုပြီး ပြောကြပါ တယ်။ ဒါပေမဲ့ နောက်ဆုံးတွေ့ရတဲ့ အဖေ့မိတ်ဆွေစာရေး ဆရာတွေက ဒီလိုပုံစံမျိုးမရှိဘူး။ စဉ်းစားတတ်အောင် နေရာ ပေးတယ်၊ တစ်တန်းထဲထားတယ်။ ဥပမာ-စကားဝိုင်းမှာ ဆိုရင် 'မင်းရောစဉ်းစားကြည့်ကွာ' ဆိုတဲ့စကားလုံးတွေသုံး ကြတယ်။ ပြောချင်တာကတော့ လူငယ်တစ်ယောက်ကို လည်း လူရာသွင်းအလေးထားတယ်ဆိုတဲ့ စာရေးဆရာ တွေရဲ့ စိတ်ထားတွေကို အဲဒီကတည်းက လေးစားခဲ့တာ ဖြစ်ပါတယ်။ အဲဒီကနေပြီးတော့မှ စာပေကို လေ့လာဖြစ် လာတယ်။ ထူးခြားတဲ့နောက်တစ်ချက်က စာရေးဆရာတွေဟာ ကျွန်တော့်အမေနဲ့တွေ့ရင် ကုန်ဈေးနှုန်းအကြောင်း ဘုရားအ ကြောင်း တရားအကြောင်းပြောတယ်။ အဖေနဲ့တွေ့ရင် နိုင်ငံ ရေးအခြေအနေ၊ တိုင်းပြည်တိုးတက်ရေး အခြေအနေတွေ ပြောတယ်။ ကျွန်တော်နဲ့တွေ့တဲ့အခါဆိုရင်လည်း ရည်းစား အကြောင်းတွေ ရည်းစားဘယ်လိုထားရတာတွေကို ဟာသ တွေနဲ့ ပြောတတ်ကြတယ်။  

ဖတ်ဖြစ်တဲ့စာအုပ်စာပေတွေ

စာရေးဆရာဖြစ်ချင်တဲ့ စိတ်ဝင်လာပြီး ကျွန်တော့်အဖေကို ပြောပြတော့ ကျွန်တော့်ကို ဘာသာရေးနဲ့နိုင်ငံရေး စာအုပ် တွေ စာအုပ်တွေကို စပြီး ဖတ်ခိုင်းခဲ့ပါတယ်။ နောက်ပိုင်းမှ သိရတာက အဲဒီလိုပျင်းစရာကောင်းတဲ့ စာအုပ်တွေကို ဖတ်တတ်လာရင် တခြားစာအုပ်တွေဖတ်ရမှာ မပျင်းတော့ ဘူးဆိုတာပါပဲ။ အဲဒီကစပြီး သိုင်းစာအုပ်တွေ၊ ဘာသာပြန် စာအုပ်တွေ ဖတ်တယ်။ ဆရာအောင်သင်းစာအုပ်တွေနဲ့ Biography စာအုပ်တွေ၊ လူတွေရဲ့အဆိုအမိန့်စာအုပ်တွေကို ဖတ်တယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့စာအုပ်၊ စီမံခန့်ခွဲမှုတွေ နဲ့ပတ်သက်တဲ့စာအုပ်တွေကို ခုနောက်ပိုင်း ပိုပြီးဖတ်ဖြစ် လာပါတယ်။ အဲဒီမှာ ထူးခြားတာရှိပါသေးတယ်။ DVD ကြည့်တာပါ။ DVD ကြည့်ရင် ရိုးရိုးမကြည့်ဘဲ အင်္ဂလိပ် စာတန်းထိုးတဲ့ကားတွေပဲ ကြည့်တယ်။ ကိုသိချင်တဲ့ စာသားမှတ်ထားချင်တဲ့စာသားပါရင် ခဏရပ်ပြီး မှတ်ထား တယ်၊ ပြီးရင်အဓိပ္ပါယ်ပြန်ရှာတယ်။ အဲတာကတော့ ကျွန် တော့်ရဲ့ ထူးခြားချက်ပါပဲ။ အဲဒါကြောင့် ဒီနေ့မှာ ကျွန် တော်ကြည့်ခဲ့တာ ရုပ်ရှင်ကားပေါင်း ၇,၀၀၀ ကျော် လောက်တော့ ရှိမယ်ထင်ပါတယ်။  

လုပ်ငန်းခွင်ပြောင်းရွှေ့မှုအပေါ် ကြုံရတဲ့အခက်အခဲ

အခက်အခဲတွေတော့ရှိပါတယ်။ ရုံးတိုင်းရုံးတိုင်းမှာ  Office Politics    ရှိပါတယ်။ အဓိကက ကိုယ့်ရဲ့အလုပ်ကို ပိုင်နိုင် ဖို့ပဲလိုပါတယ်။ ဒါပေမယ့်လည်း တစ်နေရာတည်းမှာကြာ ကြာနေရင် မကောင်းပါဘူး။ ကိုယ်ကျွမ်းကျင်တဲ့   အလုပ်တစ် ခုမှာပဲထိုင်ပြီးရေရှည်လုပ်နေရင်ကြာတော့  ပျင်းရိသွားတတ် ပါတယ်။ သူကတစ်နေရာတည်းမှာပဲ တော်နေပြီး တစ်ဖက်မှာ အားနည်းတတ်ပါတယ်။ အဲဒါကတကယ့် အခက်အခဲဖြစ် ပါတယ်။ လူတွေနဲ့ အံဝင်ခွင်ကျမနေတတ်ဘဲ ဖြစ်နေပါ လိမ့်မယ်။ အဲဒီအခါမှာကိုယ်က သူများနောက်ကိုရောက်သွား တတ်ပါတယ်။  လူအမျိုးမျိုးတွေ့ရမယ် အကြောင်းအမျိုးမျိုး သိရတယ်။ အဓိကကတော့ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကျွန် တော့်အနေနဲ့ကတော့ ပထမသုံးလမှာ သင်ယူတယ်၊ ဒုတိယ  သုံးလမှာ ပါဝင်ဆွေးနွေးတယ်၊ တတိယသုံးလဆိုရင် ဦးဆောင် နိုင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အဆင်ပြေပြေနဲ့ဖြစ် သွားပါတယ်။  

နိုင်ငံခြားကုမ္ပဏီတွေမှာ ဝင်ရောက်လုပ်ကိုင်မယ့် လူငယ်တွေ အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပုံ

နိုင်ငံခြားကုမ္ပဏီတွေက မြန်မာကုမ္ပဏီနဲ့ မတူပါဘူး။ မြန်မာ ကုမ္ပဏီအချို့မှာက သူဌေးမျက်နှာကြည့်ရတယ်။ သူဌေးကိုပဲ လုပြီးဖားနေရတယ်။ နိုင်ငံခြားကုမ္ပဏီတွေက ဒါမျိုးတွေ မရှိပါဘူး။ သက်ဆိုင်ရာ တာ ဝန်တွေပေးထားပါတယ်။ စနစ် တကျရှိတာတွေကို တွေ့ရပါတယ်။ အခုလုပ်နေတဲ့ ကုမ္ပဏီမှာ ဆိုရင် နိုင်ငံပေါင်း ၄၅ နိုင်ငံက နိုင်ငံသားပေါင်း ၈၀၀ ကျော် ရှိပါတယ်။ သူတို့မှာထူးခြားချက်က ဘာလဲဆိုတော့ CEO ကနေ အောက်ဆုံးအဆင့်အထိ စားပွဲတစ်လုံးထိုင်ခုံ တစ်ခု၊ ကွန်ပျူတာတစ်လုံးရှိတယ်။  ကာခြားထားတာမျိုးတွေ မရှိ ဘူး။ မလိုလားအပ်တာတွေ မရှိတော့ဘူး။ ငါဘာကောင်လဲ ဆိုတာလည်း ပြောနေစရာမ လိုတော့ဘူး ဖြစ်ပါတယ်။ ပြစရာဘာတွေရှိလာလည်းဆိုတော့ အလုပ်ပဲရှိတော့တာကို တွေ့ရပါတယ်။ သတိထားရမှာက နိုင်ငံခြားလုပ်ငန်းရှင်ဆို ပြီး အောက်ကနေစရာ အားငယ်စရာမလိုဘူး။ သူတို့မှာက နည်းပညာတွေ ရင်းနှီးမြှုပ်နှံမှုတွေရှိပေမယ့်လည်း ကိုယ့်မှာ ကလည်း ဒီကလူတွေ အကြောင်းကိုသိတယ်၊ ဒီနိုင်ငံရဲ့ ဈေး ကွက်ကိုသိတယ်၊ ဒီနိုင်ငံရဲ့အခြေအနေအရပ်ရပ်ကို သိတယ်။ ဒါကြောင့် ကြောက်နေ စရာမလိုပါဘူး။ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်ရင် လုပ်ဆောင်ဖို့အတွက် အဆင်မ ပြေတာတွေကို ပွင့်ပွင့်လင်းလင်း ပြောရဲရမှာပါ။ ဒါကိုလည်း သူတို့က အပြစ်မြင်မှာမဟုတ်ပါဘူး။ နောက်ထပ်ပြီး လူငယ် တွေမှာ သတိထားရမယ့်အရာတွေက တချို့ဆိုရင် ကျောင်း ပြီးလာလို့ လုပ်ငန်းခွင်ဝင်တော့လည်း သင်ပေးတာကို စောင့် ကြတယ်။ နိုင်ငံခြားကုမ္ပဏီတွေမှာက အလုပ်ဝင်ပြီဆိုက တည်းက ဘာတစ်ခု မှသင်ပေးတာမရှိဘူး။    ဘယ်သူတွေကမှ မင်းကဒီမှာထိုင်ပါ၊ ဒီအလုပ်လုပ်ပါလို့မပြောပါဘူး။ ကိုယ် နဲ့ သင့်လျော်လိုက်ဖက်တဲ့ ကိုက်ညီတဲ့အလုပ်ကို ရှာကြံပြီး လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေကို ပြောချင်တာက ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတ တွေကိုပါ လေ့လာစေချင်ပါတယ်။ လုပ်ငန်းခွင်ဝင်ရောက်တဲ့ အခါ လုပ်ကိုင်ရမယ့်အကြောင်းအရာတွေကို ကြိုပြီးလေ့လာ ထားစေချင်ပါတယ်။  နောက်တစ်ခုက လူငယ်တွေမှာ ကိုယ် စီးတဲ့မြင်းက အထီးလားအမလား သိစေချင်တယ်။  ကိုယ် ရွေးထားတဲ့ Career ကို သိနေဖို့လိုပါတယ်။  ကိုယ်တကယ် ဖြစ်ချင်တာက Marketing လား၊ ဒါမှမဟုတ် Marketing သမားတွေက အပြင်ထွက်နေရတယ်၊ ကျော့ကျော့မော့မော့ နေရတာကိုကြည့်ပြီး Marketing လုပ်ချင်တာလား ခွဲခြား သိဖို့လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင် အလုပ်တွေပြောင်း ရင်းနဲ့ပဲ ဘာမှဖြစ်မလာပဲ ဖြစ်နေပါလိမ့်မယ်။  

Sales Professional   တစ်ယောက်ရဲ့ ခံယူချက်

Sales ပဲဖြစ်ဖြစ် Marketing ပဲဖြစ်ဖြစ် ရောင်းဖို့အတွက် လုပ်နေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောင်းဖို့တစ်ခုတည်း မကြည့်ဘဲ Customer ရဲ့လိုအပ်ချက်ကိုလည်း ထည့်ပြီး စဉ်းစားဖို့ လိုပါတယ်။ အဓိက အချက်တွေကတော့ ကိုယ့် လူကိုသိအောင်လုပ်ပါ။ ရောင်းရမယ့် Product ကို သိ    အောင်လုပ်ပါ။ ကိုယ်ပြောဆိုဆက်ဆံရမယ့် အချိန်နေရာ အကြောင်းအရာကို သိအောင်လုပ်ပါ။ ကိုယ့်ရဲ့ Competitor ကို သိအောင်လုပ်ပါ။ Presentation တွေအတွက် လုံလောက်တဲ့အချိန်ကို ရယူပါ။ Closing ကိုလည်း သေချာ အောင် လုပ်ဆောင်ပေးဖို့ လိုပါတယ်။  ဒီအချက်တွေပြည့်စုံ ရင်တော့ အဆင်ပြေချော့မွေ့နေမှာပါပဲ။  

မျော်လင့်ထားတဲ့ Lifestyle

တကယ်တမ်းပြောရရင် တက္ကသိုလ်တစ်ခုမှာ ပါမောက္ခ လုပ်ချင်တာ ဖြစ်ပါတယ်။ အားလုံးကို ကျွန်တော့်ဘက်ကနေ ဖြစ်စေချင်တာက ပညာသင်ပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ လည်း အဲဒီလုပ်ငန်းခွင်က အဆင်သင့်ပြန်သင်စရာ မလို အောင် ကိုယ့်အိမ်လိုဖြစ်နေစေချင်တာပါ။ တက္ကသိုလ်တစ်ခုတည်ထောင်ချင်တာပဲဖြစ်ပါတယ်။ စာသင်ရုံသက်သက် မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်ရဲ့ အရေးကြီးတဲ့အကြောင်းအရာ တွေ ပညာရပ်တွေကိုပါ တွဲဖက်ပြီးသင်ကြားပေးတာမျိုး တွေ ဖြစ်စေချင်ပါတယ်။ ကိုယ်တိုင်လည်းစာသင် အားလပ် တဲ့အချိန်မှာ စာပေဟောပြောပွဲတွေ လုပ်ပြီး စာအုပ်စာပေတွေ ရေးချင်ပါတယ်။  

မင်းသစ္စာ