စီးပွားရေးကဏ္ဍတိုးတက်ဖို့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ အရေးပါမှုကို နိုင်ငံတော်အစိုးရအပါအဝင် ဆက်စပ်ရာအဖွဲ့အစည်းအသီးသီးနဲ့ လုပ်ငန်းရှင်တွေကိုယ်တိုင်က နားလည်အားစိုက်ကာ တွန်းတွန်းတိုက်တိုက် ဝိုင်းဝန်းလုပ်ဆောင်နေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီနေရာမှာ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းဘက်က ဘယ်လိုအခက်အခဲနဲ့ အားသာချက်တွေရှိနေသလဲ၊ ဘယ်နေရာတွေမှာလိုအပ်ချက်ဖြစ်နေပြီး လိုအပ်တဲ့အထောက်အပံ့တွေဖြစ်တဲ့ နည်းပညာနဲ့ငွေကြေး၊ လူစွမ်းအားအရင်းအမြစ်၊ ဈေးကွက်စတာတွေကအစ ရရှိနေပြီးလားဆိုတာကလည်း အဓိကကျပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံအတွင်း အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်အသီးသီး ထဲထဲဝင်ဝင်လုပ်ကိုင်နေကြသူတွေနဲ့ တွေ့ဆုံမေးမြန်းကာ ယခုလထုတ် စီအီးအိုမဂ္ဂဇင်းအတွက် အထူးဆောင်းပါးအဖြစ် ဖော်ပြလိုက်ရပါတယ်။
ဒေါ်အေးအေးဝင်း
ညွှန်ကြားရေးမှူးချုပ်
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန
အစိုးရအနေနဲ့ SME တွေအတွက် လုပ်ဆောင်ပေးခဲ့တာတွေကို ပြောပြပေးပါ . . .
ကျွန်မက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကဖြစ်ပြီး အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေသူဖြစ်ပါတယ်။ ကျွန်မတို့စက်မှုဝန်ကြီးဌာနက SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် Focal Ministry အနေနဲ့ တာဝန်ယူပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက SME Centre ကို ရန်ကုန်မြို့မှာ စတင်ဖွင့်ခဲ့တယ်။ အဲဒီအချိန်က Centre တစ်ခုတည်းရှိပြီး ဝန်ထမ်းဦးရေက ၃၁ ယောက်ပဲရှိခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ SME ဥပဒေတွေ၊ နည်းဥပဒေတွေပေါ်ထွက်လာနိုင်အောင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးတယ်။ နိုင်ငံတကာ Information တွေကိုလည်း လေ့လာပြီး Law ထဲမှာ ပါဝင်ရေးဆွဲနိုင်အောင် လုပ်ပေးခဲ့ပါတယ်။ အဲဒီဥပဒေ၊ နည်းဥပဒေကို လွှတ်တော်ကိုမတင်ခင်အတွင်းမှာ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ဂျာမနီနိုင်ငံ GIZ ၊ Myanmar Foundation ၊ ILO နဲ့ ဂျပန်နိုင်ငံက JICA တို့နဲ့ ကျွန်မတို့ရဲ့ Law အကြမ်းကို သူတို့ကိုတင်ပြပြီး သူတို့ရဲ့ Comment ကိုယူပါတယ်။ ပြီးတော့မှ လွှတ်တော်ကိုတင်တယ်။ လွှတ်တော်ထဲရောက်တော့လည်း အမျိုးသားလွှတ်တော်မှာဆိုရင် အစည်းအဝေးပေါင်း အကြိမ်နှစ်ဆယ်ကျော် ဆွေးနွေးခဲ့တယ်။ ပြည်သူ့လွှတ်တော်မှာဆိုလည်း ၁၂ ကြိမ် ဆွေးနွေးပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ Comment တွေ ရယူပြီး၊ ပြုပြင်ပြီးတော့ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်မှာ SME ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ နည်းဥပဒေနဲ့မူဝါဒတွေကို ၂၀၁၆ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ SME Development Centre က ရန်ကုန်တစ်မြို့တည်း မလုံလောက်ဘူး။ တစ်နိုင်ငံလုံးကို ပံ့ပိုးပေးဖို့လိုအပ်တဲ့အတွက် ၂၀၁၄ ခုနှစ်မှာ တိုင်းနဲ့ပြည်နယ် ၁၅ ခုရဲ့ ခရိုင်ရုံးတချို့မှာ ရုံးခွဲပေါင်းငါးဆယ်ဖွင့်ပြီး SME ပံ့ပိုးပေးရေးကို ဆောင်ရွက်ပါတယ်။ ပြည်သူတွေထဲဆင်းပြီး SME လုပ်ငန်းရှင်တွေနဲ့ ထိတွေ့ပြီးတော့ သူတို့ကို မှတ်ပုံတင်တဲ့လုပ်ငန်းတွေ၊ နည်းပညာပံ့ပိုးပေးတဲ့ လုပ်ငန်းတွေ၊ သူတို့ရဲ့ Capacity Building Training ပေးတာတွေကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ သတင်းအချက်အလက်တွေကိုလည်း အလျဉ်းသင့်သလိုပံ့ပိုးပြီးတော့ ဈေးကွက်ချဲ့ထွင်တာမျိုး လုပ်နိုင်အောင်လည်း ကူညီပေးပါတယ်။ ငွေကြေးကဏ္ဍအတွက်ဆိုရင်လည်း အဲဒီအချိန်ကတည်းက အစိုးရကနေထောက်ပံ့တဲ့ ကျပ်ငွေငါးဘီလီယံနှစ်ကြိမ်၊ နှစ်ဆယ်ဘီလီယံတစ်ကြိမ် စုစုပေါင်း ငွေကျပ်သုံးဆယ်ဘီလီယံကိုလည်း SME လုပ်ငန်းတွေရရှိနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။
လက်ရှိ SME တွေအတွက် လုပ်ပေးနေတာတွေနဲ့ ဘာတွေထပ်လုပ်ပေးဖို့ လိုနေသေးတယ်လို့ မြင်ပါသလဲ . . .
အခု အစိုးရသစ်ဖြစ်လာတဲ့အခါမှာ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့ပြီးပြီဖြစ်ပါတယ်။ ဒါက ဥပဒေပါအတိုင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီနည်းဥပဒေအတိုင်းဆိုရင် Working Committee တွေ ထပ်ဖွဲ့ဖို့လိုတယ်။ SME Agency တွေ ထပ်ဖွဲ့ဖို့လိုပါသေးတယ်။ ဘာလို့လဲဆိုတော့ အားလုံးပူးပေါင်းပါဝင်ပြီး SME တွေကို ပံ့ပိုးပေးဖို့လိုအပ်လို့ ဖြစ်ပါတယ်။ အခုချိန်ခါမှာတော့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကလည်း တာဝန်ယူနေပါတယ်။ တခြားဝန်ကြီးဌာနကလည်း SME နဲ့ပတ်သက်လို့ Trade ဆိုလည်း Trade ကဏ္ဍ၊ အခွန်ဆိုလည်း အခွန်ကဏ္ဍ၊ ဝန်ကြီးဌာနအသီးသီးအလိုက် SME တွေရဲ့ ထုတ်လုပ်မှုတွေ၊ Supply Chain တွေ၊ အခွန်ပေးတဲ့စနစ်တွေ၊ ဘဏ္ဍာရေးစနစ်တွေ၊ ငွေလွှဲငွေပို့စနစ်တွေ ဒါတွေအားကောင်းအောင် ဝိုင်းဝန်းလုပ်ကိုင်နေပါတယ်။ Working Committee ဖြစ်လာပြီးရင်တော့ ဒီထဲမှာ ဌာနဆိုင်ရာလူကြီးတွေကလည်း အဖွဲ့ဝင်အဖြစ်ပါလာမယ်။ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကလည်း အဖွဲ့ဝင်အဖြစ်ပါလာမယ်ဆိုရင် အပေါ်ကနေချမှတ်တဲ့ ပေါ်လစီကလည်း ပိုရှင်းလင်းသွားမယ်၊ အကုန်လုံးကို ဖြန့်ကြက်ပြီးတော့ မူဝါဒတွေအတိုင်း ဘယ်ဟာက Potential ဖြစ်တယ်၊ ဘယ်ဟာကိုတော့ ဆောင်ရွက်ရမယ်ဆိုတာ ပိုပြီးတော့ရှင်းလင်းလွယ်ကူပါမယ်။ အားနည်းနေတဲ့ အချက်တွေကိုလည်း ကော်မတီရဲ့အစည်းအဝေးတွေမှာ ဖော်ပြနိုင်တဲ့အတွက်ကြောင့် ဖြေရှင်းရေးမှာ ပိုပြီးထိရောက်မှာဖြစ်ပါတယ်။ အေဂျင်စီမှာလည်း အလားတူပဲ အေဂျင်စီအဖွဲ့က Board of Directors လို့လည်း ပြောလို့ရတယ်။ ကျွန်မတို့ဌာနရဲ့ အပေါ်မှာရှိမယ်၊ အဲဒီမှာလည်း ပုဂ္ဂလိကပညာရှင်၊ အသိပညာရှင်တွေ ပါဝင်မယ်။ ဌာနဆိုင်ရာက Director General ၊ Deputy Director General Level တွေပါဝင်မယ်။ သူတို့တွေ အားလုံးပူးပေါင်းပြီးဖြစ်နိုင်တဲ့ ပေါ်လစီတွေကို အပေါ်ကိုတင်ပြတာတို့၊ အောက်ခြေမှာဖြစ်နေတဲ့ အခြေအနေတွေကိုကြည့်ပြီး Potential ဘာတွေရှိတယ်ဆိုတာ သုံးသပ်ပြီး ထပ်မံတင်ပြတာတို့လုပ်နိုင်မှာဖြစ်တယ်။ ပိုပြီးတော့ အားပေးသင့်တဲ့ကဏ္ဍတွေ ရှိတယ်ဆိုရင်လည်း ဘယ်လို Direction တွေနဲ့ (ဥပမာ- Capacity Building ရှိမယ်၊ ငွေကြေးကဏ္ဍဆိုရင်လည်း ဘာက Potential ရှိပြီး ဘယ်လိုပံ့ပိုးပေးမယ်ဆိုတာတွေကို လူအများဝိုင်းဝန်းစဉ်းစားပြီး၊ လူအများရဲ့တွေ့အကြုံတွေနဲ့ သုံးသပ်ပြီးတော့ အကောင်းဆုံးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ Capacity Building ဆိုရင် Entrepreneurship Training Program တို့၊ Idea Platform တို့၊ Creation Idea နဲ့လုပ်ဖို့တို့၊ ကိုယ့်ရဲ့ Business မှာ Plan နဲ့လုပ်ပြီး ဆောင်ရွက်ဖို့တို့လို General သင်တန်းတွေ များသောအားဖြင့် လုပ်ပေးနေပါတယ်။ ဒါလည်း ထုတ်လုပ်မှုအတွက်ရော၊ ဝန်ဆောင်မှုအတွက်ရော၊ Trade ရော ဒါတွေအကုန်လုံးကို Inclusion ဖြစ်အောင်လို့ General ကျတဲ့ခေါင်းစဉ်တွေကို ရွေးပြီးတော့ ဒေသအလိုက် တိုင်းနဲ့ပြည်နယ်တွေမှာလိုက်ပြီး Training ပေးနေတာဖြစ်ပါတယ်။ နည်းပညာနဲ့ပတ်သက်ရင်တော့ ပြည်တွင်းမှာရှိတဲ့ Expert တွေ၊ ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်တယ်။ တစ်ခါတလေမှာ အခြားအဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်တယ်။ ဝန်ကြီးဌာနတွေအနေနဲ့လည်း Ministry of Commerce တို့၊ Ministry of Cooperative (အရင်အခေါ်အဝေါ်အရ)၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (အခုတော့ ပညာရေးဝန်ကြီးဌာန) တွေနဲ့လည်း ပူးပေါင်းပြီးတော့ နည်းပညာလွှဲတာတွေကို ပြုလုပ်တဲ့အပြင် International အဖွဲ့က နယ်သာလန်နိုင်ငံက Fund Netherlands П နဲ့လည်း ပြည်သူတွေရဲ့ တောင်းဆိုတဲ့နည်းပညာတွေကို လွှဲပေးတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အစိုးရအနေနဲ့လည်း SME တွေရဲ့တိုးတက်မှုအပေါ် သဘောထားအမြင်နဲ့ SME ကဏ္ဍက နိုင်ငံရဲ့စီးပွားရေးမှာ ဘယ်လောက်ထိအရေးပါလဲဆိုတာကို ပြောပေးပါ . . .
နိုင်ငံတော်ကတော့ SME ကဏ္ဍက အင်မတန်အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ထပ်ပြီးတော့ ပံ့ပိုးပေးဖို့တော့ လိုအပ်နေပါတယ်။ SME တွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲက Infrastructure ပါ။ Infrastructure မှာဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်အသိဉာဏ်ပညာပါဝင်တဲ့ Soft Skill တွေလည်း တိုးတက်ဖို့လိုအပ်သလို Hardware ပိုင်းက လမ်းတွေ၊ အဆောက်အအုံတွေ၊ Transformer တွေ၊ Machine တွေ စသဖြင့်လည်း လိုအပ်နေပါတယ်။ ဒီလို လိုအပ်နေတဲ့အတွက် SME ကဏ္ဍတိုးတက်လာဖို့၊ International Business ပုံစံဖြစ်လာဖို့ မလွယ်သေးပါဘူး။ အခုဆိုလည်း Traditional ကနေ စက်တွေအသုံးပြုတဲ့ Smart SME တွေ ဖြစ်လာအောင်လို့ သင်ကြားမှုအပိုင်းတွေ၊ Management ပိုင်းတွေတော့ သင်ပေးတယ်။ ဒါပေမဲ့ Infrastructure မှာ လာခက်နေတယ်။ သူတို့မှာ စက်တွေလိုတယ်။ Drying Machine တွေလိုတယ်။ လျှပ်စစ်တွေလိုတယ်။ Supply Chain အတွက် ကောင်းမွန်သင့်လျော်တဲ့ Infrastructure တွေလိုတယ်။ သယ်ယူတဲ့အခါမှာ မကြာအောင်၊ သစ်သီးဝလံပေါ်အခြေခံပြီး နည်းစနစ်တွေလည်းလိုတယ်။ ဒါတွေကို ထပ်ပြီးပံ့ပိုးပေးဖို့လိုတယ်။ အခုပေးတာနဲ့ မလုံလောက်ဘူး။ ထိုက်သင့်သလောက်ရင်းနှီးမြှုပ်နှံမှုလည်းရှိမှ ထိုက်သင့်တဲ့ရလဒ်ဆိုတာ ထွက်လာမှာဖြစ်ပါတယ်။
ကျွန်မတို့ပံ့ပိုးပေးနေတာက တအားကြီးအားကောင်းတဲ့ အခြေအနေမဟုတ်သေးပါဘူး။ ဥပဒေမှာပါတဲ့အတိုင်း ကျွန်မတို့က သူတို့ရဲ့လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်၊ နည်းပညာပံ့ပိုးပေးမယ်၊ Information ပေးမယ်၊ Market Expansion လုပ်ပေးမယ်၊ ငွေကြေးပံ့ပိုးပေးမယ်၊ နောက်သင့်တော်တဲ့အခွန်အကောက်တို့၊ Infrastructure Development ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့အချက်တွေလည်း ပါပါတယ်။ အဲဒီတော့ ကျွန်မတို့အားနည်းနေသေးတာက Infrastructure Development ဖြစ်အောင်လုပ်ပေးတဲ့ အပိုင်းတွေ၊ သင့်တော်တဲ့ အခွန်အကောက်တွေ၊ ဒါတွေမှာ ဆက်ပြီးတော့ Provision လုပ်ဖို့လိုတယ်။ ငွေကြေးပိုင်းမှာလည်း အမှန်တော့ ဒီထက်ပိုပြီးတော့ လိုအပ်ပါသေးတယ်လို့ ကျွန်မမြင်ပါတယ်။
နိုင်ငံတော်ရဲ့လမ်းညွှန်မှုအရ SME တွေရဲ့ လောလောဆယ်အခြေအနေဆိုရင် ဘယ်ကဏ္ဍတွေမှာ အားသာတယ်လို့ တွေ့မြင်ပါသလဲ . . .
အဲဒါကလည်း တကယ်လုပ်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လေ့လာလိုက်တဲ့အခါမှာ Joint Venture လုပ်တဲ့ လုပ်ငန်းတွေလောက်ပဲ စက်မှုလုပ်ငန်းတွေမှာ ကောင်းနေတယ်။ ဘာလို့လဲဆိုတော့ သူတို့က နည်းပညာတွေရတယ်။ စက်ပစ္စည်းတွေပါ အတူပူးတွဲပါလာတဲ့အတွက် Production ကိုလုပ်နိုင်တယ်။ ဒါပေမဲ့ တကယ်ကိုယ့်ပြည်တွင်းက အလုပ်သမားတွေရဲ့ Skill တွေနဲ့ လုပ်ငန်းရှင်တွေရဲ့စက်မှုကျွမ်းကျင်မှုပိုင်းကတော့ အများကြီးအားနည်းနေပါတယ်။ စက်မှုကဏ္ဍနဲ့ပြောရင်တော့ ဝန်ကြီးဌာနတွေမှာ Technical ပိုင်းဆိုင်ရာ Resource အနေနဲ့တော့ရှိတယ်။ ဒါပေမဲ့လည်း အားနည်းချက်တွေတော့ရှိတယ်။ နှစ်စဉ် သူ့ရဲ့ Budget ရရှိမှုအပါအဝင် လုံလောက်တဲ့ Infrastructure တွေမရှိခဲ့ဘူး။ Research &Development လိုမျိုး၊ Marketing လိုမျိုး စတဲ့နေရာတွေမှာ အားနည်းချက်တွေ ရှိပါတယ်။ သူတို့လုပ်နေတဲ့ Production ကလည်း Production Only ပဲဖြစ်ပြီးတော့ Market ကိုလိုက်ပြီးတော့ Change နိုင်အောင် လုပ်ထားတဲ့စနစ်တွေ၊ ကျန်တဲ့ Spare Part တွေကအစနဲ့ Infrastructure ပိုင်းမှာ မပြည့်စုံဘူး။
တကယ်တော့ Market ရဲ့ လိုအပ်ချက်အတိုင်း ဈေးကွက်ထဲကို ပစ္စည်းထုတ်နေရမယ်။ အဲဒီအတွက် သင့်တော်တဲ့ Infrastructure တွေလိုတယ်။ သင့်တော်တဲ့ Software ပိုင်းတွေလိုတယ်။ အထူးသဖြင့် Marketing ပိုင်းပါ။ အဲဒီလိုမျိုးတွေမှာ အားနည်းတဲ့အတွက်ကြောင့်မို့ သူတို့မှာ Capacity ရှိပေမယ့်လို့ Sustainable Market နဲ့ In Line မဖြစ်ဘူး။ ပြည်သူဘက်ကို ကြည့်လိုက်ပြန်တော့လည်း ပြည်သူတွေမှာ အဲဒီလိုမျိုး Technology တတ်တဲ့ ဝန်ထမ်းတွေဆိုတာ တော်တော်ရှားတယ်။ ရှိတဲ့သူတွေကလည်း အားလုံးနီးပါးပြည်ပကို ထွက်သွားကြတယ်။ အဲဒီတော့ တကယ့်ကုမ္ပဏီလုပ်ငန်းရှင်တွေမှာ ကြည့်လိုက်ရင် သူတို့က အဲဒီလိုမျိုးဝန်ထမ်းတွေကို သူတို့ဆီမှာ မန်နေဂျာပြန်ခန့်တာတောင်မှ Government ကနေ Retired ယူသွားတဲ့သူတွေကိုပဲ ပြန်ခန့်တာမျိုးတွေ တွေ့ရတယ်။ အဲဒီတော့ တကယ့်ပြည်သူတွေကြားထဲမှာ စက်မှုပိုင်းနဲ့ပတ်သက်တဲ့ နည်းပညာ Knowledge က အလွန်အားနည်းနေတယ်။ အဲဒါကြောင့် စက်မှုကိုသွားဖို့ဆိုတာ ပါးစပ်က ပြောလို့သာပြောတာ၊ လူကမပါလာရင် သွားလို့မရဘူး။ မဖြစ်နိုင်ဘူး။
လူတွေ ဘယ်မှာ Invest လုပ်နေလဲကြည့်လိုက်တော့ စားသောက်ကုန်ထုတ်လုပ်တဲ့ အသေးစားလုပ်ငန်းလေးတွေကိုတွေ့ရတယ်။ Agri ကို အခြေခံတဲ့ စားသောက်ကုန်တွေလုပ်ရမယ်။ အဲဒီမှာတင် စက်မှုလုပ်ငန်းမပြောနဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာတင်ကို ပြဿနာတွေ အများကြီးရှိနေတယ်။ ကျွန်မတို့အခုလို နည်းပညာတွေ ပေးလိုက်တဲ့အခါမှာ အများကြီးတွေ့ရတယ်။ ခရမ်းချဉ်သီးကနေ အီတလီ Sauce လုပ်ချင်တယ်ဆိုတော့ ပညာရှင်ကို ခေါ်ပေးတယ်။ ဒီလည်းရောက်ရော ခရမ်းချဉ်သီးက အီတလီ Sauce လုပ်လို့ရတဲ့ ခရမ်းချဉ်သီးမဟုတ်ဘူး။ သူ့ရဲ့မျိုးစေ့ကို လိုနေသေးတယ်။ အဲဒါကြောင့် မျိုးစေ့တွေကို Research လုပ်ရမယ်။ အခုဆိုရင် အလွယ်ရတဲ့ ထိုင်းမျိုးစေ့ကို ပြန်ပြီးစိုက်နေကြတယ်။ ရှေ့နှစ်လောက်မှ အီတလီ Sauce လုပ်ဖို့ နည်းပညာလွှဲလို့ရနိုင်မယ်။
မြေသြဇာကလည်း သုံးစွဲတဲ့တောင်သူတွေက အသိပညာအားနည်းတဲ့အခါကျတော့ မြေသြဇာသုံးစွဲမှုကလည်း မှားယွင်းနေတယ်။ ပိုသုံးနေတာတွေရှိတယ်။ စနစ်တကျမဟုတ်ဘူး။ မြေသြဇာသုံးစွဲမှုမှားသလို စနစ်တကျ စိုက်ပျိုးရမယ့်နည်းတွေကိုလည်းမသိဘူး။ သရက်သီးဆိုရင်လည်း အပွင့်ပွင့်တဲ့အချိန်မှာ ရေလောင်းရမယ်။ အဲဒီလိုမျိုးတွေမှာလည်း နည်းစဉ်တွေက မှားနေတယ်။ ကျွန်မတို့ ပံ့ပိုးပေးခဲ့တဲ့အရဆိုရင် လက်ဖက်ခြောက်ဆိုရင်လည်း အတူတူပဲ။ သူတို့စိုက်တဲ့နည်းကိုက မှားနေတယ်။ ပံ့ပိုးပေးခဲ့တာအရတော့ လက်ဖက်တို့၊ ကော်ဖီတို့ကို ပြုပြင်ခဲ့တယ်။ အခုဆိုရင်လည်း Export Market ကိုရသွားပြီ။ စိုက်ပျိုးတဲ့နည်း၊ ထုတ်လုပ်တဲ့နည်း Quality ရတဲ့ Product ရပြီဆိုမှ Market ကို ပို့လို့ရမှာပါ။ ပါးစပ်နဲ့ပြောရုံနဲ့က မရတဲ့အတွက် လက်တွေ့လုပ်မှပဲရမယ်။ နောက်တစ်ခုက ကြည့်လိုက်ရင် တော်တော်များများလူတွေက စိုက်ပျိုးရေးမှာပဲအကုန်လုံး Invest လုပ်တယ်။ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာနေတယ်။ ဒါပေမဲ့ သူတို့ရဲ့စိုက်ပျိုးပုံတွေကလည်းမှားနေတယ်။ ကောင်းတဲ့ Supply Chain ထဲကို မဝင်နိုင်ဘူး။ တစ်နှစ်ကို ဒါစိုက်မယ်၊ နောက်တစ်နှစ်မှာ ဘယ်ဟာစိုက်မယ်၊ အဲဒီလိုမျိုးတွေဖြစ်ပြီးတော့ ဈေးများမယ့်ဟာကို စမ်းတဝါးဝါးနဲ့ လျှောက်ဆိုင်နေသလိုဖြစ်နေပါတယ်။ ရည်မှန်းချက်မရှိဘူး။ အုန်းသီးဆိုရင် တိုင်းနဲ့ပြည်နယ်ဆယ်ခုကျော်မှာ အုန်းပင်တွေရှိတယ်။ ဖြစ်လည်းဖြစ်နိုင်တယ်။ အဲဒီတော့ စိုက်တာကိုလည်း အားပေးမယ်၊ Value-Added Product တွေရအောင်လုပ်မယ်ဆိုရင် Supply Chain အားကောင်းသွားမယ်။ အခုအုန်းသီး Market မှာလည်း နိုင်ငံတော်တော်များများက Demand ရှိနေတယ်၊ ကျွန်မတို့က မပေးနိုင်ဘူး။ ဒါကို အားကောင်းအောင်လုပ်မယ်။ အလားတူပဲ အခြား Product တွေဖြစ်တဲ့ လက်ဖက်နဲ့ကော်ဖီက ရှမ်းပြည်တို့၊ ချင်းတို့ ဒီဒေသတွေမှာ၊ အခုဆိုရင်ကယားတို့မှာလည်း စိုက်လို့ရပါတယ်။ ဒါပေမဲ့ သူတို့ဒေသတွေရဲ့ စိတ်ဝင်စားမှုတအားကြီးမပြင်းထန်သေးဘူး။ ရှမ်းကတော့ တော်တော်လေး စိတ်ဝင်စားတယ်။ ဒါကြောင့်သူတို့က Export Market ထိကိုရောက်တယ်။ နောက်စိုက်ပျိုးတာကလည်း အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက် တိုးလာတယ်။ ထွက်နှုန်းကလည်း အရင်ကထက် သုံးဆထွက်လာတော့ သူတို့ရဲ့ Production Amount တွေကလည်း တက်လာတယ်။ အဲဒီလိုမျိုး Potential ရှိတဲ့ အရာတွေကို လုပ်ရမှာပါ။ ခြုံပြီးပြောရရင်တော့ စိုက်ပျိုးရေးလုပ်ငန်းကိုပဲ သွားရမှာပါ။ ပြည်သူတွေရင်းနှီးမြှုပ်နှံပြီး ပြည်သူတွေအကျွမ်းဝင်တဲ့ လုပ်ငန်းကိုပဲ Promote လုပ်လို့ရမှာပါ။ ပြည်သူတွေ ရင်းနှီးမြှုပ်နှံမှုမရှိတဲ့လုပ်ငန်းကိုသွားပြီး Promote လုပ်ရင် ဆေးတခြား၊ အနာတခြားဖြစ်နေမှာပါ။
ရန်ကုန်မြို့ကတော့ စက်မှုလုပ်ငန်းလေးတွေ ရှိတယ်။ များသောအားဖြင့်ကတော့ တချို့ Investment လုပ်နိုင်တဲ့လူကျတော့ နည်းပညာကို ဝယ်လိုက်တယ်၊ စက်ကိုဝယ်လိုက်တယ်၊ ပြီးတော့မှ လုပ်တယ်။ တချို့ကျတော့လည်း Joint Venture လုပ်တယ်ဆိုတော့ ရန်ကုန်မှာတော့ နည်းပညာရှိနေတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ပြည်တွင်းရဲ့ ကျွမ်းကျင်မှုကြောင့်တော့မဟုတ်ဘူး။ ဒီလိုမျိုး တဖြည်းဖြည်းနဲ့လုပ်သွားရင်းနဲ့တော့ စက်မှုကလည်း တစ်ဖက်က တက်လာမှာပါ။
SMID Bank နဲ့ပတ်သက်လို့ စက်မှုဝန်ကြီးဌာနက လုပ်ပေးခဲ့တာတွေ . . .
အရင်တုန်းကတော့ SMIDB (Small & Medium Industrial Development Bank Limited) ကို Infrastructure ပိုင်းမှာ စက်မှုဝန်ကြီးဌာနက အများကြီး Contribute လုပ်ထားတာပါ။ ရှယ်ယာတွေကလည်း စက်မှုဝန်ကြီးဌာနက ရှယ်ယာတွေလည်းပါတယ်။ စစချင်းတုန်းက စက်မှုဝန်ကြီးဌာနကဝန်ကြီးက Chairman အနေနဲ့ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ SME တွေကို ပံ့ပိုးပေးတဲ့အခါ ၂၀၁၂ ခုနှစ်ကနေစပြီး ငွေချေးတာတွေစပေးပါတယ်။ ပထမဦးဆုံး မြန်မာငွေကျပ်ငါးဘီလီယံ နှစ်ကြိမ်စပေးခဲ့တာဖြစ်ပါတယ်။ ပထမနှစ်ကြိမ်မှာတော့ တင်လာတဲ့လုပ်ငန်းရှင်တွေရဲ့ လျှောက်လွှာတွေပေါ်မူတည်ပြီး ပေးခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာတော့ တိုင်းနဲ့ပြည်နယ်အားလုံးကို ပေးချင်တဲ့အတွက် အဲဒီဒေသတွေရဲ့ အစိုးရတွေရဲ့ ထောက်ခံချက်တွေနဲ့အတူ SMIDB ဘဏ်ကိုပေးတယ်။ အဲဒီအချိန် ကာလထိတော့ ကျွန်မတို့ဝန်ကြီးကပဲ ဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်။
၂၀၁၄-၁၅ ခုနှစ်မှာတော့ SMIDB ဘဏ်က Board of Directors တစ်ဦးနဲ့ ကျွန်မတို့ဝန်ကြီးက Joint Chair ဖြစ်ခဲ့ပြီးတော့ ၂၀၁၅ ခုနှစ်ကုန်ခါနီးမှာ SMIDB ဘဏ်က Board of Director တစ်ယောက်ကပဲ Chairman တစ်ဦးတည်းဖြစ်သွားခဲ့ပါတယ်။ အဲဒီကြားကာလမှာတော့ နိုင်ငံတော်ကပေးတဲ့ချေးငွေကို SMIDB ကနေတစ်ဆင့် ပေးတယ်။ လက်ရှိအထိ SMIDB ဆိုရင် ကျွန်မတို့ရဲ့ ဝန်ကြီးဌာနအောက်ကလို့ လူတွေက ထင်ကြတယ်။ တကယ်တော့ Private Bank ဖြစ်ပါတယ်။ လက်ရှိလည်း ကျွန်မတို့ဝန်ကြီးက Chairman မဟုတ်တော့ပါဘူး။
SME တွေကို ငွေချေးတာက SME Bank International အဖွဲ့တွေကလည်း အဲဒီလိုပဲယုံကြည်ထားတယ်။ ပြည်တွင်းကလည်း ဒီလိုပဲသိထားတယ်ဆိုတော့ JICA က ချေးငွေပေးတဲ့အခါမှာ SME Bank ကို ပထမဦးစားပေးအနေနဲ့ ပိုပြီးအခွင့်အရေးပေးလိုက်တယ်။ ဒါကြောင့် ပထမဦးဆုံးပေးတဲ့ JICA ရဲ့ Two-Steps Loan ကို SMIDB တစ်ခုတည်းက ရခဲ့တယ်။ ခြောက်လကြိုရပြီးတော့ သူ့အရင်ငွေချေးခဲ့တယ်။ အဲဒီချေးငွေကိုလည်း ဘဏ်ရဲ့စည်းမျဉ်းစည်းကမ်းတွေ၊ Criteria တွေနဲ့ဆုံးဖြတ်ပြီး SME လုပ်ငန်းရှင်တွေကို ချေးပေးခဲ့တယ်လို့ သိရပါတယ်။
အခုနောက်ပိုင်းတော့ JICA ရဲ့ Two-Steps Loan က ဘဏ်ခြောက်ခုကို ရွေးလိုက်တယ်။ ဒီမှာထူးခြားလာတာက Credit Guarantee Insurance System ကို ဘယ်ဘဏ်ကျင့်သုံးမလဲလို့ မေးလိုက်တဲ့အခါမှာ CB Bank ကစပြီး ကျင့်သုံးမယ်ပြောတယ်။ CGI စနစ်ကို ပြည်တွင်းမှာ လုပ်လိုက်ရင် Collateral မရှိတဲ့ လုပ်ငန်းတွေကို အားပေးတဲ့အတွက် နိုင်ငံကအမှတ်ရတယ်။ မျက်နှာသာရတယ်။ အဲဒီတော့ Rank ကလည်း တက်လာတယ်။ CGI စနစ်ကို CB Bank က သုံးလိုက်တဲ့အခါမှာတော့ ဒီစနစ်က ကောင်းမွန်တဲ့အတွက်ကြောင့် နိုင်ငံတကာမှာ ကျွန်မတို့ရဲ့ Rank တွေ Ease of doing Business တွေမှာ အမှတ်ရတယ်။ ဂျာမနီက KFW တို့ကလည်း CB Bank ကိုပဲ ကမ်းလှမ်းလာတယ်။ နောက် JICA ကလည်း သူ့ကိုအလေးထား၊ အခွင့်အရေးပေးလာတယ်။ အခုတော့ CB Bank က အဲဒီကိစ္စတွေကိုလုပ်နေပါတယ်။
မြန်မာနိုင်ငံက SME ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လုပ်ငန်းရှင်တွေဘက်ကရော၊ ပေါ်လစီထုတ်သူတွေဘက်ကပါ ဘာတွေနားလည် ပြင်ဆင်ထားလိုအပ်ပါသလဲ . . .
လုပ်ငန်းရှင်တွေက Potential ရှိအောင်ကြိုးစားရမယ်။ ကျွန်မတို့ အရင်ဖြတ်သန်းခဲ့တဲ့ကာလတွေမှာဆိုရင် ၂၀၁၄ ခုနှစ်မှာ တိုင်းနဲ့ပြည်နယ်တွေကို ငွေချေးချင်တယ်လို့ ချပေးလိုက်တဲ့အခါမှာ တော်တော်နဲ့ကို မတက်လာဘူး။ လုပ်ငန်းရှင်တွေက အဲဒီ Application Form တွေကို မဖြည့်နိုင်ဘူး။ ရန်ကုန်မှာက လုပ်ငန်းရှင်များတဲ့အတွက် တချို့လုပ်ငန်းရှင်တွေက Advance ဖြစ်တယ်။ တချို့လည်း သူတို့လုပ်ငန်းတွေက Formal ကျတယ်၊ Business အတိုင်း သူ့ရဲ့ Plan တွေရှိတယ်၊ Balance Sheet တွေ ဆွဲထားတယ်၊ Audit တွေနဲ့လည်း စစ်ထားတဲ့အတွက် သူတို့ထဲက တချို့လုပ်ငန်းရှင်တွေက ငွေကိုရယူနိုင်တယ်။ ဒါပေမဲ့ Regional တွေကိုပါ ငွေချေးမယ်လို့လည်းပေးလိုက်ရော Regional တွေက တကယ်ကိုမတက်လာတာ။ အဲဒီအချိန်ခါမှ အစိုးရကချေးချင်နေပြီ။ ဘာဖြစ်လို့ မတက်လာတာလဲဆိုတော့ သူတို့တွေဆီက စာရင်းကိုရောက်မလာတာ။ အကြောင်းတွေက အမျိုးမျိုးရှိတယ်။ လုပ်ငန်းရှင်က Form တွေကို မဖြည့်တတ်ဘူး။ နောက်ဘာတွေ ပြင်ဆင်ရမလဲပြောနေပေမယ့် Balance Sheet ဆိုတာ ဘာမှန်းကိုမသိတဲ့ လုပ်ငန်းရှင်တွေက အများကြီးပဲ။ Business Plan ဆိုတာဘာလဲ၊ ဘယ်လိုလုပ်ရမှာလဲ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေတဲ့ လုပ်ငန်းရှင်တွေများတယ်။ ပြီးတော့ လိုအပ်တဲ့စာရွက်စာတမ်းတွေမှာလည်း ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းတွေကို မပြင်နိုင်သလို Collateral နဲ့ဆိုင်တဲ့ ဂရန်တွေမရှိတာတို့ အဲဒီလိုမျိုးတွေကလည်း ရှိနေတယ်။
အဲဒါကြောင့် ၂၀၁၄ ခုနှစ်က ပြောတာကို ဘယ်အချိန်မှရလဲဆိုတော့ ၂၀၁၅ နှစ်ကုန်ခါနီးမှ လျှောက်လွှာတွေက ရောက်လာတယ်။ အဲဒီအခါကျ မချေးပေးလိုက်နိုင်တဲ့ လုပ်ငန်းတွေလည်း အများကြီးရှိပါတယ်။ ကျွန်မပြောချင်တာက လုပ်ငန်းရှင်တွေက ဒီလိုငွေချေးဖို့ Application Form လေးတင်တာတောင်မှ ပြည့်ပြည့်စုံစုံမတင်နိုင်ဘူးဆိုရင် အဆင်မပြေပါဘူး။ ကိုယ်က Capacity ရှိမှ ကိုယ့်ရဲ့လုပ်ငန်းကို ထိန်းသိမ်းနိုင်မယ်၊ ငွေကြေးကိုလည်း စီမံခန့်ခွဲနိုင်မယ်။ Target တွေသိနိုင်မယ်။ SWOT Analysis ကိုနားလည်ပြီး ဘာတွေကိုရှောင်ရမယ်၊ ဆောင်ရမယ်ဆိုတာကိုသိလာမယ်။ အဲဒါတွေက သူ့ရဲ့ Capacity ပေါ်မူတည်တယ်။ သူနားလည်တော့မှ ဒီဟာတွေက ဈေးကွက်ရှိတယ်၊ ကိုယ့်ရဲ့ဈေးကွက်က ဘာလဲ။ အဲဒီတော့ Capacity ပေါ်ပဲ အများကြီးမူတည်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့က Capacity Building ကို အများကြီးတည်ဆောက်ပေးနေတယ်။ အရင်တုန်းကလည်း လုပ်ငန်းရှင်သုံးသောင်းကျော်ရဲ့ Capacity Building ပိုင်းကို ပံ့ပိုးပေးခဲ့ပါတယ်။ ဆက်ပြီးတော့လည်း လုပ်သွားဦးမှာပါ။ အဲဒီတော့လုပ်ငန်းရှင်က ဆောင်ရန်၊ ရှောင်ရန်အနေနဲ့ပြောရင်တော့ ကိုယ့်ကိုယ်ကိုယ်စွမ်းရည်မြင့်မားအောင်လုပ်ရမယ်၊ ပြီးရင် ဘယ်ဟာက Potential ရှိလဲ၊ ရှိတာကိုလည်း ရွေးချယ်နိုင်ရမယ်။ ကိုယ့်ရဲ့ Market က လူကြီးလား လူငယ်လား၊ ဆင်းရဲတဲ့လူလား ချမ်းသာတဲ့လူလား၊ International Brand ကို သွားချင်တာလားဆိုတာတွေကို သိဖို့ လိုတယ်။ ပြီးရင်နိုင်ငံတော်က အခုလိုမျိုးငွေချေးတယ်။ ကိုယ်က Incentive လိုချင်တာဆိုရင် ဘဏ်အပိုင်းနဲ့ဆိုင်တဲ့ Incentive ကိုရအောင်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းကို သူတို့ယုံကြည်လာအောင်လို့ ကိုယ့်ရဲ့လုပ်ငန်းကို ပြဖို့လိုအပ်ပါတယ်။ အဓိကကတော့ အဲဒါပါပဲ။
Government ပိုင်းကတော့ ဖြည့်တော့ဖြည့်ဆည်းနေတယ်။ လက်ရှိမှာလုပ်ငန်းရှင်ကလည်း လုပ်သာလုပ်နေတယ်၊ သူတို့နဲ့ဆိုင်တဲ့နည်းပညာကို အပြည့်အ၀ Information မသိသေးဘူး။ စိုက်တာကအစ မြေသြဇာလည်း မသိဘူး၊ စနစ်တကျနည်းပညာလည်း၊ ဘယ်လိုစိုက်ရမယ်ဆိုတာလည်းမသိတဲ့အတွက် အားနည်းနေတယ်။ နောက် Value-Added ထုတ်ဖို့လည်း နည်းပညာက မရှိပြန်ဘူး။ ရင်းနှီးမြှုပ်နှံမှုတွေကလည်း မရှိပြန်ဘူး။ ဒီဘက်က ပံ့ပိုးပေးတဲ့သူတွေကလည်း သက်ဆိုင်တဲ့ ပေါ်လစီတွေထုတ်ပြီး ပံ့ပိုးပေးနိုင်ဖို့ဆိုတာ အောက်ခြေကလူတွေရဲ့အခြေအနေကို ကောင်းကောင်းသိဖို့ လိုအပ်ပါတယ်။ အောက်ခြေက ဘာလိုအပ်နေတာလဲဆိုတာကိုလည်း မူဝါဒတွေချပြီး Provision ပေးရမယ်။ Sector တိုင်းမှာ Potential ဘယ်လောက်ရှိလဲ။ ဒါတွေကို Policy Maker တွေက သိဖို့လိုအပ်တယ်။ ပြီးရင် Provision ကလည်း ထိရောက်တဲ့ Provision ဖြစ်ဖို့လိုပါတယ်။
ဒေါက်တာဇေယျာညွန့်
အမှုဆောင်အရာရှိချုပ်
အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်
ဘဏ်စတင်ခဲ့ပုံ . . .
အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကို ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ စဖွင့်တုန်းက အဲဒီအချိန်က အုပ်ချုပ်တဲ့ နိုင်ငံတော်အကြီးအကဲတွေက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေ နှစ်တွေကြာလာတော့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ငွေထုတ်ချေးပေးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်က အများပြည်သူပိုင်ဘဏ်အဖြစ် ပြောင်းလဲတည်ထောင်ခဲ့တဲ့အတွက် အခုအချိန်မှာ အများပိုင်ဘဏ်တစ်ခုဖြစ်သွားပါပြီ။ ဘဏ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ SME ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ပြီး တည်ထောင်ထားတဲ့ ဘဏ်တစ်ခုဖြစ်ပါတယ်။ သူများနိုင်ငံတွေမှာလို SME ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်တော့ Development Bank တွေကို နိုင်ငံတော်က ပံ့ပိုးမှသာ SME လုပ်ငန်းရှင်တွေကို ပြန်ပြီးပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။
အခုချိန်မှာ ခေတ်နဲ့ စနစ်နဲ့အညီ SME ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ချေးငွေထုတ်ချေးပေးတာတွေ လုပ်ပါတယ်။ SME လုပ်ငန်းလို့ပြောရင် ကျွန်တော်တို့နိုင်ငံမှာတော့ Micro SME ပဲရှိသေးတဲ့အတွက် အဲဒီ Micro SME တွေကို ငွေချေးပေးပါတယ်။
ကျွန်တော်တို့ဘဏ်အနေနဲ့ကတော့ နိုင်ငံတော်ရဲ့ SME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် SME လုပ်ငန်းရှင်တွေကို ချေးငွေထုတ်ချေးပေးတယ်။ ဒီလိုထုတ်ချေးပေးတဲ့အခါမှာလည်း အရင်အစိုးရလက်ထက်က ကျပ်ဘီလီယံသုံးဆယ်ကို ထုတ်ချေးပေးပါတယ်။ အဲဒီလိုထုတ်ချေးပေးတဲ့အခါမှာ စက်မှုညွှန်ကြားမှုဦးစီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ပြည်နယ်နဲ့တိုင်း ၁၄ မှာရှိတဲ့ SME လုပ်ငန်းရှင် ၄၅၉ ဦးကို ထုတ်ချေးပေးခဲ့ပါတယ်။ နောက်တစ်ခုက နိုင်ငံတော်ရဲ့အကူအညီနဲ့ JICA ဆီက Two Step Loan ရထားတာရှိပါတယ်။ ဒါကိုကျွန်တော်တို့က ဘဏ်တွေကို ပြန်ချပေးထားပါတယ်။ ဒီလိုချေးယူတဲ့အခါ ဂျပန်ကသတ်မှတ်ထားတဲ့ Criteria နဲ့ကိုက်ညီတဲ့ လုပ်ငန်းရှင်ဆိုရင် ထုတ်ချေးပေးထားပါတယ်။ အဲဒီလိုထုတ်ချေးပေးထားတဲ့အခါမှာလည်း JICA က ချေးထားတဲ့ SME လုပ်ငန်းရှင်ပေါင်း ၆၇ ယောက်လောက်ရှိပြီးတော့ ကျပ် ၆၄ ဘီလီယံလောက်ရှိနေပါပြီ။
JICA ချေးငွေနဲ့ပတ်သက်ပြီးပြောပြပေးပါ . . .
JICA သတ်မှတ်ချက်တွေက နံပါတ်တစ်က ဒီလုပ်ငန်းက အလားအလာရှိမရှိ၊ နံပါတ်နှစ်က Financial Statement သုံးနှစ်စာရှိမရှိ၊ နံပါတ်သုံးက မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို တိုးပွားစေချင်တဲ့ ရည်ရွယ်ချက်ရှိမရှိ စစ်ပါတယ်။ ဥပမာ- တချို့ဆို ဒီလုပ်ငန်းကိုလုပ်မယ်ဆိုပြီး ဘဏ်တွေမှာတင်ပြတယ်။ ချေးငွေလည်းရရော တခြားနေရာမှာ သုံးတယ်။ အဲဒါကြောင့် JICA မှာ တင်ပြထားတဲ့လုပ်ငန်း အမှန်တကယ်လုပ်မှသာ အဲဒီအတွက် ချေးငွေကိုခွင့်ပြုတယ်။
စည်းမျဉ်းစည်းကမ်းတွေ ဖြေလျှော့ပေးဖို့ ရှိ၊ မရှိ . . .
လုပ်ငန်းရှင်တွေ တင်ပြတဲ့နေရာမှာ အခက်အခဲတွေရှိနေပေမယ့် JICA ပိုက်ဆံတဲ့အတွက် ဖြေလျှော့ပေးလို့မရဘူး။ ချေးငွေကို သူများနိုင်ငံက ဒီနိုင်ငံကိုယုံကြည်ပြီးပေးသလို၊ နိုင်ငံတော်ကလည်း ကျွန်တော်တို့အပါအဝင် ဘဏ်တွေကို ယုံကြည်လို့ ပံ့ပိုးတဲ့ထားတာဖြစ်တဲ့အတွက် ကိုယ့်စိတ်ကြိုက်ဖြေလျှော့ပေးလို့မရပါဘူး။ အဲဒါကြောင့် သူတို့သတ်မှတ်ထားတဲ့ Criteria နဲ့ ညီမှသာ JICA ရဲ့ Two Steps Loan ကိုရနိုင်ပါတယ်။ ပြည်ပနိုင်ငံကပေးတဲ့အထောက်အပံ့မို့ သူတို့ရဲ့ Rules & Regulations တွေရယ်၊ ကျွန်တော်တို့ဘဏ်တွေရဲ့ Regulations တွေရယ်ပေါင်းပြီး ချေးပေးမယ့် လုပ်ငန်းတွေက ပို Assessment လုပ်ရပါတယ်။
လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့အခက်အခဲ . . .
အခက်အခဲဆိုတဲ့နေရာမှာ ချေးငွေယူထားတဲ့လုပ်ငန်းရှင်အတွက် ဗဟိုဘဏ်ကနေ ချေးငွေသက်တမ်းကို တစ်နှစ်ပဲပေးထားတာက အဓိကအခက်အခဲဖြစ်နေပါတယ်။ Customer တွေက ချေးငွေယူပြီး တစ်နှစ်အတွင်းမှာ ဘယ်လိုမှပြန်မဆပ်နိုင်ပါဘူး။ သူတို့က အဲဒီတစ်နှစ်အတွင်းမှာ လုပ်ငန်းစလုပ်တာနဲ့ အဆောက်အအုံဆောက်တာနဲ့လို ကိစ္စမျိုးတွေနဲ့ အချိန်ကတစ်နှစ်ပြည့်သွားတယ်။ လုပ်ငန်းဖြစ်ဖြစ်မြောက်မြောက် စတင်မလုပ်နိုင်သေးပါဘူး။ အဲဒီလို လုပ်ငန်းရှင်တွေဘက်က အခက်အခဲရှိတာကြောင့် တကယ်တမ်းကျတော့ ချေးငွေသက်တမ်းကို သုံးနှစလောက် ခွင့်ပြုပေးသင့်တယ်လို့ မြင်ပါတယ်။
Customer တွေ ဘက်ကလည်း လိုအပ်ချက်တွေရှိတယ်။ တချို့က ချေးငွေယူပြီးရင် ပြန်မဆပ်ချင်ကြဘူး။ လုပ်ငန်းတည်ထောင်ရေးမှာ သုံးမယ်ဆိုလို့ ချေးပေးလိုက်တဲ့ငွေတွေကို လုပ်ငန်းမှာတကယ်မသုံးဘဲနဲ့ ကိုယ်ရေးကိုယ်တာတွေမှာ သုံးကြတယ်။ အဲဒီတော့ အတိုးငွေမပေးနိုင်ကြတော့ဘူး။ ဒါကြောင့် လုပ်ငန်းရှင်တွေဘက်လည်း စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး လုပ်ဆောင်ဖို့လည်း လိုနေပါတယ်။
ဖြစ်နိုင်ရင်တော့ နိုင်ငံတော်က ဖြေလျှော့မှုတွေ လုပ်ပေးမယ်၊ Customer တွေဘက်ကလည်း ဘဏ်ရဲ့ Rules & Regulations တွေကို လိုက်နာပြီးတော့ အတိုးနှုန်းမှန်မှန်သွင်းနေမယ်ဆိုရင်တော့ အားလုံးအဆင်ပြေသွားမှာပါ။ ဗဟိုဘဏ်အနေနဲ့ အချို့ Regulation တွေကို လျှော့ပေးရင် အကောင်းဆုံးပါပဲ။
အနာဂတ်အစီအစဉ် . . .
ဘဏ်တွေအနေနဲ့ အဓိကရင်ဆိုင်နေရတာက ငွေရေးကြေးရေးအထောက်အပံ့တွေဖြစ်ပါတယ်။ ပြည်ပကနေ Soft Loan တွေရနိုင်ဖို့ နိုင်ငံတော်ကတစ်ဆင့် ပံ့ပိုးကူညီပေးရင် အကောင်းဆုံးပါပဲ။ အလားတူပဲ နိုင်ငံတော်ရဲ့ ကဏ္ဍအသီးသီးမှာ ပိုလျှံနေတဲ့ရန်ပုံငွေရှိပါတယ်။ အဲဒါတွေကို သက်သာတဲ့အတိုးနှုန်းနဲ့ ကျွန်တော်တို့ဆီကို ချေးပေးထားမယ်ဆိုရင် ကျွန်တော်တို့ကနေတစ်ဆင့် SME လုပ်ငန်းရှင်တွေကို ပြန်ချေးပေးနိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောပြောနေသလို လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုတာကို ဦးစားပေးသွားသင့်ပါတယ်။ ကျွန်တော်တို့က စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်နေတဲ့သူတွေကို အဓိကထား ပံ့ပိုးပေးသွားဖို့လိုပါတယ်။ ကျွန်တော်တို့ဘဏ်အနေနဲ့လည်း အနာဂတ်မှာ လယ်ယာကဏ္ဍကို အဓိကပံ့ပိုးပေးဖို့အစီအစဉ်ရှိပါတယ်။ ပြည်ပက Soft Loan တွေ ရဖို့အတွက်လည်း ကြိုးစားနေတာတွေရှိပါတယ်။ နိုင်ငံတော်ကနေလည်း ဝိုင်းပြီးပံ့ပိုးတယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ SME ကဏ္ဍက ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်။ နည်းပညာပိုင်းကအစ SME တွေကို ပံ့ပိုးပေးသွားဖို့ဆိုတာကလည်း ကျွန်တော်တို့ရဲ့ ရေရှည်စီမံကိန်းမှာ ပါ ပါတယ်။
ဒေါက်တာအောင်သိန်း
ဥက္ကဋ္ဌ
ကုန်သည်စက်မှုအသင်းချုပ် အသေးစားအလတ်စားနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ
စီးပွားရေးတိုးတက်မှုမှာ SME ရဲ့အခန်းကဏ္ဍ . . .
SME က နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အဓိက မောင်းနှင်အား၊ နိုင်ငံ့စီးပွားရေးရဲ့ ပင်မကျောရိုး ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါက တင်စားပြီးပြောတာ သက်သက်မဟုတ်ဘဲ တကယ့်တကယ်မှာလည်း ဒီလိုပဲ တည်ဆောက်ယူရပါမယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတစ်ခုလုံးကို ကြည့်မယ်ဆိုရင် အရင်ဆုံးကြည့်ရမှာက အစိုးရကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍ ဖြစ်ပါတယ်။ စီးပွားရေးမှာ ပါဝင်နေတဲ့ နိုင်ငံတော်ရဲ့ကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍအချိုးကို ကြည့်လိုက်မယ်ဆိုရင် ပုဂ္ဂလိကကဏ္ဍရဲ့ ပါဝင်မှုအချိုးက ၉၀ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ ဒါက စီးပွားရေးမှာ ပုဂ္ဂလိကကဏ္ဍရဲ့ အရေးပါမှုအချိုးနဲ့ အဓိကကျတယ်ဆိုတဲ့အချက်ကို ပေါ်လွင်စေပါတယ်။ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အရွယ်အစားနဲ့ပတ်သက်ပြီး ရာခိုင်နှုန်းအချိုးကို ပြန်ကြည့်လိုက်မယ်ဆိုရင် ၉၈ ရာခိုင်နှုန်းက SME တွေ ဖြစ်နေပါတယ်။ ၂ ရာခိုင်နှုန်းလောက်ကပဲ Large Enterprise လို့ခေါ်တဲ့ လုပ်ငန်းကြီးတွေဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆိုရင် အရေးကြီးဆုံးက SME ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဖြစ်ပါတယ်။ SME တွေမရှိဘဲနဲ့ လုပ်ငန်းကြီးတွေ အဆင်မပြေသလို လုပ်ငန်းကြီးတွေမရှိဘဲလည်း SME တွေ ရပ်တည်လို့မရနိုင်ပါဘူး။ SME နဲ့ LE တွေက ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ အပြန်အလှန်ချိတ်ဆက်နေတယ်ဆိုတဲ့ သဘောတရားကိုလည်း နားလည်ဖို့လိုပါတယ်။ အဲဒီနှစ်ခုကို ဟန်ချက်ညီညီ ချိတ်ဆက်ပေးနိုင်မှ တိုင်းပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။ ရေရှည်တည်တံ့ခိုင်မာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ စုစုပေါင်း SME အရေအတွက် . . .
SME လို့ပြောလိုက်ရင် မြို့ပေါ်မှာရှိတဲ့ SME တွေကိုပဲ ကြည့်လို့မရပါဘူး။ မြို့ပေါ်မှာရှိတဲ့ SME အရေအတွက်ထက် နယ်တွေနဲ့ ကျေးလက်ဒေသတွေမှာရှိတဲ့ SME အရေအတွက်က ပိုများပါတယ်။ Micro Enterprises လို့ခေါ်တဲ့ ဝန်ထမ်းဆယ်ယောက်အောက်ရှိတဲ့ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းတွေက ကျေးလက်ဒေသတွေမှာ ပိုများပါတယ်။ အခုဆိုရင် SME ဆိုတဲ့ အသုံးအနှုန်းထက် MSME ဆိုပြီးတော့ ပြောင်းလဲခေါ်ဝေါ်လာကြပြီ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျေးလက်ဒေသတွေမှာ မိရိုးဖလာရှိနေတဲ့ Micro Enterprise တွေရဲ့ အရေအတွက်နဲ့ သူတို့ရဲ့အခန်းကဏ္ဍက ပိုပြီးအရေးပါလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ SME အရေအတွက် ဘယ်လောက်ရှိလဲဆိုရင် လောလောဆယ်မှာ အတိအကျပြောဖို့ ခဲယဉ်းပါတယ်။
၂၀၁၅ ခုနှစ်တုန်းက United Nations Industrial Development Organization (UNIDO) နဲ့ Central Stat-istical Organization (CSO) တို့ ပူးပေါင်းပြီးကောက်ထားတဲ့ စီးပွားရေးစစ်တမ်းအရပြောရမယ်ဆိုရင် ကောက်ယူထားတဲ့ စီးပွားရေးလုပ်ငန်း ၁၂၀,၀၀၀ ကျော်မှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းက တစ်သန်းကျော်ရှိပါတယ်။ အဲဒီမှာ လုပ်ငန်းအရွယ်အစားကိုခွဲလိုက်ရင် ၉၈ ရာခိုင်နှုန်းက SME လုပ်ငန်းတွေဖြစ်ပြီးတော့ လုပ်ငန်းအမျိုးအစားကဏ္ဍအလိုက်ပြောမယ်ဆိုရင် အများစုဟာ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒုတိယက ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီးတော့ ဝန်ထမ်းအနည်းဆုံးခန့်ထားတာက ကုန်သွယ်မှုလုပ်ငန်းတွေ ဖြစ်ပါတယ်။ လုပ်ငန်းအများစုဟာလည်း မှတ်ပုံမတင်ရသေးတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ SME အရေအတွက်ထက် မှတ်ပုံမတင်ထားတဲ့ SME အရေအတွက်က ပိုများနေတာ တွေ့ရပါတယ်။ လုပ်ငန်းအသစ်တစ်ခု စတင်ထူထောင်ရာမှာ မှတ်ပုံတင်ဖို့၊ လိုင်စင်ရယူဖို့ အပိုင်းတွေမှာ နိုင်ငံတော်အစိုးရက လွယ်ကူလျင်မြန်အောင်၊ ကုန်ကျစရိတ်သက်သာအောင် လုပ်ပေးမယ်ဆိုရင် လုပ်ငန်းတွေလည်း များများထူထောင်လာနိုင်မယ်။ ထူထောင်တဲ့လုပ်ငန်းတွေအများစုကလည်း မှတ်ပုံတင်လာပါလိမ့်မယ်။ ဒါကြောင့် SME လုပ်ငန်းတွေ အများစုမှတ်ပုံတင်နိုင်ဖို့အတွက် အဓိကလုပ်သင့်တာက SME လုပ်ငန်းတွေ တစ်နေရာတည်းမှာ အလွယ်တကူမှတ်ပုံတင်နိုင်တဲ့ One Stop Registration လုပ်နိုင်တဲ့ Center မျိုး ထူထောင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီ Center မှာ မှတ်ပုံတင်ရင်လည်း Procedure နည်းနည်းနဲ့ အချိန်ကုန်သက်သာစွာ၊ ကုန်ကျစရိတ်သက်သာစွာ မှတ်ပုံတင်နိုင်ဖို့ ဆောင်ရွက်ပေးမယ်ဆိုရင် မှတ်ပုံတင်မယ့် SME လုပ်ငန်းတွေများလာပါလိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူး။ မှတ်ပုံတင်လိုက်ရင်၊ SME အဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုရင် နိုင်ငံတော်က နောက်ထပ်အခွင့်အလမ်းတွေပေးဖို့ လိုအပ်ပါသေးတယ်။ ဥပမာ - SME Center မှာ မှတ်ပုံတင်မယ်၊ စက်မှုလုပ်ငန်းလည်းဖြစ်ခဲ့မယ်ဆိုရင် SMIDB အပါအဝင် အခြားဘဏ်ငါးဘဏ်ကနေပြီးတော့ JICA ရဲ့ အကူအညီနဲ့ပေးနေတဲ့ Two Step Loan မျိုးကို ရနိုင်တယ်ဆိုတဲ့ အခွင့်အရေးမျိုး၊ အဲဒီထက်ပိုတဲ့ အခွင့်အရေးမျိုးတွေကို ပေးသင့်ပါတယ်။ နောက်တစ်ခုက SME အနေနဲ့ မှတ်ပုံတင်ထားရင် အခွန်သက်သာမှု ရှိသင့်တယ်။ တကယ်တမ်းဖြစ်သင့်တာက SME တွေကို အားပေးချင်တယ်ဆိုရင် SME နဲ့ ကုမ္ပဏီကြီးတွေ ဆောင်နေရတဲ့ အခွန်နှုန်းထားက မတူသင့်ဘူး။ အခွန်နှုန်းထားသက်သာအောင် ပြုလုပ်ပေးတာကလည်း SME တွေ မှတ်ပုံတင်လာအောင်ပြုလုပ်ပေးတဲ့ ဆွဲဆောင်မှုတစ်ရပ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိလုပ်ကိုင်နေတဲ့ SME လုပ်ငန်းအခြေအနေတွေအကြောင်း . . .
မြန်မာနိုင်ငံမှာ SME လုပ်ငန်းတွေကို အမျိုးအစားခွဲခြားလိုက်ရင် အုပ်စုသုံးခု တွေ့ရပါမယ်။ ပထမတစ်မျိုးက မိရိုးဖလာအတိုင်းလုပ်နေတဲ့ Traditional SME ဖြစ်ပါတယ်။ သူတို့တွေက ခေတ်မမီတော့တဲ့ နည်းပညာတွေ၊ စက်ပစ္စည်းတွေနဲ့ လုပ်ငန်းလုပ်ကိုင်နေကြတယ်။ စနစ်တကျစီမံခန့်ခွဲမှုမဟုတ်ဘဲနဲ့ မိသားစုပုံစံနဲ့ ကိုယ်နားလည်သလို လုပ်ကိုင်နေတဲ့ SME လုပ်ငန်းတွေ ဖြစ်ပါတယ်။ နောက်တစ်အုပ်စုကတော့ အသင့်အတင့်အောင်မြင်ပြီး လုပ်ငန်းတိုးချဲ့ဖို့အတွက် ချေးငွေလိုအပ်နေတဲ့ SME တွေ ဖြစ်ပါတယ်။ ခုနက မိရိုးဖလာ SME နဲ့စာရင် ထုတ်ကုန်အရည်အသွေး၊ ဝန်ဆောင်မှုအပိုင်း၊ ဒါမှမဟုတ် Marketing ပိုင်း စသဖြင့် တစ်ခုခုမှာ အားသာနေတဲ့အတွက် ဒီအုပ်စုကလုပ်ငန်းတွေက အထိုက်အလျောက်အောင်မြင်မှု ရရှိနေပါတယ်။ ဒီလုပ်ငန်းတွေကျတော့ သူတို့ရဲ့လက်ရှိအခြေအနေထက် ပိုပြီးအောင်မြင်အောင် လုပ်ငန်းချဲ့ချင်ကြပေမယ့် သူချဲ့ချင်သလောက် ချဲ့ဖိုရာမှာ ငွေကြေးအရင်းအနှီး၊ နည်းပညာတွေနဲ့ ခေတ်မီတဲ့ စက်ပစ္စည်းတွေ လိုအပ်နေပါတယ်။ နောက်ထပ်တစ်အုပ်စုကတော့ မော်ဒန် SME ၊ ဒါမှမဟုတ် ခေတ်မီတဲ့ SME တွေ ဖြစ်ပါတယ်။ သူတို့တွေက အရွယ်အစားအရသာ SME ဖြစ်နေပေမယ့် သူတို့ရဲ့ စီမံခန့်ခွဲမှုက တစ်ကယ့်ကိုခေတ်မီတဲ့ နိုင်ငံတကာစီမံခန့်ခွဲမှုနည်းစနစ်တွေ ဖြစ်ပါတယ်။ ထုတ်ကုန်အရည်အသွေးပိုင်းမှာလည်း မညံ့ဘူး။ ခေတ်မီနည်းပညာနဲ့ စက်ပစ္စည်းတွေလည်း ရှိတယ်။ ပြည်တွင်းဈေးကွက်မှာလည်း Market Share အများစုရပြီးတော့ ဦးဆောင်နေတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ Regional ကို ခြေဆန့်ချင်တဲ့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။ SME တွေ ရောက်ရှိနေတဲ့ အနေအထားနဲ့ ရောက်ရှိနေတဲ့ Development Stage အပေါ်မူတည်ပြီး SME တွေရဲ့ လိုအပ်ချက်နဲ့ သူတို့ကိုပံ့ပိုးပေးရမယ့် ပံ့ပိုးမှုပုံစံကမတူပါဘူး။ သူတို့လိုအပ်နေတာတွေကို ထိရောက်တဲ့ပံ့ပိုးမှုနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် SME တွေက သူ့ Stage နဲ့သူ ဖွံ့ဖြိုးအောင်မြင်လာပြီးတော့ SME တွေအဖြစ်ကနေ နိုင်ငံတော်က အားကိုးနိုင်မယ့် Large Enterprise တွေ၊ Large Corporation တွေ ဖြစ်လာနိုင်ပါတယ်။
SME လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလုပ်ကိုင်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ . . .
SME မှာ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍဆိုပြီး ကဏ္ဍသုံးရပ်ရှိပါတယ်။ အဲဒီကဏ္ဍသုံးရပ်လုံးမှာရှိတဲ့ SME လုပ်ငန်းတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ နံပါတ်တစ်အခက်အခဲက လျှပ်စစ်ဓာတ်အားကို လုံလုံလောက်လောက်နဲ့ တည်ငြိမ်ပြီးတော့ အရည်အသွေးပြည့်မီတဲ့ လျှပ်စစ်ဓာတ်အားရရှိဖို့ ဖြစ်ပါတယ်။
နံပါတ်နှစ်အခက်အခဲက တရားမဝင်ကုန်သွယ်မှုဖြစ်ပါတယ်။ တရားမဝင်သွင်းကုန်တွေကို ထိရောက်စွာ မတားဆီးနိုင်သရွေ့ ပြည်တွင်း SME လုပ်ငန်းရှင်တွေဟာ ဘယ်လိုမှ မျှမျှတတယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ တရားမဝင်ကုန်သွယ်မှုကနေဝင်လာတဲ့ အရည်အသွေးနိမ့်ပြီး အခွန်မဆောင်ထားတဲ့ ပစ္စည်းတွေနဲ့ ဈေးကွက်မှာ မမျှတစွာယှဉ်ပြိုင်နေရတဲ့အတွက်ကြောင့် SME လုပ်ငန်းတွေများစွာ ထိခိုက်နစ်နာနေပါတယ်။
နံပါတ်သုံးအခက်အခဲက ငွေကြေးအရင်းအနှီး လုံလောက်စွာမရရှိတာ ဖြစ်ပါတယ်။ SME လုပ်ငန်းအများစုက ငွေကြေးအရင်းအနှီးကို ဘဏ်တွေကနေဖြစ်ဖြစ်၊ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေကနေဖြစ်ဖြစ် လုံလုံလောက်လောက် ရရှိချင်ကြပါတယ်။ Financing လုပ်နေတဲ့ Institution တွေ ဒီထက်ပိုအားကောင်းလာစေချင်တယ်။ သူတို့အနေနဲ့ လုံလောက်တဲ့အရင်းအနှီးကို သက်သာတဲ့အတိုးနှုန်းနဲ့ နှစ်လတ်၊ နှစ်ရှည်လိုချင်ကြတယ်။ အခုကျတော့ အတိုးနှုန်းကလည်းများပြီး တစ်နှစ်ချင်းပြန်ဆပ်ရတဲ့အခါကျတော့ SME တွေ လုပ်ငန်းလုပ်ကြတဲ့အခါ လုပ်ငန်းတွေကို ချဲ့ချင်သလောက် အပြည့်မချဲ့နိုင်ကြဘူး ဖြစ်နေပါတယ်။ အပေါင်ပစ္စည်းရှိမှ ချေးငွေရပြီး အတိုးနှုန်းကလည်း ၁၂ ရာခိုင်နှုန်း၊ ၁၃ ရာခိုင်နှုန်းဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင်များနေပါတယ်။
နံပါတ်လေးအခက်အခဲက ဈေးကွက်နဲ့ပတ်သက်ပြီး အခက်အခဲဖြစ်နေပါတယ်။ ဈေးကွက်ထဲမှာ သူတို့အနေနဲ့ မယှဉ်ပြိုင်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဈေးကွက်သတင်းအချက်အလက်မရှိဘူး။ ဈေးကွက်ထဲကို ထိုးဖောက်ဖို့၊ ဈေးကွက်တိုးချဲ့ဖို့ ဖော်ဆောင်မယ့်နည်းပညာတွေ အားနည်းနေပါတယ်။
ငါးခုမြောက်အခက်အခဲကတော့ အခွန်အခဖြစ်ပါတယ်။ မြင့်မားတဲ့အတိုးနှုန်းနဲ့ ချေးငွေယူပြီး ရုန်းကန်နေရတဲ့အချိန်မှာ အမြတ်ခွန်ကလည်း ကုမ္ပဏီကြီးတွေနဲ့ တန်းတူဖြစ်တဲ့အတွက်ကြောင့် အခွန်အခကိုပြန်ပြီး စဉ်းစားပေးဖို့ လိုအပ်ပါတယ်။ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် သူတို့တွေအမှန်တကယ် ကြုံတွေ့နေရတဲ့အခက်အခဲတွေကို အဆင်ပြေအောင်ဝိုင်းဝန်း ကူညီဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ နောက်ထပ်အသစ်ဝင်လာမယ့်သူလည်းများလာမယ်။ လက်ရှိလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေလည်း ဖွံ့ဖြိုးတိုးတက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ SME လုပ်ငန်းတွေနဲ့ ပြည်တွင်းက SME တွေကို နှိုင်းယှဉ်တဲ့အခါမှာ တွေ့ရတဲ့ကွာခြားချက် . . .
နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံက SME Definition တွေ မတူ ကြပါဘူး။ Definition မတူတဲ့အတွက်ကြောင့် ဝန်ထမ်းအင်အားသတ်မှတ်တဲ့အခါမှာလည်းမတူသလို ငွေကြေးရင်းနှီးမြှုပ်နှံမှုတန်ဖိုးချင်းလည်းမတူပါဘူး။ နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ SME တွေရဲ့ တစ်နှစ်ထုတ်လုပ်မှုတန်ဖိုး၊ ဒါမှမဟုတ် အရောင်းဝင်ငွေတွေ သတ်မှတ်တဲ့အခါမှာ မတူပါဘူး။ တူမှာလည်းမဟုတ်ပါဘူး။ အဲဒီနိုင်ငံတွေမှာရှိတဲ့ SME တွေရဲ့ လက်ရှိ Development Stage အပေါ်မူတည်ပြီးတော့ နိုင်ငံတွေက သတ်မှတ်ရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် SME တွေရဲ့ Level အဆင့်အတန်းမြင့်လာတယ်ဆိုရင် အဲဒီနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြင့်နေတယ်လို့ သွယ်ဝိုက်ပြီးတော့ တိုင်းတာလို့ရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ SME နဲ့ တခြားနိုင်ငံတစ်နိုင်ငံရဲ့ SME က အတိအကျကြီး သွားတူရမယ်လို့ မရှိပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်အနေအထားနဲ့ ကိုက်ညီမယ့် Defintion ကို သတ်မှတ်ပြီးတော့မှ SME တွေအနေနဲ့ Level တစ်ခုကနေ နောက်ထပ် Level တစ်ခုကိုမြင့်အောင် ဘယ်လိုလုပ်မလဲဆိုတာက ပိုအရေးကြီးပါတယ်။
နောက်ပြီး SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် Clear Vision ရှိဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ SME တွေ လက်ရှိအခြေအနေကနေပြီး နောင်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်ကျရင် ဘယ်နိုင်ငံရဲ့ SME အခြေအနေလောက်အထိ ဖွံ့ဖြိုးတိုးတက်ချင်တာလဲ။ ဒါမှမဟုတ် SME ရဲ့ Definition လို့ပြောရင် လက်ရှိသတ်မှတ်ထားတဲ့ ဝန်ထမ်းအင်အားထက်ဘယ်လောက်များစေချင်တာလဲ။ လက်ရှိရင်းနှီးမြှုပ်နှံမှုတန်ဖိုးထက် ဘယ်လောက်ထိများ သွားစေချင်တာလဲ။ ဒါမှမဟုတ် သူတို့ရဲ့ Turnover တွေ၊ လုပ်ငန်းလည်ပတ်ဝင်ငွေတွေ ဘယ်လောက်အထိ တိုးတက်သွားအောင်လုပ်မယ်ဆိုတဲ့ SME ဖွံ့ဖြိုးမှုအတွက် ရေရှည်မျှော်မှန်းချက်ဆိုတဲ့ Vision တစ်ခုကို ချမှတ်ဖို့လိုပါတယ်။ Vision တစ်ခုရပြီဆိုရင် ပထမငါးနှစ်မှာ ဦးစားပေး Promote လုပ်သင့်တဲ့ SME Sector တွေ ရွေးထုတ်ပြီးတော့မှ တကယ့်မဟာဗျူဟာမြောက် အောင်မြင်နိုင်ခြေရှိတဲ့ Strategy တွေ ရေးဆွဲပြီးတော့ Strategy နဲ့ Inline ဖြစ်မယ့် Program တွေ၊ Project တွေ၊ Activity တွေ လုပ်ဆောင်မယ်ဆိုရင် SME တွေက နောက်ငါးနှစ်မှာ Level တစ်ခုကို ရောက်ရှိသွားပါလိမ့်မယ်။
SME လုပ်ငန်းတွေ အောင်မြင်ဖို့ နိုင်ငံတော်ရဲ့ ဘယ်လိုအထောက်အပံ့တွေ လိုအပ်ပါသလဲ . . .
SME တွေဘက်က သူ့လုပ်ငန်းသူ ဆက်လက်ရပ်တည်နိုင်အောင်၊ လက်ရှိထက်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားပါတယ်။ နိုင်ငံတော်ဘက်ကကျတော့ လက်ရှိ SME လုပ်ငန်းတွေအားလုံးလည်း ဖွံ့ဖြိုးတိုးတက်လာအောင်၊ နောက်ထပ် SME လုပ်ငန်းထူထောင်မယ့်သူတွေလည်း များလာအောင် ဘယ်လိုအားပေးရမလဲဆိုတာကို စဉ်းစားရပါမယ်။ SME တွေကို နိုင်ငံတော်က ထောက်ပံ့အားပေးရမယ့်နေရာမှာ ပုံစံသုံးမျိုးရှိပါတယ်။ ပထမဆုံးတစ်မျိုးက လက်ရှိလုပ်ငန်းဆောင်ရွက်နေတဲ့ SME တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးပြီး သူတို့ရဲ့လုပ်ငန်းရပ်တည်မှုတွေ လွယ်ကူအဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒုတိယတစ်မျိုးက အလားအလာရှိတဲ့၊ အနာဂတ်မှာ နိုင်ခြေရှိတဲ့ လုပ်ငန်းအသစ်တွေ ပေါ်ပေါက်လာစေဖို့၊ လုပ်ငန်းစတင်မယ့်သူတွေ လုပ်ငန်းလုပ်ကိုင်ရာမှာ လွယ်ကူအဆင်ပြေစေဖို့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ၊ အားပေးမှုတွေ လိုအပ်ပါတယ်။ တတိယတစ်မျိုးကတော့ SME လုပ်ငန်းနယ်ပယ်အလိုက် ပြည်တွင်းမှာ လက်ရှိချန်ပီယံဖြစ်နေတဲ့ လုပ်ငန်းတွေကို အားပေးဖို့ လိုပါတယ်။ အားကစားသမားတွေလိုပဲ အဲဒီချန်ပီယံတွေကို အားပေးလိုက်မယ်ဆိုရင် သူတို့ဟာ မြန်မာ့လက်ရွေးစင်ကနေ တစ်ချိန်မှာ အာဆီယံလက်ရွေးစင် ဖြစ်လာနိုင်ပါတယ်။ SME လုပ်ငန်းတွေ အာဆီယံကို ခြေဆန့်နိုင်အောင် အားပေးဖို့လိုအပ်ပါတယ်။ အဲဒီလိုအားပေးလာရင်းနဲ့မှ Multi National Corporation တွေ ဖြစ်လာပါလိမ့်မယ်။
SME တွေဖွံ့ဖြိုးတိုးတက်ဖို့ သက်ဆိုင်ရာလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ Information Centre တွေ ၊ Research Centre တွေ ထူထောင်ပေးဖို့လိုပါတယ်။ ဒါတွေကို အစိုးရရယ်၊ သက်ဆိုင်ရာစီးပွားရေးအသင်းအဖွဲ့တွေရယ်၊ SME တွေကိုယ်တိုင်ရယ် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုပါတယ်။
SME လုပ်ငန်းရှင်တွေ ကိုယ်တိုင်ပြင်ဆင်ထားသင့်တာတွေ . . .
SME ဆိုတာက Supply Chain မှာလည်း ဗဟိုချက်မှာ ရှိနေသလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာလည်း တကယ့်အဓိကမောင်းနှင်အား၊ ပင်မကျောရိုးမကြီး ဖြစ်နေပါတယ်။ SME လုပ်ငန်းတစ်ခု စတင်တည်ထောင်တော့မယ်ဆိုရင် နံပါတ်တစ်အနေနဲ့ အစိုးရဌာနတွေနဲ့ အရင်ဆုံးထိတွေ့ရပါမယ်။ မှတ်ပုံတင်ဖို့အတွက် သူ့ရဲ့လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ သက်ဆိုင်ရာအစိုးရဌာနတစ်ခုခုနဲ့တော့ အနည်းဆုံး ချိတ်ဆက်ရပါမယ်။ နံပါတ်နှစ်က မှတ်ပုံတင်လိုက်ပြီဆိုတာနဲ့ အခွန်ကိစ္စတွေအတွက် အခွန်ဌာနနဲ့ ထိတွေ့ရပါမယ်။ နံပါတ်သုံးက SME လုပ်ငန်းရှင်တစ်ယောက်က တရားဝင်လုပ်ငန်းတစ်ခုအနေနဲ့ ရပ်တည်နေတဲ့အတွက်ကြောင့် လုပ်ငန်းတူလုပ်နေတဲ့သူတွေမှာ အလားတူဘာအခက်အခဲတွေရှိသလဲ၊ အဲဒီအခက်အခဲကိုကော ဘယ်လိုကိုင်တွယ်ဖြေရှင်းနေကြသလဲဆိုတာတွေကိုသိဖို့ လုပ်ငန်းတူတွေစုဖွဲ့ထားတဲ့ အသင်းအဖွဲ့တွေ ဝင်ဖို့လိုပါတယ်။ SME တွေဟာ တသီးတသန့်နေပြီး အထီးကျန်မနေဖို့ လိုပါတယ်။
ဌာနဆိုင်ရာတွေနဲ့ ထိတွေ့ရသလို အသင်းအဖွဲ့တွေနဲ့လည်း ထိတွေ့ဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာ GIZ ၊ UNIDO နဲ့ JICA တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း SME တွေကို တအားအားပေးချင်ကြပါတယ်။ သူတို့က SME တွေရှိတဲ့နေရာတွေအထိ ဆင်းပြီးတော့ သင်တန်းတွေ ဖွင့်ပါတယ်။ ပညာပေးဟောပြောတာတွေ လုပ်ပါတယ်။ SME လုပ်ငန်းရှင်တွေအနေနဲ့ကလည်း ခေတ်နဲ့အမီလိုက်နိုင်ဖို့၊ နောက်ကျမကျန်ခဲ့ဖို့၊ ယှဉ်ပြိုင်နိုင်စွမ်းအားတွေ မြင့်လာဖို့ အဲဒီသင်တန်းတွေ၊ ဟောပြောပွဲတွေကို စုံစမ်းပြီးတော့တက်ရောက်ဖို့ လိုအပ်ပါတယ်။
SME Association ပေါ်ပေါက်လာဖို့ ပြင်ဆင်ဆောင်ရွက်နေမှုတွေ . . .
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်က UMFCCI မှာ ကျင်းပပြုလုပ်ခဲ့တဲ့ SMEs Development Strategy "Issues & Solutions" Forum မှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ SME လုပ်ငန်းအများစုက SME လုပ်ငန်းတွေကို တစ်စုတစ်ဝေးတည်းစုစည်းနိုင်ဖို့ SME Association တစ်ရပ် ဖွဲ့စည်းဖို့လိုအပ်တယ်လို့ အားလုံးက တစ်ပြေးညီသုံးသပ်ခဲ့ကြပါတယ်။ UMFCCI ဆိုတာက မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးအဖွဲ့အစည်းတွေထဲမှာ တကယ့်ဦးဆောင်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ အဖွဲ့ချုပ်ကို ကြည့်လိုက်ရင်လည်း အဖွဲ့ဝင်အများစုကလည်း SME တွေ ဖြစ်နေပါတယ်။ လုပ်ငန်းတွေက ကဏ္ဍအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ရပ်တည်နေကြပေမယ့်လည်း အသင်းဝင်အများစုက SME တွေ ဖြစ်ပါတယ်။ ဒါကြောင့် UMFCCI မှာ SME နဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပါတယ်။ အဲဒီကော်မတီက SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစိုက်မတ်မတ် အာရုံစိုက်ပြီး လုပ်ကိုင်နေပါတယ်။
UMFCCI ကနေ ဦးဆောင်ပြီး နိုင်ငံတော်အဆင့် SME Association တစ်ရပ် ဖွဲ့စည်းသွားဖို့ကိုလည်း ဆောင်ရွက်နေပါတယ်။ SME လုပ်ငန်းတွေက နိုင်ငံအနှံ့မှာ ကဏ္ဍမျိုးစုံနဲ့ ပြန့်ကျဲစွာတည်ရှိနေတဲ့အတွက် နောက်ပိုင်းမှာ အသင်းတွေဖွဲ့တဲ့အခါ နိုင်ငံအလိုက်ဗဟိုအဆင့်၊ ပြည်နယ်နဲ့တိုင်းအလိုက်၊ လုပ်ငန်း Sector အလိုက် အဖွဲ့တွေဖွဲ့သွားဖို့ရှိပါတယ်။ အဓိကဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ SME လုပ်ငန်းတွေကို စုစည်းပြီး စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ထိထိရောက်ရောက် ချိတ်ဆက်ပေးပြီး ကူညီဆောင်ရွက်ပေးချင်တဲ့အတွက် ဖြစ်ပါတယ်။ SME Association ဖြစ်မြောက်ရေးအတွက် စိတ်ရောကိုယ်ပါ အားထည့်ပြီး ပါဝင်လုပ်ဆောင်ပေးမယ့်သူတွေ၊ တကယ် SME ရဲ့ အရေးပါပုံကို သိတဲ့သူတွေ၊ SME အကြောင်းကိုလည်း ဂဃနဏသိပြီးတော့ SME ဖွံ့ဖြိုးမှုကိုလည်း တကယ်စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်မျိုးတွေ လိုပါတယ်။
တစ်ဖက်မှာလည်း ဖွဲ့စည်းခွင့်တရားဝင်ရဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အကျိုးအမြတ် ခွဲဝေခွင့်မရှိတဲ့၊ စီးပွားရေးလုပ်ငန်းမဟုတ်တဲ့ အသင်းအဖွဲ့အနေနဲ့ မှတ်ပုံတင်ဖို့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့လည်း လိုပါတယ်။ SME Association ပေါ်ပေါက်လာဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ ယူရမယ်လို့ မြင်ပါတယ်။
ဒေါက်တာမျိုးသက်
ဒါရိုက်တာ
မြန်မာ - ဂျပန်စင်တာ (လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဗဟိုဌာန)
မြန်မာနိုင်ငံက SME တွေအတွက် Japan ဘက်ကနေ ဘယ်လိုထောက်ပံ့မှုတွေ လုပ်ပေးနေတာရှိနေသလဲ . . .
SME သီးသန့်ဆိုပြီး လုပ်ခဲ့တာတော့ မရှိသေးပေမယ့် MJC အနေနဲ့ကတော့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ကစပြီး မြန်မာ-ဂျပန်စင်တာကို တည်ထောင်ပြီးနောက်ပိုင်းမှာ စက်မှုကဏ္ဍနဲ့ စီးပွားရေးကဏ္ဍမှာ အဆင့်မြင့်သင်တန်းတွေ ဖွင့်ပေးတာရှိပါတယ်။ ဒါက JICA ၊ ဂျပန်အစိုးရနဲ့ စီးပွားကူးသန်း စသဖြင့် အစိုးရအချင်းချင်းပြောပြီးတော့မှ ကျွန်တော်တို့က အကောင်အထည်ဖော်ဆောင်ရွက်ပေးရတာပါ။ ဒီသင်တန်းတွေကိုလည်း ဂျပန်ကကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင်လာသင်ပေးတာဖြစ်ပါတယ်။ မြန်မာ-ဂျပန်စင်တာ (လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးမှုဗဟိုဌာန) က ၂၀၁၈ ခုနှစ် မတ်လဆို ငါးနှစ်ပြည့်ပြီဆိုတော့ နောက်နှစ်ဧပြီကနေစပြီး နောက်ထပ်သုံးနှစ်သက်တမ်းတိုးဖို့ ဂျပန်အစိုးရနဲ့ သဘောတူပြီးပြီ။ ဒီစင်တာက အဆင့်မြင့်သင်တန်းတွေပေးသလို ပြည်နယ်နဲ့တိုင်းတွေမှာလည်း လုပ်ပါတယ်။ သင်တန်းရော Seminar တွေပါ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပဲ ရှိပါတော့တယ်။ နောက်တစ်ခုက Tailor-made Course ဆိုတဲ့ သင်တန်းတွေကိုလည်း လုပ်ပေးပါတယ်။ ဒါကတစ်နိုင်ငံလုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ဝန်ထမ်းတွေအတွက် သင်ပေးစေချင်တဲ့ ဘာသာရပ်တွေအလိုက် ဂျပန်နိုင်ငံက သက်ဆိုင်ရာပညာရှင်တွေက လာသင်ပေးတာမျိုးဖြစ်ပါတယ်။ နောက် Networking Course ဆိုတာမျိုးလည်း လုပ်ပေးပြီး အဲဒါကတော့ ဂျပန်ဘက်က မြို့တစ်မြို့နဲ့ မြန်မာနိုင်ငံက မြို့တစ်မြို့အချင်းချင်းချိတ်ပေးပြီးတော့ အဲဒီမြို့ရဲ့လိုအပ်ချက်အလိုက် သင်တန်းပေးတာ၊ လုပ်ငန်းလုပ်တာမျိုးတွေကို စီစဉ်ပေးတာပါ။
မြန်မာနိုင်ငံက SME တွေအနေနဲ့ Japan ဘက်ကနေ ငွေကြေးအားဖြင့်၊ နည်းပညာပိုင်းဆိုင်ရာအားဖြင့် ဘယ်လောက်အတိုင်းအတာ ကူညီမှုတွေရပြီးပြီလဲ . . .
ကျွန်တော်သိသလောက်အရ ၂၀၁၆ ခုနှစ်က ကျပ်ဘီလီယံခြောက်ဆယ်ဝန်းကျင် ပေးလိုက်ပြီးပါပြီ။ အစိုးရကိုပေးတာဖြစ်ပြီး အသေးစားအလတ်စားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဘဏ်ကနေ စီမံခန့်ခွဲမှုနဲ့ တစ်ဆင့်ပြန်ချေးပေးပါတယ်။ ဂျပန်က အခုတစ်ခါစနစ်တကျနဲ့ Credit Guarantee Insurance ဆိုပြီး အပေါင်ပစ္စည်းမဲ့အာမခံစနစ်နဲ့ ချေးဖို့အတွက် လုပ်ခဲ့ပါတယ်။
Two Steps Loan (နှစ်ဆင့်ချေးငွေ) ကို SME တွေအတွက် ချေးပေးဖို့ လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေကို ဒီမှာစတင်ပေးနေပြီ။ UMFCCI ရဲ့ Training ကဏ္ဍမှာလည်း Basiness Consultancy Service Provider ဆိုပြီးတော့ SME တွေကို လိုတဲ့အကူအညီတွေကို ကူညီထောက်ပံ့ပေးမယ့်သင်တန်းကို UMFCCI မှာ ပထမဆုံးသင်တန်းစပေးပြီးသွားပြီး လူ ၂၆ ယောက်သင်တန်းဆင်းသွားပါပြီ။ SME တွေကို ငွေချေးတာတွေ၊ SME တွေလိုအပ်တဲ့ နည်းပညာတွေ၊ SME တွေကို ဈေးကွက်ရှာပေးတာတွေ အကုန်လုံးကူညီပြီးလုပ်ပေးနိုင်တဲ့ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးတာမျိုးပါ။
အဲဒါတွေအပြင် အပေါင်မပါဘဲ ငွေချေးဖို့နည်းပညာတွေ၊ Business Plan ရေးဆွဲတာတွေကို ကူညီပေးသွားမှာပါ။ လက်ရှိလည်း စပြီးလုပ်နေပြီးတော့ ၂၀၁၈ ခုနှစ်မှာတော့ အပြည့်အဝအကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒါအပြင် MJC က SME Networking Course အနေနဲ့ ဂျပန်နိုင်ငံက Nobeoka မြို့နဲ့ မန္တလေးမြို့တို့ကို ချိတ်ဆက်ပေးပြီး အဲဒီက စီးပွားရေးသမားတွေ အပြန်အလှန်ချိတ်ဆက်လုပ်နေကြပြီ။ မကြာခင် မုံရွာနဲ့ ဂျပန်က နောက်မြို့တစ်ခုနဲ့လည်း ထပ်ချိတ်ပေးဖို့ လုပ်နေပါပြီ။
နောက်ပြီး အခု Scholar နဲ့ မြန်မာနိုင်ငံ SME ကုမ္ပဏီအသေးလေးတွေက CEO နှစ်ဆယ်လောက်က ဂျပန်ကို လွှတ်ပေးမယ်။ ဒါလည်း ဂျပန်နိုင်ငံ SMRJ အကူအညီနဲ့ပါ။ နောက်ထပ် JICA ရဲ့ အစီအစဉ်နဲ့ နှစ်စဉ် Scholer ရွေးချယ်ပေးပို့နေတာက အခုဂျပန်နိုင်ငံကို ၁၅ ယောက် လွှတ်ပါဦးမယ်။ နောက်တစ်ခုက Management Practice ပါ။ ဒါကတော့ ဒီနိုင်ငံကနေ လူနှစ်ဆယ်လောက်ကို ဗီယက်နမ်လိုနိုင်ငံမှာ သွားလေ့လာခိုင်း၊ ပြီးတော့ ဒီကိုပြန်လာခိုင်းပြီးတော့ MJC မှာသုံးလ Training ပေးမယ်။ Training ပေးပြီး နောက်ထပ်ဂျပန်ကို နှစ်ပတ်လောက်ထပ်လွှတ်မယ်။ အဲဒီအခါ ဂျပန်မှာ Partner တစ်ခါတည်းချိတ်ခိုင်းမှာ။ Third Country ဖြစ်တဲ့ အာဆီယံထဲမှာ ဗီယက်နမ်၊ လာအို တခြားဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတွေနဲ့ သင်တန်းပေးရင်းနဲ့ လုပ်ငန်းချိတ်ဆက်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။
ဘာတွေ ဆက်လုပ်ပေးသွားဖို့ရှိပါသလဲ . . .
၂၀၁၈ ခုနှစ်မှာ ထူးထူးခြားခြားစပြီးတော့ SME တွေအတွက် ကူညီပေးမှာပါ။ အခုဆိုနိုင်ငံတော်ကလည်း ဘာကို အားပေးနေလဲဆိုတော့ အသေးစားအလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး SME Development အတွက် Special သင်တန်းတွေလုပ်မယ်။ အထူးသဖြင့်တော့ SME တွေအတွက် အရေးကြီးဆုံးလိုနေတဲ့ ဘဏ်ချေးငွေနဲ့ပတ်သက်လို့ သင်တန်းတွေ လုပ်ပေးသွားမှာပါ။ အရင်တုန်းကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ငွေချေးချင်ရင် ကိုယ့်အိမ်ကိုယ်ပေါင်ရတယ်၊ ကိုယ့်မြေကိုယ် ပေါင်ရတယ်၊ အခုဟာက Credit Guarantee Insurance အပေါင်မပါဘဲချေးဖို့အတွက် SME တွေ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို သင်တန်းပေးမှာပါ။ ဥပမာ- ကုမ္ပဏီသုံးဆယ်ကနေ ငွေချေးချင်တယ်ဆိုရင် အဲဒီကုမ္ပဏီတွေက လူတစ်ဦးချင်းစီ ဒီမှာသင်တန်းလာတက်ရမယ်။ အဲဒီမှာ ဘယ်လိုချေးရမယ်ဆိုတဲ့စနစ်ကို အကုန်သင်ပေးမယ်။
အပေါင်မပါဘဲနဲ့ချေးမှာဆိုတော့ နံပါတ်တစ်က စာရင်းဇယားတွေ စနစ်တကျလုပ်တတ်ဖို့၊ ဝင်ငွေထွက်ငွေဘယ်လောက်ရှိလဲ၊ တစ်နှစ်မှာအမြတ်ဘယ်လောက်ရှိလဲ စတာတွေပေါ်မှာ Financial Statement ကိုဆွဲဖို့ စနစ်စတာတွေ Budget Plan ၊ Business Plan စတာတွေအတွက်လည်း သင်ပေးပါမယ်။ အဲဒါက Two-step loan ဆိုတဲ့ ဂျပန်အစိုးရဘဏ်ကနေ မြန်မာအစိုးရဘဏ်ကိုပေးတယ်၊ ပြီးတော့မှ မြန်မာအစိုးရဘဏ်ကမှ ပုဂ္ဂိလ်ကဘဏ်ကိုပေးတဲ့ချေးငွေကိုရဖို့အတွက် လျှောက်တဲ့ကုမ္ပဏီတွေကိုပေးမယ့် သင်တန်းတွေပါ။
ဂျပန်နိုင်ငံက Japan International Corporation Agency (JICA) ၊ Small & Medium Enterprises Regional Support of Japan (SMRJ) စတာတွေနဲ့ Banking နဲ့ ပတ် သက်တဲ့ ကျွမ်းကျင်သူတွေ ပါဝင်သင်ကြားပေးပါမယ်။ ဒါတွေကို MJC က ဆောင်ရွက်ပေးပြီး အဲဒီအတွက် လိုအပ်တဲ့ငွေကြေးကို JICA ထောက်ပံပေးပါတယ်။ ကျွန်တော်တို့က ဒီကပေါ်လစီချပေးတာပါ။
SME လုပ်ငန်းရှင်တွေအပေါ် အကြံပေးချက် . . .
အခု SME စီးပွားရေးအခြေအနေတွေက တော်တော်မကောင်းပါဘူး။ မကြာခင် AEC ဝင်လာပြီဆိုရင် မယှဉ်ပြိုင်နိုင်ဘဲ ပြိုလဲနိုင်ပါတယ်။ လက်ရှိအခြေအနေမှာတင် ၃၀ ရာခိုင်နှုန်းလောက်က ပြိုလဲကုန်ပြီလို့ ထင်ပါတယ်။ တချို့တောင့်ခံနိုင်တဲ့သူတွေလောက်ပဲ ကျန်ပါတယ်။ အခက်အခဲတွေကတော့ တချို့ကငွေလိုနေတယ်၊ တချို့က ငွေလေးအသင့်အသင့်တော့ ထိန်းနိုင်တယ် Technology မရှိဘူး၊ တချို့ကလည်း Market မရှိဘူး။ အဲဒီတော့ SME လုပ်ငန်းတွေ အောင်မြင်ဖို့အတွက်ဆိုတာ Access to Finance အရင်းအနှီး၊ Access to Management စနစ်ကောင်း၊ Access to Market ဈေးကွက်၊ Access to Technology နည်းပညာ၊ လူသားအရင်းအမြစ် ဒီငါးခုက အရေးကြီးပါတယ်။
အဲဒီအချက်တွေ အားလုံးနီးပါး မြန်မာပြည်က အကုန်လိုနေတာတွေ့ရပါတယ်။ ငွေကြေးအရင်းအနှီးမရှိဘူး၊ နည်းပညာကလည်းဝေးသေးတယ်၊ Access to Human Capital ကလည်း ကိုယ့်ဘာသာကိုယ် မိသားစုပုံစံနဲ့ သွားနေတာ။ Management ကလည်း ဆယ်စုနှစ်တစ်ခုလောက် နောက်ကျနေတယ်ဆိုတော့ ဈေးကွက်တွေက လက်လှမ်းမမီဘူး။ ဈေးကွက်မရှိဘူး။ တော်တော်များများက ပွဲစားနဲ့လုပ်နေရတာ။ ဈေးကွက်အဆုံးထိ လှမ်းမလုပ်နိုင်ဘူး။ နောက်ဆုံး Market ကျွမ်းကျင်တဲ့သူမရှိဘူး။ ဒီလိုအပ်ချက်တွေဖြည့်နိုင်ဖို့ အစိုးရက ပံ့ပိုးမှုတွေအများကြီးလိုအပ်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ကတော့ လိုအပ်ချက်တချို့ကိုပဲ ဖြည့်ဆည်းလုပ်ကိုင်ပေးနိုင်ပါတယ်။ အဓိကကတော့ အစိုးရရဲ့ ထောက်ပံမှုပါပဲ။
ဒေါ်အေးအေးသန့်
Founder & CEO
AAT Business Centre
Master Trainer
ILO (SIYB)
SME တွေအတွက် လုပ်ဆောင်ခဲ့တာတွေ၊ လက်ရှိလုပ်ပေးနေတာတွေ . . .
SME တွေ၊ လုပ်ငန်းခွင်မှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ ဝန်ထမ်းတွေကို သူတို့ရဲ့လက်ရှိလုပ်ငန်းခွင် Operations ကို ပိုပြိးချောမွေ့အောင် Run နိုင်ဖို့၊ လက်ရှိလုပ်ငန်းခွင်ကို ဦးဆောင်နေတဲ့ဆုံးဖြတ်ချက်တွေ ပိုပြီးတော့ Quality ရှိဖို့နဲ့ Customer တွေအပေါ်မှာ ပိုပြီးတော့ Serve လုပ်နိုင်ဖို့ ၂၀၀၄ ခုနှစ်ကတည်းက သင်တန်းတွေ မျိုးစုံပေးခဲ့ပါတယ်။ Operations Management သင်တန်းတွေ၊ General Management သင်တန်းတွေ၊ Customer Relationship Management သင်တန်းတွေ၊ Project Management သင်တန်းတွေ စသဖြင့် ပေးခဲ့ပါတယ်။
တစ်ဖက်မှာလည်း လုပ်ငန်းတချို့မှာ Opera-tional Efficiency တိုးတက်လာစေဖို့ Restructuring လုပ်ငန်းခွင်ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်တာမျိုးတွေ၊ Business Process Reengineering - လုပ်ငန်းခွင်ရဲ့ Process ကို ပိုပြီးတော့ Efficient ဖြစ်လာအောင်လို့ Process ကို ပြုပြင်ပေးတာတွေ၊ သူတို့ရဲ့လုပ်ငန်းခွင်မှာရှိနေတဲ့ ဝန်ထမ်းတွေရဲ့ Productivity တက်လာအောင်လို့ ဝန်ထမ်းတွေကို Development Training လုပ်ပေးတာတွေ၊ စတာတွေကို ၂၀၀၁ ခုနှစ်ကတည်းက လုပ်ငန်းခွင်အချို့အတွက် Consulting ၊ Training ၊ Coaching တွေ လုပ်ခဲ့ပါတယ်။
ILO နဲ့ ပူးပေါင်းပြီးတော့ လက်ရှိရှိနေတဲ့ လုပ်ငန်းခွင်တွေရဲ့ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို Improve လုပ်ပေးနိုင်ဖို့ လုပ်ငန်းရှင်တွေ၊ Top Managers တွေကို သင်တန်းတွေပေးပါတယ်။ လုပ်ငန်းမရှိသေးတဲ့သူတွေလည်း လုပ်ငန်းစတင်ချင်တယ်ဆိုရင် စတင်လို့ရအောင် နည်းပညာပေးပြီးတော့ စဖြစ်အောင်လို့ Training ပေးပါတယ်။ ရည်ရွယ်ချက်ကတော့ လုပ်ငန်းရှင်အသစ်တွေ၊ လုပ်ငန်းငယ်လေးတွေ ထပ်ပေါ်လာဖို့ပါ။ မြန်မာပြည်ရဲ့ SME ကဏ္ဍမှာ လုပ်ငန်းတွေ ထပ်ပေါ်လာဖို့နဲ့ လက်ရှိလုပ်ငန်းရှင်တွေ ပိုပြီးလုပ်ကိုင်နိုင်စွမ်းရှိလာဖို့၊ ပိုပြီးတိုးတက်လာဖို့အတွက် ရည်ရွယ်ပြီးတော့ ILO နဲ့ ပူးပေါင်းပြီး လုပ်တာပါ။
ခြုံငုံပြီးပြောရရင်တော့ လုပ်ငန်းရှင်ပေါင်းသုံးထောင်ကျော်ကို (အဲဒီထဲမှာ Top Manager တွေ၊ Top Level Management တွေလည်း ပါပါတယ်) သူတို့လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် Training ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်မက ILO ရဲ့ Master Trainer ဖြစ်နေတဲ့အတွက် Business Trainer တွေ ပေါ်ထွက်လာအောင် စဉ်ဆက်မပြတ် ပြန်လည်သင်ကြားမွေးထုတ်ပေးရတယ်။ လုပ်ငန်းရှင်တွေကို ပြန်လည်ပြီးတော့ Train လုပ်နိုင်အောင်လို့လည်း လူ ၂၃ ယောက်ကို Business Trainer တွေအဖြစ် Train ပြန်လုပ်ပေးခဲ့ပြီး၊ မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါကလည်း SME တွေ အတွက်ပါ။
စက်ရုံအလုပ်ရုံတွေ အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းတွေကို Value ထပ်မြှင့်တာ၊ Food Processing လုပ်နေတဲ့ စက်ရုံအလုပ်ရုံတွေအတွက် ပိုပြီးအလုပ်ဖြစ်ဖို့၊ Cost ပိုလျှော့ဖို့၊ ဝန်ထမ်းတွေအနေနဲ့ ပိုသိတတ်လာပြီး တာဝန်ယူလာဖို့နဲ့ စားသုံးသူတွေ အန္တရာယ်ကင်းရှင်းတဲ့ အစားအသောက်တွေ ထုတ်လုပ်နိုင်ဖို့အတွက် ဆိုပြီးတော့ အဲဒီ Training ကိုလည်း ကျွန်မတို့စတင်လုပ်ဆောင်နေပါပြီ။ အဲဒါကတော့ စက်ရုံအလုပ်ရုံတွေအတွက်ပါ။ လုပ်ငန်းခွင်က လူတွေကို လေ့ကျင့်သင်ကြားပေးရုံတင်မကဘူး၊ လုပ်ငန်းတွေကိုပါ သွားရောက်စစ်ဆေးပေးတယ်၊ သွားပြီးတော့ အကြံပြုပေးပါတယ်။ လုပ်ငန်းရှင်တွေလည်း သူ့လုပ်ငန်းကိုပိုပြီးတော့ Sustainable ဖြစ်အောင် ဦးဆောင်နိုင်မယ်၊ ဝန်ထမ်းတွေလည်း Sustainable ဖြစ်တဲ့ လုပ်ငန်းခွင်မှာ ပိုပြီးတော့သက်သောင့်သက်သာ၊ သာသာယာယာရှိမယ်။ စားသုံးသူတွေလည်း ပိုပြီးတော့ Safe ဖြစ်တဲ့ စားသောက်ကုန်တွေကို စားသောက်ရဖို့အတွက် ကျွန်မတို့ ဒီလိုသုံးဦးသုံးဖလှယ် အကျိုးရှိမယ့်အလုပ်တွေကို ILO နဲ့ ပူးပေါင်းပြီးတော့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။
SME တွေအတွက် နိုင်ငံတော်အစိုးရဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ . . .
အဓိကပူးပေါင်းဆောင်ရွက်တဲ့ ဌာနနှစ်ခုရှိပါတယ်။ တစ်ခုက စက်မှုဝန်ကြီးဌာနအောက်မှာရှိတဲ့ SME ဌာနပါ။ Project Advisory ကော်မတီမှာ Member အဖြစ်နဲ့ SME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် SME ဌာနကို အကြံပြုဆွေးနွေးတာလည်း ပါဝင်ပါတယ်။ SME ဌာနက လုပ်ချင်တဲ့ အချို့သောဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု Project တွေအတွက်လည်း ကျွန်မက ပူးပေါင်းဆောင်ရွက်နေပါတယ်။ SME ဌာနမှာရှိနေတဲ့ Management Level ၊ Director Level တွေအတွက်လည်း ဒေသအလိုက် သူတို့ဒေသမှာ ရှိသင့်ရှိထိုက်တဲ့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ ဖြစ်ထွန်းသင့် ဖြစ်ထွန်းထိုက်တဲ့ SME တွေ ဒီထက်ပိုပြီးဖြစ်ထွန်းလာအောင် Strategic Level Management ကိုလည်း ကျွန်မက ကူညီပေးပါတယ်။ သူတို့ဒေသမှာ ဘယ်လိုဗျူဟာမျိုးနဲ့ သူတို့ရဲ့ SME တွေကို ပိုပြီးပံ့ပိုးနိုင်အောင် ဘာလုပ်သင့်သလဲဆိုတာကို ပိုပြီးဗျူဟာကျတဲ့ Advance ဖြစ်တဲ့ Level ကနေ Shape လုပ်နိုင်အောင်လို့ ကူညီပေးနေပါတယ်။
တစ်ခါ SME ဌာနက တိုက်ရိုက် Message ပေးချင်တဲ့ လုပ်ငန်းရှင်ကြီးတွေကိုလည်း SME ကဏ္ဍအတွက် ကူညီပူးပေါင်းပြီးတော့ ကျွန်မက Training ပေးပေးပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ Cost ကို သူတို့မသိတာ၊ Plan မရှိတာလိုမျိုးကိစ္စတွေကို ပူးပေါင်းကူညီဆောင်ရွက်ပြီးတော့ Message တွေ ပေးပေးပါတယ်။ ပြောရရင်တော့ Advisory ကော်မတီ Level မှာ စပြီးတော့ Middle Level Management ကနေ Operation Level SME တွေအထိ ထိတွေ့ပြီးတော့ Level မျိုးစုံမှာ လိုအပ်တဲ့ကဏ္ဍကနေပါ ဝင်ပြီးတော့ လိုအပ်တဲ့အကြံဉာဏ်နဲ့ နည်းပညာတွေ ပံ့ပိုးပေးနေပါတယ်။
နောက်ထပ် SME နဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ထားတဲ့ လုပ်ငန်းတစ်ခုကတော့ Ministry of Border Affairs ပါ။ Ministry of Border Affairs က လူတွေအနေနဲ့ နယ်စပ်ဒေသမှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးတဲ့ Vocational Training တွေ လုပ်ပေးနေတာရှိပါတယ်။ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းက ပံ့ပိုးဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။ Nippon Foundation ရဲ့ အကူအညီ၊ ကျွန်မရဲ့ မိခင်တက္ကသိုလ် International University of Japan ရဲ့ အစီအမံနဲ့ ကျွန်မတို့က Leadership Training လိုမျိုး၊ Productivity Management Training လိုမျိုးတွေကို အရာရှိ Level တွေ၊ ကျောင်းအုပ် Level တွေကို ပို့ချပေးပါတယ်။ သူတို့ကမှတစ်ဆင့်ပြန်ပြီးတော့ သူတို့ဒေသမှာရှိနေတဲ့ လူငယ်တွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ ဒီ Concept တွေကို ထည့်ပေးနိုင်အောင်လို့ ကျွန်မတို့က အဓိကကျတဲ့ အရင်းအမြစ်တွေကတစ်ဆင့် နည်းပညာတွေကို ပံ့ပိုးထားတာပဲဖြစ်ပါတယ်။ ဒါကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ ကျွန်မရဲ့ပူးပေါင်းဆောင်ရွက်မှုပါ။
SME တွေအတွက် အောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့တဲ့ Campaign တွေ . . .
SME အတွက် အောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့တဲ့ Campaign တွေကို ပြောပြရမယ်ဆိုရင် အဓိက Campaign ကတော့ Hands Together လို့ ကျွန်မကိုယ်တိုင်နာမည်ပေးထားတဲ့ Business Startup Campaign ပါ။ ဒီအစီအစဉ်လေးက Idea ရှိတယ်၊ လုပ်ငန်းရှင်ဖြစ်ချင်တယ်၊ ဒါပေမဲ့ တကယ်ကျတော့ ဘယ်ကစလုပ်ရမလဲဆိုတော့ စဖို့အတွက် အကူအညီအကမ်းအလှမ်းလည်းမမြင်ဘူး၊ စဖို့အတွက် အခက်အခဲတွေဖြစ်နေတဲ့ လူငယ်တွေကို ပြိုင်ပွဲလေး ပြုလုပ်ပြီးတော့ လုပ်ငန်းစဖြစ်တဲ့အထိ ပံ့ပိုးကူညီတဲ့ အစီအစဉ်ပါ။ ကျွန်မဒါကို မန္တလေးမှာတစ်ကြိမ်၊ မြစ်ကြီးနားမှာတစ်ကြိမ် နှစ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။ တော်တော်များများ စိတ်ဝင်စားကြတာတွေ့ခဲ့ရပါတယ်။ လူငယ်တွေက လုပ်ငန်းရှင်ဖြစ်ချင်ကြပါတယ်။ အဲဒီပြိုင်ပွဲအတွက် လျှောက်လွှာတွေတင်ကြတယ်။ အဲဒီထဲကမှ ကျွန်မတို့တွေက တကယ်ကိုအနီးစပ်ဆုံးစဖို့အတွက် အခြေအနေအရှိဆုံး လူ ၂၄ ယောက်စီကို ဆွဲထုတ်ပြီးတော့ ပထမအဆင့် Training ပေးတယ်၊ ဒုတိယအဆင့်စဖို့အတွက် တိုက်တွန်းတယ်၊ ပံ့ပိုးတယ်။ တတိယအဆင့်ကတော့ သူတို့လုပ်ငန်းကို ချောချောမွေ့မွေ့စနေရဲ့လားဆိုတာ ကျွန်မနောက်ကနေ Follow Up လုပ်တယ်။ ဒီလိုစနစ်တကျနဲ့ ကျွန်မလုပ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်အတွင်း မန္တလေးမှာလုပ်ခဲ့တဲ့ Campaign မှာဆိုရင် လုပ်ငန်းရှင် ၂၁ ယောက်ပေါ်ထွက်ခဲ့ပါတယ်။ ဒီ ၂၁ ယောက်က သူတို့ခြေထောက်ပေါ်သူတို့ရပ်ပြီး စနစ်တကျ ဆက်တိုက်အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေ ဖြစ်နေပါပြီ။ သူတို့လုပ်ငန်းစနိုင်ဖို့အတွက်လည်း ပြိုင်ပွဲဖြစ်တဲ့အတွက် ကျွန်မတို့က ပထမဆုကို သိန်းငါးဆယ်၊ ဒုတိယဆုကို သိန်းသုံးဆယ်၊ တတိယဆုကို သိန်းနှစ်ဆယ် သူတို့လုပ်ငန်းတွေ စနိုင်အောင် ပံ့ပိုးခဲ့ပါတယ်။
ဒီနေရာမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ အခန်းကဏ္ဍကို ပြောချင်ပါတယ်။ ပုဂ္ဂလိကကဏ္ဍမှာရှိနေတဲ့ ဒီလိုမျိုး နောက်ထပ်လုပ်ငန်းရှင်တွေထွက်ပေါ်လာဖို့ စိတ်ဝင်စားတဲ့ လူမှုအကျိုးပြုလုပ်ငန်းကိုလုပ်ပေးချင်တဲ့ လုပ်ငန်းရှင်ကြီးတွေက ဒီဆုကြေးတွေကို ပံ့ပိုးခဲ့တာပါ။ ဒီငွေသားတွေသာမက လူအင်အားရော၊ နည်းပညာရော၊ သူတို့မှာရှိတဲ့ အကြံဉာဏ်တွေရော၊ အချိန်တွေရော စိုက်ထုတ်ပြီးတော့၊ အားပေးပြီးတော့ လုပ်ငန်းရှင်အသစ်တွေကို ပြုစုပျိုးထောင်ပေးခဲ့တာပါ။ ဒီ Campaign အတွက် လုပ်ငန်းရှင်ပေါင်းငါးဆယ်လောက် ကျွန်မကို ဝိုင်းဝန်းကူညီပြီးတော့ ငွေသားတင်သာမက နည်းပညာတွေရော၊ အချိန်တွေရော၊ အကုန်လုံး Idea စိုက်ထုတ်မှုတွေရောနဲ့ ပံ့ပိုးခဲ့ပါတယ်။ ဒါက ပထမ Campaign ပါ။
မန္တလေးမှာလုပ်ခဲ့တဲ့ ပထမဆုံး Campaign က လူတော်တော်များများကို Message ပေးနိုင်ခဲ့ပါတယ်။ မန္တလေးမြို့တင်မကဘူး၊ ရန်ကုန်တို့၊ မြစ်ကြီးနားတို့မှာ ရှိတဲ့လူတွေပါ လာရောက်ပြိုင်ကြပါတယ်။ အဲဒီမှာ ကျွန်မတို့ပေးနိုင်ခဲ့တဲ့ Message ကတော့ လုပ်ငန်းတစ်ခုစချင်ရင် အစကတည်းက ရေရှည်မှာ Sustainable ဖြစ်တဲ့ နည်းပညာတွေရှိတယ်၊ မရှုံးအောင်လုပ်လို့ရတယ်၊ လုပ်ငန်းငယ်လေးတွေ ထူထောင်ဖို့အတွက် အားပေးနိုင်ခဲ့တယ်။ ထူလည်း ထူထောင်နိုင်ကြတယ်။ အဲဒီအတွက် အဲဒီလူငယ်တွေကို အခြားလူတွေက အားကျခဲ့ကြတယ်။ အဲဒီ Message ကို မန္တလေးမှာ အောင်မြင်စွာ ဖြန့်ဝေနိုင်ခဲ့ပါတယ်။ မန္တလေးမှာလုပ်တဲ့ Campaign မှာ နောက်ထပ်ဖြန့်ဝေနိုင်ခဲ့တဲ့ Message ကတော့ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေက နောက်ထပ်ထွက်ပေါ်လာမယ့် လုပ်ငန်းရှင်အငယ်လေးတွေကို ပံ့ပိုးကူညီလိုစိတ်ရှိတယ်။ သူတို့ဟာ Corporate Social Responsibility ဆိုတဲ့ ရေရှည် Sustainable ဖြစ်တဲ့ လူ့ဘောင်တစ်ခုကို တည်ဆောက်ခြင်း အနှစ်သာရကို ကောင်းကောင်းလေး သဘောပေါက်သွားခဲ့ကြပါတယ်။
ဒုတိယ Campaign ကို မြစ်ကြီးနားမြို့မှာ လုပ်တဲ့အခါမှာလည်း အလားတူပါပဲ။ မြစ်ကြီးနားမှာကျတော့ ကျွန်မတို့က ပိုမိုကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်အောင် အထူးဂရုစိုက်လုပ်ခဲ့ပါတယ်။ အဲဒီမှာပိုပြီးလေးနက်တဲ့ Message ကို မြစ်ကြီးနားလူထုကို ပေးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ Sustainable Development ဆိုတဲ့ Message ပါ။ မြန်မာပြည်ရဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကချင်ပြည်နယ်လောက် Sustainable ဖြစ်တယ်ဆိုတဲ့ စကားကို ခံစားရတဲ့ပြည်နယ်ရှိမှာမဟုတ်ပါဘူး။ တကယ်တမ်း Sustainable ရဲ့ အဓိပ္ပာယ်က အခုလက်ရှိအချိန်မှာအကျိုးစီးပွားရှိသကဲ့သို့ ရေရှည်မှာလည်း အကျိုးစီးပွားရှိရမယ်။ သို့သော် နောင်လာနောက်သားတွေရဲ့ အကျိုးစီးပွားကို အခုကတည်းက ယူသုံးပြီးတော့ အကျိုးရှိတာမျိုးမဖြစ်ရပါဘူး။ ဆိုလိုတာက အရင်းအမြစ်တွေကို မပြုန်းတီးစေရဘူး။ ဒီလို Message ကို မြစ်ကြီးနားမှာ ပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ပေးလည်း ပေးနိုင်ခဲ့ပါတယ်။ Sustainable ဖြစ်တယ်ဆိုတာ ဘာကိုဆိုလိုတာမှန်း ကချင်ပြည်နယ်ကလူတွေ ပိုပြီးသဘောပေါက်အောင် ကျွန်မတို့လုပ်နိုင်ခဲ့ပါတယ်။ သူတို့အနေနဲ့ သဘာဝအရင်းအမြစ်သယံဇာတကိုပဲ အားကိုးနေတာဟာ စီးပွားရေးမဟုတ်ဘူး။ သဘာဝသယံဇာတက သူတို့ဖန်တီးထားတာမဟုတ်ဘူး။ ရေရှည်မှာ Sustainable ဖြစ်တဲ့ စီးပွားရေးဆိုတာ လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရတယ်။ အဲဒါကလည်း နောင်လာနောင်သားတွေအတွက် အကျိုးရှိမယ့် သယံဇာတကို ပြုန်းတီးစေပြီးတော့မှ ဖန်တီးတာမျိုးမဖြစ်ရဘူး။ ကိုယ်စွမ်းကိုယ်စနဲ့ ဖန်တီးနိုင်ရမယ်ဆိုတဲ့ Message လေးကို ပြည်သူလူထုဆီကိုရောက်အောင် ကျွန်မတို့ဖြန့်နိုင်ခဲ့ပါတယ်။ အဲဒီမှာလည်း လုပ်ငန်းရှင် ၂၃ ယောက်ကို မွေးထုတ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ သူတို့လုပ်ငန်းကို စတင်နေကြပါပြီ။ သူတို့ဟာ Sustainable ရဲ့ အဓိပ္ပာယ်ကိုလည်း ကောင်းကောင်းနားလည်နေကြပါပြီ။
ပြန်ပြောရမယ်ဆိုရင် Startup Campaign နှစ်ခုကို မြန်မာပြည်မှာ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ Startup Campaign ဆိုတာက လုပ်ငန်းရှင်ဖြစ်လိုသူတွေကို ဘယ်ကစရမှန်းမသိဘူးဆိုတဲ့သူတွေကို နည်းပညာပံ့ပိုးရုံတင်မကဘဲ ငွေကြေးအပြင် အခြားသော ချိတ်ဆက်ကမ်းလှမ်းမှုတွေပါ ပံ့ပိုးပြီးတော့ လုပ်ငန်းစဖြစ်အောင် တွန်းအားပေးခဲ့တဲ့ Campaign တွေပါ။
ဒါအပြင် ကျွန်မတို့အခြားဘာတွေလုပ်နိုင်ခဲ့သလဲဆိုရင် မန္တလေး၊ မကွေး၊ ကချင်ပြည်နယ် စတဲ့နေရာတွေမှာ လူငယ်တွေကို Entrepreneur စိတ်ဓာတ် ဖွံ့ဖြိုးရှင်သန်လာအောင်လို့လုပ်ပေးနိုင်ခဲ့ပါတယ်။ သူတို့မှာ အလုပ်အကိုင်နဲ့ ပတ်သက်လာလို့ရှိရင် ရွေးချယ်စရာနောက်ထပ်တစ်မျိုးရှိနေတယ်။ အဲဒါက စွန့်ဦးတီထွင်လုပ်ငန်းရှင်လုပ်လို့ရတယ်။ အဲဒီအတွက် ဘဝမှာ ဂုဏ်သိက္ခာရော၊ အကျိုးအမြတ်ရော စတဲ့ အကျိုးအမြတ်အသီးအပွင့်တွေကို ရရှိနိုင်တဲ့အခွင့်အလမ်းတွေရှိပါတယ်။ သို့သော် တစ်ဖက်ကနေပြီးတော့ ပေးဆပ်ရမှာက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေ၊ ဘယ်တော့မှ မဆုတ်မနစ်လုပ်သွားရမယ့် ဇွဲ၊ လုံ့လတွေ၊ နေ့မအားညမအားကြိုးစားရမယ့် ကြိုးစားအားထုတ်မှုတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေစတဲ့ အရာတွေကိုတော့ ကျွန်မတို့တွေ ကြိုးစားရမယ်၊ ဖန်တီးရမယ်၊ ပေးဆပ်ရမယ်။ အဲဒီပေးဆပ်မှုအတွက် ရလာမယ့် အသီးအပွင့်တွေကလည်း ရေရှည်မှာအောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်နိုင်တယ်။ ဒီအတွက် သူတို့တွေအောင်မြင်အောင်လုပ်နိုင်ပါတယ်ဆိုတဲ့ Message မျိုးကို ကျွန်မတို့ ဟောပြောပွဲတွေကတစ်ဆင့် Spirit of Entrepreneurship ဆိုပြီးတော့ ကျွန်မဟောပြောပေးခဲ့ပါတယ်။ ရန်ကုန်၊ မကွေး၊ မြစ်ကြီးနားမြို့တွေမှာဆိုရင် အဲဒီခေါင်းစဉ်နဲ့ လူငယ်တွေကို ခြောက်ကြိမ်ထက်မက ဟောပြောပြီးပါပြီ။ လက်ရှိလုပ်ငန်းငယ်လေးအကွက်ကျစေ ဒီထက်ဖွံ့ဖြိုးတိုးတက်စေဖို့၊ မိရိုးဖလာစနစ်ကနေ ပိုပြီးတော့ခေတ်မီတဲ့ စနစ်ကျတဲ့ လုပ်ငန်းခွင်စနစ်ဆီသို့ ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ ကိစ္စမျိုးတွေကိုလည်း ခေါင်းစဉ်မျိုးစုံနဲ့ လက်ရှိစီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း ဟောပြောပွဲတွေပြုလုပ်ပေးခဲ့ပါတယ်။ အဲဒါတွေကို မန္တလေးနဲ့ မြစ်ကြီးနားတို့မှာ ပြုလုပ်ပေးခဲ့တာပါ။ လုပ်ငန်းရှင်တွေက ပြောင်းလဲချင်တဲ့အခါမှာ ဘယ်လိုရည်ရွယ်ချက်တွေရှိရင် ဘယ်လိုပြောင်းလဲရမယ်ဆိုတဲ့ သူတို့ကောင်းကောင်းသဘောပေါက်ပြီးတော့ သူတို့ရေရှည်မှာ ပိုပြီးတော့ Sustainable ဖြစ်တဲ့ လုပ်ငန်းတစ်ခုကို တိုးတက်အောင် စီမံခန့်ခွဲနိုင်ဖို့အတွက် ကျွန်မတို့ ပံ့ပိုးပေးခဲ့တာပါ။ ဒါကတော့ ကျွန်မတို့လုပ်ခဲ့တဲ့ အမျိုးမျိုးသော Campaign တွေပါ။
လက်ရှိမှာလည်း ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားစတဲ့ မြို့တွေမှာ လက်ရှိလုပ်ငန်းရှင်တွေကို လုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်မယ့် နည်းလမ်းတွေ၊ သူတို့ကိုယ်တိုင်ဦးနှောက်နဲ့ စဉ်းစားဆင်ခြင်ပြီးတော့ လုပ်နိုင်မယ့် နည်းလမ်းတွေအတွက် ကျွန်မသင်တန်းပေးပါတယ်။ ဒီသင်တန်းကိုတော့ ၂၀၀၄ ခုနှစ်က စပြီးတော့ပေးခဲ့တာ အခုဆိုရင် သင်တန်းပေးခဲ့တဲ့လုပ်ငန်းရှင်ပေါင်း သုံးထောင်ကျော်ရှိပါတယ်။ ဒါကတော့ သင်တန်းနဲ့ပတ်သက်လို့ပါ။ ဒီသင်တန်းတွေမှာ သူတို့က သူတို့လုပ်ငန်းခွင်ကို ပြန်လည်ပြီးတော့ တိုးတက်အောင်အသုံးချရမယ့် နည်းပညာတွေကို အတန်းထဲမှာပဲ လက်တွေ့ Plan ဆွဲသွားပြီးတော့ လုပ်ငန်းခွင်မှာ ပြန်လည်အကောင်အထည်ဖော်ပြီးတော့ အခုဆိုရင် လုပ်ငန်းတွေရဲ့ Productivity တွေ၊ အမြတ်အစွန်းတွေ၊ Efficiency တွေ တိုးတက်နေတာကို တွေ့မြင်ရပါတယ်။ ဒါကတော့ သင်တန်းတွေနဲ့ ပတ်သက်လို့ လုပ်ခဲ့တာတွေပါ။
SME ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကြံပြုချက်တွေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ့်အစီအစဉ် . . .
SME ကဏ္ဍဟာ တိုင်းပြည်က အာရုံစိုက်နေတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ တိုင်းပြည်ရဲ့စီးပွားရေးက SME တွေပေါ်မှာ အများကြီးမှီတည်နေပါတယ်။ လုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လောက်က SME တွေဖြစ်နေတဲ့အတွက် SME တွေပေါ်မှာ စီးပွားရေးတွေက အများကြီးမူတည်နေရတဲ့အတွက်ကြောင့်လည်း ဒီကဏ္ဍကမြန်မာနိုင်ငံအနေနဲ့ အာရုံစိုက်နေတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒါအပြင် နိုင်ငံတကာကလည်း အာရုံစိုက်ပြီးတော့ ကူညီနေတဲ့ ကဏ္ဍတစ်ခုလည်းဖြစ်ပါတယ်။ ဒီတော့ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့မှာ ကူညီမယ့်သူတွေများလာပြီ၊ အခွင့်အလမ်းတွေ ရှိလာပြီဆိုတာ သူတို့ကိုယ်တိုင်လည်း တွေ့မြင်သိရှိကြပါတယ်။ ဒါပေမယ့် အခွင့်အရေးဆိုတာ လူတိုင်းအတွက် မဟုတ်ပါဘူး။ အလုပ်တစ်ခုကို သာမန်ပဲအများသူငါလုပ်သလိုပဲ လုပ်တယ်၊ သူများလုပ်တာလောက်ပဲလုပ်တယ်ဆိုတဲ့ သာမန်လုပ်ရိုးလုပ်စဉ်တွေကို လုပ်နေတဲ့သူတွေအတွက် အခွင့်အရေးဆိုတာ ပဒေသာပင်သီးသလို မိုးပေါ်ကနေကျလာမှာ မဟုတ်ပါဘူး။ တကယ်တမ်းအခွင့်အရေးဆိုတာ ဘယ်လိုလူတွေအတွက်လဲဆိုရင် အဆင့်သင့်ဖြစ်နေတဲ့ လုပ်ငန်းရှင်တွေအတွက်ပါ။ ဘာကိုအဆင့်သင့်ဖြစ်ရမှာလဲဆိုရင် ပြောင်းလဲနေတဲ့ ဈေးကွက်အနေအထားကို လိုက်ပြီးတော့ ယှဉ်ပြိုင်နိုင်စွမ်းမှာ အဆင်သင့်လုပ်ထားတဲ့သူတွေအတွက် အခွင့်အရေးရှိတာပါ။ အဲဒီယှဉ်ပြိုင်နိုင်စွမ်းဆိုတာ Operational Efficiency လည်းဖြစ်သလို Value Innovation လည်း ဖြစ်ပါတယ်။ Value Innovation ဆိုတာက ဈေးကွက်အသစ်၊ သူများမလုပ်သေးတဲ့ အသစ်တွေကို ရှာဖွေဖန်တီးပြီးတော့ အဲဒါကို ပိုပြီးတော့ အမြတ်အစွန်းရရှိအောင် ကုန်ကျစရိတ်နည်းနည်းနဲ့ ဖန်တီးမှုပါ။ ဒါဟာမြန်မာပြည်က SME လုပ်ငန်းရှင်တွေသွားရမယ့် လမ်းကြောင်းပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ Economies of Scale မှာ တရုတ်ပြည်ရဲ့လုပ်ငန်းတွေကို ကျွန်မတို့ မနှိုင်းယှဉ်နိုင်ပါဘူး။ Quality နဲ့ အသားကျနေတဲ့ အခြားနိုင်ငံကြီးတွေရဲ့ Quality Product တွေကိုလည်း ကျွန်မတို့က ချက်ချင်းလက်ငင်းလိုက်ပြီးတော့ နှိုင်းယဉ်ပြီး ကျွန်မတို့ အမြင့်ဆုံးအရည်အသွေးထိရောက်အောင်သွားဖို့အတွက် အခက်အခဲရှိနေသေးတယ်။ ဒါကြောင့် ဒီကြားထဲမှာရှိတဲ့အရင်းအမြစ်နဲ့ လူတွေရဲ့ လိုအပ်ချက်ကို ဘာကိုများ အသစ်အဆန်းဖန်တီးပြီးတော့ ဖြည့်ဆည်းနိုင်မလဲဆိုတဲ့ Value Innovation က ကျွန်မတို့သွားရမယ့် လမ်းကြောင်းပါ။ Value Innovation မှာ အပိုင်းနှစ်ပိုင်းပါပါတယ်။ တစ်ပိုင်းက Market အသစ်၊ ဒါမှမဟုတ် Product အသစ်ကို ဖန်တီးနိုင်ဖို့နဲ့ နောက်တစ်ပိုင်းက Operational Efficiency ကို Manage လုပ် နိုင်ဖို့ဖြစ်ပါတယ်။ ဒီတော့တစ်ပိုင်းက Creative ဖြစ်ဖို့၊ တစ်ပိုင်းက Operation Efficiency ကို Manage လုပ်နိုင်ဖို့ဆိုတာတွေက SME တွေ လုပ်ရမယ့်အပိုင်းတွေပါ။ အဲဒီအတွက် ကျွန်မအနေနဲ့ တိုးချဲ့ပြီးတော့ ဆက်လက်လုပ်ဆောင်ပံ့ပိုးပေးသွားဖို့ရှိပါတယ်။ လက်ရှိ SME တွေကို ပံ့ပိုးနေတဲ့ စီမံခန့်ခွဲတဲ့နည်းပညာတွေအပြင် နောက်ထပ် ကျွန်မလောလောလတ်လတ်လုပ်ဖို့ရှိတာက လုပ်ငန်းခွင်တွေကို၊ အထူးသဖြင့် စက်ရုံတွေကို အမျိုးသားကျန်းမာရေးကို လောလောဆယ်ခြိမ်းခြောက်နေတဲ့၊ စားသောက်ကုန်နဲ့ပတ်သက်တဲ့ စက်ရုံအလုပ်ရုံတွေကို ကျွန်မတို့က ပြန်ပြီးတော့ အဘက်ဘက်က ပံ့ပိုးပေးသွားဖို့ပါပဲ။ ကျန်းမာသန့်ရှင်းတဲ့ စားသောက်ကုန်တွေကို သူတို့ဘက်ကလည်း ကုန်ကျစရိတ်နည်းနည်းနဲ့ ထုတ်လုပ်နိုင်ပြီး၊ အဲဒီထုတ်ကုန်တွေ ပြည်သူတွေလက်ထဲကို ရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ပတ်သက်လို့ နည်းပညာကို သင်တန်းပေးရုံတင်မကဘူး၊ လုပ်ငန်းခွင်ထိအကြံပေးတဲ့ လုပ်ငန်းကိုပါ ဆက်လက်တိုးချဲ့လုပ်နိုင်ဖို့က ကျွန်မလောလောဆယ် ရှေ့ဆက်သွားမယ့် အစီအစဉ်ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေကို ကျွန်မတို့ ကိုယ်တိုင်ကိုယ်ကျသွားရောက် အကူအညီပေးဖို့အစီအစဉ်ရှိပါတယ်။ စားသောက်ကုန်ကဏ္ဍကို ကျွန်မတို့လောလောဆယ် အာရုံစိုက်ပြီးလုပ်နေတာပါ။
ခြုံပြီးပြောရမယ်ဆိုရင်တော့ SME ကဏ္ဍဟာ ရှိတဲ့အရင်းအမြစ်နဲ့ပဲ ပိုကောင်းတဲ့လူ့ဘောင်ကို ဖန်တီးနိုင်ဖို့အတွက်၊ လက်ရှိ Product တွေကို ဘာလေးတွေများ ပိုကောင်းအောင်ဖန်တီးနိုင်မလဲ၊ တစ်ဖက်ကလည်း ကုန်ကျစရိတ်လျော့အောင် ဘာလုပ်မလဲဆိုတာကို တွေးတောကြံဆရင်းနဲ့ အခုကျွန်မတို့လို နည်းပညာတွေပေးမယ့် ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ကိုယ့်လုပ်ငန်းခွင်ရဲ့ Efficiency ကို Effectiveness နဲ့ တိုးတက်အောင်လုပ်ပါလို့ အကြံပေးချင်ပါတယ်။
အယ်ဒီတာအဖွဲ့
ယခုလထုတ် အထူးဆောင်းပါးကဏ္ဍအတွက် အချိန်ပေး အင်တာဗျူးဖြေဆိုပေးခဲ့ကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။