လူငယ်လေးတစ်ယောက်က စတိုးဆိုင်တစ်ခုရဲ့ကောင်တာက ဖုန်းကနေ တစ်နေရာကို ဆက်ပြီး အနားမှာရှိတဲ့ ဆိုင်ရှင်ကလည်း ဒါကို အမှတ်မထင် အကဲခတ်နေမိပါတယ်။ လူငယ်ကလေးက တစ်ဖက်ကို ''အဒေါ်ခင်ဗျား၊ ကျွန်တော့်ကို အဒေါ့်ခြံထဲမှာ မြက်ရိတ်တဲ့အလုပ်ပေးပါလားခင်ဗျား'' လို့ ဖုန်းဆက်နေတာပါ။ တစ်ဖက်ဖုန်းက ဖြေသံကို ကြားရတာတော့ သူ့ဆီမှာ လက်ရှိအဲဒီအလုပ်ကို လုပ်နေသူရှိနေတဲ့အကြောင်းပါ။ ဒါပေမဲ့ လူငယ်ကလေးက လက်မလျှော့ဘဲ လက်ရှိလုပ်နေသူရဲ့လုပ်ခတစ်ဝက်လောက်နဲ့ သူလုပ်မယ့်အကြောင်း ပြောပေမဲ့ တစ်ဖက်ကတော့ စိတ်ဝင်စားပုံမပေါ်ဘဲ လက်ရှိလုပ်နေသူကို စိတ်ကျေနပ်မှုရှိကြောင်းသာ ပြောပါတယ်။
လူငယ်ကလေးက ထပ်ပြီးတော့ ''အဒေါ့်အိမ်ကြမ်းနဲ့ လှေကားတွေကို အလကားတံမြက်စည်း လှည်းပေးပါဦးမယ်'' လို့ ထပ်ကမ်းလှမ်းလိုက်ပါတယ်။ ဒါပေမဲ့ တစ်ဖက်က အမျိုးသမီးကတော့ ''တော်ပါပြီကွယ်၊ ကျေးဇူးပါပဲ'' လို့ပဲ တုံ့ပြန်လိုက်ပါတယ်။ လူငယ်လေးကတော့ အငြင်းခံလိုက်ရပေမဲ့ ပြုံးရွှင်နေတဲ့မျက်နှာထားနဲ့ ဖုန်းကို ပြန်ချလိုက်ပါတယ်။ ဒါကို မြင်တဲ့ဆိုင်ရှင်က ကောင်လေးကို ''မင်းရဲ့အကောင်းမြင်တတ်တဲ့စိတ်ကိုတော့ သိပ်သဘောကျသွားပြီကွာ၊ မင်းကို ငါအလုပ်တစ်ခုပေးမယ်''လို့ ဆိုလိုက်ပါတယ်။ ဒါပေမဲ့ ကောင်လေးက ''မလိုပါဘူး ခင်ဗျ၊ ကျေးဇူးပါပဲ'' လို့ ပြောပါတယ်။ ဒီတော့ ဆိုင်ရှင်က အံ့သြပြီး ''မင်းအလုပ်တစ်ခုရှာနေတာ မဟုတ်လား'' လို့ မေးလိုက်ပါတယ်။ ဒီတော့ ကောင်လေးက ''မဟုတ်ဘူးခင်ဗျ၊ ကျွန်တော် လက်ရှိလုပ်နေတဲ့အလုပ်အပေါ် ကျွန်တော့်စွမ်းဆောင်ရည်ကို ကျွန်တော့်ဘာသာ စစ်ဆေးနေတာပါ။ ခုနက ကျွန်တော် ဖုန်းဆက်တဲ့အဒေါ်ကြီးဆီမှာ မြက်ဖြတ်တဲ့ အလုပ်လုပ်နေတာက ကျွန်တော်ပဲ ခင်ဗျ'' တဲ့။ ပြီးတော့ သူက စကားဆက်လိုက်ပုံက ''ဒါကို ကိုယ့်ဘာသာ အကဲဖြတ်ချက်လို့ ခေါ်ပါတယ်ခင်ဗျ'' တဲ့၊ ကဲ..။
ဥပဒေသ ။ ။ ကိုယ့်ဘာသာအကဲဖြတ်ချက် အစစ်ဆိုတာ ကိုယ့်ရင်ထဲကမဟုတ်ဘဲ အလုပ်ရှင်ရဲ့ ရင်ထဲကဟာကို ရအောင်ရှာယူနိုင်မှ အမှန်ကို သိနိုင်ပါမယ်။
အပြုံးနှင့်စီမံ အပြုံးနှင့်နာခံနိုင်ကြပါစေ။
ရီနေနိုင်