အမေရိကန်နိုင်ငံအနေဖြင့် လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများစွာအနက် ယုံကြည်စိတ်ချရမှု (Trust) အားနည်းနေခြင်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ယုံကြည်စိတ်ချရမှုဆိုရာတွင် အစိုးရ (သို့မဟုတ်)၊ တစ်ဦးချင်း (သို့မဟုတ်)၊ အဖွဲ့အစည်းအားလုံးနှင့် ပတ်သက်နေပြီး အမေရိကန်လူမျိုးတို့အနေဖြင့် လူတိုင်းကို ယုံကြည်ရသည်ဆိုသည့် စံနှုန်းမှာ ၁၉၇၆ ခုနှစ်တွင် ၄၄ ရာခိုင်နှုန်းထိရှိသော်လည်း ၂၀၁၆ ခုနှစ် စစ်တမ်းများအရ ၃၂ ရာခိုင်နှုန်းသာ ရှိတော့သည်။ အလားတူ အမေရိကန်တို့အနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများကို ''လုံးဝမယုံကြည်ရခြင်း သို့မဟုတ် အနည်းငယ်သာ ယုံကြည်ရသည်'' ဆိုသည့် စစ်တမ်းတွင် ၁၉၇၆ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းသာရှိသော်လည်း ၂၀၁၇ ခုနှစ် ဇွန်လတွင် ၃၉ ရာခိုင်နှုန်းထိ မြင့်တက်လာသကဲ့သို့ ဘဏ်များနှင့်ပတ်သက်လျှင်မူ ၁၉၇၆ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းသာရှိသော်လည်း လက်ရှိအခြေအနေတွင် ၂၈ ရာခိုင်နှုန်းထိ ယုံကြည်မှုကျဆင်းခဲ့ပါသည်။
အလားတူ ဖွံ့ဖြိုးတိုးတက်မှုအားနည်းသည့် နိုင်ငံသုံးဆယ်တွင် ယုံကြည်မှုစံညွှန်းကျဆင်းသည့် တူရကီနှင့် မက္ကဆီကိုတို့တွင် စီးပွားရေးအခြေအနေ ပိုမိုဆိုးဝါးလေသည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအားနည်းသည့် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့တွင်မူ နှစ်နိုင်ငံကြား ကုန်သွယ်ဆက်ဆံမှုနှင့် ရင်းနှီးမြှုပ်နှံမှု နိမ့်ကျကြောင်း တွေ့မြင်နိုင်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော်လည်း ဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းမှုအားနည်းခြင်း၊ တရားဥပဒေစိုးမိုးရေးအားနည်းခြင်း၊ ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ အခြေခံအဆောက်အအုံများ အားနည်းခြင်းကြောင့် နှောင့်နှေးနေရပါသည်။ ရေရှည်တွင် မဖြေရှင်းနိုင်ပါက ယုံကြည်မှုစံညွှန်းကျဆင်းဖွယ်ရှိပါသည်။ တစ်ဖက်တွင်လည်း လက်ရှိစီးပွားရေးလုပ်ငန်းဦးဆောင်နေသူများအဖို့ နိုင်ငံတကာနှင့် ဒေသတွင်းတွင် ကတိတည်ကြည်သော၊ ယုံကြည်အားထားရသော ပါတနာကောင်းများအနေဖြင့် ဂုဏ်သတင်းကျော်ကြားနေရန် လိုအပ်ပါသည်။ အလုပ်နှင့် ငွေရလိုသဖြင့် ကတိများပေးလွန်းခြင်း၊ ပြဿနာအခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်လာပါက တာဝန်မယူ၊ ရှောင်လွှဲခြင်း၊ မိမိကတိပေးထားသည့်အတိုင်း မလုပ်ဆောင်နိုင်ပါက မျက်နှာလွဲခဲပစ် လုပ်ဆောင်ခြင်းတို့သည် ယုံကြည်မှုကို ပျက်ပြားစေကာ မိမိသာမက နိုင်ငံ၏ယုံကြည်မှုစံညွှန်းကောင်းကိုပါ ထိခိုက်စေသဖြင့် ဆင်ခြင်ရန်လိုအပ်ပါကြောင်း။
Ref: The Economist
မောင်သာ