မြန်မာနိုင်ငံရှိ နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းများအနက် အများစုမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SME) များဖြစ်ကြပြီး ထို SME များသည် နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းကို ၉၀ ရာခိုင်နှုန်းအထိ ဖန်တီးပေးထားသည်ဟု သိရသည်။ အများစုမှာ လုပ်ငန်းရှင်သန်ရပ်တည်ရန်နှင့် ပြည်တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားကုန်ပစ္စည်းများ၏ ယှဉ်ပြိုင်မှုကို ကြံ့ကြံ့ခံနိုင်ရန် ရုန်းကန်နေရပြီး ဒေသတွင်းနှင့် နိုင်ငံတကာသို့ သွားရောက်ယှဉ်ပြိုင်နိုင်သည့် လုပ်ငန်းများ အလွန်နည်းပါးနေပါသေးသည်။
အများစုသော SME များ၏ အဓိကလိုအပ်ချက်မှာ ငွေကြေးအရင်းအနှီးဖြစ်သည်။ လက်ရှိလုပ်ငန်းကို လည်ပတ်ရန်၊ လုပ်ငန်းတိုးချဲ့ရန်အတွက် ငွေကြေးအရင်းအနှီး လိုအပ်ပါသည်။ ယခုအခါ ပုဂ္ဂလိကဘဏ်များက လိုအပ်သော ချေးငွေများကို ထုတ်ပေးနေသောကြောင့် အချို့မှာ ပြေလည်သွားကြမည်ဖြစ်သော်လည်း လုပ်ငန်းအားလုံးအတွက်မူ အချိန်ယူရပေဦးမည်။ လုပ်ငန်းရှင်သန်ရုံသာမက ပြိုင်ဆိုင်နိုင်အောင်လည်း အားထုတ်ရမည်ဖြစ်ရာ အရင်းအနှီးသာမက သတင်းအချက်အလက်၊ နည်းပညာ၊ စီမံခန့်ခွဲမှု၊ ကျွမ်းကျင်မှုတို့ကို ပံ့ပိုးပေးရန်၊ မြှင့်တင်ပေးရန် များစွာလိုအပ်နေပါသေးသည်။ ဤအခြေအနေတွင် SME များကို မြှင့်တင်ပေးရန် တူညီသောရည်ရွယ်ချက်ဖြင့် ဝန်ကြီးဌာနများအချင်းချင်းညှိနှိုင်းကာ SME များအတွက် ပိုမိုလုပ်သာကိုင်သာရှိရန်၊ မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများမရှိရန်၊ မလိုလားအပ်သော ကုန်ကျစရိတ်များလျော့ကျသွားရန် ကြိုးနီစနစ်များ လျော့နည်းပပျောက်သွားစေရေး စီမံပေးနိုင်ရုံမျှနှင့်ပင် အတိုင်းအတာတစ်ခုအထိ ပံ့ပိုးဆောင်ကြဉ်းပေးရာရောက်မည်ဖြစ်ပါသည်။
အယ်ဒီတာ့အမှာ