အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် အမျိုးသားဝန်ထမ်းတစ်ဦးတို့ အလုပ်ခွင်တွင်ရှိနေခိုက် အမျိုးသမီးဝန်ထမ်းက ''အလုပ်ရှင်ရောက်လာရင် ငါဒီနေ့ရက်အားရအောင် လုပ်ပြမယ်'' ဟု ပြောလိုက်သည်။ အမျိုးသားက ''မဖြစ်နိုင်တာကွာ၊ ဘယ်လိုလုပ်ရနိုင်မှာလဲ'' ဟုဆိုရာ အမျိုးသမီးက ''ငါဘယ်လိုလုပ်တယ်ဆိုတာ နင်ကြည့်လေ'' ဟု ဆိုသည်။ အလုပ်ရှင်ရောက်လာချိန်တွင် အမျိုးသမီးက မျက်နှာကြက်သို့ ကြိုတင်တက်ပြီး မျက်နှာကြက်အပေါက်မှ ခေါင်းပြူကာ ကိုယ်တစ်ပိုင်းအောက်သို့ ထွက်လျက်ကြည့်နေသည်။ အလုပ်ရှင်က ''ဟေ့၊ မင်းဘယ်လိုဖြစ်နေတာလဲ''ဟု မေးလိုက်ရာ အမျိုးသမီးက ''ကျွန်မက မီးသီးပါ'' ဟု ဆိုလိုက်သည်။ ထိုအခါ အလုပ်ရှင်က ''သြော်၊ မင်းအလုပ်တွေများလွန်းလို့ စိတ်ဖိစီးပြီး ကြောင်တောင်တောင် ဖြစ်နေတာကိုး၊ ကဲ၊ မင်း ဒီနေ့တော့ အနားယူလိုက်မှကောင်းမယ်၊ အိမ်ပဲပြန်လိုက်ပါ'' ဟု ဆိုသည်။ သို့ဖြစ်ရာ အမျိုးသမီးက ပစ္စည်းသိမ်းဆည်းပြီး အခန်းထဲမှ ထွက်ခွာသွားသည်။ အမျိုးသားဝန်ထမ်းဖြစ်သူကလည်း သူ့နောက်မှ ခပ်တည်တည်ဖြင့် လိုက်ပါသွားသည်။ အလုပ်ရှင်က ''ဟေ့၊ ဟေ့၊ မင်းကဘယ်သွားမလို့လဲ'' ဟု မေးရာ သူက ''ကျွန်တော်လည်း အိမ်ပြန်ရမယ်လေဆရာ၊ မီးသီးမရှိမှတော့ ကျွန်တော်လည်း ဘယ်လိုအလုပ်လုပ်မလဲဆရာရယ်၊ ပြီးတော့ ကျွန်တော်က အမှောင်ကြောက်တတ်တယ် ဆရာရဲ့'' ဟု ဆိုလိုက်လေသည်။
ဥပဒေသ။ ။ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတွင် တစ်ဦးတစ်ယောက်က စည်းဖောက်ပြီး အခွင့်အရေးယူခြင်းကို သက်ဆိုင်ရာအကြီးအကဲက မသိ၍ဖြစ်စေ၊ သိလျက်ဖြစ်စေ လိုက်လျောခွင့်ပြုလိုက်ပါက ယင်းစည်းကမ်းပျက်ယွင်းမှုမှာ ကျန်ဝန်ထမ်းများကိုပါ အလွယ်ကူးစက်ပျက်စီးသွားတတ်သည်။
အပြုံးနှင့်စီမံ အပြုံးနှင့် နာခံနိုင်ကြပါစေ။
ရီနေနိုင်