ယခုလက်ရှိ နိုင်ငံတကာစီးပွားရေးလုပ်ငန်းနယ်ပယ်တွင် စိန်ခေါ်လာသည့်အခြေအနေတစ်ခုမှာ ကုမ္ပဏီကြီးတချို့၏ အုပ်ချုပ်မှုဘုတ်အဖွဲ့တို့၏ ချယ်လှယ်နိုင်မှုစွမ်းရည်ပင်ဖြစ်ပါသည်။ ထို STAR ကုမ္ပဏီကြီးတချို့သည် နိုင်ငံတကာစီးပွားရေးတစ်ခုလုံး၏ ဗဟိုချက်ကဲ့သို့ ဖြစ်လာဖွယ်ရှိပြီး ထိုကုမ္ပဏီတချို့မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော GE တို့ ပါဝင်ရုံသာမက မှန်ကန်စွာပြုပြင်ပြောင်းလဲသွားနိုင်သော Samsung ၊ နည်းပညာဝိဇ္ဇာများဖြစ်ကြသော Facebook ၊ Apple တို့ပါဝင်ကြသည်။ ထိုကုမ္ပဏီကြီးများအနေဖြင့် ဖောက်သည်တို့၏ ဘဝနှင့် နေထိုင်မှုပုံစံတို့ကို ကဏ္ဍအလိုက် တိုးတက်မှုရှိစေရုံမျှသာမက အမေရိကန်နှင့် ဥရောပသားတို့အတွက် ခန့်မှန်းခြေအနည်းဆုံး အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံဖိုး 'အခမဲ့ဝန်ဆောင်မှု' ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ သို့သော် ထိုကုမ္ပဏီကြီးတို့၏ ဖြစ်နိုင်ခြေအမှားနှစ်ခုမှာ ပြိုင်ဆိုင်မှုကို အဟန့်အတားဖြစ်စေနိုင်ခြင်းနှင့် ရေရှည်စီမံခန့်ခွဲမှုကို အားနည်းစေနိုင်ခြင်းပင် ဖြစ်ပါသည်။
အထက်ပါအကြောင်းအရာများ၏ အဓိကပြောင်းလဲမှုမှာ ၁၉၉၀ ပြည့်နှစ်များနှင့်စာလျှင် ယခုနှစ်ပိုင်းများတွင် ကုမ္ပဏီများ ပူးပေါင်းခြင်းနှင့် ရှယ်ယာဝယ်ယူခြင်း (Merger & Acquisition) ကြောင့် ဖြစ်ပါသည်။ ဥပမာ - ၁၉၉၀ ပြည့်နှစ်များတွင် အမေရိကန်နိုင်ငံတွင် အကြီးဆုံးကုမ္ပဏီတစ်ရာ၏ ဝင်ငွေမှာ GDP ၏ ၃၃ ရာခိုင်နှုန်းသာ ရှိသော်လည်း ၂၀၁၃ ခုနှစ်တွင် ၄၆ ရာခိုင်နှုန်းအထိလည်းကောင်း၊ အကြီးဆုံးဘဏ် ၅၀ ၏ (ဘဏ်လုပ်ငန်း တစ်ခုလုံး၏) ပိုင်ဆိုင်မှုမှာ ၂၀၀၀ ပြည့်နှစ်များတွင် ၁၅ ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းအထိလည်းကောင်း ရောက်ရှိနေပြီ ဖြစ်ပါသည်။ သို့သော် စွန့်ဦးတီထွင်လုပ်ငန်းငယ်လေးများ အစပြုမှုမှာ နည်းသည်ထက်နည်းလာပြီ ဖြစ်ပါသည်။ အခြားစိန်ခေါ်မှုတစ်ခုမှာ အဆိုပါကုမ္ပဏီများအနေဖြင့် အခွန်ပေးဆောင်ရန် မလိုသော နိုင်ငံဒေသများတွင် ကုမ္ပဏီများ တည်ထောင်လျက် အခြားနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံကြသဖြင့် သက်ဆိုင်ရာနိုင်ငံတွင် အခွန်ပေးဆောင်မှုနည်းသော်လည်း ကုမ္ပဏီဝင်ငွေကို တိုးပွားစေပါသည်။ နည်းပညာတိုးတက်မှုကြောင့် ဝန်ထမ်းအရည်အတွက်လည်း လျော့နည်းလာသဖြင့် အလုပ်အကိုင်ရရှိမှု အခွင့်အရေးနည်းပါးလာသည်။ ၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာ့အကြီးဆုံးကားကုမ္ပဏီ သုံးခုရှိသည့် ဒီထရိုက်မြို့တွင် ဝန်ထမ်း ၁ ဒဿမ ၂ သန်းနှင့် လုပ်ငန်းငွေပမာဏ ဒေါ်လာ ၃၆ ဘီလီယံ ရှိခဲ့သော်လည်း ကမ္ဘာ့အကြီးဆုံးနည်းပညာကုမ္ပဏီသုံးခုရှိသည့် ဆီလီကွန်ချိုင့်ဝှမ်းတွင် လက်ရှိဝန်ထမ်း ၁၄၀,၀၀၀ ခန့်နှင့် ငွေပမာဏ ဒေါ်လာတစ်ထရီလီယံကျော်ထိ လုပ်ကိုင်နိုင်ပါသည်။
မြန်မာနိုင်ငံတွင်လည်း AEC စီးပွားရေးပုံစံနှင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုဖယ်ရှားမည့်အခြေ အနေများတွင် အတော်အသင့် ပြိုင်ဆိုင်နိုင်ရန်လိုအပ်ပါသည်။ AEC မှတစ်ဆင့် ဝင်လာသည့်ဒေသတွင်းဆိုင်ရာ ကုမ္ပဏီများနှင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုဖယ်ရှားရာမှတစ်ဆင့် ဝင်ရောက်လာမည့်နိုင်ငံတကာ ကုမ္ပဏီကြီးများသည် ငွေကြေး၊ နည်းပညာ၊ အတွေ့အကြုံ၊ ဈေးကွက်နှင့် ကျွမ်းကျင်ဝန်ထမ်းများ ပါလာမည်ဖြစ်ပါသည်။
သို့သော် မြန်မာလုပ်ငန်းရှင်အများစုမှာ ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ မူဝါဒများ၊ ပေါ်လစီများ အားနည်းခြင်း၊ ရှေ့ရောက်နေသော လုပ်ငန်းရှင်များအနေဖြင့် မိမိအတ္တ၊ သို့မဟုတ် နာမည်ရရှိရေးကို ဦးတည်လုပ်ကိုင်ကြခြင်း၊ မိမိလုပ်ငန်းနယ်ပယ်ကို စနစ်တကျ ပြုစုပျိုးထောင်မှုအားနည်းခြင်း၊ မိမိကျွမ်းကျင်မှုမရှိသည့် နယ်ပယ်သစ်များကို အလျားလိုက်ပုံစံ (Horizontal) ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခြင်းတို့ တွေ့မြင်ရပါသည်။ ထို့ပြင် ကျွမ်းကျင်ဝန်ထမ်းရှားပါးသဖြင့် ထင်တိုင်းမပေါက် ဖြစ်နေပါသည်။
ယခုအချိန်တွင် မြန်မာကုမ္ပဏီအဖွဲ့အစည်းများ၏ ဦးဆောင်သူများအနေဖြင့် မိမိတို့၏လက်ရှိအခြေအနေကို ရဲရဲဝံ့ဝံ့ဝေဖန်သုံးသပ်ရလျှင် အနာဂတ်အတွက် အလားအလာကောင်းသော ယှဉ်ပြိုင်နိုင်သည့်လုပ်ငန်းစုများ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း .....။
မောင်သာ