Myanmar Gold Entrepreneurs Association

mmgold1

၂၀၀၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာဆို ၁၃ ကြိမ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း (Myanmar Gold Entrepreneurs Association-MGEA) ဟာ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ကိုယ်စားပြုတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို နိုင်ငံတော်အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်နိုင်ရေး၊ ရွှေဈေးကွက်ကြီး တည်ငြိမ်ရေးနဲ့ နိုင်ငံတော်ကချမှတ်ထားတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို မထိခိုက်အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးစတဲ့ ရည်မှန်းချက်တွေနဲ့ဖွဲ့စည်းဖြစ်ခဲ့တဲ့ ရွှေလုပ်ငန်းရှင်အသင်းရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုအပိုင်း၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

အသင်းတည်ထောင်ရခြင်းရည်ရွယ်ချက်

- မြန်မာနိုင်ငံအတွင်းရှိ ရွှေတူးဖော်ထုတ်လုပ်မှု၊ ပြုပြင်မွမ်းမံအချောကိုင်မှုနဲ့ ရောင်းဝယ်မှုလုပ်ငန်းတွေ ခေတ်မီတိုးတက်အောင်ဆောင်ရွက်ရန်။

- ရွှေလက်ဝတ်ရတနာရောင်းချမှုလုပ်ငန်းတွေမှာ သမာသမတ်ကျတဲ့ဈေးနှုန်းတွေနဲ့ မှန်မှန်ကန်ကန် ရောင်းချနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်။

- ပြည်တွင်းပြည်ပ ရွှေလက်ဝတ်ရတနာရောင်းဝယ်မှု တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်မှခွင့်ပြုတဲ့ ပြပွဲတွေကျင်းပခြင်း၊ ကုန်သွယ်မှုလေ့လာရေးအဖွဲ့တွေကို စေလွှတ်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်စပ်ညှိနှိုင်းဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရန်။

- ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် နိုင်ငံတော်အဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်။

- အသင်းဝင်အချင်းချင်း ရွှေလုပ်ငန်းနဲ့ဆက်နွှယ်ပြီး ပေါ်ပေါက်လာတဲ့ ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုတွေကို စေ့စပ်ညှိနှိုင်းဖြေရှင်းဖျန်ဖြေပေးရန် စတဲ့ ရည်ရွယ်ချက်တွေဖြစ်ပါတယ်။

[caption id="attachment_23880" align="alignnone" width="423"]ဦးသူတော် (ဥက္ကဌ)[/caption]

၂၀၁၅ ခုနှစ်မှာ လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေ . . .

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (နေပြည်တော်) မှာ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းနဲ့ မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရွှေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Gold Central Market Workshop ကိုပြုလုပ်ခဲ့ပါတယ်။ ကုန်သည်/စက်မှုအသင်းချုပ်ကို ရေဘေးသင့်ပြည်သူများအတွက် ရွှေလုပ်ငန်းရှင်များအသင်းကနေ ငွေကျပ်နှစ်သိန်းတိတိ လှူဒါန်းခဲ့သလို နီပေါနိုင်ငံ မြေငလျင်ဘေးဒဏ် ဒုက္ခသည်တွေအတွက်လည်း ငွေကျပ်နှစ်သိန်းလှူဒါန်းခဲ့ပါတယ်။

[caption id="attachment_23881" align="alignnone" width="423"]ဦးကျော်မြင့် (ဒုဥက္ကဌ)[/caption]

အသင်းဝင်ရောက်မှုနဲ့ အင်အား . . .

အသင်းသားဝင်ရောက်မှုအခြေအနေမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရဲ့လမ်းညွှန်မှုအရ ၂၀၀၆ ခုနှစ်မှစပြီး ရွှေလုပ်ငန်းရှင်များအသင်းကို ဝင်ရောက်ပြီးမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ရွှေလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းလိုင်စင်တွေကို လျှောက်ထားခြင်းနဲ့ ထုတ်ပေးခြင်းတွေကို ပြုလုပ်ပေးနေပါတယ်။ အရင် ၂၀၁၄ ခုနှစ်မှာ အသင်းဝင်အရေအတွက်က အလုပ်အမှုဆောင်တွေအပါအဝင် အသင်းဝင်စုစုပေါင်း ၁,၃၀၇ ဦးရှိခဲ့ရာ ၂၀၁၅ ခုနှစ်မှာ (နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကျင်းပချိန်ထိ) ၁,၃၉၂ ဦးအထိ တိုးတက်လာခဲ့ပါတယ်။

[caption id="attachment_23882" align="alignnone" width="423"]ဦးကျော်ဝင်း (အတွင်းရေးမှူး)[/caption]

အသင်းဝင်ကြေးနှုန်းထား . . .

အသင်းဝင်ကြေးကို ၂၀၁၃ ခုနှစ်၊ မတ်လကစပြီး ရွှေဆိုင်နဲ့ သတ္တုထုတ်လုပ်သူကုမ္ပဏီတွေကို အသင်းဝင်ကြေး ငွေကျပ်တစ်သိန်းတိတိနဲ့ နှစ်စဉ်ကြေးသုံးသောင်းကျပ်တိတိ သတ်မှတ်ထားပြီး ပန်းထိမ်လုပ်ငန်းတွေနဲ့ လက်လုပ်လက်စားလုပ်ကိုင်သူတွေအတွက် အသင်းဝင်ကြေး ငါးသောင်းကျပ်နဲ့ နှစ်စဉ်ကြေး ၁၅,၀၀၀ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။

mmgold5

ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ . . .

ပြည်တွင်းပုဂ္ဂလိက စီးပွားရေးဖွံ့ဖြိုးရှင်သန်လာရေးကို ဦးတည်ပြီး အသင်းသူ၊ အသင်းသားတွေရဲ့လိုအပ်ချက်ကို ပံ့ပိုးကူညီနိုင်တဲ့ အသင်းကြီးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာပါ။ ထုတ်ကုန်ပစ္စည်းဈေးကွက်ရရှိရေး၊ အတွေ့အကြုံ ဗဟုသုတရရှိရေးအတွက် ပြည်တွင်းပြည်ပ ကုန်စည်ပြပွဲတွေကို သွားရောက်လေ့လာတာမျိုးတွေနဲ့ Value-added ရတနာပစ္စည်းတွေ ပြည်တွင်းပြည်ပဈေးကွက်တွေကို တိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေရရှိနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ နောက်တစ်ခုက အဓိကအရေးကြီးတဲ့ ရွှေဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး၊ ရွှေစီးဆင်းမှု မှန်ကန်ရေးနဲ့ ရွှေဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ဆွေးနွေးအကြံပေးထိန်းမတ်ပေးသွားမှာပါ။ ပြည်တွင်းပြည်ပက အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ပြီး ရွှေနဲ့ဆက်နွှယ်နေတဲ့ လုပ်ငန်းရှင်တွေကို တွေ့ဆုံစေပြီး ခေတ်မီနည်းပညာတွေ ရယူခြင်းနဲ့ ဆင့်ပွားဖြန့်ဝေခြင်း၊ အသင်းသားတွေ အကျိုးရှိစေမယ့် သင်တန်းတွေကို အခါအားလျော်စွာ ကျင်းပပေးဖို့ စတဲ့လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။

မမို့