မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ ပဉ္စမအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေအစည်းအဝေးပွဲ

myea1

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (Myanmar Young Entrepreneurs Association) ရဲ့ ပဉ္စမအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၇ ရက်က ရန်ကုန်မြို့၊ Melia Hotel ရှိ Inya Ballroom မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းရဲ့ နာယကအဖွဲ့ဝင်လူကြီးများဖြစ်ကြတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းရဲ့ နာယက ဦးဖြိုးမင်းသိန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒုဝန်ကြီးများ၊ အထူးဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်များနဲ့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းရဲ့ အသင်းသူအသင်းသားများတက်ရောက်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း MYEA အနေနဲ့ ရရှိခဲ့တဲ့ Achievement များ

----------------------

၂၀၁၇ ခုနှစ်အတွင်းမှာ Myanmar Entrepreneur Carnival ဆိုတဲ့ စွန့်ဦးတီထွင်ပွဲတော်ကို နှစ်ကြိမ်တိတိ ကျင်းပနိုင်ခဲ့ပါတယ်။ ပထမအကြိမ်ကို ၂၀၁၇ ခုနှစ်၊ ဇွန်လက ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ကျင်းပခဲ့ပြီးတော့ ဒုတိယအကြိမ်ကိုတော့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက မန္တလေးမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုက နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Myanmar Entrepreneurship Summit ဆိုတဲ့ စွန့်ဦးတီထွင်လူငယ် ထိပ်သီးအစည်းအဝေးပွဲ ညီလာခံကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက နေပြည်တော်မှာကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြွရောက်ချီးမြှင့်ပြီးတော့ နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုဝန်ကြီးများ စုံစုံညီညီတက်ရောက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ မန္တလေးတိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနဲ့ မွန်ပြည်နယ်အသင်းဆိုပြီး နယ်အသင်းလေးခုကိုလည်း အောင်မြင်စွာဖွဲ့စည်းခဲ့ပါတယ်။ နောက်ပြီး Entrepreneur တွေအတွက် အကျိုးရှိမယ့် Seminar တွေ၊ Talk တွေကိုလည်း ကျင်းပပေးနိုင်ခဲ့ပါတယ်။

myea2

၂၀၁၈ ခုနှစ်ထဲမှာ ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ

-------------------

၂၀၁၈ ခုနှစ်မှာလည်း ကျွန်တော်တို့အနေနဲ့ ပြုလုပ်နေကျ ပွဲကြီးတွေကို ဆက်လုပ်သွားဖို့ ရှိပါတယ်။ နေပြည်တော်မှာ လုပ်ဖြစ်မလား၊ ရန်ကုန်မှာ လုပ်ဖြစ်မလားဆိုတာတော့ မသေချာသေးပါဘူး။ နောက်ထပ်နယ်အသင်း ငါးသင်းကိုလည်း ဆက်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ Start Up လုပ်ငန်းရှင်တွေ မွေးထုတ်ပေးမယ့် Incubation Center တစ်ခုကို ၂၀၁၈ ခုနှစ်ထဲမှာ အကောင်အထည်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး Angel Network ကိုလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အကြံပြုစကား

-----------------------

ဘယ်လိုအခက်အခဲတွေဖြစ်နေပါစေ၊ တိုင်းပြည်စီးပွားရေး ဘယ်လောက်ပဲမကောင်းပါစေ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုတာက ထိုးဖောက်လုပ်နိုင်ရမှာဖြစ်ပါတယ်။ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကြားထဲကနေ အခွင့်အရေးကို ဖော်ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့လူငယ်တွေ ရှင်သန်ဖို့ဆိုတာက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ လိုပါတယ်။ လူငယ်တော်တော်များများက ငွေရေးကြေးရေးမရှိတဲ့အခါနဲ့ မအောင်မြင်တဲ့အခါမှာ အင်အားလျော့တတ်ပါတယ်။ အခုအချိန်မှာ အောင်မြင်နေတဲ့သူတွေအားလုံးက တစ်ချိန်တုန်းက ရှုံးနိမ့်ဖူးတဲ့သူတွေဖြစ်ပါတယ်။ သူတို့ကို အတုယူပြီးတော့ ဘယ်ချိန်မှာဖြစ်ဖြစ်ရှုံးနိမ့်ရင် အောင်မြင်လိုတဲ့ စိတ်ဓာတ်နဲ့ကြိုးစားမယ်ဆို တစ်ချိန်ချိန်မှာ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူဖြစ်မှာဖြစ်ပါတယ်။

နောက်ပြီး အခုအချိန်က တိုင်းပြည်စီးပွားရေးအခြေအနေအရရော၊ နိုင်ငံတော်ကရော အားပေးနေတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ငယ်ငယ်တုန်းကထက်စာရင် လူငယ်တွေအနေနဲ့က ပိုပြီးလုပ်ဆောင်လို့ကောင်းပါတယ်။ MYEA လို အသင်းတွေ ပေါ်လာတဲ့အတွက်လည်း စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့လုပ်တဲ့ Idea တွေရှိတယ်။ လုပ်ချင်ကိုင်ချင်တဲ့သူတွေအနေနဲ့ ကျွန်တော်တို့အသင်းကို ဆက်သွယ်မယ်ဆိုရင် ကျွန်တော်တို့အသင်းကနေ မြေတောင်မြှောက်ပေးလို့ ရပါတယ်။