Newsweek မဂ္ဂဇင်းကို ပြန်လည်ထုတ်ဝေဖို့စီစဉ်နေ

newsweek-last-print-issue-01-2012 (1) တစ်နှစ်ကျော်ကြာ ရပ်နားခဲ့တဲ့ Newsweek မဂ္ဂဇင်းကို ၂၀၁၄ ခုနှစ်အစောပိုင်းမှာ ပြန်လည် ထုတ်ဝေတော့မယ်လို့ New York Times က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ နိုင်ငံတကာရေးရာ မဂ္ဂဇင်းဖြစ်တဲ့ Newsweek ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ဆုံး ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ Newsweek မဂ္ဂဇင်းဟာ အစဉ်အလာ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ Time မဂ္ဂဇင်း ထက် အမှာစာပေးပြီးဖတ်ရှုရတဲ့ Economist မဂ္ဂဇင်းလိုမျိုး ဖြစ်လာအောင် ရည်မှန်းထားတယ်လို့  Newsweek ရဲ့ အယ်ဒီတာချုပ် Jim Impoco က ပြောပါတယ်။ "ကျွန်တော်တို့က ဒီမဂ္ဂဇင်းကို အဆင့်အတန်းမြင့်တဲ့ ထုတ်ဝေမှုတစ်ခုလို့ မြင်ပါတယ်။ Newsweek မဂ္ဂဇင်းကို ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီလမှာ ပြန်ပြီး ထုတ်ဝေသွားဖို့ မျှော်လင့်တယ်" လို့ သူကဆိုပါတယ်။ ၁၉၃၃ ခုနှစ်ကတည်းက စတင် ထုတ်ဝေခဲ့တဲ့ Newsweek မဂ္ဂဇင်းဟာ အတက်အကျ နှစ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ တစ်ကမ္ဘာလုံး စောင်ရေ ၃.၃ သန်း ရှိခဲ့ပေမယ့် တဖြည်းဖြည်း ကျဆင်းသွားပြီး ၂၀၁၀ ခုနှစ်အရောက်မှာတော့ စောင်ရေ ၁.၅ သန်းသာ ရှိပါတော့တယ်။ မဂ္ဂဇင်းကို ဘီလီယံနာ ရင်းနှီးမြှုပ်နှံသူ Sidney Harman ဆီ ပြီးခဲ့တဲ့သုံးနှစ်က ရောင်းချခဲ့ပြီး The Daily Beast ဝက်ဘ်ဆိုက်နဲ့ ပူးပေါင်းလိုက်ပါတယ်။ ဒီလိုပူးပေါင်းမှုဟာ အမှားအယွင်းတစ်ခုလို ဖြစ်သွားပြီး ပုံနှိပ်မဂ္ဂဇင်းကို ရပ်တန့်ဖို့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှာ ကြေညာခဲ့ပါတယ်။ ဒီတော့မှ ကုမ္ပဏီကိုလည်း တစ်နှစ်ကို ဒေါ်လာ သန်း ၄၀ ခန့် သက်သာသွားစေပါတယ်။ အဲဒီနောက် Newsweek Global အဖြစ် အွန်လိုင်းမှာ ဆက်ရှိနေပြီး ဒစ်ဂျစ်တယ်ကုမ္ပဏီ IBT Media က သြဂုတ်လမှာ ထပ်မံဝယ်ယူသွားပါတယ်။ Newsweek ဟာ ပုံနှိပ် Edition ရဲ့ စောင်ရေကို ပထမနှစ်မှာ ၁ သန်း အထိရှိလာအောင် ခန့်မှန်းကြောင်း Impoco က New York Times ကို ပြောပါတယ်။