Nokia Solutions and Networks (NSN) က ရန်ကုန်မှာ ကိုယ်စားလှယ် ရုံးခွဲသစ်နှစ်ခုကို ဖွင့်လှစ်လိုက်ကြောင်း ဧပြီလ၊ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ပြည်တွင်းရှိ ဆက်သွယ်ရေး အော်ပရေတာများနှင့် ဆက်ဆံရေး တိုးမြှင့်ရန်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပိုမိုထိရောက်စွာ တိုးချဲ့ပေးအပ်နိုင်ဖို့ ရည်ရွယ်ကာ ဒီလိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရုံးခွဲဖွင့်လှစ်လိုက်တာကြောင့် NSN အနေနဲ့ ပြည်သူများအကြား မိုဘိုင်းဖုန်းကွန်ရက်ရောက်ရှိသုံးစွဲမှု ပိုမိုကျယ်ပြန့်လာစေရန် ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများကို ကူညီ ဆောင်ရွက် ပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ “မြန်မာနိုင်ငံရဲ့ မိုဘိုင်း ဆက်သွယ်ရေးကဏ္ဍဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေသလို NSN အနေနဲ့လည်း ကျွန်တော်တို့ရဲ့ နည်းပညာတွေနဲ့ ကျွမ်းကျင်မှုတွေကို ပြည်တွင်းက ဆက်သွယ်ရေးအော်ပရေတာတွေအတွက် ထောက်ကူပေးရင်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းကို ဒီထက်ပိုပြီး ဖွံ့ဖြိုးစေဖို့ လုပ်ဆောင်သွားမှာပါ” ဟု NSN ရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr. Raman Vattumalai က ပြောပါတယ်။ “ရန်ကုန်မြို့မှာ အဆင့်မီ ရုံးခွဲတွေဖွင့်ဖို့ ဆုံးဖြတ်လိုက်တာဟာ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေအတွက် အကောင်းဆုံး၊ အဆင့်အမြင့်ဆုံး ဝန်ဆောင်မှုတွေ ပေးဖို့အတွက်ပါပဲ။ ဒါက ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး မိုဘိုင်း ဖုန်းသုံးစွဲမှု ၉၀ ရာခိုင်နှုန်းအထိ ရရှိရမယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ဦးတည်ချက်ကို ဖြည့်စွမ်းပေးမယ့် ကျွန်တော်တို့ရဲ့ ဦးတည်ချက်အတွက်ပဲ ဖြစ်ပါတယ်” လို့လည်း သူက ထပ်မံပြောကြားခဲ့ပါသေးတယ်။ ဆက်သွယ်ရေး လိုင်စင် ရရှိထားတဲ့ Ooredoo က မြန်မာနိုင်ငံတွင် 3G ကွန်ရက်စနစ် ဖော်ဆောင်ရန် ရေဒီယိုအခြေခံအဆောက်အအုံများ ဆောင်ရွက်ရန်အတွက် NSN ကို မကြာသေးမီက ရွေးချယ်ထားတာပါ။ ဒီလို ရွေးချယ်လိုက်တာကြောင့် NSN က မြန်မာနိုင်ငံ ဆက်သွယ်ရေး လုပ်ငန်း အတွင်း စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ယခု ဖွင့်လှစ်လိုက်သော NSN ရုံးခွဲနှစ်ခုကလည်း ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။