အွန်လိုင်းအခြေပြုဝန်ဆောင်မှုနှင့် စီးပွားရေးလုပ်ငန်းများ

မြန်မာနိုင်ငံတွင် စာရင်းအရ မိုဘိုင်းဖုန်းအသုံးပြုသူ ၄၅ သန်းခန့်ရှိနေပြီဟုသိရသည်။ အများစုမှာ မြို့ပြကသုံးစွဲနေခြင်းဖြစ်သော်လည်း သုံးစွဲမှုအရှိန်အဟုန်က ကျေးလက်တွင်လည်း တဖြည်းဖြည်း တိုးမြင့်ကြီးထွားလာလျက်ရှိနေသည်။

အကျိုးဆက်မှာ မြို့ပြရော ကျေးလက်ပါ နေမှုပုံစံများအပေါ် မိုဘိုင်းနှင့်အွန်လိုင်းတို့က သိသာစွာလွှမ်းမိုးလာခြင်း ဖြစ်သည်။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်ပေးပို့မှုနှင့် စားသုံးမှုတို့သည် မိုဘိုင်းနှင့် အွန်လိုင်းပေါ်တွင် သိသိသာသာ အခြေကျနေပြီ ဖြစ်သည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်းကပင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီတစ်ခုကို ထပ်မံလုပ်ကိုင်ခွင့်ပြုလိုက်ရာ ဝန်ဆောင်မှုကုမ္ပဏီများအတွင်း ပြိုင်ဆိုင်မှုတိုးမြင့်လာဖွယ်ရှိနေသည်။ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများလည်း အသစ်ထပ်မံပေါ်ထွက်လာပေရာ ပို၍ဈေးသက်သာ၊ ပို၍မြန်ဆန်သော အွန်လိုင်းစနစ်များကို ရရှိခံစားနိုင်တော့မည်ဖြစ်သည်။

အွန်လိုင်းစီးပွားရေးလုပ်ငန်းအတွက် ယခုအချိန်တွင် ကြုံတွေ့နေရသော အခက်အခဲမှာ အွန်လိုင်းငွေချေမှုစနစ် ဖြစ်နေသည်။ အွန်လိုင်းငွေပေးချေမှုစနစ်သာ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ပြီဆိုပါက အွန်လိုင်းစီးပွားရေးလမ်းကြောင်းမှာ ကြီးမားသောအရှိန်အဟုန်နှင့် တိုးတက်သွားမည်ဖြစ်ပေသည်။ ထိုသို့ဖြစ်လာရန်မှာလည်း အလွန်နီးကပ်နေပြီဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင် အွန်လိုင်းကို မည်သို့ထည့်သွင်းအသုံးချသွားမည်ကို အစီအစဉ်ချပြင်ဆင်ထားသင့်ပြီ ဖြစ်ပါသည်။

အယ်ဒီတာ