မြန်မာ့အလုပ်အကိုင်အခွင့်အလမ်းများပြပွဲ ၂၀၁၇

Jobfair1

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ကနေကျင်းပတဲ့ ၁၀ ကြိမ်မြောက် မြန်မာ့အလုပ်အကိုင်အခွင့်အလမ်းများပြပွဲကို ဇန်နဝါရီလ ၁၃ ရက်က ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ပြပွဲကျင်းပတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံအတွင်းရှိ အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းကောင်းတွေ ရရှိနိုင်ဖို့နဲ့ အလုပ်ရှာဖွေနေတဲ့ လူငယ်တွေ အလုပ်အကိုင်ကောင်းတွေရရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ စတင်ကျင်းပခဲ့တဲ့ ပွဲတွေကနေ အခုချိန်ထိ ဝန်ထမ်းဦးရေ သိန်းနဲ့ချီပြီး အလုပ်အကိုင်ကောင်းတွေ ရှာဖွေပေးနိုင်ခဲ့ပါတယ်။ အခုကျင်းပတဲ့ ၁၀ ကြိမ်မြောက်ပြပွဲမှာ ကုမ္ပဏီပေါင်း ၄၄ ခုက ပြခန်ပေါင်း ၈၀ ကျော်နဲ့ ပါဝင်ပြသခဲ့ပြီး ပြခန်းမှာပါဝင်ခဲ့တဲ့ လုပ်ငန်းတွေ၊ အလုပ်ရှာဖွေရေး အေဂျင်စီတွေထဲက တချို့ကို အခုလိုမေးမြန်းဖြစ်ခဲ့ပြီး ပြန်လည်ဖော်ပြလိုက်ပါတယ်။

Jobfair2

ဦးဝေရာအောင်

Sales & Marketing Manager

myjobs.com.mm

ဒီပြပွဲက အခုဆိုရင် ၁၀ ကြိမ်မြောက်တောင်ရှိသွားပြီ။ လူတော်တော်များလည်းသိကြတဲ့ ပွဲတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပါဝင်ပြသဖြစ်ခဲ့ပါတယ်။ ဝင်ရောက်ပြသတဲ့အတွက် ဘွဲ့ရခါစ လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေနဲ့ အလုပ်ခွင်သင်တန်းပေးပြီး ခန့်မယ့်ကုမ္ပဏီတွေကို ချိတ်ဆက်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ ရပါတယ်။ အခု မြန်မာ့အလုပ်အကိုင်နယ်ပယ်မှာ အခေါ်များတဲ့ ဝန်ထမ်းနေရာတွေက မားကက်တင်း၊ အရောင်း၊ ဝန်ထမ်းရေးရာ (HR) တွေ ဖြစ်ပါတယ်။ အလုပ်လျှောက်လွှာမှာ အဓိကထားပြီး ဖြည့်ရမယ့်အချက်တွေက ပညာအရည်အချင်း၊ လုပ်သက်အတွေ့အကြုံတွေဖြစ်ပါတယ်။ အလုပ်ရှင်တွေကလည်း အဲဒီအချက်တွေကိုကြည့်ပြီး ရွေးချယ်တာ ဖြစ်ပါတယ်။

Jobfair3

ဒေါ်ဟန်နီလင်း

Human Resources Manager      

IGE Land Company

ဒီပြပွဲကို အီးမေးလ်ကနေတစ်ဆင့် သိခဲ့ရတာပါ။ ကျွန်မတို့ဆီမှာလည်း ပရောဂျက်တွေရှိတော့ ဝန်ထမ်းတွေလိုတာနဲ့ ပြပွဲမှာပါဝင်ခဲ့ပါတယ်။ ဝန်ထမ်းမျိုးစုံ ရနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ အဓိကလိုတာကတော့ ပြည်ပကပြန်လာတဲ့ အင်ဂျင်နီယာတွေကို Target ထားတယ်။ ကုမ္ပဏီကလည်း ဆောက်လုပ်ရေးကုမ္ပဏီဆိုတော့ အင်ဂျင်နီယာရာထူးတွေ အများဆုံးလိုပါတယ်။ ဝန်ထမ်းရွေးချယ်မှုကိုတော့ လုပ်သက်နဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။ ဥပမာ - မန်နေဂျာအဆင့်ဆိုရင် ပရောဂျက်တစ်ခုကို ဘယ်လောက်ထိ တာဝန်ယူလုပ်နိုင်သလဲ စသဖြင့် စဉ်းစားပါတယ်။ တခြားအဆင့်တွေကိုလည်း အဲဒီလိုရွေးချယ်ပါတယ်။

Jobfair4

ဦးကောင်းဆက်ဟိန်း

Recruitment Executive

Oway HR Solutions

အရင်တုန်းကလည်း ဒီလို Job Fair တွေဆိုရင် စိတ်ဝင်တစားနဲ့ ပါဝင်ပြသဖြစ်ပါတယ်။ ပွဲကလည်း သိပ်ထိရောက်ပါတယ်။ ပြပွဲမှာ ပါဝင်ဖြစ်တဲ့အတွက် အကျိုးကျေးဇူးနှစ်ခုရပါတယ်။ ပထမတစ်ခုက ကျွန်တော်တို့ Brand ကို လူသိသွားတယ်။ နောက်တစ်ခုက အလုပ်အကိုင်လိုအပ်နေတဲ့လူတွေရဲ့ အလုပ်လျှောက်လွှာတွေ အတော်လေးစုမိပါတယ်။ အခုလတ်တလော အလုပ်အကိုင်ဈေးကွက်ထဲမှာ လိုအပ်ချက်များတဲ့ ဝန်ထမ်းတွေကတော့ မားကတ်တင်းပိုင်းအရောင်းပိုင်းတွေ၊ HR ဝန်ထမ်းရေးရာပိုင်းတွေ၊ အင်ဂျင်နီယာပိုင်းတွေ လိုအပ်နေပါတယ်။ အလုပ်လျှောက်လွှာမှာ အဓိကထားကြည့်တဲ့ အချက်ကတော့ လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့ ဘွဲ့ရလူငယ်တွေဆိုရင် ဘာလုပ်ချင်လဲ၊ ဘယ်လိုအရည်အချင်းတွေရှိလဲ ကြည့်ပါတယ်။ လုပ်ငန်းအတွေ့အကြုံရှိတဲ့သူတွေဆိုရင်လည်း လုပ်သက်ကိုကြည့်ပါတယ်။ ကုမ္ပဏီဘက်က တောင်းဆိုထားတဲ့အချက်တွေနဲ့ ထပ်တူမကျရင်တောင် အနီးစပ်ဆုံးတူတဲ့သူတွေရဲ့ CV ကို ပို့ပေးပါတယ်။ လစ်လပ်နေရာရှိပြီး ဝင်ရောက်လုပ်ကိုင်သူနည်းပါးတာက IT အင်ဂျင်နီယာပိုင်းတွေ ဖြစ်ပါတယ်။ ဈေးကွက်သုတေသနပိုင်းတွေလည်း ရှားပါးပါတယ်။

အယ်ဒီတာအဖွဲ့