အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ်မြောက် မြန်မာ့နာမည်ကျော်ကုန်ပစ္စည်းအမှတ်တံဆိပ်ပြပွဲနဲ့ အရောင်းမြှင့်တင်ပွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်ကနေ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမမှာ သုံးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပြပွဲမှာ ကုမ္ပဏီပေါင်းခြောက်ဆယ်ကျော်က ပြခန်းပေါင်း ၁၂၀ ကျော် ဝင်ရောက်ပြသခဲ့ပြီး ပြပွဲလာပရိသတ်တွေအနေနဲ့ ပြည်တွင်းပြည်ပက နာမည်ကြီးကုန်အမှတ်တံဆိပ်ပစ္စည်းတွေကို တစ်နေရာတည်းမှာ တစုတစည်းတည်းလေ့လာဝယ်ယူနိုင်ခဲ့တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ပြပွဲကာလအတွင်း ကုန်ပစ္စည်းတွေကို အထူးလျှော့ဈေးတွေနဲ့ ရောင်းချပေးတာ၊ ကံစမ်းမဲဖောက်ပေးတာတွေအပြင် ဟောပြောပွဲတွေလည်း ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
ဒေါ်ခိုင်ခိုင်ဦး
အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များအသင်း
ပွဲပြုလုပ်ဖြစ်ခဲ့ပုံနဲ့ ကျင်းပရခြင်းရဲ့ရည်ရွယ်ချက် . . .
ကျွန်မတို့ မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းကကြီးမှုးပြီး ပထမအကြိမ်မြောက် Myanmar Famous Brands Expo & Promo ကို ၂၀၁၆ ခုနှစ်မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဒုတိယအကြိမ်မြောက် ထပ်မံကျင်းပတာဖြစ်ပြီးပွဲမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက နာမည်ကျော်ကုန်အမှတ်တံဆိပ်တွေကို တစ်နေရာတည်းမှာ စုစည်းပြသပေးထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုအသစ်တွေ ပေါ်ထွက်လာအောင်၊ SME လုပ်ငန်းအသစ်တွေ ပေါ်ထွက်လာအောင်၊ ရှိနေတဲ့ SME လုပ်ငန်းထဲကလည်း နိုင်ငံတကာအဆင့်ကို ထိုးဖောက်နိုင်အောင် မြန်မာပြည်မှာရှိနေတဲ့ Local Brand တွေအပြင် International Brand တွေကိုပါ ဖိတ်ခေါ်ပြီး အခုလိုပွဲလေးပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်မှာရှိတဲ့ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေအနေနဲ့ အခုလိုနာမည်ကျော်ကြားလာအောင် ဘယ်လိုကြိုးစားလုပ်ဆောင်ခဲ့ရသလဲဆိုတာတွေကို လူတွေသိစေချင်တဲ့အတွက် ဒီပွဲလေးကို ပြုလုပ်ပေးတာဖြစ်ပါတယ်။ SME လုပ်ငန်းအသစ်တွေအနေနဲ့လည်း ဒီပွဲလေးကနေ လေ့လာသင်ယူနိုင်အောင်လို့ ဖြစ်ပါတယ်။
ဒေါ်ငြိမ်းငြိမ်းအိ
CEO
United Myanmar & Asia Co Ltd
ပွဲမှာ ဝင်ရောက်ပြသဖြစ်ခဲ့ပုံနဲ့ ပြသထားတဲ့ Product တွေ အကြောင်း . . .
ကျွန်မတို့က D-Nae ဆိုတဲ့ Brand Name နဲ့ ထုတ်လုပ်ထားတဲ့ သဘာဝလူသုံးကုန်ပစ္စည်းတွေ ပါဝင်ပြသထားပါတယ်။ D-Nae ဆိုတာ မြန်မာလို 'ဒီနေ့' ကိုယူပြီး အမည်ပေးထားတာ ဖြစ်ပါတယ်။ ဒီပွဲလေးက မြန်မာပြည်က Brand တွေစုပြီး ပြသမယ့်ပွဲတစ်ခုဆိုတော့ ရှားပါးတဲ့ပွဲတစ်ခုဖြစ်တဲ့အတွက် မဖြစ်မနေဝင်ရောက်ပြသဖြစ်တာ ဖြစ်ပါတယ်။ ကျွန်မတို့က မြန်မာနိုင်ငံမှာ ပေါပေါများများရတဲ့ မန်ကျည်းသီး၊ ရှားစောင်း၊ နှင်းဆီ၊ သနပ်ခါး၊ သံပရာ၊ ကျောက်ချဉ်စတဲ့ သဘာဝပစ္စည်းတွေကနေ လူသုံးကုန်ပစ္စည်းတွေ ထုတ်ပါတယ်။ လောလောဆယ်မှာ ရေချိုးဆပ်ပြာ၊ Shower Gel ၊ Body Lotion ၊ Deodorant Spray ၊ Facial Mist ၊ လက်ဆေးဆပ်ပြာ၊ ရေမလိုလက်ဆေးဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာရည်စတဲ့ ထုတ်ကုန်ပစ္စည်းကိုးမျိုးကို ထုတ်လုပ်ထားပါတယ်။
မြန်မာ Brand တစ်ခုအနေနဲ့ ထုတ်ကုန်တွေရဲ့အရည်အသွေးပိုင်းကို ပြင်ဆင်ထားပုံ . . .
ကျွန်မတို့ရဲ့ ထုတ်ကုန်တွေက ကျပ်ငါးထောင်အောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ပစ္စည်းတွေရဲ့အရည်အသွေးကို နိုင်ငံတကာစံနှုန်းမီအောင် ထုတ်လုပ်ထားပါတယ်။ Packaging ပိုင်းမှာဆိုရင်လည်း ဝယ်ယူအသုံးပြုသူအနေနဲ့ ဘူးအထဲမှာ ဘာဖြစ်နေလဲဆိုတာ မြင်နိုင်အောင် ဘူးအကြည်နဲ့ ထုတ်ပေးထားပါတယ်။ နည်းပညာပိုင်းမှာဆိုရင် ဂျပန်နိုင်ငံကနေ PhD ဘွဲ့ယူထားပြီး ဒီလိုပစ္စည်းတွေနဲ့ပတ်သက်လို့ သုတေသနလုပ်လာခဲ့တဲ့ မြန်မာလူမျိုးပညာရှင်နဲ့ တိုင်းရင်းဆေးပညာရှင်တွေက အများကြီးပံ့ပိုးကူညီခဲ့ပါတယ်။ နိုင်ငံတကာအရည်အသွေးအတိုင်းရအောင် PH Balance ကိုလည်း Natural PH 7 ထိရအောင် ထုတ်လုပ်ထားပါတယ်။ နိုင်ငံတော်အဆင့်ဓာတ်ခွဲခန်းမှာ စစ်ဆေးတဲ့ခါမှာလည်း Microbiological Method နဲ့ စစ်ဆေးပြီး သန့်စင်မှုအားကောင်းကြောင်း ခွင့်ပြုချက်ရရှိထားပါတယ်။
Facebook Page : www.facebook.com/dnaemyanmar
ဖုန်းနံပါတ် - ၀၉ ၂၅၄၂၆၃၂၇၇
ဒေါ်ဇာခြည်သန့်
အောင်ဇမ္ဗူရောင်းဝယ်ရေး
ပွဲမှာ ဝင်ရောက်ပြသဖြစ်ခဲ့ပုံနဲ့ ပြသထားတဲ့ Product တွေအကြောင်း . . .
သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ မြန်မာအစားအစာတွေဖြစ်တဲ့ ကျွန်မတို့ရဲ့ကုန်ပစ္စည်းတွေကို ပိုပြီးတော့ လူသိများစေချင်တဲ့အတွက် ဒီပွဲလေးမှာ ဝင်ရောက်ပြသဖြစ်ခဲ့တာဖြစ်ပါတယ်။
စလေမြို့မှာရှိတဲ့ ကျွန်မတို့ စက်ရုံကထုတ်လုပ်တဲ့ စလေရှေ့ဆောင်အမှတ်တံဆိပ် မန်ကျည်းအနှစ်ရည်၊ ဆီးအနှစ်ရည်၊ အသင့်သောက် မန်ကျည်းဖျော်ရည်၊ အသင့်သောက် ဆီးဖျော်ရည်၊ ဆီးတော်ဖီ၊ မန်ကျည်းတော်ဖီ၊ ဆီးပလိပ်ပြား၊ ချင်းဆီးပြားနဲ့ ဆီးထုတ် စတာတွေကို ရောင်းချပေးတာ ဖြစ်ပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာ စင်ကာပူနိုင်ငံမှာကျင်းပမယ့် Food Fair မှာလည်း ကျွန်မတို့အနေနဲ့ ဝင်ရောက်ပြသွားဖို့ ရှိပါတယ်။
ဖုန်းနံပါတ် - ၀၉ ၄၂၁၀၉၇၁၂၄
ဦးမြင့်အောင်
Business Developing Consultant
ရှမ်းရွှေတောင်
ပွဲမှာ ဝင်ရောက်ပြသဖြစ်ခဲ့ပုံ . . .
ကျွန်တော်တို့အနေနဲ့ Customer က ကိုယ့်ဆီကိုလာတာထက် Customer ရှိတဲ့ဆီကိုသွားရတာ ပိုပြီးသဘာဝကျပါတယ်။ အဲဒီတော့ ဈေးကွက်ကို ထိုးဖောက်တဲ့နေရာမှာ ဒီလိုပြပွဲမျိုးတွေကို ကျွန်တော်တို့က အာရုံစိုက်ပါတယ်။ ဒီလိုပွဲတွေမှာက လူတန်းစားအစုံလာတဲ့အတွက် အထူးကြော်ငြာစရာမလိုပါဘူး။ မြန်မာနိုင်ငံမှာ နာမည်ကျော်ကြားတဲ့ အမှတ်တံဆိပ်တွေရဲ့ ပြပွဲဖြစ်တဲ့အတွက် ဒီလိုပွဲမှာ ဝင်ရောက်ပြသခွင့်ရတဲ့ ဂုဏ်တစ်ခုအနေနဲ့လည်း ဝင်ရောက်ပြသဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ပွဲမှာထူးထူးခြားခြားပြသရောင်းချပေးတဲ့ Product . . .
မန္တလေးမှာ ၂၀၁၇ ခုနှစ်၊ ဧပြီလကမှစပြီး စမ်းသပ်ရောင်းချတဲ့ လက်ဖက်ကောက်ညှင်းပေါင်းကို ဒီပွဲမှာရောင်းချပေးပါတယ်။ ပုံမှန်အတိုင်းဆိုရင် လက်ဖက်ကသတ်သတ်၊ ကောက်ညှင်းပေါင်းကသတ်သတ်ပဲ စားလေ့ရှိပါတယ်။ လက်ဖက်နဲ့ကောက်ညှင်းတွဲစားမယ်ဆိုရင် လက်ဖက်ရော၊ ကောက်ညှင်းရောက ချုပ်တဲ့အတွက် အဲဒါမျိုးမဖြစ်အောင် ကောက်ညှင်းပေါင်းပေါင်းတဲ့အခါမှာ လက်ဖက်စိမ်းကို ထည့်ပြီးတော့ ပေါင်းပါတယ်။ လက်ဖက်စိမ်းအရွက်ကို ထည့်ပေါင်းတာမဟုတ်ဘဲ လက်ဖက်ကိုအခြောက်ခံပြီးတော့မှ အမှုန့်ကို ထည့်ပေါင်းတာဖြစ်ပါတယ်။ စားလိုက်တဲ့အခါမှာ လက်ဖက်အရသာနဲ့ လက်ဖက်စိုအနံ့လေး ရရှိမှာဖြစ်ပါတယ်။ အရောင်ကကျတော့ ကောက်ညှင်းပေါင်းပေမယ့် လက်ဖက်အရောင်ဖြစ်ပါတယ်။ သူ့ကို ငါးခြောက်ကြော်၊ စတော်ပဲ၊ ကြက်သွန်ဖြူကြော်တို့နဲ့ တွဲဖက်စားသောက်နိုင်မယ့် လက်ဖက်နဲ့ပတ်သက်တဲ့ အစားအစာတစ်မျိုးအဖြစ် ဆန်းသစ်ထားတာဖြစ်ပါတယ်။ ရန်ကုန်မှာ ဒါကိုဘယ်တော့ရမလဲ မေးနေကြတဲ့အတွက် ၂၀၁၇ ခုနှစ်မကုန်ခင်မှာ ရန်ကုန်မှာရှိတဲ့ ဆိုင်တွေမှာ အသင့်စားသုံးနိုင်အောင် ဖြန့်ဖြူးနိုင်ဖို့ ကြိုးစားနေပါတယ်။ အခုလက်ရှိမှာတော့ မန္တလေးက ရှမ်းရွှေတောင်လက်ဖက်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။
နိုင်ငံတကာဈေးကွက်ကိုထိုးဖောက်ဖို့ ပြင်ဆင်နေမှုများ . . .
နိုင်ငံခြားကို တင်ပို့ရောင်းချဖို့အတွက် ပို့ကုန်တွေ ထုတ်လုပ်ဖို့ စက်ရုံတည်ဆောက်နေပါတယ်။ Packaging ပိုင်းမှာလည်း အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ နောက်တစ်မျိုးက သြဂဲနစ်လက်ဖက်ထုတ်လုပ်ဖို့ရှိပါတယ်။ သြဂဲနစ်လက်ဖက်ဆိုတာက အခုလိုမွမ်းမံထားတဲ့ အသင့်စားလက်ဖက်မျိုးမဟုတ်ဘဲနဲ့ ကြက်သား၊ ဝက်သား၊ အမဲသားတို့လို အသားနဲ့ရောပြီး ဟင်းချက်စားဖို့အတွက် ဖြစ်ပါတယ်။ နိုင်ငံခြားမှာက လက်ဖက်ကို အသားနဲ့ရောပြီး ဟင်းချက်စားကြတဲ့ဓလေ့က တော်တော်လေးကျယ်ပြန့်ပါတယ်။ အဲဒီ သြဂဲနစ်လက်ဖက်ကို Export လုပ်ဖို့အထိ ကြိုးစားနေပါတယ်။
Facebook : www.facebook.com/shanshwetaung
ဖုန်းနံပါတ် - ၀၂ ၆၅၅၄၀၊ ၀၉ ၅၁၄၈၇၀၁
ဦးလွင်ဘို
Product Manager
Sapindus Co Ltd
ပွဲမှာ ဝင်ရောက်ပြသဖြစ်ခဲ့ပုံနဲ့ ပြသထားတဲ့ Product တွေအကြောင်း . . .
ကျွန်တော်တို့ကုမ္ပဏီက ထုတ်လုပ်ရောင်းချနေတဲ့ Sapindus အမှတ်တံဆိပ်သဘာဝဆပ်ပြာအဆီကို မိတ်ဆက်တဲ့အနေနဲ့ ဝင်ရောက်ပြသတာဖြစ်ပါတယ်။ Sapindus ဆေးကြောဆပ်ပြာဆီဟာ တောင်အာရှမှာ အဓိကထွက်တဲ့ Sapindus Mukorossi လို့ခေါ်တဲ့ သဘာဝဆပ်ပြာအသီးကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဆပ်ပြာတွေမရှိသေးတဲ့ ဟိုးအရင်ခေတ်တွေတုန်းကဆိုရင် ဒီအသီးကိုပြုတ်ပြီး ဆပ်ပြာရည်အဖြစ် အသုံးပြုကြပါတယ်။ ဒီအသီးမှာ အညစ်အကြေးတွေ၊ ဘတ်တီးရီးယားပိုးမွှားတွေ ကင်းစင်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ Sapindus ဆေးကြောဆပ်ပြာဆီဟာ ဆပ်ပြာအသီးကို သဘာဝအတိုင်း နေပူထဲမှာအခြောက်လှမ်းပြီး ထိုင်ဝမ်နည်းပညာအသုံးပြုကာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိစေဖို့ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ နည်းစနစ်တွေနဲ့ အဆင့်ဆင့် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ရေရှည်အတွက် ဘေးကင်းစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Sapindus ဆပ်ပြာအဆီကို ရေ ၃ ဆရောပြီး အိုးခွက်၊ ပန်းကန်၊ ကြွေထည်၊ စတီးပစ္စည်းတွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို ဆေးကြောသန့်စင်နိုင်ပါတယ်။
Email : [email protected]
ဖုန်းနံပါတ် - ၀၉ ၇၆၆၀၃၀၄၆၁၊ ၀၉ ၉၆၄၅၂၄၈၇၇
ဦးဝေယံစိုးနိုင်
Operation Manager
Aung Nay Lin Htun Co Ltd
ပြသထားတဲ့ Product တွေအကြောင်း . . .
ကျွန်တော်တို့ ကုမ္ပဏီကထုတ်လုပ်တဲ့ ကော်ဖီ၊ လက်ဖက်ခြောက်၊ ကွတ်ကီးတွေအပြင် အိမ်သုံး၊ ရုံးသုံး၊ ဆိုင်သုံး ကော်ဖီစက်ပစ္စည်းတွေနဲ့ တွဲဖက်ပစ္စည်းတွေကိုလည်း ပြသရောင်းချပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ကော်ဖီဆိုင် ဖွင့်ချင်တဲ့သူတွေကို အကြံပေးတာ၊ သင်တန်းပေးတာတွေလည်း ပြုလုပ်ပေးပါတယ်။ ဒီပွဲမှာပြသရောင်းချပေးတဲ့ ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီက ရှမ်းပြည်နယ်မှာ စိုက်ပျိုးတဲ့ အထူးတန်းဝင် မြန်မာ့ထုတ်ကုန်ကော်ဖီဖြစ်ပါတယ်။ အမြင့်ပေမှာ စိုက်လို့ရတဲ့ တောင်မြင့်ကော်ဖီဖြစ်တဲ့ Arabica ကော်ဖီကို သုံးထားတဲ့အတွက် အရည်အသွေးက အထူးကောင်းမွန်ပြီး နိုင်ငံခြားကော်ဖီတွေနဲ့ တန်းတူယှဉ်နိုင်ပါတယ်။ သြဂဲနစ်ကော်ဖီဖြစ်ပြီး ဓာတုဗေဒပစ္စည်း မသုံးထားတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။
နိုင်ငံခြားကော်ဖီ Brand တွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ထားမှုအပိုင်း . . .
မြန်မာနိုင်ငံက ကော်ဖီက ကမ္ဘာမှာလည်း အဆင့်တစ်ခု ရှိပါတယ်။ နိုင်ငံခြားကော်ဖီတွေနဲ့ အရည်အသွေးပိုင်းမှာ ယှဉ်ပြိုင်နိုင်အောင် ကျွန်တော်တို့ရဲ့ ကော်ဖီအရည်အသွေးကို အမြဲတမ်းတစ်သမတ်တည်းဖြစ်နေအောင် ပြုလုပ်ပါတယ်။ အရည်အသွေးနဲ့ပတ်သက်လို့ အမှားမခံပါဘူး။
တချို့ကော်ဖီတွေက ကော်ဖီစေ့တွေကို အရွယ်အစားအလိုက် လက်နဲ့ရွေးထားတာဖြစ်တဲ့အတွက် ဈေးကြီးပါတယ်။ ကျွန်တော်တို့က Customer Demand အလိုက် သူ့အတိုင်းအတာနဲ့သူ ထုတ်တာဖြစ်တဲ့အတွက် လတ်ဆတ်မှုလည်း ရှိပါတယ်။
Website : www.geniuscoffee.info
Facebook Page : www.facebook.com/GeniusSpecialtyCoffee
ဖုန်းနံပါတ် - ၀၉ ၇၃၀၈၈၀၆၈၊ ၀၉၄၂၂၄၄၄၄၀၃
ကြည်ပြာနွဲ့ဦး