ဆွန်ဇူးရဲ့ပြောကြားချက်ကို မန်နေဂျာရှုထောင့်မှ သုံးသပ်ချက် . . .

စီမံချက်ရေးဆွဲခြင်း

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ (အခန်း ၁)

ဆွန်ဇူးရဲ့ပြောကြားချက်ကို မန်နေဂျာရှုထောင့်မှ သုံးသပ်ချက် . . .

Coke နဲ့ Pepsi ကုမ္ပဏီတို့ဟာ အချင်းချင်းအပြင်းအထန် ယှဉ်ပြိုင်လုပ်ကိုင်ကြတဲ့အခါ၊ ဒါမှမဟုတ် P&G ကုမ္ပဏီဟာ ဈေးကွက်ဝေစုပိုရလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားဆုံးဖြတ်တဲ့အခါ ဒီကုမ္ပဏီတွေဟာ အပြိုင်အဆိုင် ဈေးကွက်သုတေသနက ရရှိထားတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားကြရမယ်။ Xerox ဟာ ကမ္ဘာ့အဆင့်မီယှဉ်ပြိုင်နိုင်တဲ့ ကုမ္ပဏီဖြစ်လာဖို့ သန္နိဋ္ဌာန်ချထားတဲ့အခါ သူ့ရဲ့လုပ်ငန်းစဉ်တိုင်းဟာ အလားတူတခြားကုမ္ပဏီတွေရဲ့ လုပ်ငန်းစဉ်တွေနဲ့ ယှဉ်လိုက်ရင် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ စဉ်းစားဆုံးဖြတ်ပါတယ်။

ကုမ္ပဏီတွေရဲ့ အရည်အချင်းတွေကို နှိုင်းယှဉ်လေ့လာရာမှာ တိုက်ရိုက်ယှဉ်ပြိုင်တဲ့နည်းနဲ့ ယှဉ်ပြိုင်ရသလို တခြားကုမ္ပဏီတွေရဲ့ အရည်အချင်းတွေကို လေ့လာမှတ်သားထားရတဲ့နည်းဆိုပြီး နှစ်နည်းရှိတယ်။ စံအဖြစ် လေ့လာမှတ်သားတယ်ဆိုတာ မိတ်ဆွေကုမ္ပဏီကိုရော၊ ရန်သူကုမ္ပဏီကိုပါ သူတို့ရဲ့အားသာချက်တွေနဲ့ အားနည်းချက်တွေကို ကိုယ့်ရှက်စိတ်ကို ဘေးချိတ်ပြီး သင်ယူမှတ်သားထားတာဖြစ်တယ်။ Ford ဟာ လုပ်ငန်းလည်ပတ်မှုကောင်းတဲ့ တခြားကုမ္ပဏီခြောက်ခုကို စံထားနိုင်ရေးအတွက် အဲဒီလိုလေ့လာမှတ်သားတဲ့အခါ အောက်ပါအရည်အချင်းတွေကို သတိပြုမှတ်သားနိုင်ခဲ့တယ်။

၁။ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ကျွမ်းကျင်မှုတွေဟာအများနဲ့ ယှဉ်ပြိုင်ရာမှာ အားသာချက်တွေဖြစ်နေတယ်။

၂။ ကန့်သတ်ချုပ်ကိုင်မှုအစား ယုံကြည်စိတ်ချမှုနဲ့ လုပ်ကိုင်ကြတယ်။

၃။ လုပ်ငန်းအဖွဲ့တွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကြတဲ့အတွက် တခြားကုမ္ပဏီတွေထက်သာတဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ထုတ်လုပ်ဆောင်ရွက်ပေးခဲ့တယ်။

၄။ စာအုပ်ကြီးအတိုင်း အထက်အောက်အဆင့်ဆင့် တင်ပြလုပ်ကိုင်မယ့်အစား အဖွဲ့ငယ်လေးတွေဖွဲ့ပြီး လုပ်ကိုင်ကြတယ်။

၅။ လုပ်ကိုင်ခွင့်ကို တစ်ဦးတည်းက ယူထားတာမဟုတ်ဘဲ လိုအပ်သလို ခွဲဝေအပ်နှင်းပေးတယ်။

၆။ လိုအပ်တဲ့ပညာပေးသင်တန်းတွေကို အလွယ်တကူ ရရှိနိုင်ကြတယ်။

အထက်ပါခြောက်ချက်အပြင် ဒီကုမ္ပဏီတွေဟာ မိမိတို့ရဲ့ဖောက်သည်တွေအလိုဆန္ဒကို ဖြည့်ဆည်းပေးဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်ကိုင်ကြတာကိုလည်း တွေ့ရတယ်။

ဒီစံတွေကို လေ့လာထားသူတွေဟာ မိမိတို့လည်း အပြောင်းအလဲတွေကို မဖြစ်မနေ စိတ်အားထက်သန်စွာ လုပ်ကိုင်လိုသူတွေဖြစ်လာကြပါတယ်။ ဥပမာပြောရရင် အပြည်ပြည်ဆိုင်ရာ အီလက်ထရောနစ် ကုမ္ပဏီတစ်ခုဟာ မိမိရဲ့စက်ရုံတွေမှာ စံအဖြစ်သတ်မှတ်ဖို့ လုပ်ငန်းအလိုက် လေ့လာတဲ့အခါ စက်ရုံအတော်များများဟာ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို အလွန်ထိရောက်စွာ လုပ်ကိုင်နိုင်တာကို တွေ့ရတယ်။ ဒီတွေ့ရှိချက်တွေကို အကြောင်းပြုပြီး ပါဝင်ပတ်သက်သူတွေဟာ ကုမ္ပဏီတွင်း ပိုမိုထိရောက်တဲ့ လုပ်ကိုင်နည်းစနစ်တွေကို မဆိုင်းမတွ လက်ခံလုပ်ကိုင်လာကြရေးအတွက် တက်ကြွစွာ ဦးဆောင်ဆောင်ရွက်လာကြပါတော့တယ်။

managerviewsuunzuu

အလွန်အောင်မြင်တဲ့ စီးပွားရေးကုမ္ပဏီ ငါးရာစာရင်းထဲမှာ ပါဝင်တဲ့ကုမ္ပဏီတစ်ခုဟာ တခြားကုမ္ပဏီကြီးတွေက အောင်မြင်ရေးအတွက် အဓိကအရည်အချင်းတွေအဖြစ် ယူဆထားတာတွေထဲက စံအဖြစ်သတ်မှတ်ရမယ့် အရည်အချင်းတွေကို လေ့လာမှတ်သားပါတယ်။ အောင်မြင်ရေးသော့ချက်တွေအဖြစ် တင်ပြကြရာမှာ အအောင်မြင်ဆုံးကုမ္ပဏီတွေက သူတို့ရဲ့လုပ်နည်းလုပ်ဟန် နည်းစနစ်တွေကို တင်ပြခဲ့ကြကာ သူတို့လောက် မအောင်မြင်တဲ့ကုမ္ပဏီတွေကတော့ လုပ်နည်းလုပ်ငန်း နည်းစနစ်တွေကို ထည့်မပြောဘဲ ရလဒ်တွေကိုသာ အဓိကထား တင်ပြကြတယ်။ ရလဒ်ကောင်းမကောင်းဆိုတာ လုပ်နည်းလုပ်ဟန်နည်းစနစ် ကောင်းမကောင်းပေါ်မှာ တည်မှီနေတယ်ဆိုတဲ့အချက်ကို သူတို့အားလုံး သတိမပြုမိခဲ့ပုံပေါ်တယ်။

ကုမ္ပဏီတွေအချင်းချင်း ယှဉ်ပြိုင်ကြတဲ့အခါ ဝယ်ယူအသုံးပြုသူတွေနဲ့ ဆိုင်ရာအချက်အလက်တွေကို အသုံးပြုကြတယ်။ ဝယ်ယူစားသုံးသူတွေနဲ့ အဆင်ပြေပြေဆက်ဆံဆောင်ရွက်ပေးရတဲ့နည်းတွေကို သုံးကြရတယ်။ ဒီလိုပုံမှန်လုပ်နေကြတာဟာ တစ်နည်းအားဖြင့် စံကိုတွေ့အောင် ရှာဖွေမှတ်သားနေခြင်းပဲ ဖြစ်တယ်။ အဲဒီလို စံတွေတွေ့အောင်ရှာရတဲ့အလုပ်ဟာ ကုန်ပစ္စည်းတွေ ရောင်းကောင်းအောင် ဈေးနှုန်းသတ်မှတ်ရခြင်း၊ ကြော်ငြာရခြင်းစတဲ့ မားကက်တင်းအလုပ်မှာ အလွန်လွန်ကူစွာ နားလည်နိုင်တဲ့အလုပ်ဖြစ်ပြီး ဝယ်ယူသုံးစွဲသူတွေကို ဈေးလျှော့ရောင်းခြင်း၊ လက်ဆောင်ပေးခြင်း စတာတွေကနေ ကုမ္ပဏီအတွက် ဘယ်လောက်အကျိုးရှိလာသလဲဆိုတာ အမြဲစိစစ်မှတ်သားနေရတဲ့ အလုပ်လည်းဖြစ်တယ်။ နောက်ပေါ်လာတဲ့အကောင်းဆုံးနည်းကို စံအဖြစ် သတ်မှတ်ကာ ဒါကိုပဲ တိုးချဲ့အသုံးပြုသွားတယ်။ ပထမဦးဆုံးကတော့ နည်းနည်းနဲ့စရတာဖြစ်တယ်။ စံအဖြစ် သတ်မှတ်နိုင်ဖို့ အဲဒီလို အမြဲမပြတ် စမ်းသပ်နေရတယ်။ Overstock.com လို အွန်လိုင်းလက်လီဆိုင်တွေဟာ ဝယ်ယူသုံးစွဲသူတွေကို တူရာတူရာအုပ်စုခွဲထားပြီး စံရအောင်ရှာတယ်။ ဒီနည်းအားဖြင့် ဘယ်အုပ်စုကို ဘာပစ္စည်း ဘယ်လိုရောင်းရမလဲဆိုတာ ပိုပြီး ပီပီပြင်ပြင်ဖြစ်လာကာ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေကို ရရှိလာနိုင်ပါတယ်။

ညွန့်သောင်း