မှော်ဝီစီအစွမ်း အံ့ခမန်း

octynn1

အမေရိကန် ကုန်ထုတ်လုပ်ငန်းရှင်ကြီးတစ်ဦးသည် သူ့လုပ်ငန်းမှထုတ်လုပ်သော စက်ကိရိယာအမျိုးမျိုးကို မိတ်ဆက်ရှင်းပြရန် အယ်လ်ဘေးနီးယားမှ ရောက်ရှိလာသော ဖောက်သည်အသစ်စက်စက်ကို လက်ခံတွေ့ဆုံပြီး စက်ရုံတွင်း လှည့်လည်ရှင်းပြလေသည်။ သူ့စက်ရုံထုတ် ခေတ်မီစက်ကိရိယာအမျိုးမျိုးတို့၏ လုပ်အားချွေတာနိုင်ပုံ၊ စွမ်းအင်သက်သာပုံ၊ ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ပုံတို့ကို ရှင်းလင်းပြောပြနေခိုက်မှာပင် စက်ရုံ၏ နေ့လယ်စာစားချိန် ကျရောက်လာသဖြင့် ဝီစီမှုတ်သံတစ်ချက် ပေါ်ထွက်လာပြီး စက်ရုံမှ အလုပ်သမားများအားလုံးသည် လုပ်လက်စအလုပ်များကိုချပြီး နေ့လယ်စာစားရန် စက်ရုံဝင်းအပြင်သို့ အသီးသီးထွက်သွားကြသည်။ ယင်းကိုမြင်သော အယ်လ်ဘေးနီးယား လုပ်ငန်းရှင်ကြီးက အလန့်တကြားဖြင့် ''ဟေ့လူ၊ ဟေ့လူ၊ ခင်ဗျားအလုပ်သမားတွေ အကုန်ထွက်ပြေးကုန်ပြီ၊ ဘယ်လိုလုပ်မလဲ၊ ခင်ဗျားသူတို့ကို လိုက်ဖမ်းမှ ဖြစ်တော့မယ်'' ဟု ပြောရာ စက်ရုံပိုင်ရှင်က ''မပူပါနဲ့ဗျာ၊ သူတို့အားလုံးပြန်လာမှာပါ'' ဟု နှစ်သိမ့်လိုက်ပြီး ရှင်းပြလက်စ ထုတ်ကုန်စက်ကိရိယာများအကြောင်းကိုသာ ဆက်လက်ရှင်းလင်းပြောပြပါသည်။ နေ့လယ်စာစားချိန် တစ်နာရီစေ့သွားသောအခါ ဝီစီသံတစ်ချက် ပေါ်ထွက်လာပြီး အလုပ်သမားများအားလုံး အလုပ်ခွင်တွင်းသို့ ပြန်လည်ဝင်ရောက်လာကာ သူတို့တစ်ဝက်တစ်ပျက် ထားသွားသော အလုပ်များကို ဆက်လက်လုပ်ကိုင်ကြသည်ကို ဧည့်သည်လုပ်ငန်းရှင်ကြီး တွေ့မြင်ရလေသည်။ ဧည့်သည်ကြီး၏စက်ရုံအတွင်း လှည့်လည်လေ့လာကြည့်ရှုမှု ပြီးဆုံးသွားသောအခါ စက်ရုံပိုင်ရှင်က ''ကဲ၊ ခင်ဗျားလည်း စက်ကိရိယာပေါင်းစုံ အလုပ်လုပ်ပုံကို အသေးစိတ် လေ့လာပြီးပြီဆိုတော့ ဘယ်စက်အမျိုးအစားကို ဘယ်နှလုံးမှာချင်သလဲ၊ ပြော၊ လိုသလောက် ကျွန်တော်တို့ စီစဉ်ရောင်းပေးပါမယ်'' ဟု ပြောရာ ဧည့်သည်ကြီးက ''အဲဒီစက်တွေ ထားလိုက်စမ်းပါဗျာ'' ဟု ဆိုလိုက်ပြီး ဆက်လက်၍ ''ခင်ဗျားတို့ဝီစီကို ဘယ်ဈေးနဲ့ရောင်းနိုင်မလဲပြော၊ ကျွန်တော်ဝယ်နိုင်တဲ့ဈေးဆိုရင် အခုချက်ချင်း အဲဒါပဲဝယ်သွားမယ်ဗျာ'' ဟု ဆိုလိုက်လေသည်။

ဥပဒေသ။ ။ စက်ရုံလည်ပတ်လုပ်ကိုင်ပုံ အခြေခံလုပ်ငန်းစဉ်ကိုမျှ နားလည်သိရှိခြင်းမရှိသူကို ခေတ်မီအဆင်မြင့် စက်ကိရိယာများရောင်းချရန် မျှော်လင့်မိခြင်းကဲ့သို့သော ဖောက်သည်ရွေးချယ်မှု မှားယွင်းခြင်းမျိုးက လုပ်ငန်းရှင်ကို အချိန်ကုန်လူပန်းဖြစ်စေတတ်သည်။

အပြုံးနှင့်စီမံ အပြုံးနှင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်