Online ကို လုံးလုံးလျားလျား အားပြုရတော့မည့်အချိန်ကဖြင့် မဝေးတော့ပြီ

မြန်မာနိုင်ငံတွင် Mobile ဖုန်းအသုံးပြုသူ သန်းနှစ်ဆယ်ဝန်းကျင်ရှိနေပြီး အများစုက Social Media ကို အလေးထားအသုံးပြုနေကြသည်။ နံနက်ခင်းအိပ်ရာနိုးသည်နှင့် Facebook ကို ကြည့်သည်။ နေ့လယ်အလုပ်လုပ်နေရင်း Facebook ကို မကြာခဏကြည့်ဖြစ်သည်။ ညအိပ်ရာပေါ်တွင် Facebook ကိုကြည့်ရင်း အိပ်ရာဝင်သည်။ လာမည့်အနာဂတ်တွင် Facebook နှင့် အခြား Social Media များကို ပို၍ပို၍ သုံးစွဲလာကြမည့်အရေးကို ကြိုတင်မြင်နေရပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် Online Media သည် မြို့ပြကလူများနှင့် ထိတွေ့မှုအများဆုံးမီဒီယာ ဖြစ်လာခဲ့ပြီ။ တီဗီကြည့်ချိန်၊ ရေဒီယိုနားထောင်ချိန်၊ စာဖတ်ချိန်တို့ လျော့ကျသွားသည်။ ဤသို့ အခြေအနေတွင် စီးပွားရေးလုပ်ငန်းများ၊ ကြော်ငြာလုပ်ငန်းများ အနေဖြင့်လည်း လူထုနှင့်ဆက်သွယ်ရန် Online ကို အားပြုလာကြရသည်။ ပြဿနာမှာ Online ကို မည်မျှအားကိုးအားထား ပြုမည်လဲဟူသော မေးခွန်းဖြစ်သည်။ ထိရောက်မှုရှိသည်မှာ သေချာသော်လည်း မည်မျှထိရောက်မှုရှိသည်ကို တိတိကျကျ မပြောနိုင်သေးသည့်အချိန်၊ တစ်ဖက်တွင်လည်း ယခင်သုံးနေကျ မီဒီယာများကို လုံးဝလက်လွှတ်၍မရသေး။ လက်ရှိမီဒီယာများနှင့် မီဒီယာအသစ်ကို သင့်လျော်အောင် ချိန်ထိုးအသုံးပြုနေကြရသည်။ Online Media က အကဲဆတ်သည်။ အထိအခိုက်မခံ၊ ပျံ့နှံ့နှုန်း မြန်ဆန်လွန်း၍ အကျိုးသက်ရောက်နိုင်စွမ်း အားကြီးသည်။ ဆက်သွယ်မှုသည် တစ်လမ်းသွားမဟုတ်၊ အပြန်အလှန် ဆက်ဆံရေးဖြစ်ပြီး ပို၍ထင်သာမြင်သာဖြစ်သည်။ ဘာကိုမှ ဝှက်ထားချင်၍မရ။ ထို့ကြောင့် သတိနှင့် ကိုင်တွယ်ကြရသည်။ စမ်းသပ်ရင်း၊ လုပ်ကိုင်ရင်း၊ သင်ယူရင်းနှင့် အသားကျသွားပါလိမ့်မည်။ လောလောဆယ်တွင်တော့ လုပ်ငန်းရှင်များအနေဖြင့် Online Media ကို အပြည့်အ၀ အားမကိုးနိုင်ကြသေး။ Online ကို လုံးလုံးလျားလျား အားပြုရတော့မည့်အချိန်ကဖြင့် မဝေးတော့ပြီ။  

အယ်ဒီတာ