ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေ လေ့လာနိုင်မယ့် Myanmar Investment Outlook Seminar 2017 ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်က ရန်ကုန်မြို့၊ UMFCCI မှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ ဦးအောင်နိုင်ဦး(Director General, DICA) ၊ ဦးစိုးမိုးကျော် (SME Developmetn Department) ၊ ဦးကျော်သန်းအောင်(Head of Strategic Partnership, Wave Money)၊ ဦးဉာဏ်ထွန်းလင်း(Host, Money Talk) တို့က FDI ၊ Foreign Currency ၊ Local Investment စတဲ့ အကြောင်းအရာတွေကို ဟောပြောဆွေးနွေးခဲ့ပါတယ်။ ပွဲတက်ရောက်လာသူတွေထဲက ပညာရှင်အချို့ကို ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အင်တာဗျူးမေးမြန်းဖြစ်ခဲ့တာကို ဖော်ပြလိုက်ပါတယ်။
ခင်မောင်ညို (ဘောဂဗေဒ)
Economist/Freelance Columnist
ကျွန်တော်တို့ကတော့ ရင်းနှီးမြှုပ်နှံမှုရရင် များများလိုချင်တာပေါ့။ ကနေ့ပြောသွားတာတော့ ခြောက်ဘီလီယံလောက် ရနိုင်မယ်ဆိုတော့ အဲဒီသတင်းကောင်းကတော့ ဝမ်းသာစရာပါပဲ။ တစ်ခုကတော့ စီးပွားရေးပိတ်ဆို့မှု တစ်ဖက်ကလျှော့လိုက်တာမှန်ပေမယ့် တစ်ဖက်က အမေရိကန်သမ္မတသစ်ရဲ့ သဘောထားကို စိုးရိမ်ပါတယ်။ အခုအမေရိကန်နိုင်ငံကို ဦးစားပေးမယ်ဆိုတဲ့ သဘောပြောနေတော့ အဲဒါတော့ စိုးရိမ်စရာရှိပါတယ်။ ကျန်တဲ့နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ သိပ်ထူးထူးခြားခြား ပြောင်းလိမ့်မယ်မထင်ပါဘူး။ နိုင်ငံခြားငွေဖလှယ်နှုန်း ပြောင်းတယ်ဆိုတာလည်း သိပ်ဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါကိုမျှော်လင့်ထားရမယ်၊ ထည့်တွက်ထားရပါမယ်။ ဒါကလည်း စီးပွားရေးလုပ်ငန်းတွေ တွေ့ကြုံရင်ဆိုင်ရမယ့် အန္တရာယ်တွေထဲမှာ အစိုးရအပြောင်းအလဲ၊ စီးပွားရေးမူဝါဒအပြောင်းအလဲ၊ ကမ္ဘာ့ဈေးကွက်အပြောင်းအလဲ၊ နိုင်ငံခြားငွေဈေးနှုန်းအပြောင်းအလဲ ဒါတွေအားလုံးကတော့ ထည့်တွက်ထားရမှာပါပဲ။
ဒေါက်တာထွန်းမြတ်
ဒါရိုက်တ
Myanmar Institute of Finance
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အလားအလာတွေပေါ့။ မနှစ်ကလည်း ဒီလိုပွဲမျိုးလုပ်ခဲ့ပါတယ်။ မနှစ်ကတော့ Stock Exchange ကို အဓိကထားလုပ်ခဲ့ပြီးတော့ ဒီနှစ်အတွက်ကိုတော့ FDI ကို အဓိကထားပြီး လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ FDI ၊ SME နဲ့ Payment စတဲ့ ရှုထောင့်သုံးခုကနေ စုံစုံလင်လင် ဆွေးနွေးခဲ့နိုင်တဲ့အတွက် လာတက်တဲ့သူတွေလည်း အကျိုးဖြစ်ထွန်းမယ် ယုံကြည်ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေကို လုပ်ရတာကတော့ တိုင်းပြည်ရဲ့ စီးပွားရေးအပြောင်းအလဲကို လူတိုင်းက ပြည့်ပြည့်စုံစုံမဟုတ်တောင် သင့်တော်တဲ့အနေအထားတစ်ခုကို လိုက်နိုင်စေချင်ပါတယ်။ အားလုံးကတော့ စီးပွားရေးအနေအထားရော ပိုကောင်းအောင်၊ နိုင်ငံတကာနဲ့လိုက်နိုင်အောင် ဝိုင်းဝန်းကြိုးစားနေကြတာပါပဲ။ အဲဒီလို ကြိုးစားတဲ့နေရာမှာ အခြေခံအနေနဲ့ သိသင့်တဲ့အကြောင်းအရာတွေကို အများပြည်သူကို အသိပေးတဲ့သဘောပါ။ ကိုယ့်တိုင်းပြည်မှာက ကမ္ဘာကိုမှီပြီးတော့ အပြောင်းအလဲဖြစ်ရတယ်။ အဲဒီအပြောင်းအလဲကို ထဲထဲဝင်ဝင်ထပ်သိစေချင်တယ်။ သိတဲ့နေရာမှာလည်း လက်တွေ့နဲ့ ယှဉ်သုံးနိုင်တဲ့အနေအထားလေးကို ရစေချင်တဲ့စိတ်နဲ့ ဒီလိုဆွေးနွေးပွဲတွေကို စီစဉ်တာဖြစ်ပါတယ်။
ဒေါက်တာလှသောင်း
General Manager
International Banking Department
Shwe Bank
ဒီနေ့ပွဲရဲ့သုံးသပ်ချက်ကတော့ ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု Environment မှာ နိုင်ငံခြားကုမ္ပဏီနဲ့ မြန်မာကုမ္ပဏီတို့ ညီညီညွတ်ညွတ်လေး လုပ်သွားနိုင်ရင် ပိုကောင်းပါမယ်။ ရင်းနှီးမြှုပ်နှံမှုမှာဆိုရင် Direct Investment နဲ့ မြန်မာကုမ္ပဏီတွေနဲ့ Joint Venture လုပ်တာတွေရှိမယ်။ အကျိုးကျေးဇူးအနေနဲ့ဆိုရင် Taxing ပိုင်းအရ တိုင်းပြည်အတွက် အခွန်တွေ တိုးရမယ်။ FDI တွေ တိုးပြီးဝင်လာဖို့ လိုအပ်တဲ့ Environment ကို သုံးသပ်ရမယ်ဆိုရင်တော့
၁။ Infrastructure တွေကောင်းရမယ်။
၂။ နိုင်ငံရေးတည်ငြိမ်ရမယ်။
၃။ ငွေကြေး Stable ဖြစ်ရမယ်။ ကျပ်ငွေဈေးက နိုင်ငံခြားငွေဈေးနဲ့ နှိုင်းယှဉ်လဲလှယ်ရင် အတက်အကျ သိပ်မမြန်ရဘူး။
နိုင်ငံခြားဘဏ်တွေ ဝင်ရောက်လာတဲ့အတွက် Impact ကတော့ တိုင်းရင်းသားဘဏ်တွေလည်း ဖွံ့ဖြိုးလာပါပြီ။ နောက်ထပ် သုံး၊ လေးခုလည်း ဖွင့်ဖို့စီစဉ်ထားပါတယ်။ နိုင်ငံခြားဘဏ်တွေကို ယှဉ်နိုင်ဖို့ဆိုရင်တော့ နည်းပညာပိုင်းမှာ တော်တော်မီအောင် လုပ်ရပါမယ်။