ဒေါက်တာဥန္ဒောဘာသ (ကာလကတ္တား) မြန်မာပြန်သော ဗုဒ္ဓဓမ္မဆွေးနွေးချက် စာအုပ်ကိုဖတ်မိရာ 'နိဗ္ဗာန်ဆိုတာဘာလဲ၊ ဘယ်နေရာမှာ တည်ရှိသလဲ' ဆိုသောေမးခွန်းအား ဖြေဆိုထားသည်ကို ဖတ်လိုက်ရပါသည်။
'နိဗ္ဗာန်သည် ကာလဒေသတို့နှင့်မဆိုင်၊ ကာလဒေသအလွန် အခြေအနေတစ်ရပ်ကို ညွှန်းသည်' ဟု ဖတ်လိုက်ရသည်။
ကာလဒေသ (Time and Space)ဖြင့် ရှင်းပြထားသဖြင့် အိုင်းစတိုင်း၏ ရီလေတီဗီသီအိုရီကို သွားသတိရသည်။ အရာရာသည် ကာလနှင့်ဒေသတွင်ဖြစ်တည်ရသည်။ ကာလအတိုင်းအဆနှင့် ဒေသအတိုင်းအတာ (Time Dimension and Space Dimension) တို့သည် အခြေခံအကျဆုံးတရားဖြစ်သည်။
နိဗ္ဗာန်သည် ဤအတိုင်းအဆနှစ်ရပ်ကို လွန်သည်။ လွန်သည်ဆိုသည်မှာ နိဗ္ဗာန်၌ကာလမရှိ။ ဒေသမရှိဟု ဆိုလိုဟန်ပေါက်သည်။ ဤသို့ ဆိုလျှင် ကာလအတိုင်းအဆ၊ဒေသအတိုင်းအဆရှိသကဲ့သို့ ကာလမဲ့၊ ဒေသမဲ့ကိုလည်း အတိုင်းအဆတစ်ပါးအဖြစ် မှတ်ယူရန်ရှိလာသည် ဟု စောဒကတက်သည်။
ပြန်လည်ရှင်းပြသောဆရာတော်က ကာလမဲ့၊ ဒေသမဲ့အခြေအနေ၊ သို့မဟုတ် ကာလဒေသလွန်အခြေအနေကို အတိုင်းအဆတစ်ပါး အဖြစ်မှတ်ယူရန် ဖြစ်နိုင်ပုံကို ဝန်ခံသည်။ သို့ရာတွင် ဤကာလမဲ့အခြေအနေကို စကားလုံးတို့ ဖြင့် ရှင်းပြ၍မရဟုဆိုသောအခါ ဘာသာဗေဒပြဿနာ အကျုံးဝင်လာတော့သည်။
မောင်သာဇုံ
စကားလုံးဆင်းရဲမှုကြောင့် မဟုတ်ပေ။ စကား လုံး၏ ဖန်ရှင် (Function) တိုက နိဗ္ဗာန်၏အပြင်အပ တွင် ရောက်ရှိနေသောကြောင့် ဖြစ်သည်။ ဆရာတော်က ဤကဲ့သို့မပြော၊ စကားလုံးဖြင့် ရှင်းပြ၍ နားလည်မည် မဟုတ်။ ကိုယ်တိုင်ကျင့်ကြံမှ တွေ့ရမည့်နိဗ္ဗာန်ဟု ဆိုသည်။
ဤအကြောင်း စာရေးသူက ဗုဒ္ဓဘာသာအကြောင်း အတော်နားလည်သူမိတ်ဆွေတစ်ဦးအား ပြောပြမိသည်။ သူက ဤသို့ ပြန်ရှင်းပြသည်။
''ဆရာရယ် ဒါက အငြင်းအခုံအဟောင်းပဲ ဥစ္စာ၊ ပညတ်၊ ပရမတ်ပေါ့။ စကားလုံးတွေက ပညတ်ကို ညွှန်းတာ။ ပညတ်အတွက်ပေါ်တဲ့ စကားလုံးဟာ ပရမတ်ကို မရဘူး ဆရာ''
စကားလုံးတို့သည် ပညတ်၏ပစ္စည်းသာဖြစ်သည်။ ပရမတ်အတွက် ပစ္စည်းမဟုတ်ဟူသောအဆိုကို လက်ခံလျင် နိဗ္ဗာန်အကြောင်းကို စကားလုံးတို့ဖြင့် ရှာဖွေကြည့်နေခြင်း သည် အချည်းနှီးသာဖြစ်ဟန်တူတော့မည်။ နိဗ္ဗာန်ဆိုသော ပရမတ္တသစ္စာတရားကို စကားလုံးဖြင့် မရှာဖွေအပ်၊ လက်တွေ့ ကျင့်ပြီး သိအောင် ကြိုးပမ်းရမည်။
စာရေးသူက ဘာသာရေးနှင့် သိပ္ပံပညာအကြောင်း အဆက်အစပ်ကို ဖတ်ကြည့်မိပြန်သည်။ အထူးသဖြင့် ဗုဒ္ဓ ဘာသာသည် သိပ္ပံနည်းကျသည်ဆိုသောအချက်ကို ဘယ်လိုရှင်းပြသနည်းဟု စိတ်ဝင်းစားမိသည်။ အချက်နှစ်ချက်ဖြင့် ပြသည်။
၁။ သိပ္ပံပညာက ဖန်တီးရှင်၊ တန်ခိုးရှင်ကို မယုံကြည်သလို ဗုဒ္ဓဘာသာကလည်း မယုံကြည်၊
၂။စကြဝဠာ၏မူလနှင့် ပြဋ္ဌာန်းမှုတို့သည် သဘာဝနိယာမ (Natural Law) အရ ဖြစ်ရမည်ဟု သိပ္ပံပညာကလည်းဆိုသည်၊ ဗုဒ္ဓဝါဒကလည်းဆိုသည်။
ဆရာတော်က ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး ၂၀ ရာစုနှစ်၏ရူပဗေဒကဝိတစ်ဦးဖြစ်သည့် အဲဘတ်အိုင်းစတိုင်း၏ မှတ်ချက်တစ်ခုကို ကိုးကားဖော်ပြထားသည်မှာ အထူးစိတ်ဝင်စားဖွယ်ကောင်းသည်။
နောင်တွင် ပေါ်ထွန်းလာမည့် အနာဂတ်ဘာသာ ရေးဆိုသည်မှာ စကြဝဠာဘာသာရေး (Cosmic Religion) ဖြစ်ရပါလိမ့်မည်။ အဲဒီစကြဝဠာဘာသာဆိုသည်မှာ တစ်သီး ပုဂ္ဂလမဆန်တဲ့ဘုရား (Personal God) အစွဲကိုတောင် ကျော်လွန်ရမည်။ တရားသေဝါဒစွဲနှင့် တရားသေဘာသာ ရပ်ပညာအစွဲများလည်း ကင်းရလိမ့်မည်။ 'သဘာဝကိုရော ဓမ္မကိုပါ လွှမ်းခြုံ' တဲ့ ဤဘာသာရေးမျိုးသာ အရာရာကို လေ့လာသိမြင်ပြီး အဓိပ္ပာယ်လည်း ပြည့်ဝသည့် ညီညွတ်စုစည်းမှုများကနေ စစ်ထုတ်ရန် ရှိလာသည့် ဘာသာရေး အသိစိတ်အပေါ်အခြေခံသည့်ဘာသာရေးမျိုး ဖြစ်လိမ့်မည်။ ဗုဒ္ဓဘာသာသည် ဤအချက်များကို ဖြည့်စွမ်းပေးနိုင်သည့် စွမ်းရည်ရှိပါသည်။ အကယ်၍ မျက်မှောက်ခေတ်သိပ္ပံပညာရပ်၏လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်သောဘာသာရပ်တစ်ရပ်ရှိသည်ဟုဆိုလျင် အဲဒီဘာသာဟာ ဗုဒ္ဓဘာသာ ဖြစ်ရလိမ့်မည်။ဗုဒ္ဓဘာသာသည် သိပ္ပံပညာ၏လိုအပ်ချက်တို့ကို ဖြေရှင်းပေးနိုင်သည့်အတွက် သိပ္ပံပညာနှင့် နီးစပ်သောဘာသာရေးဟု ဆိုလိုဟန်ရှိသည်။
မောင်သာဇုံ