Myanmar National Airlines (MNA) ဟာ ဇွန်လ ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၎င်းရဲ့ အသစ်ထပ်မံပျံသန်းပြေးဆွဲသွားမယ့် ဘိုးရင်း ၇၃၇ မျိုးဆက်သစ်လေယာဉ်များထဲမှ တစ်စင်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ သြဂုတ်လတွင် စတင်ချဲ့ထွင်မိတ်ဆက်မယ့် နိုင်ငံတကာလေကြောင်းကွန်ယက် ရန်ကုန်-စင်ကာပူ ခရီးစဉ်နဲ့အတူ MNA ရဲ့ ပြည်တွင်းခရီးစဉ် ၂၆ နေရာ၊ ၂၀၁၆ခုနှစ်အစောပိုင်းတွင် ချိတ်ဆက်ပျံသန်းမယ့် အာရှ-ပစိဖိတ်ဒေသတွင်းရှိ မြို့ ၄ မြို့ကို လေယာဉ်သစ်နဲ့ ပျံသန်းပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအခမ်းအနားကို MNA ကို Corporatization အဖြစ်သို့ပြောင်းလဲပြီး ခြောက်လအကြာမှာ ပြုလုပ်ခဲ့တာပါ။
“ဒီနေ့အခမ်းအနားဟာ ကျွန်တော်တို့ လေကြောင်းလိုင်းရဲ့ သမိုင်းဝင်အံမခန်းအောင်မြင်မှုနဲ့ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ်လေယာဉ်သစ်တွေထဲက ပထမဆုံးအဖွဲ့ဝင်ကို ကြိုဆိုတဲ့အခမ်းအနား ဖြစ်ပါတယ်။ ယခုလို စွဲမက်စရာကောင်းပြီး ခေတ်မီတဲ့ လေယာဉ်များနဲ့ ကျွန်တော်တို့ နိုင်ငံတွင်းအံမတုနိုင်လောက်တဲ့ ဒေသတွင်းပြိုင်ဖက်ကင်းတဲ့ အဆင့်မြင့်လေကြောင်းလိုင်းကို အကောင်အထည်ဖော်ပြီး မြန်မာ့စိတ်ဓာတ်ကို ကမ္ဘာက သိအောင် ဝေမျှသွားမှာ ဖြစ်ပါတယ်။” လို့ Myanmar National Airlines မှ အမှုဆောင်အရာရှိချုပ် ကပ္ပတိန် သန်းထွန်းက ပြောကြားခဲ့ပါတယ်။ လေယာဉ်သစ်များသည် အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်စေရုံသာမက နိုင်ငံတကာစီပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ နှင့် ခရီးသွားကဏ္ဍအတွက် တွန်းအားဖြစ်စေသကဲ့သို့ လေကြောင်းလိုင်းနှင့် နိုင်ငံတော်အတွက် အကျိုးရလာဒ်ကောင်းများ ရရှိစေမှာဖြစ်ကြောင်း Myanmar National Airlines မှ ပြောပါတယ်။
ပထမဆုံးရောက်ရှိလာတဲ့ လေယာဉ်က ဘိုးရင်းမျိုးဆက်သစ် 737-800s အမျိုးအစား ၆ စင်းနဲ့ 737- Max 8s အမျိုးအစား ၄စင်းထဲမှတစ်စင်းဖြစ်ပြီး Myanmar National Airlines ရဲ့ အမှတ်တံဆိပ်ကို မြှင့်တင်ရန်၊ ကမ္ဘာ့လေကြောင်းဈေးကွက်တွင် ယှဉ်ပြိုင်ဖက်အဖွဲ့ဝင်အနေဖြင့် မြန်မာနိုင်ငံရဲ့ ရပ်တည်နိုင်မှုကို သိရှိစေရန်အတွက် Myanmar National Airlines မှ ဒေါ်လာမီလီယံသန်းပေါင်းများစွာ အကုန်အကျခံကာ မှာယူခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
“Myanmar National Airlines ရဲ့ သမိုင်းဝင်မှတ်ကျောက်တင်အခါသမယမှာ ဘိုးရင်းကုမ္ပဏီမှ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု ဘိုးရင်းကုမ္ပဏီ၊ အာရှပစိဖိတ်နှင့် အိန္ဒိယအရောင်းဌာန၏ ဒုတိယဥက္ကဌ ဖြစ်သူ ဒေါက်တာ Dinesh Kesker က ပြောကြားခဲ့ပါတယ်။ “ဆီစားနှုန်းသက်သာတဲ့ ဘိုးရင်း 737 နဲ့ 737 Max မျိုးဆက်သစ် လေယာဉ်တွေက Myanmar National Airlines ကို ယုံကြည်ကိုးစားမှုရစေဖို့ ၊ ခရီးသည်တွေ သက်တောင့်သက်သာဖြစ်စေဖို့၊ ဈေးကွက်ဦးဆောင်သူ လေကြောင်းလိုင်းဖြစ်လာစေဖို့နဲ့ ဒေသတွင်းမှာ တိုးတက်ဖွံ့ဖြိုးအောင်မြင်လာစေဖို့အတွက် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ Myanmar National Airlines ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးဖို့နဲ့ ကြီးပွားတိုးတက်လာမယ့်အနာဂတ်ကို အတူတကွ တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ မျှော်လင့်မိပါတယ်” လို့ ဒေါက်တာ Dinesh Kesker ကဆက်လက် ပြောကြားခဲ့ပါတယ်။
Myanmar National Airlines မှ လေယာဉ်ဝန်ထမ်းတွေ၊ လေဆိပ်အမှုထမ်းတွေနဲ့ အရောင်းတာဝန်ခံတွေကို နိုင်ငံတကာအဆင့်နဲ့အညီ ပြီးပြည့်စုံတဲ့ သင်တန်းများကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း၊ ခရီးသည်တွေအနေနဲ့လည်း လေယာဉ်ပေါ်မှာ အထူးသန့်ရှင်းပြီး သက်တောင့်သက်သာဖြစ်တဲ့ ခေတ်မီပတ်ဝန်းကျင်ကို မျှော်လင့်ထားနိုင်ကြောင်း သိရပါတယ်။ Myanmar National Airlines ပိုင်လေယာဉ်တိုင်းတွင် လေယာဉ်တွင်း နောက်ဆုံးပေါ်ဖျော်ဖြေမှုစနစ်တွေပံ့ပိုးပေးထားသလို၊ ဟင်းလျာအနေနဲ့လည်း အရည်အသွေးကောင်းမွန်တဲ့ နိုင်ငံတကာနဲ့ မြန်မာအစားအသောက်တွေကို ရွေးချယ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။
လေယာဉ်သစ်တွေ ထပ်မံဖြည့်တင်းခြင်း၊ ဝန်ဆောင်မှုတွေ အဆင့်မြှင့်တင်ခြင်းတို့အပြင် ကုမ္ပဏီအနေနဲ့ မြန်မာရဲ့ အနုပညာဆန်ပြီး အရောင်အသွေးစုံလင်တဲ့ အလှအပတွေကို သိရှိစေမယ့် ပြု ပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်တစ်စီးလုံးကို သန့်ရှင်းသာယာလှပငြိမ်းချမ်းမှုကို ပြသတဲ့ သင်္ကေတဖြစ်တဲ့ ရွှေရောင်ကြာပန်းပုံ၊ အရောင်သွေးစုံတဲ့ ရိုးရာအမှတ်တံဆိပ်တွေနဲ့ ရေးဆွဲအလှဆင်ထားသလို၊ Myanmar National Airlines က လေဆိပ်စစ်ဆေးရေးဂိတ်တွေ၊ လေယာဉ်အဝင်ဂိတ်တွေနဲ့ ခရီးစဉ်ပျံသန်းရာ နေရာတိုင်းရှိ ဧည့်ခန်းမတေ။ါကို ထူးခြားတင့်တယ်လှပစေရန် စီမံဆောင်ရွက်ထားကြောင်း၊ မြန်မာနိုင်ငံမှ နာမည်ကြီးဒီဇိုင်းနာဖြစ်သူ မိုဟုမ် (Mo Hom) နဲ့ ပူးပေါင်းပြီး လေယာဉ်ဝန်ထမ်းဝတ်စုံတွေအပါအဝင် front line ဝန်ထမ်းတွေရဲ့ ဝတ်စုံတွေကို မြန်မာနိုင်ငံ ယဉ်ကျေးမှုကို သတိရနေစေမယ့် ပုံစံသစ် ပြုပြင်မွမ်းမံ ဒီဇိုင်းဆင်ထားကြောင်း သိရပါတယ်။
၂၀၁၄ခုနှစ်ကုန်ပိုင်းက စတင်ခဲ့ပြီး လုပ်ငန်းအဆင့်မြှင့်တင်မှုကို ဆောင်ရွက်ခဲ့ပြီး အွန်လိုင်းလက်မှတ်ကြိုတင်စာရင်းပေးခြင်း၊ ငွေပေးချေခြင်း၊ ထိုင်ခုံရွေးချယ်ခြင်းတွေပြုလုပ်နိုင်တဲ့ Website သစ်တစ်ခုကို ထူထောင်လိုက်ခြင်းအပြင် နေရာကြိုတင်ချိတ်ဆက်ခြင်းနဲ့ လေယာဉ်ထွက်ခွာမှု ထိန်းချုပ်ရေးစနစ်အားလုံးကို ခေတ်မီကွန်ပျူတာစနစ်သုံးစီမံခန့်ခွဲမှုဖြင့် တပ်ဆင်ခဲ့ကြောင်း သိရပါတယ်။ ဒါတွေကြောင့် Myanmar National Airlines ဟာ ယခုအချိန်မှာ နိုင်ငံတွင်း အကျိုးဖြစ်ထွန်းမှုအများဆုံးနဲ့ အဆင့်မြင့်လေကြောင်းလိုင်းတစ်ခုဖြစ်လာမှာဖြစ်ကြောင်း သိရပါတယ်။
သြဂုတ်လတွင် စတင်ပြေးဆွဲမယ့်ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာခရီးစဉ်ဖြစ်တဲ့ စင်ကာပူခရီးစဉ်အတွက် လေယာဉ်လက်မှတ်များကို ဇူလိုင်လတွ င် ကြိုတင်ရောင်းချသွားမှာဖြစ်ကြောင်း၊ ဒေသတွင်းခရီးစဉ်များထဲမှ ဟောင်ကောင်နှင့် တိုင်ပေ ခရီးစဉ်များကို သြဂုတ်လ နှောင်းပိုင်းတွင်စတင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာနှင့် စည်းမျဉ်းဥပဒေရဲ့ ခွင့်ပြုချက်တွေအပေါ်မူတည်ပြီး ခရီးစဉ်အပြောင်းအလဲ ရှိနိုင်ကြောင်း သိရပါတယ်။