မြန်မာ့စီးပွားရေးတိုးတက်လာရေး

မြန်မာ့စီးပွားရေးတိုးတက်လာအောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို Serge Pun & Associates ရဲ့ ဥက္ကဋ္ဌ ဦးသိမ်းဝေက အကြံပေးဆွေးနွေးထားတဲ့ ဒီအင်တာဗျူးဟာ Oxford Business Group က ထုတ်ဝေခဲ့တဲ့ The Report Myanmar ၂၀၁၈ ထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး ဒါကိုဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။

[caption id="attachment_32718" align="alignnone" width="370"]UTheinWaiဦးသိမ်းဝေ
ဥက္ကဋ္ဌ
Serge Pun & Associates[/caption]

မြန်မာ့စီးပွားရေး ဘာကြောင့်နှေးကွေးနေရပါသလဲ။ စီးပွားရေးပိုကောင်းလာအောင် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်ရန် လိုနိုင်ပါသလဲ

------------------------------

အစိုးရဟာ တစ်နိုင်ငံလုံးငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေးနဲ့ အဂတိတိုက်ဖျက်ရေးများအတွက် နိုင်ငံရေးဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာမူဝါဒများကို ဦးစားပေးဆောင်ရွက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ စီးပွားရေးတိုးနှုန်းနှေးကွေးလာတာနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုလည်း နှေးကွေးလာတာကို တွေ့ရတယ်။ စောစောက ပြောခဲ့တဲ့ ဝါဒဆိုင်ရာလုပ်ငန်းတွေကိုပဲ အများကြီးအာရုံစိုက်လုပ်ကိုင်နေရတဲ့အခါကျတော့ စီးပွားရေးတိုးနှုန်းမြန်ဆန်ရေးဘက်မှာ အလေးမထားနိုင်ဘဲ ဖြစ်သွားပါတယ်။ တမင်ဂရုမစိုက်တာတော့ မဟုတ်ဘူး။ နောက်အကြောင်းတရားတစ်ခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးရေးကို ဆောင်ရွက်နေရပုံနဲ့ ပတ်သက်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ တိုင်းပြည်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများကို ကျော်လွှားနိုင်အောင် အာရုံစိုက်ဆောင်ရွက်နေရတဲ့အချက်ဖြစ်တယ်။ သမ္မတဦးသိန်းစိန်လက်ထက်တုန်းက တိုးတက်မှုရှိခဲ့တယ်ဆိုပေမယ့် အခြေခံကျတဲ့ စီးပွားရေးဆိုင်ရာ အားနည်းချက်များကတော့ ခုအချိန်အထိ ပပျောက်အောင် မလုပ်နိုင်သေးဘူးဖြစ်နေတယ်။ စိတ်မချမ်းသာစရာကောင်းတာက အမျိုးသားဒီမိုကရေစီအစိုးရဟာ ဟိုအရင်ကတည်းက စွဲကပ်နေတဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှု၊ ပွင့်လင်းမြင်သာမှု နည်းပါးမှုနဲ့ အကျင့်ပျက်ခြစားမှုတွေရှိနေဆဲ စီးပွားရေးကို ဆက်လက်အမွေဆက်ခံခဲ့ရတာပဲ ဖြစ်တယ်။ စီးပွားရေးတိုးနှုန်းကောင်းလို့ ရရှိခဲ့တဲ့ အကျိုးကျေးဇူးများကို အများ ပြည်သူတွေ နည်းနည်းပါးပါးတောင် မရခဲ့ကြပါဘူး။ ကျွန်တော့်အမြင်ပြောရရင် အမျိုးသားဒီမိုကရေစီအစိုးရဟာ သူချမှတ်ထားတဲ့ လုပ်ငန်းစဉ်များအတိုင်း ရှေ့တိုးပြီး လုပ်ကိုင်သွားကြမယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ အဲဒီလုပ်ငန်းတွေကနေ အကျိုးကျေးဇူးတွေ ရရှိခံစားလာကြမှာဖြစ်တယ်။ လာမယ့် ၁၅ နှစ်အတွင်း ထူးထူးခြားခြားကြီး တိုးတက်ပြောင်းလဲလာမှာပါပဲ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာအခြေခံအဆောက်အအုံ တိုးတက်ရေးအတွက် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းတွေက ဘယ်လိုပံ့ပိုးပေးနိုင်ပါသလဲ

-------------------------------------

ဒီကိစ္စမှာပြည်တွင်းက ပုဂ္ဂလိကကုမ္ပဏီတွေဟာ အရင်ကလည်း ကူညီခဲ့ကြတယ်။ ဆက်လည်းလုပ်သွားကြမှာပါ။ ဒီအချက်ကို သိထားဖို့က အရေးကြီးပါတယ်။ အလားတူ အရေးကြီးတဲ့အချက်ကတော့ မြန်မာနိုင်ငံဟာ ပြည်ပရဲ့ ကုမ္ပဏီများရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်ဆိုတဲ့အချက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ မြန်မာနိုင်ငံမှာ ငွေကြေးတတ်နိုင်မှုမရှိဘူး။ ဒါတွေ အကောင်အထည်ဖော်ဖို့ နည်းပညာကလည်း ချို့တဲ့နေတယ်။ ကျွန်တော်တို့မှာ ခိုင်မာတဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ၊ မျိုးချစ်စိတ်တွေရှိကြပါတယ်။ ဒါပေမဲ့ အဲဒါတွေချည်းသက်သက်နဲ့ဆိုရင် ဘာမှအောင်အောင်မြင်မြင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ဆိုလိုတာက ကျွန်တော်တို့ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ရယူကာ အစိုးရအနေနဲ့ ငွေကြေးထောက်ပံ့ပေးတာ၊ ပုဂ္ဂလိကလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပေးတာတွေ လုပ်သွားဖို့လိုပါတယ်။

ဒီစီမံချက်တွေကို အကောင်အထည်ဖော်ရာမှာ ပြဿနာတစ်ရပ်က ဘာလဲဆိုရင် ကျွန်တော်တို့အစိုးရမှာ ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းအင်အားနဲ့ လူအင်အားနည်းပါးနေတဲ့ အချက်ပဲဖြစ်တယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံက ဦးစီးစတင်ဆောင်ရွက်နေတဲ့ (Belt and Road) ဆိုတဲ့ အဝေးပြေးလမ်းမကြီးစီမံချက်ကို ကြည့်ပါ။ တရုတ်က မြန်မာကို ကူညီဖို့အသင့်ပဲ။ ကူလည်း ကူညီနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က အဲသလိုဟာမျိုး အပြည့်အဝအသုံးချနိုင်ပြီလား။ ဒီလိုစီမံချက်ကြီးကြီး မားမားကြီးတွေဆိုတာ အပြန်အလှန် ကောင်းကောင်းကြီး ညှိနှိုင်းသွားရမှာဖြစ်တယ်။ ဒါမှလည်း ကျွန်တော်တို့ဟာ အကောင်းဆုံးအကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်တယ်။ ပိုအရေးကြီးတာက အောင်အောင်မြင်မြင် အကောင်အထည်ဖော်သွားနိုင်ဖို့ ဖြစ်တယ်။ အစိုးရအနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ အရည်အချင်းပြည့်မီတဲ့ လူတွေရှားပါးနေတာကို သိထားဖို့လိုတယ်။ ဒီတော့ ပြည်တွင်းကရော ပြည်ပကပါ ကျွမ်းကျင်သူတွေ ခေါ်ဖို့လိုတယ်။ ညှိနှိုင်းဆွေးနွေးတတ်တဲ့ လူတွေလိုတယ်။

မြန်မာနိုင်ငံစီးပွားရေးစဉ်ဆက်မပြတ်တိုးတက်နေနိုင်ရေးအတွက် ဘယ်လိုအခြေခံအဆောက်အအုံတွေ လိုအပ်ပါသလဲ

---------------------------

ဒီအတွက် စီမံချက်ကြီးကြီးမားမားကြီးတွေ လိုပါတယ်။ အဲဒါတွေထဲက အသေအချာပြောနိုင်တာကတော့ ရန်ကုန်မြို့သစ်စီမံချက်ပါပဲ။ အဲဒါက ရည်ရွယ်ချက်ကြီးကြီးမားမားရှိတဲ့ စီမံချက်ကြီးဖြစ်တယ်။ တစ်ခုတည်းသော အဓိကရည်မှန်းချက်ကတော့ အလုပ်အကိုင်ပေါင်းနှစ်သန်း ဖန်တီးသွားဖို့ပါပဲ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ထူးထူးခြားခြားဖွဲ့စည်းတည်ထောင်ပေးထားတဲ့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကော်ပိုရေရှင်းကြီးက ဒီစီမံချက်ကို ဦးဆောင်လုပ်ကိုင်သွားမှာဖြစ်တယ်။ ဒီကော်ပိုရေရှင်းကြီးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရကချည်း ပုဂ္ဂလိကလုပ်ငန်းအဖြစ် လုပ်ကိုင်သွားမှာဖြစ်တယ်။ ဘုတ်အဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ပါဝင်မယ်။ ဝန်ကြီးနှစ်ယောက် ၊ ပြည်တွင်းကုမ္ပဏီက အမှုဆောင်အရာရှိတစ်ယောက်နဲ့ သီးခြားလွတ်လပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဒါရိုက်တာနှစ်ယောက်တို့ဖြစ်တယ်။ အဲဒီကော်ပိုရေရှင်းရဲ့ ထူးခြားတဲ့ အားသာချက်တစ်ရပ်ကတော့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးအတွက်မှာ ထားထားတဲ့ မြေကွက်အားလုံးကို ပိုင်ဆိုင်ခြင်းဖြစ်တယ်။

ဒီကော်ပိုရေးရှင်းဟာ မတည်ရင်းနှီးငွေအကန့်အသတ်ရှိတဲ့အတွက် မြေနေရာများပိုင်ဆိုင်ထားမှုကို အကြောင်းရေးပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်သွားနိုင်အောင် ကြိုးစားသွားဖို့ လိုပါတယ်။ ဥပမာအားဖြင့် အလုပ်နှစ်သန်းဖန်တီးပေးဖို့ ရည်ရွယ်ထားတာနဲ့အညီ အလုပ်သမားများရဲ့ လုပ်အားကို အဓိကထားတဲ့ စီးပွားရေးလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံရေးဖြစ်တယ်။ ဒီရန်ကုန်မြို့သစ်ဖော်ဖွံ့ဖြိုးရေးစီမံချက်က ခုမှအစဘဲ ရှိပါသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ရေရှည်စီးပွားရေးတိုးတက်ရေးကို မောင်းနှင်ပေးလိုက်တဲ့ စီမံချက်တစ်ရပ်ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

Ref: THE REPORT Myanmar 2018

www.oxfordbusinessgroup.com/country/myanmar