နာမည်ကျော် ကြိုးတန်းလျှောက် သူရဲကောင်း 'သည်ဂရိတ် ဇွန်ဘရာတီ' ဟာ နိုင်ဂရာရေတံခွန်အပေါ်က ဖြတ်ပြီး ကြိုးတန်းလျှောက်ပြရာမှာ ရာသီဥတုမကောင်းလှဘဲ လေအလွန်တိုက်နေတဲ့အတွက် အတော်လေး စွန့်စွန့်စားစား ဖြတ်သန်းပြီးမှ တစ်ဖက်ကမ်းကို ရောက်သွားပါသတဲ့။ သူ့ပြကွက်မှာ တစ်ဖက်ကမ်းက ပြန်လျှောက်တဲ့အခါ ဝီးလ်ဘာရိုးလို့ခေါ်တဲ့ ရှေ့ဘီးတစ်ဖက်တပ် လက်တွန်းလှည်းငယ်ကိုတွန်းပြီး ပြန်လာရမှာမို့ သူ့ခမျာ အခုလို ရာသီဥတုမျိုးထဲမှာ ဒါကိုလုပ်ဖို့ တွန့်ဆုတ်နေပါသတဲ့။ အဲဒီအချိန်မှာပဲ သူ့ကိုအားပေးနေတဲ့ ပရိသတ်ထဲက တစ်ယောက်ကတော့ ကြိုးတန်းပေါ်မှာ ဘီးတစ်ဖက်တပ်လှည်းကိုတွန်းပြီး အပြန်လမ်းကို လျှောက်နိုင်မယ်လို့ တကယ်ယုံကြည်ကြောင်း သူ့ကို အားပေးနေပါတယ်။ ''ခင်ဗျား တကယ်လုပ်နိုင်မယ်ဆိုတာ ကျွန်တော်သိနေပါတယ်''လို့ သူက ဆိုပါသေးတယ်။ ဒီတော့ ဇွန်ဘရာတီက သူ့အမာခံပရိသတ်ကို ''ခင်ဗျား ကျွန်တော့်ကို တကယ်ယုံတာလား''လို့ ပြန်မေးလိုက်ပါတယ်။ ဒီတော့ ဟိုလူကလည်း ''တကယ်ပေါ့ဗျာ၊ ခင်ဗျားလုပ်နိုင်မယ်ဆိုတာ သေချာနေတဲ့ဟာပဲ'' လို့ အတည်ပြုလိုက်ပါတယ်။ ဒီတော့ ဇွန်ဘရာတီက တုံ့ပြန်လိုက်ပုံကတော့ ''ကောင်းပြီလေ၊ ဒါဆို ခင်ဗျား အဲဒီလှည်းထဲ ဝင်ထိုင်လိုက်ဗျာ..'' တဲ့။
ဥပဒေသ ။ ။ လုပ်ရဲကိုင်ရဲဖြစ်အောင် တွန်းအားပေး ထောက်ခံတယ်ဆိုတာ လုပ်သင့်တဲ့ဟာဆိုတာ သေချာပေမယ့် စွန့်စားရလွန်းမယ့်ကိစ္စမျိုးကိုလုပ်ဖို့ ဇွတ်တွန်းအားပေးနေတာကတော့ ချောက်တွန်းသလို ဖြစ်နေတတ်ပါတယ်။
အပြုံးနှင့်စီမံ အပြုံးနှင့်နာခံနိုင်ကြပါစေ။
ရီနေနိုင်