UK- Myanmar Financial Service Taskforce ၏ ဦးဆောင်ပံ့ပိုးမှုနှင့် IFC (International Finance Cooperation) ၏ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမအကြိမ် Myanmar Director Accreditation Program Class ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်တွင် ဗြိတိသျှသံအမတ်ကြီး၏နေအိမ်၌ တစ်နေ့တာသင်တန်း ကျင်းပနိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံ Thai Institute of Director (TIOD) မှ ဥက္ကဋ္ဌ ဖြစ်သူ Dr Bandid Nijathaworn နှင့် Libertas Company Ltd မှ ကျောင်းအုပ်ကြီး Alan Kam က ဦးဆောင်ဆွေးနွေးတင်ပြသွားပါသည်။ မြန်မာနိုင်ငံမှ Citymart ၊ IGE ၊ KBZ ၊ Dagon ၊ Grand Royal ၊ Young Investment Group ၊ Myanmar Citizen Bank ၊ Myanmar Oriental Bank ၊ Deloitte ၊ Yoma Strategic ၊ TODAY တို့မှ ပိုင်ရှင်များ၊ ဥက္ကဋ္ဌများ တက်ရောက်ကြပါသည်။ တစ်ရက်ကြာသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာဒါရိုက်တာများအနေဖြင့် အသင်းအဖွဲ့ဆိုင်ရာအုပ်ချုပ်မှု၏ အရေးပါမှုနှင့် လုပ်ထုံးလုပ်နည်းများကို မိတ်ဆက်ပေးခြင်းနှင့် အသင်းအဖွဲ့ဆိုင်ရာအုပ်ချုပ်မှုကောင်းကို အခြေခံထား၍ မြန်မာကုမ္ပဏီများတွင် ဒါရိုက်တာ၏တာဝန်အခန်းကဏ္ဍနှင့် အရေးပါမှုကို အမှန်တကယ်နားလည်တတ်ကျွမ်းသူ ဒါရိုက်တာများ ပေါ်ထွက်လာရေးကို အထူးရည်ရွယ်ပါသည်။
သင်တန်းအဖွင့်နှုတ်ဆက်စကားကို Tina Singhsacha (Standard Chartered Bank) က ပြောဆိုပြီး ဗြိတိသျှသံအမတ်ကြီးဖြစ်သူ Andrew Patrick က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် ပထမပိုင်းအစီအစဉ်ဖြစ်သည့် အသင်းအဖွဲ့ဆိုင်ရာစီမံအုပ်ချုပ်မှု (Corporate Governance) ၏အရေးပါမှုနှင့် အခန်းကဏ္ဍများကို Dr Bandid က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အသင်းအဖွဲ့ဆိုင်ရာစီမံအုပ်ချုပ်မှု (Corporate Governance) ဆိုသည်မှာ ရပိုင်ခွင့် (Rights) ၊ တာဝန် (Responsibility) များကို စနစ်တကျသိရှိခြင်းဖြင့် အဖွဲ့အစည်းနှင့်ပတ်သက်သူအားလုံး- ဒါရိုက်တာအဖွဲ့၊ မန်နေဂျာ၊ အစုရှယ်ယာဝင်များ၊ အခြားပါဝင်ပတ်သက်သူများအနေဖြင့် အဖွဲ့အစည်း၏ ကောင်းရာကောင်းကျိုးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။
အသင်းအဖွဲ့ဆိုင်ရာအုပ်ချုပ်မှု အားနည်းခြင်းကြောင့်
က။ စာရင်းအင်းဆိုင်ရာလိမ်လည်မှု (Accounting Fraud)
ခ။ အတွင်းလူ၏မရိုးသားမှု (Insider Trading)
ဂ။ အလွဲသုံးစားမှုများ (Embezzlement)
ဃ။ လာဘ်စားမှုနှင့် ခြစားမှုများ (Corruption) များဖြစ်ကာ အောင်မြင်နေသော နိုင်ငံတကာကော်ပိုရေးရှင်းနှင့် အာရှကော်ပိုရေးရှင်းများအနေဖြင့် ကျဆုံးသည်သာမက ပျက်စီးသည်အထိ ဥပမာများဖြင့် ဆွေးနွေးတင်ပြသွားပါသည်။ ထို့ပြင် ထိုင်းနိုင်ငံ၏ ၁၉၉၇ ခုနှစ် ငွေကြေးဆိုင်ရာ စီးပွားကပ်မှာလည်း အသင်းအဖွဲ့ဆိုင်ရာအုပ်ချုပ်မှုအား နည်းခြင်းရလဒ်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသွားပါသည်။
အသင်းအဖွဲ့ဆိုင်ရာအုပ်ချုပ်မှုကောင်းမွန်ရန်မှာ
၁။ စွမ်းဆောင်ရည်မြင့်သော ဒါရိုက်တာဘုတ်အဖွဲ့ထားရှိခြင်း
၂။ အဖွဲ့အစည်းတွင်းဆိုင်ရာစီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှုများ ကောင်းမွန်ပြည့်စုံခြင်း
၃။ စီမံခန့်ခွဲနိုင်သော စွန့်စားမှုပြုလုပ်ခြင်း
၄။ စွမ်းဆောင်ရည်ကို မျက်ခြည်မပြတ် သတိပြုနိုင်ခြင်းနှင့် မှန်ကန်စွာ တိုင်းတာနိုင်ခြင်း
၅။ နာမည်ကောင်းရှိရန်နှင့် အသိအမှတ်ပြုခံရန် အစဉ်ကြိုးစားဆောင်ရွက်ခြင်း
၆။ အဖွဲ့အစည်း ရေရှည်အကျိုးစီးပွားအတွက် ပြင်ဆင်လုပ်ကိုင်ခြင်းတို့ဖြစ်ပါသည်။
အနှစ်ချုပ်ဆိုရသော် အသင်းအဖွဲ့ဆိုင်ရာအုပ်ချုပ်မှုဆိုသည်မှာ ဒါရိုက်တာဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲသူတို့အကြား 'ယုံကြည်စိတ်ချစွာ' နှင့် အဖွဲ့အစည်းကောင်းကျိုးအတွက် တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။
ထို့နောက် နေ့လယ်စာစားသုံးကြပြီး တစ်ဆက်တည်း Dr Bandid က ဒါရိုက်တာနှင့် ဒါရိုက်တာဘုတ် အဖွဲ့တို့၏ ထိရောက်စွာစွမ်းဆောင်နိုင်မှုကို တင်ပြဆွေးနွေးသွားပါသည်။
နေ့လယ်ပိုင်းအစီအစဉ်ကို Mr.Alan Kam က အသင်းအဖွဲ့ဆိုင်ရာမဟာဗျူဟာချမှတ်ခြင်း (Strategy) နှင့် စီမံခန့်ခွဲနိုင်သောစွန့်စားမှု (Risk Management) တို့ကို တင်ပြသွားပါသည်။
စွန့်စားမှု (Risk) သည် အဖွဲ့အစည်းတိုင်း လုပ်ဆောင်ကြရသည်ဖြစ်ရာ မဟာဗျူဟာချမှတ်ခြင်း (Strategy) နှင့် တစ်နည်းတစ်ဖုံ ဆက်သွယ်နေပါသည်။ ဥပမာ - ကိုဒတ် (Kodak) အနေဖြင့် ၁၉၇၀ ပြည့်နှစ်များကာလတွင် Digital Camera ကို စတင်တီထွင်နိုင်ခဲ့သော်လည်း ဖြစ်နိုင်ခြေမရှိဟု သတ်မှတ်ခံခဲ့ရပြီး ဖူဂျီ (Fuji) မှ အဆိုပါအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့နိုင်သဖြင့် ယနေ့အချိန်အခါတွင် ဖူဂျီအနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ဝင်ငွေရှိနေသော်လည်း ကိုဒတ်မှာ သမိုင်းဝင်ကုမ္ပဏီအဖြစ် မှတ်တမ်းတင်ခံနေရပြီဖြစ်ပါသည်။ အလားတူ Black Berry ကို တီထွင်ခဲ့သော Research in Motion (RIM) သည်လည်း သမိုင်းဝင်ကုမ္ပဏီ ဖြစ်သွားပြီဖြစ်ပါသည်။ အဖွဲ့အစည်းတစ်ခုအနေဖြင့် စည်းကမ်းကောင်းမွန်တိုးတက်ရန် ဆောင်ရွက်နေမှသာ အောင်မြင်မှုရရှိနေမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသွားပါသည်။
လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း ကုမ္ပဏီအများစုမှာ မည်ကာမတ္တ ဒါရိုက်တာများ ခန့်အပ်လုပ်ကိုင်ခြင်း၊ မိသားစုပုံစံများလုပ်ကိုင်ခြင်းတို့မှတစ်ဆင့် အသင်းအဖွဲ့ဆိုင်ရာစီမံအုပ်ချုပ်မှုကို ဇောင်းပေးလုပ်ကိုင်လာရန်လိုအပ်ကြောင်း မျှဝေလိုက်ရပါသည်။ နောင်တွင်လည်း အလားတူသင်တန်းများကို ဖွင့်လှစ်ပို့ချမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
ဒေါက်တာသာထွန်းဦး