နိုင်ငံခြားဘဏ်တွေကို မြန်မာဘဏ်တွေနည်းတူ လုပ်ပိုင်ခွင့်တွေပေးလိုက်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှုတွေကို ပြောပြပေးပါ . . .

octprocomment

ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်မြှင့်လို့ရှိရင် နိုင်ငံခြားဘဏ်တွေကို လိုင်စင်ပေးရမယ်။ အခုလက်ရှိမှာ သူတို့ကို လက်လီဘဏ်လုပ်ငန်းကို လုပ်ခွင့်မပေးဘူး။ သူတို့အလုပ်တွေကို အထူးစီးပွားရေးဇုန်တွေမှာ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ပဲ ဆက်ဆံခွင့်ပေးတယ်။ ဒါကလည်း နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းဘဏ်တွေကို ကာကွယ်ထားတဲ့အနေအထားရှိတယ်လို့ မြင်ပါတယ်။

ဒါပေမဲ့ အချိန်အခါကျရောက်လာရင်တော့ နိုင်ငံခြားဘဏ်တွေကို လုပ်ပိုင်ခွင့်တွေ ပေးရမှာပဲ။ ဒါပေမဲ့ ဒီလိုခွင့်ပေးတဲ့အခါ သူတို့ရဲ့အားက နည်းတဲ့အားမဟုတ်ဘူး။ သူတို့ရဲ့ အရင်းအနှီးအား၊ နည်းပညာအား၊ ပေါင်းသင်းဆက်ဆံရေးအား၊ ဈေးကွက်အားတွေက မနည်းတော့ ပြည်တွင်းဘဏ်တွေအနေနဲ့က ယှဉ်နိုင်ဖို့ဆိုတာ တော်တော်ကို ရုန်းကန်ကြိုးစားရမှာပါ။

ဒီတော့ ယှဉ်ပြိုင်မလား၊ မပြိုင်ဘူးလားဆိုတာကလည်း နိုင်ငံတော်အစိုးရရဲ့ ပေါ်လစီပေါ်မှာလည်း မူတည်ပါတယ်။ တချို့နိုင်ငံတွေမှာလည်း ပြောင်းလဲမှုလုပ်တဲ့အခါမှာ လက်မခံနိုင်တာတွေရှိတယ်။ စင်ကာပူလိုနိုင်ငံကတော့ ပြောင်းလဲမှုကို အစပိုင်းမှာကတည်းက လက်ခံလိုက်တယ်။ တရုတ်နိုင်ငံဆိုရင် လက်မခံဘူး။ အဲဒီတော့ ကိုယ့်နိုင်ငံရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။ အစိုးရသစ်မှာလည်း ဒါနဲ့ပတ်သက်ပြီး ပေါ်လစီရှိမှာပဲလို့ ထင်ပါတယ်။

ဆရာ့အနေနဲ့ပြောရရင်တော့ ပြည်တွင်းဘဏ်တွေအနေနဲ့ အဆင်သင့်ဖြစ်အောင် အချိန်တော့ နည်းနည်းယူရလိမ့်မယ်။ လက်ရှိမှာ ပြည်တွင်းဘဏ်တွေက အားကောင်းတဲ့အနေအထားမရှိဘူးလေ။ ဒီတော့ ဘယ်တော့အားကောင်းမလဲဆိုတာလည်း စဉ်းစားဖို့လိုတယ်။

နောက်ပြီး ပြည်တွင်းဘဏ်တွေအတွက် ကြည့်တာတင်မဟုတ်ဘဲ စားသုံးသူပြည်သူတွေအတွက်လည်း ကြည့်ဖို့လိုတယ်။ တကယ်လို့ ပြည်ပဘဏ်တွေကို လုပ်ခွင့်ပေးလို့ စားသုံးသူတွေ၊ လုပ်ငန်းတွေအတွက် အကျိုးရှိမယ်၊ ပိုကောင်းမယ်ဆိုလို့ရှိရင်လည်း စဉ်းစားရမယ့်အချက်တစ်ခု ဖြစ်တယ်။ အကောင်း၊ အဆိုးကတော့ အမြဲတမ်းဒွန်တွဲနေမှာပါပဲ။

ဒေါက်တာအောင်ထွန်းသက်

အကြံပေးပညာရှင်

CEO Magazine