One Belt One Road မဟာစီမံကိန်း

ကမ္ဘာမှာကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းတွေနဲ့ နိုင်ငံရေးအခြေအနေတွေ၊ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ အမေရိကန်ရဲ့လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်နိုင်ငံအသားပေး စီးပွားရေးပေါ်လစီတွေအပါအဝင် ဗြိတိန်ရဲ့ EU မှ ခွဲထွက်ရေးအဆုံး အမျိုးမျိုးသော ရိုက်ခတ်မှုတွေနဲ့ ကမ္ဘာ့စီးပွားရေးအဝန်းအဝိုင်းကို သိသိသာသာ ထိရောက်မှုတွေရှိစေမယ့် One Belt, One Road မဟာစီမံကိန်းကို တရုတ်က အဆိုပြုလာခဲ့ပါတယ်။

နိုင်ငံတော်တော်များများက OBOR နဲ့ပတ်သက်လို့ အားပေးမှုအများအပြားရှိနေ၊ ထောက်ခံမှုတွေရနေချိန်မှာ မြန်မာနိုင်ငံအနေနဲ့ OBOR မဟာစီမံကိန်းမှာ ပါဝင်သွားမယ်ဆိုပေမယ့် ဘယ်လိုအခန်းကဏ္ဍကနေ ဝင်ရောက်မယ်ဆိုတာကို တိတိကျကျ ထုတ်ဖော်ပြောကြားထားခြင်း မတွေ့ရသေးပါဘူး။ မေလအတွင်းက အောင်မြင်စွာကျင်းပပြီးစီးခဲ့တဲ့ Belt and Road Forum for International ကိုလည်း နိုင်ငံတကာခေါင်းဆောင်တွေနဲ့အတူ မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။

OBOR1

OBOR မဟာစီမံကိန်းထဲက Belt and Road Initiative တစ်ခုအဖြစ်ပါဝင်တဲ့ Bangladesh-China-India-Myanmar Corridor မှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုပါဝင်ကာ၊ နိုင်ငံရဲ့ Policy Maker တွေက ဘယ်လိုဆုံးဖြတ်ချက်တွေကို ချမှတ်မလဲ၊ ပြည်တွင်းစီးပွားရေးအသိုက်အဝန်းအတွက်ရော ဘယ်လိုအကျိုးကျေးဇူးတွေကို သယ်ဆောင်လာမလဲဆိုတာကိုတော့ အားလုံးဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ရင်း စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

အခုဆောင်းပါးမှာတော့ OBOR စီမံကိန်းအစ ပြုဖြစ်ပေါ်လာပုံ၊ ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်နဲ့ ခြေရာတချို့ကို စာရေးဆရာလှစိုးဝေက ဆီလျော်အောင် ဘာသာပြန်ဆိုရေးသားပေးထားပါတယ်။

ဒါအပြင် မြန်မာနိုင်ငံနဲ့ OBOR မဟာစီမံကိန်းတို့ ထိစပ်နေမှုတွေနဲ့ပတ်သက်လို့ ဒေါက်တာမောင်မောင်လေးနဲ့ ဦးဇေယျသူတို့ကို မေးမြန်းထားမှုတွေကိုလည်း ဖော်ပြပေးထားပါတယ်။

OBOR2

ကမ္ဘာမြေကြောရှုံစေမယ့် OBOR . . .

ရုရှားသမ္မတပူတင်၊ ပါကစ္စတန်ဝန်ကြီးချုပ် နာဝတ်ရှာရစ်ဖ်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ One Belt , One Road (OBOR) စီမံကိန်းကြီးအတွက် နှစ်ရက်ကြာဖိုရမ်ကြီး ဘီဂျင်းမြို့တော်မှာ မေလ ၁၄-၁၅ မှာ ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကြီးမှာ တရုတ်ရဲ့ အဆိုပြုတင်ပြချက်တွေက တစ်ကမ္ဘာလုံး အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။

တကယ်တမ်း တရုတ်ဘာသာနဲ့ Yi dai yi lu လို့ခေါ်တဲ့ အဆိုပါစီမံကိန်းကြီးကို တရုတ်သမ္မတက ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ကာဇတ်စတန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုမှာ မိန့်ခွန်းပြောကြားစဉ် စတင်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စပြီးပြောစဉ်က Silk Road Economic Belt လို့ ပြောခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းတရုတ်ပညာရှင်တွေက One Belt , One Road လို့ ပြန်လည်အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါစီမံကိန်းကြီးရဲ့အမည်မှာ ဖော်ပြထားတဲ့ Road ဆိုတာ တကယ်တော့ Road မဟုတ်ဘဲ တရုတ်ပြည်ရဲ့ တောင်ဘက်ကမ်းရိုးတန်းနဲ့ အရှေ့အာဖရိက၊ မြေထဲပင်လယ်တို့နဲ့ ဆက်သွယ်ပေးမယ့် ပင်လယ်ရေလမ်းကြောင်းကို ဆိုလိုတာဖြစ်ပါတယ်။ Belt ဆိုတာကတော့ ကုန်းလမ်းမှတစ်ဆင့် အာရှအလယ်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းကိုဖြတ်ပြီး နိုင်ငံအသီးသီးကိုဖြတ်ကာ ဥရောပနဲ့ တရုတ်ပြည်ကို ဆက်သွယ်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒီနေရာမှာ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းခါးပတ်ဆိုပြီး ခွဲထားပြန်ပါတယ်။ မြောက်ပိုင်းလမ်းက အာရှအလယ်ပိုင်းနဲ့ ရုရှားကိုဖြတ်ပြီး ဥရောပနဲ့ဆက်သွယ်မှာဖြစ်ကာ၊ အလယ်ပိုင်းလမ်းကတော့ အာရှအလယ်ပိုင်း အနောက်ပိုင်းနဲ့ ပါရှားပင်လယ်ကွေ့ကိုဖြတ်ပြီး မြေထဲပင်လယ်ဆီသို့ သွားမှာဖြစ်ကာ တောင်ပိုင်းလမ်းကတော့ အရှေ့တောင်အာရှ၊ တောင်အာရှကနေ အိန္ဒိယသမုဒ္ဒရာဘက်ကို ဖောက်ထွက်မှာ ဖြစ်ပါတယ်။

ယခုအခါ နိုင်ငံပေါင်းတစ်ရာကျော်နဲ့ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးတို့ရဲ့ ထောက်ခံမှုကိုရရှိလာခဲ့ပြီး နိုင်ငံလေးဆယ်ခန့်က တရုတ်နဲ့အတူ ပူးပေါင်းဆောင်ရွက်လာဖို့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဆိုပါအဆိုပြုချက်တွေမှာ ငြိမ်းချမ်းရေး၊ အတူတကွ ပူးပေါင်းဆောင်ရွက်ရေး၊ ပွင့်လင်းမြင်သာစွာနဲ့ အားလုံးပါဝင်နိုင်ရေး၊ နည်းပညာတွေ အပြန်အလှန် လေ့လာတတ်ကျွမ်းနားလည်နိုင်ရေး၊ အပြန်အလှန်အကျိုးရှိစေရေး အစရှိတဲ့ အနှစ်သာရတွေ အားလုံးပါဝင်နေတယ်လို့ ဆိုပါတယ်။

OBOR3

မာရှယ်စီမံချက် . . .

ဒါပေမဲ့လည်း ဝေဖန်သူတွေက ဒီစီမံကိန်းဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်ရဲ့ မာရှယ်စီမံကိန်းနဲ့ အလားသဏ္ဌာန်တူနေတဲ့အတွက် နိုင်ငံရေးအရ ခြေရာလက်ရာတွေ ပါဝင်နေတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက မိမိတို့စီမံကိန်းကြီးဟာ ပထဝီအနေအထားနဲ့ စည်းခြားသတ်မှတ်ထားတာမဟုတ်ဘဲ အနှစ်သာရအားဖြင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေခံထားတာဖြစ်လို့ စိတ်တူကိုယ်တူရှိတဲ့ မည်သည့်နိုင်ငံမဆိုပါဝင်ဖို့ လမ်းဖွင့်ထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါအပြင် မာရှယ်စီမံကိန်းနဲ့ သိသိသာသာ ကွဲပြားသွားစေတဲ့အချက်ကတော့ နောက်ပိုင်းမှာ စစ်ရေးမဟာမိတ်ပြုဖို့ ဦးတည်မှာမဟုတ်တဲ့အပြင် ယခုအဆိုပြုထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေကလည်း နိုင်ငံတွေရဲ့ လက်ရှိလုံခြုံရေးအစီအမံတွေကို ပြောင်းလဲသွားစေမှာ မဟုတ်ဘူးဆိုတာပဲ ဖြစ်ပါတယ်။

တကယ်တော့ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကြီး ဖြစ်ပေါ်လာခဲ့ရပြီးတဲ့နောက်ပိုင်း ကမ္ဘာကြီးက စီးပွားရေးနာလန်ပြန်ထူလာနိုင်ဖို့ ရုန်းကန်လှုပ်ရှားနေရတဲ့အတွက် ကုန်သွယ်ရေးမှာ ပိုမိုတံခါးဖွင့်ပြီး အားလုံးပါဝင်နိုင်တဲ့ ကမ္ဘာ့စီးပွားရေး ပုံစံသစ်ကြီး အပူတပြင်း လိုအပ်နေချိန်မှာ ထွက်ပေါ်လာတဲ့ တရုတ်ရဲ့ အဆိုပြုချက်တစ်ရပ်လို့ဆိုရမှာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံကြီးနဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ မနှစ်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေအရ ကမ္ဘာတစ်ဝန်း ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ရပြီး ကမ္ဘာ့ကုန်သွယ်ရေးဟာ ဘဏ္ဍာရေးအကျပ်အတည်းကြီးမပေါ်မီ နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ၁ ရာခိုင်နှုန်းကျော်ကျော်လေးသာ မည်ကာမတ္တ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအတောအတွင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုတာကလည်း ဟိုတစ်စဒီတစ်စနဲ့ ကွက်ကျားမိုးလို ဖြစ်နေတာကြောင့် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လာနေတဲ့ စီးပွားရေးစိန်ခေါ်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် အရင်းအမြစ်တွေကို တစုတစည်းနဲ့ ပေါင်းစပ်နိုင်ဖို့အရေး ခက်ခဲလာခဲ့ရတာလည်း ဖြစ်ပါတယ်။

အခုလိုအနေအထားနဲ့ နိုင်ငံအများကြုံတွေ့လာနေရချိန်မှာ အားလုံးပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့ တရုတ်သမ္မတစီက အဆိုပြုချက်တစ်ခု တင်ပြလာတာ ဖြစ်ပါတယ်။

မိမိတို့အကျိုးစီးပွားကိုသာမက အခြားနိုင်ငံတွေ အကျိုးရှိဖို့ပါ ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်လို့ စီက ဆိုပါတယ်။

တရုတ်သမ္မတရဲ့ အဆိုပြုချက်က အာရှနဲ့ ဥရောပအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် လွန်စွာအရေးပါကြောင်း ဖော်ညွှန်းလျက်ရှိပါတယ်လို့ တရုတ်သတင်းစာ ပြည်သူ့နေ့စဉ်နဲ့ တွေ့ဆုံရာမှာ ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ဂျင်း Jean-Pierre Raffarin က ပြောဆိုခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းဖွံ့ဖြိုးတိုးတက်လာဖို့ အသက်ဝင်လာစေမယ့် အင်အားသစ်တွေ သွန်းလောင်းခဲ့ရုံမက သူ့ရဲ့ကမ္ဘာ့အမြင်ကိုပါ ပြသခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် တရုတ်တို့အနေနဲ့ ဖွံ့ဖြိုးလာမယ့်ကမ္ဘာကြီးအတွက် ခေတ်သစ်တစ်ရပ် ဖန်တီးနိုင်စွမ်းရှိမှုကို ပြသခဲ့ခြင်းပင် ဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းအတွက် အာရှအခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank (AIIB)) ကို ဒေါ်လာသန်းတစ်ရာဘီလီယံ မတည်ကာတည်ထောင်ခဲ့ပြီး ၂၀၁၅ အကုန်ပိုင်းမှာ စတင်လှုပ်ရှား သက်ဝင်လာပါတယ်။ ဒါအပြင် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အင်အားရှစ်ထောင်ခန့်ရှိမယ့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တစ်ခု အမြဲတမ်းအသင့်ရှိနေရေးအတွက် ကုလသမဂ္ဂကို အဲဒီရန်ပုံငွေထဲက ထည့်ဝင်ပေးသွားမယ်လို့လည်း သိရပါတယ်။

OBOR4

အားလုံးအတွက် Win-Win . . .

Belt and Road Initiative (BRI) စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကစပြီး တရုတ်နဲ့ရှေးခေတ်ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံတွေအကြား အခြေခံအဆောက်အအုံတွေ ဆက်သွယ်ချိတ်ဆက်လာနိုင်မှု၊ ကုန်ထုတ်စွမ်းအားပိုင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးပိုင်းတွေမှာ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ မြင်တွေ့လာခဲ့ရပြီ ဖြစ်ပါတယ်။

ကုန်းလမ်းနဲ့ ရေကြောင်းသွားလာရေးတွေဘက်မှာ သိသိသာသာ တိုးတက်မှုတွေ ရရှိလာခဲ့တာ တွေ့ရပါတယ်။ ဥပမာ- ပါကစ္စတန်နဲ့ တရုတ်ကို ဆက်သွယ်ထားတဲ့ Karakorum အဝေးပြေးလမ်းမကြီး အဆင့် ၂၊ လာဟိုနဲ့ ကရာချိကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးရှိ မူလ်တန်-ဆက္ကားအပိုင်း၊ တရုတ်-လာအို မီးရထားလမ်း၊ အင်ဒိုနီးရှားရှိ ယာကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းမကြီးတွေ လက်ရှိမှာအကောင်အထည်ဖော် တည်ဆောက်နေပါတယ်။

ဒါအပြင် သီရိလင်္ကာမြို့တော် ကိုလံဘိုရှိ ဆိပ်ကမ်းကလည်း ရုပ်လုံးကြွလာပြီ ဖြစ်ပါတယ်။ တရုတ်ပိုင်သင်္ဘောလုပ်ငန်းကုမ္ပဏီကြီးဖြစ်တဲ့ COSCO က ဂရိရှိ Piraeus ဆိပ်ကမ်းစီမံခန့်ခွဲမှုတွေကို ဝင်ရောက်တာဝန်ယူနေပြီလည်း ဖြစ်ပါတယ်။

ကုန်ထုတ်လုပ်ငန်းတွေအပိုင်းမှာလည်း တရုတ်က နိုင်ငံပေါင်း နှစ်ဆယ်နီးပါးနဲ့ ပူးပေါင်းလုပ်ကိုင်နေပြီး အမေရိကန်ဒေါ်လာသန်း ၂၇ ဘီလီယံတန်ဖိုးရှိ အရေးပါတဲ့ ပရောဂျက် စုစုပေါင်း ၅၁ ခုကို လုပ်ကိုင်ဖို့ အတည်ပြုနိုင်ခဲ့ပါတယ်။

မနှစ်က တစ်နှစ်တည်းမှာပဲ Belt and Road လမ်းတစ်လျှောက်ရှိ နိုင်ငံတွေနဲ့ တရုတ်ကုန်သွယ်ရေးဟာ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာသန်း ၉၁၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး အဲဒီနိုင်ငံတွေမှာ တရုတ်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာသန်း ၁၄.၅ ဘီလီယံ ရှိခဲ့ပါတယ်။

အဆိုပါ စီမံကိန်းတွေ အောင်မြင်ရေးအတွက် တရုတ်က ဘဏ္ဍာရေးထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။   AIIB မှာ ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်းခုနစ်ဆယ်ရှိနေပြီး ဒေါ်လာသန်းလေးဆယ်ဘီလီယံ ခွဲဝေလျာထားသတ်မှတ်ထားတဲ့ ပိုးလမ်းမသစ်ကြီး ရန်ပုံငွေအောက်ရှိ စီမံကိန်းတွေအတွက် ဒေါ်လာသန်း ၅.၃ ဘီလီယံနဲ့ စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးအနေအထား မရေရာမသေချာမှုတွေနဲ့ ကြုံတွေ့လာနေရချိန်မှာ Belt and Road (BR) ပူးပေါင်းဆောင်ရွက်မှုသည်သာ ကမ္ဘာတစ်ဝန်းဖွံ့ဖြိုးတိုးတက်လာဖို့ အမြန်မောင်းနှင်နိုင်မယ့် သော့ချက်တစ်ခု ဖြစ်ပါတယ်။

BR ရဲ့ ဆွဲဆောင်နိုင်မှုအရှိဆုံးအချက်ကတော့ တရုတ်နိုင်ငံဖွံ့ဖြိုးလာရေးအတွက်သာမက ပါဝင်လာမယ့် နိုင်ငံတွေရဲ့ အကျိုးကိုပါ ဖော်ဆောင်နိုင်ခြင်းဆိုတာပဲ ဖြစ်တယ်လို့ တရုတ်ပြည်ဆိုင်ရာ စပိန်သံအမတ်ကြီး Manuel Valencia က ပြောပါတယ်။

စီးပွားရေး စြင်္ကံများ . . .

BR အစီအမံတွေအရ ကမ္ဘာတစ်ဝန်းစီးပွားရေး စြင်္ကံလမ်းမကြီး ခြောက်ခုတည်ဆောက်သွားဖို့ ရှိနေပါတယ်။ ယင်းတို့မှာ

(၁) New Eurasian Continental Bridge                                                   

(၂) China-Mongolia-Russia Corridor                              

(၃) China-Central Asia-West Asia Corridor

(၄) China-Indochina Peninsula Corridor                                                     

(၅) China-Pakistan Corridor                               

(၆) Bangladesh-China-India-Myanmar Corridor တို့ ဖြစ်ပါတယ်။

အဲဒီစြင်္ကံလမ်းတွေဟာ ဥရောပနဲ့ အာရှတစ်ခွင် ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်တွေဖြန့်ကြက်တည်ဆောက်ပေးနိုင်မှာသာမက ဒေသတွင်းရော ဒေသအချင်းချင်းပါ ဖွံ့ဖြိုးရေးစီမံချက်တွေအတွက် ခိုင်မာတဲ့အုတ်မြစ်တွေပါ ချမှတ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

OBOR5

ယဉ်ကျေးမှုများ ပေါင်းဆုံရာ . . .

ရှေးဟောင်း ပိုးလမ်းမကြီးက အိန္ဒိယ၊ အာရပ်နဲ့ ဥရောပယဉ်ကျေးမှုတွေနဲ့ တရုတ်ယဉ်ကျေးမှုတို့ကို ပေါင်းဆုံပေးခဲ့တဲ့ လမ်းမကြီးလို့ ဆိုနိုင်ပါတယ်။ ယနေ့ခေတ်သစ် BR က အရှေ့နဲ့အနောက်ကို နောက်တစ်ကြိမ် နီးစပ်အောင် ပြန်လည်ဆောင်ကြဉ်းပေးမှာလည်း ဖြစ်ပါတယ်။

အဲဒီအတွက်လည်း ရှေးဟောင်းပိုးလမ်းမကြီးဟာ ကုန်သွယ်ရေးသက်သက်သာမက ချစ်ကြည်ရေးလမ်းကြောင်းလည်းဖြစ်တယ်လို့ တရုတ်သမ္မတစီက ပြောခဲ့ခြင်းဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အကုန်မှာ တရုတ်က BR တစ်လျှောက်ရှိ နိုင်ငံတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ သဘောတူညီချက်ပေါင်းသုံးရာကျော် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ပြီး ယဉ်ကျေးမှုစင်တာ ၁၁ ခု တည်ထောင်နိုင်ခဲ့ပါတယ်။

တစ်ဖက်ကလည်း နိုင်ငံတကာ အနုပညာပွဲတော်တွေ၊ ပြပွဲတွေ၊ ဖိုရမ်တွေကို အရှိန်အဟုန်နဲ့ ပြုလုပ်နိုင်ခဲ့တဲ့အတွက် BR နဲ့စပ်လျဉ်းတဲ့ People-to-People ဆက်ဆံရေးလည်း ဖြစ်ထွန်းလာခဲ့ပါတယ်။

ဒါအပြင် အဆိုပါနိုင်ငံတွေက ကျောင်းသားတွေ တရုတ်ပြည်မှာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသားတစ်သောင်းအတွက် ပိုးလမ်းမပညာသင်ဆုကို ထူထောင်ပေးခဲ့ပြန်ပါတယ်။

BR အစီအမံတွေဟာ စီးပွားရေးနဲ့သာ သက်ဆိုင်တာမဟုတ်ဘဲ ယဉ်ကျေးမှုချင်းပူးပေါင်းဖလှယ်ရေးပါ တိုးမြှင့်တည်ဆောက်ပေးနိုင်တယ်လို့ ကုလသမဂ္ဂယဉ်ကျေးမှုဆိုင်ရာမဟာမိတ်အဖွဲ့ (United Nations Alliance of Civilizations UNAOC) မှ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ နာစီယာအဗ္ဗဒူအယ်လ်နာစီယာက ပြောခဲ့ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ရပါက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီပြောသလို Belt and Road ဟာ ကမ္ဘာသူကမ္ဘာသားတွေအားလုံး ကောင်းကျိုးချမ်းသာခံစားစေနိုင်မယ့် အစီအမံကြီးဖြစ်မဖြစ်ကို ရှေ့လျှောက်စောင့်ကြည့် လေ့လာသုံးသပ်သင့်လှကြောင်း တင်ပြလိုက်ရပါတယ်။

Ref : How China's Belt and Road is Making the World Smaller

လှစိုးဝေ


OBOR6

ဒေါက်တာမောင်မောင်လေး

Managing Director

Ni Lay Naing Co Ltd

One Belt , One Road (OBOR) စီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ဘယ်လိုသဘောထားသင့်ပါသလဲ . . .

One Belt, One Road ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး Xi Jinping က စပြီးတော့ ဖန်တီးလိုက်တာပါ။ အဓိကကတော့ ဒေသတွင်းမှာ Supply Chain နဲ့ ဆက်သွယ်မှုကောင်းအောင်လို့ ရည်ရွယ်တယ်။ Supply Chain ဆိုတာ သူ့နိုင်ငံကပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံ၊ ဥရောပနိုင်ငံ၊ အာရှနိုင်ငံတွေဘက်ကို အကုန်လုံးပြန့်နှံ့သွားပြီးတော့ ကုန်သွယ်မှုဖလှယ်နိုင်အောင်လို့ ဒါကိုသူ ဖန်တီးလိုက်တာပါ။ ဒီ One Belt, One Road ကို ဖန်တီးတဲ့အခါမှာ သူက ပါကစ္စတန်ကနေ ဖြတ်ပြီးတော့ ကာဂျစ်စတန်ဘက်ကို ရထားလမ်းဖောက်လိုက်တယ်။ ဒီအတွက် အမေရိကန်ဒေါ်လာခုနစ်ဘီလီယံလောက် သုံးပြီး ရင်းနှီးမြှုပ်နှံလိုက်တယ်။ ဒါရဲ့အကျိုးဆက်က ဒေသတွင်းမှာ ကုန်ပစ္စည်းကူးလူးဆက်ဆံမှု၊ ကူးသန်းရောင်းဝယ်မှုကို အားပေးတယ်။

မေလထဲမှာပဲ ဘေဂျင်းမှာပြုလုပ်တဲ့ One Belt, One Road Foram ကို သမ္မတပူတင်လည်း သွားတယ်။ တခြားနိုင်ငံ့ခေါင်းဆောင်တွေလည်း သွားတယ်။ မြန်မာနိုင်ငံက အတိုင်ပင်ခံပုဂ္ဂိုလ်လည်းသွားတယ်။ လက်မှတ်လည်းထိုးတယ်။ ဒေသတွင်းမှာ အိန္ဒိယနိုင်ငံက ရေရှည်အမြတ်အစွန်းမရနိုင်ဘူးဆိုပြီးတော့ လက်မှတ်မထိုးဘူး။ ရုရှားကလည်း သိပ်ပြီးတော့ ထဲထဲဝင်ဝင်မပါဘူး။ ဒါပေမဲ့ အများစုကတော့ ပါလာကြတယ်။ တချို့ကလည်း ဒါမျိုးလုပ်တာဟာ တရုတ်ပစ္စည်းကို ရောင်းဝယ်ဖို့ ပိုပိုလျှံလျှံ ထုတ်လုပ်တဲ့အတွက် ဒါတွေကို ပြည်ပကိုပို့ပြီး ရောင်းချင်လို့ ဆက်သွယ်ရေးကောင်းအောင်၊ Supply Chain ကောင်းအောင် တရုတ်နိုင်ငံက သူ့အကျိုးအတွက် သူလုပ်တယ်လို့ ပြောကြတယ်။

ဘာပဲဖြစ်ဖြစ် တရုတ်ဟာ One Belt, One Road ဆိုပြီးတော့ ပုံဖော်တယ်။ ဒီ One Belt, One Road မှာ ကုန်းလမ်းက ရထားလမ်းကိုဖောက်တဲ့အပြင် ရေလမ်းက  အိန္ဒိယသမုဒ္ဒရာကနေသွားပြီးတော့ အရှေ့ဥရောပကတစ်ဆင့် အရှေ့အလယ်ပိုင်းကနေသွားနိုင်အောင်လို့ လုပ်တယ်။ ဒါကိုအကျိုးရှိအောင် ဟောင်ကောင်ဆိုရင် ပုဂ္ဂလိက အသင်းအဖွဲ့တွေက ပေါင်းပြီးတော့ အကျိုးအမြတ်ရအောင်လို့ One Belt, One Road ကုန်သည်အသင်းကြီးဆိုပြီး ဖွဲ့ကြတာတွေရှိတယ်။ ဆိုလိုတာက ဒီလိုအမြော်အမြင်ရှိတဲ့သူတွေက ဦးသူစားစတမ်း၊ လျင်သူစားစတမ်းဆိုပြီး ဒါတွေလုပ်ကြတာပေါ့။ ဒါပေမဲ့ တရုတ်က အဓိကဘာကိုမျှော်မှန်းချင်တာလဲဆိုတော့ ဒီ One Belt, One Road အတွက် Infrastructure (အခြေခံအဆောက်အအုံ) တွေ အများကြီးလိုတယ်။ သူဖြတ်သွားမယ့် ၆၅ နိုင်ငံမှာ Infrastructure တွေ အများကြီးလိုနေတယ်။ ဒီအတွက် Asian Infrastructure Investment Bank (AIIB) ကနေ ချေးမယ်ဆိုပြီးတော့ ပူးပေါင်းပါဝင်ဖို့ လုပ်ထားတယ်။ ဒီ AIIB ပိုးလမ်းမအသစ်အတွက်ကို အမေရိကန်ဒေါ်လာဘီလီယံပေါင်း တစ်ရာကျော်ကို ထည့်သွားဖို့ရှိတယ်။ ဒီဘီလီယံပေါင်းတစ်ရာကျော်ကို အကျိုးအမြတ်ရှိအောင် အကျိုးအမြတ်ရမယ့်လုပ်ငန်းတွေ အထူးသဖြင့် Infrastructure မြှင့်တင်ဖို့၊ လမ်း၊ တံတား၊ မီးရထားလမ်း၊ ဆိပ်ကမ်းကအစ အကုန်လုံးကို ပီပီပြင်ပြင်ပုံဖော်ဖို့ရှိပြီး အကျိုးအမြတ်ရရှိဖို့ မျှော်မှန်းကြတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ နယ်ခြားချင်း တော်တော်များများ ထိစပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားဖက်၊ ကုန်သွယ်ဖက်ဖြစ်တယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းကောင်းပီသစွာနဲ့ တရုတ်နိုင်ငံကလုပ်မယ့် လုပ်ငန်းတွေကို မြန်မာနိုင်ငံက မူအားဖြင့် သဘောတူပြီးတော့ လက်မှတ်ရေးထိုးခဲ့တယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ပင်လယ်ထွက်ပေါက်ကို မြန်မာနိုင်ငံဘက်ကနေ ရနိုင်တဲ့အတွက် အကျိုးရှိတာကြောင့် တရုတ်က ကျောက်ဖြူစီးပွားရေးဇုန်မှာလည်း ရှယ်ယာတွေထည့်ပြီး တိုးတက်ဖွံ့ဖြိုးဖို့ ကြံဆောင်နေတာရှိတယ်။ ကျောက်ဖြူစီးပွားရေးဇုန်ကနေ စပြီးတော့ အခုဂက်စ်ပိုက်လိုင်းကနေသွားပြီး ဂက်စ်ကို ပို့နေတယ်။ ရေနံလည်း စပို့နေပြီ။ ကူမင်းကို ရေနံစိမ်းပို့တယ်။ ဒီလိုထိစပ်မှုတွေ၊ ဆက်ဆံရေးတွေရှိနေတဲ့အတွက် အတူတူကြီးပွားချမ်းသာဖို့ အဓိကလိုပါတယ်။

မြန်မာနိုင်ငံအတွက်ဆိုရင် ဘေးမှာ အိန္ဒိယရှိတယ်။ တရုတ်ရှိတယ်။ အာဆီယံရှိတယ်။ ဂျပန်ရှိတယ်။  မြန်မာနိုင်ငံရဲ့ တိုးတက်မှုဟာ မိတ်ဆွေကောင်းလိုတယ်။ နိုင်ငံရေးဘက်ကကောင်းတဲ့ မိတ်ဆွေကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးရစေမယ့် မိတ်ဆွေကောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရမယ့် မိတ်ဆွေကောင်းတွေလိုတယ်။ ဒီလိုမိတ်ဆွေကောင်းတွေနဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းသုံး၊ လေးဆယ်နောက်ကျနေတာကို ကျော်လွှားနိုင်မယ်။ ဒီတော့ တရုတ်နဲ့ပူးပေါင်းပြီးတော့ အကျိုးရှိအောင် သုံးတတ်မယ်ဆိုရင် တော်တော်လေးအကျိုးရှိမယ်လို့ မြင်ပါတယ်။ ဒီအတွက် ရှေ့ဆက်သွားဖို့က အသေးစိတ်အများကြီးရှိပါတယ်။ မြန်မာနိုင်ငံက စီးပွားရေးသမားတွေအနေနဲ့ ဘာတွေပြင်ဆင်ထားရမလဲဆိုတော့ အဓိကကိုယ့်ရဲ့ထွက်ကုန်တွေကို ဒေသတွင်းမှာ ပြိုင်နိုင်အောင်၊ နိုင်ငံတကာကကြိုက်အောင် အရည်အသွေးမြှင့်ထားရမယ်။

ဒါပေမဲ့ အပြောကသိပ်လွယ်တယ်။ တကယ်လက်တွေ့မှာ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့တိုင်ပင်ရမယ်။ ဒီကြားထဲမှာ ပုံဖော်တဲ့နေရာမှာ Environment တို့၊ Social Impact တို့ကို ထိခိုက်နိုင်တာတွေလည်း ရှိနိုင်တာကြောင့် လူထု (ဒေသခံတွေ) ရဲ့ နားလည်မှုရဖို့လည်း လိုအပ်ပါတယ်။


OBOR7

ဦးဇေယျ

Publisher/ Deputy Chief Editor

The Voice Journal

One Belt, One Road (OBOR) စီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ဘယ်လိုသဘောထားသင့်ပါသလဲ . . .

OBOR က အဓိကတရုတ်နိုင်ငံပါ။ မြန်မာနိုင်ငံထဲကို ဖြတ်သွားတဲ့ ရခိုင်၊ တရုတ်(ယူနန်) နဲ့ ဆက်ထားတဲ့လမ်းက ရထားလမ်းရှိပါတယ်။ တရုတ်နဲ့အိန္ဒိယနဲ့ ဖြတ်မယ့်လမ်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်စြင်္ကံပေါ့။ အဲဒါကတော့ မြန်မာပြည်နဲ့ OBOR နဲ့မှာ အဓိကကျတဲ့ အစိတ်အပိုင်းပါ။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကတော့ ဖောက်ပြီးသွားပါပြီ။ ရထားလမ်းကတော့ ၂၀၁၄ ခုနှစ်တုန်းက ခဏရပ်ထားပါတယ်။

ဒီစီမံကိန်းက မြန်မာနိုင်ငံထဲကနေ ဖြတ်သွားရင်လည်း အကျိုးလည်းရှိသလို အဆိုးလည်းရှိပါတယ်။ နောက်တစ်ခုက မဖြတ်ပြန်ရင်လည်း အကျိုး၊ အဆိုးရှိပါတယ်။ ဒီစီမံကိန်းကြီးက နှစ်တစ်ရာလောက်အတွင်းမှာ အကြီးဆုံးစီမံကိန်းဖြစ်နေပြီး အဲဒီစီမံကိန်းမှာ ကိုယ်မပါလိုက်ရင် ကျန်ခဲ့မှာပါ။ ပါမယ်ဆိုရင်ကျတော့လည်း ဘယ်အစိတ်အပိုင်းတွေ ကိုယ်ကဝင်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ရမလဲ၊ တရုတ်က ဘယ်လောက်အထိ ကြီးစိုးလွှမ်းမိုးသွားမလဲဆိုတာတွေလည်း ကျွန်တော်တို့က စဉ်းစားစရာတွေပါ။ ကျွန်တော့်အမြင်ကတော့ ပါလိုက်တာကောင်းတယ်။ ပြီးတဲ့အခါ ကိုယ့်ဘက်က အလျော်အစားဘယ်လိုရှိမလဲဆိုတာကိုတော့ အသေးစိတ်လေ့လာတွက်ချက်ပြီး ဆောင်ရွက်ရပါမယ်။ ရေတိုတင်မက ရေရှည်အကျိုးရလဒ်တွေကိုပါ စဉ်းစားချင့်ချိန်ပြီးတော့ အဆိုးကဘာတွေဖြစ်လာနိုင်သလဲဆိုတာကိုပါ လေ့လာပြီးတော့ ဆုံးဖြတ်ဖို့လိုပါတယ်။

အခုကတော့ အနောက်နိုင်ငံတွေကိုယ်တိုင်က တရုတ်စီမံကိန်းတွေမှာ ပါနေကြတာပါ။ OBOR ဆိုလည်း ဥရောပနဲ့ တိုက်ရိုက်ချိတ်ဆက်မယ့် ရေကြောင်း၊ ကုန်းကြောင်း စီမံကိန်းလို့ ပြောလို့ရပါတယ်။ အနောက်ဥရောပနိုင်ငံတွေလည်း ပါနေကြတာပါ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော့ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ့်ဟာကို အနောက်တို့၊ အရှေ့တို့ မရွေးဘဲနဲ့ ဝင်လုပ်ရမှာဖြစ်ပါတယ်။

OBOR စီမံကိန်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက်ချမယ့် Policy Maker တွေအနေနဲ့ ဘယ်အချက်တွေကို အဓိကထည့်သွင်းစဉ်းစားသင့်တယ်ထင်ပါသလဲ . . .

Policy Maker ကတော့ အများကြီးအမြင်ကျယ်မှရပါမယ်။ မြန်မာပြည်အနေနဲ့ တခြားနိုင်ငံငယ်တွေ ဒီစီမံကိန်းကို ဘယ်လိုချဉ်းကပ်သလဲဆိုတာကို လေ့လာသင့်ပါတယ်။ မလေးရှား၊ ပါကစ္စတန်တို့က ဒီစီမံကိန်းကို ဘယ်လိုချဉ်းကပ်သလဲ၊ တရုတ်ကကော မြန်မာပြည်အပေါ်မှာ OBOR နဲ့ပတ်သက်ရင် ဘယ်လိုသဘောထားရှိသလဲဆိုတာတွေ စဉ်းစားရပါမယ်။ သူတို့ဆီက ပိုက်ဆံချေးတာ၊ အလှူငွေ လက်ခံတာတို့ကအစ စနစ်တကျစဉ်းစားပြီးမှ လက်ခံသင့်တာလက်ခံ၊ ငြင်းသင့်တာငြင်း၊ ဈေးဆစ်သင့်တာဈေးဆစ် အဲဒါမျိုးလုပ်ရမှာပါ။ တစ်အချက်ကတော့ အိမ်စာသေချာလုပ်ရပါမယ်။ အိမ်စာမှာလည်း နှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ ကိုယ့်နိုင်ငံနဲ့ပတ်သက်တဲ့ အိမ်စာ၊ နောက်တစ်ခုကတော့ တခြားနိုင်ငံငယ်၊ ကိုယ်နဲ့အရွယ်အစားအရရော၊ ဖွံ့ဖြိုးတိုးတက်မှုအရပါ အခြေအနေမလှမ်းမကမ်းမှာရှိတဲ့ နိုင်ငံငယ်တွေက ဒီစီမံကိန်းကို ဘယ်လိုချဉ်းကပ်သလဲဆိုတာကို ကျွန်တော်တို့လေ့လာရပါမယ်။ နောက်တစ်ချက်ကတော့ ဒီစီမံကိန်းက သိပ်ကြီးတဲ့အတွက် မူဝါဒချမှတ်တဲ့သူတွေအနေနဲ့ လူအရင်းအမြစ်က တအားလိုအပ်ပါလိမ့်မယ်။ လူအင်အား၊ ငွေအင်အား၊ လေ့လာဖို့ အချိန်စတာတွေ လိုပါလိမ့်မယ်။ အဲဒါတွေ ရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။

OBOR စီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သတိထားသင့်တာတွေ . . .

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ ဒီစီမံကိန်းတွေမှာ တိုက်ရိုက်ပါဝင်မယ့် (လမ်းတွေ ဘာတွေဖောက်တဲ့နေရာမှာ ပါဝင်လုပ်ကိုင်မယ့်၊ ဒါမှမဟုတ် အထူးစီးပွားရေးဇုန်တို့မှာ ပါဝင်မြှုပ်နှံမယ့်တိုက်ရိုက်ပါတဲ့) လုပ်ငန်းရှင်တွေပါ။ နောက်တစ်မျိုးကတော့ ဒီလုပ်ငန်းတွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် မြန်မာနိုင်ငံထဲက တခြားနယ်ပယ်တွေမှာ စီးပွားရေးလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင်တွေပါ။ ပထမအမျိုးအစားကတော့ ဒီစီမံကိန်းကို သေချာလေ့လာဖို့လိုတယ်။ လေ့လာပြီးရင် ကိုယ်က Sub-Contract ရရင်လည်းရ၊ မဟုတ်လည်း Main- Contract ဝင်ရင်လည်းဝင်ဆိုတာမျိုးတွေကို ဆုံးဖြတ်ဖို့ ဘယ်နေရာတွေမှာ ရင်းနှီးမြှုပ်နှံလို့ရနိုင်မလဲ၊ ကိုယ့်အတွက် ဘယ်လိုအကျိုးအမြတ်ရနိုင်မလဲဆိုတာတွေကို လေ့လာရမှာပါ။ ရေတိုတင်မဟုတ်ဘဲ၊ ရေရှည်ဆို ဘယ်လိုဖြစ်သွားနိုင်မလဲဆိုတာကိုလည်း ကြည့်ဖို့လိုပါတယ်။

နောက်တစ်ခုဖြစ်တဲ့ တိုက်ရိုက်ပါဝင်တာမဟုတ်ဘဲ တခြားနယ်ပယ်တွေမှာလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ကျတော့ ဒီ OBOR စလုပ်နေတဲ့အချိန်မှာ မြန်မာပြည်ရဲ့စီးပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲဆိုတာကို ကြည့်ရပါမယ်။ ဒီအပေါ်မှာ ကိုယ့်ရဲ့လက်ရှိလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေထဲက ဘယ်ဟာကိုချဲ့ရင်ကောင်းမလဲဆိုတာမျိုး စဉ်းစားဖို့လိုပါတယ်။

ဒီစီမံကိန်းပြီးသွားတဲ့ အချိန်ကျရင်ကော ဘာတွေဖြစ်လာမလဲ။ ခရီးသွားလုပ်ငန်းတွေ တအားတိုးတက်လာမလား၊ ဥပမာ- တရုတ်ဘက်က ခရီးသွားတွေဝင်လာမှာလား၊ မြန်မာပြည်ထဲမှာ တရုတ်နဲ့ အိန္ဒိယကိုပို့မယ့် စက်ရုံတွေတည်ဆောက်ဖို့ အခြေအနေကောင်းတွေ ပေါ်လာမှာလား ဒါတွေကိုကြည့်ရမှာပါ။ ကြည့်ပြီး လက်ရှိစီးပွားရေးလုပ်ငန်းကိုချဲ့ချင်ချဲ့၊ ဒါမှမဟုတ် နောက်ထပ်စီးပွားရေးနယ်ပယ်သစ်ကို ပြောင်းချင်ပြောင်း လုပ်ရမှာဖြစ်ပါတယ်။