လူတွေသိလေ ပိုကောင်းလေ

ကြော်ငြာ - ကြော်ငြာလို့ ဆိုလိုက်သည်နှင့်တစ်ပြိုက်နက်  အကြောင်းကိစ္စတစ်ခုခုကို လူတစ်စုကိုဖြစ်စေ၊ လူအများကိုဖြစ်စေ သိကြားနားလည်စေရန် ဆောင်ရွက်ပေးခြင်းဟု သဘောပေါက်ကြပြီးသားဖြစ်သည်။ အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဆိုရလျှင် အကြောင်းခြင်းရာ တစ်ခုခုကို လူအများသိရအောင် နည်းပေါင်းစုံဖြင့် ဖော်ထုတ်ခြင်း ဖြစ်သည်။

ကြော်ငြာ၏သမိုင်းကြောင်းက ရှည်လျားလွန်းသည်။ ယဉ်ကျေးသောလူ့အဖွဲ့အစည်းဟူ၍ သတ်မှတ်ခြင်း မပြုရသေးမီကာလကပင် ကြော်ငြာသည့်အဓိပ္ပာယ် သက်ရောက်သောချဉ်းကပ်မှုမျိုးက ပေါ်ပေါက်ခဲ့ပြီး ဖြစ်နေသည်။ ကြော်ငြာသဘောတရားသက်ဝင်သော ပြုမူဆောင်ရွက်ချက်များမှာ မြို့ပြပြည်ရွာများ စတင်သန္ဓေတည်လာခြင်းနှင့်အတူ ပူးတွဲပါရှိလာပြီးဖြစ်သည်။ အုပ်ချုပ်ရေးကိစ္စများပေါ်ပေါက်လာသည်၌ အမိန့်တစ်စုံတစ်ရာဟူသည် ကြော်ငြာပင်ဖြစ်သည်။ 'အမိန့်ကြော်ငြာစာ' ဟူသောအသုံးအနှုန်းမှာ ထင်ရှားသည်။ လူအများကို လိုက်နာဆောင်ရွက်စေရန် ထုတ်ပြန်သောအမိန့်မှာ အလိုအလျောက်ပင် ကြော်ငြာသည့်သဘောကို ဆောင်ပြီးသားဖြစ်နေသည်။ ဤသို့ဖြင့် သတင်းလုပ်ငန်းများ၌လည်း ကြော်ငြာကိစ္စက တစ်ဆက်တစ်စပ်တည်း ပူးတွဲပါဝင်လာသည်ကို တွေ့ကြရပြန်သည်။

မြန်မာနိုင်ငံတွင် ပုံနှိပ်လုပ်ငန်းအခြေစတည်သည့် ၁၉ ရာစုအစောပိုင်းကာလမှာပင် စာနယ်ဇင်းများ ပေါ်ထွက်လာကာ ကြော်ငြာများကို ထည့်သွင်းပုံနှိပ်မှုကို ဦးစွာတွေ့ကြရသည်။ ပုံနှိပ်စက်များ ဖောဖောသီသီ ပျံ့နှံ့လာချိန်မှာ ဒေသအလိုက် လုပ်ငန်းဆိုင်ရာကြော်ငြာများကို ပုံစံအမျိုးမျိုးဖြင့်တွေ့ကြရသည်။ ရိုးရိုးခဲစာလုံးများကို ပန်းနွယ်ပန်းခက်များနှင့် အကြီးအသေးမျှအောင်စီထားသည့် စာသားသက်သက် ကြော်ငြာများကို အတွေ့ရများသည်။

ရောင်းကုန်ပစ္စည်းများကို မှာယူနိုင်ကြောင်း ကြော်ငြာကြသည်။ ပစ္စည်းတစ်ခုချင်းကို ရုပ်ပုံနှင့်တကွ၊ ဈေးနှုန်းနှင့်တကွ အသိပေးပြီး စာတိုက်ဝန်ဆောင်မှု (Postal Service) ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာထည့်သွင်းကြသည်။ စာတိုက်မှတစ်ဆင့် အိမ်ပေါက်ဝသို့ရောက်လာသည့်ပစ္စည်းကို ကျသင့်ငွေ ပေးချေကြရသည်။ စာသားသက်သက်ရေး၍ ကြော်ငြာကြသလို ရုပ်ပုံများ ထည့်သွင်းကြော်ငြာလာကြသည်ကိုလည်း တွေ့ရသည်။ ကနဦးစာနယ်ဇင်းပါ ကြော်ငြာအများစုမှာ အရောင်မပါဘဲ Line Block ဖြစ်ကာ အရောင်တစ်ရောင်တည်းသာ ရိုက်ကြသည်။ အဖြူပေါ်အနက်ထင်လျှင် ပြီး၏။ ပန်းချီဆရာ၏ မင်ခြစ်ရုပ်ပုံကို လက်ထွင်းဘလောက်ခဲတို့ဖြင့်သာ အစပြုခဲ့ကြရသည်။ လိုင်းအထူအပါးတို့ဖြင့်သာ အစပြုခဲ့ကြရသည်။ ထိုမှတစ်ဆင့် ဓာတ်ဆားဘလောက်များပေါ်လာပြီး အရောင်ခွဲကာ လေးကြိမ်ရိုက်လာကြသည်။ နီဝါပြာနက် တစ်ရောင်တစ်ကြိမ် ရိုက်ကြရသည်။

peopleknow

မြို့ကြီးပြကြီးလူနေမှုပုံစံ၌ ကြော်ငြာဟူသည် နေ့စဉ်ဘဝနှင့် လုံးဝကင်းလွတ်ခွင့်မရသောကိစ္စဖြစ်လာသည်။ မျက်စိနှစ်လုံးပွင့်၍ နံနက်အိပ်ရာထမှာပင် ရေဒီယို ရုပ်/သံနှင့် သတင်းစာများမှကြော်ငြာတို့က အသင့်စောင့်နေကြပြီဖြစ်၏။ နံနက်စာစားချိန်တွင်လည်း ကြော်ငြာနှင့်မလွတ်။ မကြည့်ချင်ဘဲနှင့် မြင်နေရသလို နားမထာင်ဘဲနှင့်လည်း ကြားနေရပေသည်။ လမ်းထိပ်မှာအစောကြီး ရောက်လာတတ်သော ဆေးကြော်ငြာကားက သူ့ဆေးကို သူ့ဘာသာ လော်သံကျယ်ကျယ်နှင့် ကြော်ငြာသည့်အသံက ခွင့်မလွှတ်နိုင်လောက်အောင် ကျယ်လောင်လွှမ်းမိုးနေလေ့ရှိသည်။

တစ်စတစ်စနှင့် ကမ္ဘာကြီးတွင် လူဦးရေက ပေါက်ကွဲလာသည်။ ပညာရပ်နယ်ပယ်က ကျယ်ပြန့်လာသည်။ ခေတ်သစ်လူနေမှုပုံစံက ပိုမိုပီပြင်လာသည်။ ရောင်းရေးဝယ်တာက အရပ်ရှစ်မျက်နှာအလစ်အဟာ မရှိလောက်အောင် ခြေတံလက်တံရှည်လျားလာကြသည်။ ဈေးကွက်အတွင်း သူသူငါငါ ချင်းနင်းဝင်ရောက်ကြရာတွင် ကြော်ငြာသည် ထိရောက်သောလက်နက်ဖြစ်လာသည်။ ထို့ကြောင့် ကြော်ငြာကို လူတိုင်းစိတ်ဝင်စားစေရန်၊ နှစ်ခြိုက်စွဲလမ်းစေရန်၊ ရေရှည်မှတ်မိနေစေရန်၊ အစွမ်းကုန်အားထုတ် ကြိုးပမ်းလာကြသည်။ လုပ်ငန်း၏အမှတ်တံဆိပ်၊ အမည်နာမနှင့် ဆောင်ပုဒ်တို့ကို မှတ်မိလွယ်အောင်၊ အသံထွက်ရလွယ်အောင်နှင့် မျက်စိထဲ တည့်တည့်တိုးမည့်အရောင်းအသွေးနှင့် အရွယ်အစား အချိုးကျမှုတို့ကို အသေအချာစဉ်းစားရွေးချယ်သုံးစွဲကြရသည်။ ထိုသို့သောအားထုတ်မှုများကြောင့် အချို့ အချို့သော ကုန်ပစ္စည်းတို့၏ အမည်နာမ၊ အမှတ်တံဆိပ်နှင့်ဆောင်ပုဒ်တို့သည် နှစ်ကာလပေါင်းများစွာ ကြာရှည်ခဲ့လင့်ကစား ယနေ့ထက်တိုင် လူထုနှင့်ရင်းနှီးစွာ သက်ဝင်တည်တံ့ ထင်ရှားခိုင်မာဆဲပဲ ရှိနေကြမြဲ ဖြစ်ကြပေသည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးသည်မှစကာ ခေတ်သစ်လူနေမှုပုံစံက ပို၍ပီပြင်လာသည်။ ရုပ်ဝတ္ထုပစ္စည်းများက ပို၍စုံလင်လာသည်။ ပြောင်းလဲမှုများက မြန်ဆန်လာသည်။ ၂၀ ရာစုနှောင်းပိုင်း၌ ပို၍ပို၍ သွက်လက်လာကာ ရုတ်ခြည်းပင် အသစ်အသစ်တို့ ထွက်ပေါ်လာသည်။ လျှပ်စစ်မှ အီလက်ထရောနစ်သို့ ရွေ့သည့် အရွေ့၌ ကမ္ဘာတစ်ဝန်းလုံး အကြီးအကျယ်ပြောင်းသွားသည်။ ဒစ်ဂျစ်တယ်ကမ္ဘာကြီးဘဝတွင် လုပ်ငန်းအသစ်များ အမြောက်အမြားပေါ်လာကာ အားလုံးနီးပါးက ကွန်ပျူတာအခြေပြုလုပ်ငန်းများဖြစ်လာပြီး ကြော်ငြာဆိုင်းဘုတ်များကို အီလက်ထရောနစ်နည်းပညာနှင့် ဖန်တီးမှုအတိပြီးကာ နီယွန်နေရာ၌ အယ်လ်အီးဒီတို့ ဝင်ရောက်ခဲ့ကြပေသည်။

ကုမ္ပဏီကြီးကြီးငယ်ငယ်တို့က သိပ္ပံနှင့်နည်းပညာ အကူအညီဖြင့် ကမ္ဘာအနှံ့ကြော်ငြာဖြန့်လာကြသည်။ မီဒီယာမှန်သမျှ ကြော်ငြာများနှင့်သာ ပြည့်ကျပ်လာကြပါသည်။ အချိန်နှင့်အမျှ ထွက်ပေါ်လာသည့် ပစ္စည်းသစ်များအတွက် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ်ပေးပို့ကြသည်။ ကြော်ငြာကို ကြော်ငြာဟု မသိစေရသောနည်းလမ်းများကိုပင် အသုံးချတတ်လာကြသည်။ ကာတွန်းရုပ်ပြောင်များကို ပို၍အားကောင်းအောင် စီရင်ကာ ကြော်ငြာများ၌ ထည့်သွင်းလာကြသည်။ ဝယ်မည့်သူ၏ စိတ်နှလုံးကို ညွတ်နူးစေရန် ကြော်ငြာခြင်းအနုပညာကို ကျွမ်းကျင်စွာကိုင်တွယ် အသုံးချလာကြပါသည်။ ပန်းချီဆရာ၊ ဒီဇိုင်းဆရာတို့က ကြော်ငြာခြင်းအတတ်ပညာနှင့် စီးပွားရေးအနုပညာတို့ကို ပေါင်းစပ်ပေးကြရသည်။

အဆောက်အအုံ၊ မြေပြင်အခင်းအကျင်း၊ နေရာချထားမှု၊ အစိမ်းရောင်ပတ်ဝန်းကျင်၊ ထုပ်ပိုးပစ္စည်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ဆောင်ပုဒ်နှင့် စာလုံးပုံစံ၊ အရောင်အသွေးနှင့် အထားအသို၊ အကြီးအသေးနှင့် အစိပ်အကျဲ၊ အလင်းအမှောင်နှင့် အမှိန်အဖျော၊့ အစပ်အဟပ်နှင့် အဖွင့်အပိတ် စသည်တို့ဖြင့် လူတို့၏အဇ္ဈတ္တကို ပစ်မှတ်ထားကာ ကြော်ငြာတို့ကို ဖန်တီးချိန်ရွယ်သုံးပြုလာကြသည်။

ဤသို့ဖြင့် ကြော်ငြာခြင်းအတတ်ပညာ၊ အနုပညာနှင့် နည်းပညာတို့၏ နယ်ပယ်သည် ကျယ်ပြန့်သည်ထက် ကျယ်ပြန့်၊ နက်နဲသည်ထက်နက်နဲ၊ ပညာပါသည်ထက်ပါကာ ကြော်ငြာသည့်ကိစ္စသည်ပင်လျှင် ဧရာမလုပ်ငန်းကြီးတစ်ခုအဖြစ် ယခုအခါ လွန်စွာတွင်ကျယ်လျက် သူသူငါငါ ဝင်ရောက်လုပ်ကိုင် ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည်။

ယနေ့ခေတ် မြန်မာတို့ရဲ့လုပ်ငန်းနယ်ပယ်အသီးသီး၌ 'ကြော်ငြာမပါ ဘယ်ဟာမှမပြီး' ဟု ယူဆလောက်သည့် အခြေအနေဖြစ်ထွန်းလျက်ရှိသည်။ 'မကြော်ငြာလျှင် မရောင်းရ' ဟုပင် ဆိုရိုးစကား ပြုလာကြသည်။ လုပ်ငန်းကို၊ ဝန်ဆောင်မှုကို၊ ရောင်းကုန်ပစ္စည်းကို ဆိုင်ရာဆိုင်ရာ ဈေးကွက်နယ်ပယ်အတွင်း၌ ရှိနေခြင်းကိုပင်လျှင် လူတကာသိစေရန် ပဏာမကြိုးပမ်းရာတွင် ကြော်ငြာခြင်းသာအဓိကဖြစ်သည်။

နေ့စဉ်ထုတ်သတင်းစာများတွင် ကြော်ငြာစာမျက်နှာများက အခရာကျသည်။ ဂျာနယ်နှင့်မဂ္ဂဇင်းများသည်လည်း ကြော်ငြာကို ရှေ့တန်းတင်ထားကြရသည်။ လူသုံးကုန်၊ အလှကုန်၊ ဖက်ရှင်ပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ စားသောက်ကုန်၊ အားကစား၊ အဝတ်အထည်၊ သယ်ပို့၊ ယာဉ်ရထား၊ စာပေဂီတဓာတ်ပုံရုပ်ရှင်သဘင်၊ တည်ဆောက်ပြုပြင်၊ အိမ်ခြံမြေ၊ ပညာရေး၊ ဆေးဝါး၊ ကျောက်မျက်၊ ဟိုတယ်ခရီး၊ ကွန်ဒို၊ ပုံနှိပ်ထုတ်ဝေ၊ အိမ်ခြံမြေ၊ ဓာတ်သတ္တု၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ တစ်ပတ်ရစ်၊ ရယ်ဒီမိတ်၊ စက်မှုလက်မှု၊ သစ်ပင်ပန်းမန် သစ်သီးဝလံ၊ စိုက်ပျိုးမွေးမြူ၊ ကုမ္ပဏီ၊ ကျန်းမာရေး ဝန်ဆောင်မှု၊ တည်းခိုခန်း၊ အပန်းဖြေခရီး၊ ဒီဇိုင်းနှင့် ဗီနိုင်း အစရှိသော မရေမတွက်နိုင်သည့် လုပ်ငန်းဆောင်တာအ၀၀တို့သည် မိမိတို့၏လုပ်ငန်းများ အထွတ်အထိပ်သို့ အမြန်ဆုံးရောက်ရှိရန်၊ အကြီးအကျယ် အောင်ပွဲခံနိုင်ရန်၊ တစ်ကမ္ဘာလုံးက ဖိမ့်ဖိမ့်တုန်စေရန်၊ ဝင်ငွေသောက်သောက်လဲ ရစေရန်၊ လုပ်ငန်းဆတက်ထမ်းပိုး ကြီးထွားရန်၊ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖော်ဆောင်ပေးနိုင်ရန်၊ လောကအကျိုးလောကသားတို့ ၏အကျိုးကို ပွားစီးစေရန်ဟူသည့် မြောက်မြားလှစွာသောရည်ရွယ်ချက်များအတွက် အထိရောက်ဆုံးဖြစ်နိုင်သည့် ကြော်ငြာနည်းတို့ကို ရွေးချယ်ကာ ကိုယ့်ဂုဏ်သိက္ခာနှင့် လျော်ညီသောကြော်ငြာခြင်း အမှုတို့ကို စဉ်ဆက်မပြတ် ပြုလျက်ရှိနေကြပြီဖြစ်၏။

အက်ဖ်အမ်နှင့် ရုပ်သံမှကြော်ငြာခြင်း၊ ကားရထားတို့၏ကိုယ်ထည်ကို အလုံးစုံလွှမ်းခြုံကြော်ငြာခြင်း၊ လူစည်ကားရာ လမ်းမကြီးများတစ်လျှောက် ရုပ်ပုံကားချပ်ကြီးကြီးမားမားတို့ စိုက်ထူထားရှိကြော်ငြာခြင်း၊ ပုံနှိပ်မီဒီယာများ၌ အရည်အသွေးအပြည့်ဖြင့် စဉ်ဆက်မပြတ်ကြော်ငြာခြင်း၊ ထုတ်ကုန်ပစ္စည်းတစ်ခုချင်းအတွက် သီးခြားမိတ်ဆက်ဖွင့်လှစ်ကြော်ငြာခြင်း၊ အရောင်းဆိုင်ရှေ့တွင် ယာယီနေရာထိုင်ခင်းစီစဉ်ကာ သရုပ်ပြ ကခုန် သီဆိုအော်ဟစ်ဖြေဖျော်တင်ဆက် အရောင်းမြှင့်ကြော်ငြာခြင်းတို့သည် ယခုအခါ မြို့ပြမျက်နှာစာ၌ အခါမလပ်တွေ့မြင်နေကြရသော ကြော်ငြာပုံ ကြော်ငြာနည်းအချို့တို့ဖြစ်ကြသည်။

တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ များပြား ကျယ်ပြန့်ထွန်းကားနေသည့် လက်ရှိလူနေမှုပုံစံထဲတွင် နေ့စဉ် နေထိုင်ဖြတ်သန်းနေကြရသည့်ဘဝ၌ ကိုယ်ကိုယ်တိုင်သည်ပင်လျှင် ကိုယ့်လုပ်ငန်းအတွက် ကြော်ငြာနေရသူ စင်စစ်ဖြစ်နေပြီလော၊ သို့မဟုတ် သူတကာတို့၏ ကြော်ငြာရေစီးကြောင်းထဲတွင် ပါဝင်စီးမျောနေပြီလောဟု ထင်မှတ်မှားရလောက်အောင် ကြော်ငြာများက လွှမ်းမိုးနေပြီဖြစ်၏။ မျက်စိနှင့်နားတို့ကို ဖြတ်သန်းကာ နှလုံးသားထဲထိ စွဲနစ်ခိုအောင်းနေအောင် ကြော်ငြာတတ်သူ အမြောက်အမြားရှိခဲ့ပြီဖြစ်ရာ သူ့အရပ်နှင့် သူ့ဇာတ် ဟူသကဲ့သို့၊ တစ်နည်းအားဖြင့် 'ဆပ်ပြာကောင်းမှ ခေါင်းပေါင်းဖြူ' ဟူသကဲ့သို့ ကြော်ငြာကောင်းမှ လမ်းကြောင်းတည့်မည်ဖြစ်၍ ကြော်ငြာမှုကိစ္စကို ပေါ့ပေါ့ဆဆပြီးပြီးရော သဘောမထားဘဲ တတ်သိနားလည် ကျွမ်းကျင်လိမ္မာသည့် ကြော်ငြာအနုပညာရှင် ကြော်ငြာအတတ်ပညာရှင်တို့နှင့်သာ နှီးနှောတိုင်ပင်ခြင်းအားဖြင့်သာ မိမိတို့၏ Product များကို Promotion လုပ်ကိုင်ခိုင်မာနိုင်ကြသည် ဖြစ်ကြစေလိုသတည်း။

လူတွေသိလေ ပိုကောင်းလေပါခင်ဗျာ...။

သင့်နော်