မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပတဲ့ ပထမအကြိမ်မြောက် မြန်မာစွန့်ဦးတီထွင်ပွဲတော်ကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်အထိ ၃ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၆ ရက်မှာ ပြုလုပ်ခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဌာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ မြန်မာကုန်သည်များနှင့် စက်မှု/လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်တို့မှ ဖွင့်လှစ်ပေးခဲ့ပါတယ်။ မြန်မာစွန့်ဦးတီထွင်ပွဲတော်ကို စွန့်ဦးတီထွင်သူတွေအတွက် ဈေးကွက်ချိတ်ဆက်ပေးဖို့၊ ငွေကြေးအရင်းအနှီးများ ချိတ်ဆက်ပေးဖို့၊ ကွန်ရက်တစ်ခုဖန်တီးပေးမယ့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးဖို့၊ လုပ်ငန်းစတင်တည်ထာင်တဲ့လူငယ်တွေကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် နိုင်ငံတော်ရဲ့စီးပွားရေးကဏ္ဍကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုဖို့၊ မြန်မာ့လူ့ဘောင်ဝန်းကျင်မှာ လိုအပ်နေတဲ့ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းတွေ၊ နည်းပညာအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတို့ကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ စတင်ပေါ်ပေါက်လာစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။
အဆိုပါပွဲတော်မှာ ပြခန်းပေါင်း ၁၂၀ ကျော် ပါဝင်ပြသခဲ့ကြပြီး ဆွေးနွေးပွဲတွေ၊ ဟောပြောပို့ချမှုတွေ၊ အခမဲ့သင်တန်းတွေ၊ ကနဦးလုပ်ငန်းရှင်သစ်တွေရဲ့ ပြခန်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကနဦးလုပ်ငန်းသစ်များအား မိတ်ဆက်ပွဲ၊ ကုမ္ပဏီတွေနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေရဲ့ ပြခန်းတွေ၊ Virtual Reality Game များ အခမဲ့ကစားခြင်းတွေပါဝင်ခဲ့ပြီး ပွဲတော်နောက်ဆုံးရက်ဖြစ်တဲ့ ဇွန်လ ၁၈ ရက်မှာတော့ Entrepreneur Networking Party ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဦးထွန်းထွန်းနိုင်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း
ပထမအကြိမ်မြောက် မြန်မာစွန့်ဦးတီထွင်ပွဲတော် ကျင်းပဖြစ်ခဲ့ပုံ . . .
အရင်တုန်းက ဒီပွဲနေရာမှာ Job Fair ဆိုပြီး လုပ်ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ၁၀ ကြိမ်မြောက်ဖြစ်လာတဲ့အခါမှာ ကုမ္ပဏီတော်တော်များများက လိုက်လုပ်လာကြတော့ ကျွန်တော်တို့က သူများနဲ့မတူဘဲ လူငယ်စွန့်ဦးတီထွင်တွေကို နေရာပေးပြီးတော့ ဈေးကွက်တစ်ခုရအောင် ဖန်တီးပေးတာ ဖြစ်ပါတယ်။
ပြပွဲရဲ့ Theme နဲ့ ပတ်သက်လို့ . . .
ဒီပွဲရဲ့ Theme ကို ကျောက်သင်ပုန်းတွေ၊ အိုးပုတ်၊ ဂျိုးရုပ်လေးနဲ့ အလှဆင်ပြီး ယူထားပါတယ်။ ဒါကဘာကိုရည်ညွှန်းတာလဲဆိုရင် ကျွန်တော်တို့ငယ်စဉ်ကလေးဘဝတုန်းက ကစားတဲ့အခါမှာ အိုးပုတ်၊ ဂျိုးရုပ်လေးတွေနဲ့ ဈေးရောင်းတမ်း ကစားခဲ့ကြတယ်။ ဒါကို နမူနာယူပြီးတော့ လူငယ်တွေအနေနဲ့ ငယ်ငယ်လေးတည်းကနေ စီးပွားရေးလုပ်တတ်တဲ့သူတွေဖြစ်အောင် ဒီ Theme လေးကို ထည့်ထားတာ ဖြစ်ပါတယ်။
ပြပွဲမှာ ဝင်ရောက်ပြသတဲ့ပြခန်းတွေအကြောင်း . . .
ဒီပွဲမှာပြသတဲ့ တော်တော်များများကတော့ ကိုယ်ပိုင် Creation နဲ့ တီထွင်ထားတာတွေ များပါတယ်။ နည်းပညာကို အခြေခံပြီးတော့ ကိုယ်ပိုင် Software ရေးတဲ့ ကုမ္ပဏီတွေ၊ နည်းပညာအခြေမခံတဲ့ ကုမ္ပဏီတွေနဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။ ဒီပွဲမှာ Start Up တွေအတွက် ပြခန်းပေါင်း ၇၂ ခန်း၊ Medium Enterprise တွေအတွက် ပြခန်းပေါင်း ၄၀ ကျော်ပေးထားပြီး စုစုပေါင်း ဆိုင်ခန်း ၁၂၀ ကျော် ပါဝင်ပြသထားပါတယ်။
ဒီပွဲတော်ကနေ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေက . . .
ပထမဆုံးအနေနဲ့ကတော့ အခုမှစတဲ့ လူငယ်လုပ်ငန်းရှင်တွေအတွက် အကျိုးကျေးဇူးအများကြီး ရစေချင်ပါတယ်။ သူတို့အနေနဲ့ အခုမှစလုပ်တဲ့အတွက်ကြောင့် ဈေးကွက်ထဲကို မဝင်ရသေးရင် ဈေးကွက်ဝင်မယ့် အကျိုးကျေးဇူးရရှိမယ်။ နိုင်ငံတော်အကြီးအကဲတွေလာကြည့်တဲ့အတွက်ကြောင့် သူတို့အနေနဲ့ အသိအမှတ်ပြုခံရခြင်းကိုရရှိတယ်။ ဒီမှာပါဝင်ပြသတဲ့ ဘဏ်တွေ၊ အခြားငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်။
နောက်ထပ်ပြုလုပ်ဖို့ရှိတဲ့ ပွဲတွေ . . .
ဒီနှစ်အောက်တိုဘာလမှာ Myanmar Entrepreneurship Summit ကျင်းပသွားဖို့ ရှိပါတယ်။ အဲဒီပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အခြားသက်ဆိုင်တဲ့ ဝန်ကြီးဌာနတော်တော်များများနဲ့ နိုင်ငံခြားက ပညာရှင်တွေကိုပါ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။
မမေမွန်သူ
Managing Director
Mamper Co Ltd
လုပ်ငန်းအကြောင်းမိတ်ဆက် . . .
ကျွန်မတို့က 360 Degree Branding Solutions လုပ်ပေးတဲ့ အေဂျင်စီတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုစထောင်တော့မယ်၊ ဒါမှမဟုတ် Rebrand လုပ်တော့မယ်ဆိုရင် ကျွန်မတို့အနေနဲ့ Logo ကအစ အကုန်လုံးလုပ်ပေးပါတယ်။ Customer တွေရဲ့ Business Model ပေါ်မူတည်ပြီး ဘယ်လို Logo မျိုး ဖန်တီးသင့်တယ်ဆိုတာ အကြံပေးတယ်၊ ဆွဲလည်း ဆွဲပေးပါတယ်။ ဒါအပြင် Marketing နဲ့ Branding အတွက် လက်ဆောင်ပစ္စည်းပေးချင်တာမျိုးရှိရင်လည်း ကျွန်မတို့ဘက်က Quality ကောင်းတဲ့ပစ္စည်းတွေကို ဒီဇိုင်းဆွဲပေးတာ၊ ထုတ်လုပ်ပေးတာမျိုး လုပ်ပေးပါတယ်။
ပွဲမှာဝင်ရောက်ပြသဖြစ်ခဲ့ပုံ . . .
မနှစ်က MYEA Summit မှာ ကျွန်မတို့ ဆုရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ MYEA အဖွဲ့ဝင်ပြီးတော့ Activity တွေ လုပ်ဖြစ်ပါတယ်။ Email ကနေ ဒီပွဲရှိတဲ့အကြောင်းသိရတော့ ဝင်ရောက်ပြသဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီအသစ်တည်ထောင်ချင်တဲ့ လူငယ်တွေအနေနဲ့ Branding ဘယ်လိုလုပ်သင့်လဲ ကျွန်မတို့အနေနဲ့ အကြံဉာဏ်ပေးနိုင်တာကြောင့်လည်း ဝင်ပြီးပြသဖြစ်တာ ဖြစ်ပါတယ်။
ဦးအောင်ဟိန်း
Managing Director
MOSD Co Ltd
Toy Box အကြောင်း မိတ်ဆက် . . .
စပြီး စဉ်းစားမိတဲ့အကြံဉာဏ်ကတော့ ကလေးတွေကို မြန်မာ့ယဉ်ကျေးမှုအရုပ်တွေနဲ့ ပြန်လည်ရင်းနှီးလာစေဖို့၊ ကလေးတွေအတွက် သင်ထောက်ကူအရုပ်တွေ ထုတ်လုပ်ဖို့ဆိုပြီး စတင်ခဲ့တာ ဖြစ်ပါတယ်။ Toy Box Myanmar ပုံးတစ်ပုံးထဲမှာ မြန်မာပြည်တွင်းမှာရှိတဲ့ မြန်မာ့ရိုးရာကလေးကစားစရာအရုပ်တွေကို စုစည်းပေးထားတဲ့သဘော ဖြစ်ပါတယ်။
မြန်မာ့ရိုးရာအရုပ်တွေကို မိရိုးဖလာပြုလုပ်လာခဲ့တဲ့ Supplier တွေဆီကနေ ယူပါတယ်။ အဲဒီအရုပ်လေးတွေကို ကျွန်တော်တို့ Box ထဲထည့်ပြီး Social Media ကနေ Promote လုပ်ပါတယ်။
Social Media ကို အသုံးပြုပြီး ကလေးတွေကို မြန်မာ့ရိုးရာအရုပ်တွေနဲ့ ပြန်ပြီးရင်းနှီးလာအောင်၊ အရင်က ဒီအရုပ်တွေနဲ့ ရင်းနှီးခဲ့တဲ့ သူတွေကြားထဲ ပြန်ပြီးရောက်လာဖို့ ရည်ရွယ်ပြီး ဒီ Toy Box လေးတွေ လုပ်ဖြစ်ခဲ့တာပါ။
ပွဲမှာ ဝင်ရောက်ပြသဖြစ်ခဲ့ပုံ . . .
ဒီပွဲပြုလုပ်ဖြစ်တဲ့အခါ ပွဲရဲ့ Theme နဲ့ ကိုက်ညီအောင် Toy Box က မြန်မာ့ရိုးရာအရုပ်လေးတွေနဲ့ ကူညီခွင့်ရခဲ့ပါတယ်။ ဒီလိုကူညီပေးခွင့်ရတဲ့အပြင် ကျွန်တော်တို့ကိုလည်း Start Up Booth တစ်ခုပေးပြီး ဝင်ရောက်ပြသဖို့ Offer ပေးခဲ့တဲ့အတွက် ဝင်ရောက်ပြသဖြစ်ခဲ့ပါတယ်။
ကိုအောင်မြတ်သူ
Founder
Gambit Co Ltd
The Workshop အကြောင်း မိတ်ဆက် . . .
အခုခေတ်မှာ လူငယ်တွေက စိတ်ထွက်ပေါက်မရှိဘူး။ သူတို့အနေနဲ့ မူးယစ်ဆေးဝါးသုံးတာ၊ လက်ဖက်ရည်ဆိုင်ထိုင်တာ၊ ဂိမ်းဆိုင်သွားတာ အဲဒါမျိုးတွေပဲရှိတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ Workshop ကိုလာပြီး Workshop မှာ သင်ကြားပေးတဲ့ အနုပညာ၊ လက်မှုပညာတွေ လေ့လာသင်ယူရင်း စိတ်ကိုထွက်ပေါက်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ Workshop မှာ သင်ကြားပေးနေတဲ့ ပညာရပ်တွေကတော့ Anime အရုပ်ဆွဲနည်း၊ Homemade Scrub & Mask ပြုလုပ်နည်း၊ Paper Quiling လို့ခေါ်တဲ့ စက္ကူအစလေးတွေနဲ့ အရုပ်ပြုလုပ်နည်း၊ Miniatures & Charms ၊ Doll House Making ၊ Fashion Illustration ၊ Rubber Stamp Making တို့ ဖြစ်ပါတယ်။ နောက်ပိုင်းလုပ်မယ့်ဟာတွေကတော့ Pottery Class ၊ Calligraphy ၊ ကမ္ဘောဒီးယားက ဆရာလာသင်မယ့် Spoon Painting နဲ့ Sand Arts တို့ ရှိပါတယ်။
ပွဲမှာ ဝင်ရောက်ပြသဖြစ်ခဲ့ပုံ . . .
Entrepreneur Carnival ဖြစ်တဲ့အတွက်ကြောင့် Entrepreneurship ကို စိတ်ဝင်စားတဲ့သူတွေ အများကြီးလာကြမယ်ဆိုတာ သိပါတယ်။ သူတို့တွေမှာ ခေတ်အမြင်ရှိတယ်။ ခေတ်သစ်ပစ္စည်းတွေကို စိတ်ဝင်စားကြတယ်၊ လေ့လာချင်ကြတယ်။ အဲဒီတော့ သူတို့က ကျွန်တော်တို့အိုင်ဒီယာနဲ့ တအားကိုက်တယ်။ ကျွန်တော်တို့ဈေးကွက်နဲ့ ကိုက်ညီတဲ့အတွက် ဝင်ရောက်ပြသဖြစ်ခဲ့တာပါ။
Entrepreneur Carnival ကျင်းပပေးတဲ့အပေါ်အမြင် . . .
ကျွန်တော်တို့လို Start Up လုပ်နေတဲ့သူတွေအတွက် တအားကောင်းပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ Booth တစ်ခုငှားပြီး လာတဲ့သူတိုင်းကို ရှင်းပြပေးတဲ့အတွက်ကြောင့် The Workshop အကြောင်းကို တစ်ယောက်စကား တစ်ယောက်နားကနေ လူတွေအများကြီး သိသွားနိုင်ပါတယ်။
Ms. Deborah Kitto
Pomelo
လုပ်ငန်းအကြောင်းမိတ်ဆက် . . .
Pomelo ကို လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့က မသန်စွမ်းသူတွေ၊ မျက်မမြင်သူတွေ၊ HIV ဝေဒနာရှင်တွေ၊ လမ်းဘေးကလေးငယ်တွေ ပြုလုပ်ထားတဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေ၊ အိတ်တွေနဲ့ အိမ်သုံးပစ္စည်းတွေစတဲ့ Handmade ပစ္စည်းပေါင်းထောင်ကျော်ကို ပြန်လည်ရောင်းချပေးပါတယ်။ ကျွန်မတို့ရဲ့ Volunteer တွေက အပြင်နဲ့ ဒီဇိုင်းတွေ မတူအောင်၊ ထူးခြားတဲ့ လက်မှုပစ္စည်းလေးဖြစ်အောင် သူတို့က သင်ကြားပေးပါတယ်။
ပွဲမှာ ဝင်ရောက်ပြသဖြစ်ခဲ့ပုံ . . .
ကျွန်မတို့ဆိုင်က လွန်ခဲ့တဲ့ ၅ နှစ်တည်းက ဖွင့်ထားတာဆိုတော့ လူတော်တော်များများလည်း သိထားကြပြီးပါပြီ။ ဒါပေမဲ့ ကျွန်မတို့ဆိုင်မှာ ဘာပစ္စည်းတွေ ရောင်းနေလည်းဆိုတာ မသိသေးတဲ့သူတွေလည်း ရှိပါသေးတယ်။ အဲဒါကြောင့် ဝင်ရောက်ပြသဖြစ်ခဲ့တာပါ။
Entrepreneur Carnival ကျင်းပပေးတဲ့အပေါ်အမြင် . . .
ကောင်းပါတယ်။ ဒီလိုကျင်းပပေးတဲ့အခါကျတော့ ကိုယ့်ရဲ့ Product ကို လူတွေအများကြီး သိသွားစေပါတယ်။ တချို့တွေက ဈေးကွက်ဝင်နေပြီ။ တချို့တွေကလည်း ဈေးကွက်မဝင်သေးတာတွေ ရှိတယ်။ ဒီလိုမျိုးပွဲကျင်းပပေးတဲ့အခါကျတော့ လာပြီးပြသခွင့်ရတဲ့အတွက် ပြသသူအနေနဲ့ရော လာရောက်ကြည့်ရှုသူတွေအနေနဲ့ရော နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိပါတယ်။
ဒေါ်မင်းမင်းမြတ်
Founder
YK Collections Myanmar
လုပ်ငန်းအကြောင်းနဲ့ ပွဲမှာပြသထားတဲ့ပစ္စည်းလေးတွေကို မိတ်ဆက်ပေးပါ . . .
ကျွန်မက Handicraft တွေကို ၂၀၁၀ ပြည့်နှစ်တည်းက စပြီး ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Asean Japan Center အကူအညီနဲ့ Good Design Award မှာ Reuseable Concept နဲ့ဝင်ပြိုင်ခဲ့တယ်။ Gypsum Stone နဲ့ Marble Craft တွေနဲ့ ပတ်သက်ပြီး Creation တွေလုပ်တယ်။ မြန်မာနိုင်ငံက ၁၈ ယောက် ဝင်ပြိုင်တဲ့အထဲက ၄ ယောက် ဆုရရှိတဲ့အထဲမှာ ကျွန်မပါဝင်ခဲ့ပါတယ်။
အခုပွဲမှာပြသထားတဲ့ ပေစာဆိုရင် ဒီခေတ်ကလေးတွေ မသိကြတော့ဘူး။ ကျွန်မတို့ငယ်ငယ်ကဆိုရင် ဒီလိုဇာတာလေးတွေ တစ်ယောက်တစ်ခုရှိကြတယ်။ အဲဒါကို လူငယ်တွေကို Message ပြန်ပေးချင်လို့ Innovation Idea နဲ့ ပြန်လုပ်ဖြစ်တယ်။ Customer တွေ လိုချင်တဲ့စာသားတွေကို ပေစာပေါ်မှာ ကျွန်မတို့ရေးပေးပါတယ်။
နောက်တစ်ခုကကျတော့ လက်ဖက်ခြောက်ကို သာမန်ထုတ်ပိုးမှုပုံစံမျိုးနဲ့မဟုတ်ဘဲ သစ်သားဘူးလေးထဲ ထည့်ပြီး Package လုပ်ထားတယ်။ အဲဒီလိုသစ်သားဘူးလေးတွေကို နိုင်ငံခြားဧည့်သည်တွေက တအားသဘောကျကြတယ်။ ဒီဘူးထဲမှာသာ လက်ဖက်ခြောက်ထည့်လိုက်ရင် မြန်မာ့လက်ခြောက်ကိုလည်း ရမယ်။ ဘူးကိုလည်း လက်ဖက်ခြောက်ကုန်သွားတဲ့အခါမှာ သူတို့အနေနဲ့ ကြိုက်သလို ပြန်အသုံးပြုလို့ရမယ်။ ဒီလက်ဖက်ခြောက်ဘူးလေးတွေက လက်ဆောင်ပေးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ အဲဒီလို အိုင်ဒီယာလေးနဲ့ လက်ဖက်ခြောက်ဘူးလေး လုပ်ဖြစ်တာပါ။ လက်ဖက်ခြောက်ကို တခြား Recycle အိတ်တွေနဲ့လည်း ထုတ်လုပ်သွားဖို့ ရှိပါတယ်။
နောက်တစ်ခုကတော့ ရွှေရွေးစေ့နဲ့ လုပ်ထားတဲ့ Accessory တွေ ပြသထားပါတယ်။ အခုခေတ်မှာ ရွေးဆိုတာ ဘာမှန်းမသိကြတော့ဘူး။ အဲဒီရွှေရွေးစေ့ကို ပြန်ပြီးသိစေချင်တဲ့အတွက် ရွေးစေ့ကိုဖောက်ပြီး ဘယ်လို Jewellery လုပ်လို့ရမလဲ စဉ်းစားပြီးပြုလုပ်ဖြစ်ခဲ့တာပါ။
ပွဲမှာ ဝင်ရောက်ပြသဖြစ်ခဲ့ပုံ . . .
ကျွန်မက Production ထဲမှာပဲ နစ်နေတာများတယ်။ ဒီလိုမျိုး Event တွေမှာ ဝင်ရောက်မပြသဖြစ်ဘူး။ သူငယ်ချင်းတွေက ကျွန်မကို ဒီလိုပွဲတွေမှာ ဝင်ရောက်ပြသစေချင်တယ်။ ကိုယ့်ရဲ့ Product တွေ လူသိများအောင် ဝင်ပြပါလားဆိုပြီး ဒီပွဲမှာ သူငယ်ချင်းတွေက Regristration ဝိုင်းလုပ်ပေးလို့ ဝင်ရောက်ပြသဖြစ်ခဲ့ပါတယ်။
ကြည်ပြာနွဲ့ဦး