ဦးဗအုပ်ခိုင်
ဥက္ကဋ္ဌ
စားသုံးသူကာကွယ်ရေးအသင်း
အသင်းသမိုင်းကြောင်း
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်က စတင်ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ စားသုံးသူပြည်သူအားလုံး စားသုံးသူအခွင့်အရေးကို နားလည်ပြီး ကိုယ့်အခွင့်အရေး ကိုယ်ကိုယ်တိုင် ကာကွယ်စောင့်ရှောက်တတ်စေဖို့၊ ဘေးကင်းလုံခြုံစိတ်ချရတဲ့ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေကို စားသုံးသူတိုင်းသုံးစွဲနိုင်စေဖို့၊ ကျန်းမာသက်ရှည်ပြီး မျှော်မှန်းလူ့သက်တမ်းတိုးတက်လာပြီး သက်တမ်းစေ့နေနိုင်ဖို့ ဒီရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာပါ။ ဈေးကွက်ထဲမှာရှိတဲ့ အစားအသောက် ၈၀ ရာခိုင်နှုန်းလောက်က အရည်အသွေးမမီတာ၊ လုံခြုံ စိတ်ချမှုနည်းတာကို တွေ့ရပါတယ်။ အဲဒီအကျိုးဆက်ကြောင့် မြန်မာနိုင်ငံက ကင်ဆာအဖြစ်ပွားဆုံး ဆယ်နိုင်ငံထဲမှာ ပါလာတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ဒီလိုအသင်းလည်း လိုအပ်တယ်ဆိုပြီး တည်ထောင်ခဲ့တာပါ။
လက်ရှိလုပ်ကိုင်ဆောင်ရွက်ချက်
အသိပညာပေးတဲ့အပိုင်းနဲ့ ကာကွယ်တဲ့အပိုင်းဆိုပြီး နှစ်ပိုင်းလုပ်ဆောင်နေပါတယ်။ အသင်းစတင်ဖွဲ့ပြီးပြီးချင်း တစ်လအတွင်းမှာ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေကို အခမဲ့ပေးပါတယ်။ စားသုံးသူအခွင့်အရေးနဲ့ပတ်သက်လို့ UN က ပြဋ္ဌာန်းထားတဲ့အချက် ရှစ်ချက်ကို ပြောပြပါတယ်။ လက်ကမ်းစာစောင်တွေဖြန့်ဝေပါတယ်။ တချို့ကုမ္ပဏီတွေ အဖွဲ့အစည်းတွေက ထပ်ဆင့်ဖြန့်ဝေတဲ့အတွက် အခုဆိုတော်တော်များများသိနေပါပြီ။
ကာကွယ်တဲ့အပိုင်းမှာတော့ ကျောင်းမုန့်ဈေးတန်းမှာ စားသုံးဖို့မသင့်တဲ့ မုန့်တွေတွေ့ရင်သိမ်းတယ်။ စားသောက်ဆိုင်တွေကိုလည်း စစ်ဆေးပါတယ်။ အန္တရာယ်ရှိတဲ့အစားအသောက်တွေကို အရင်က FDA ၊ UMFCCI သမဝါယမတို့မှာ ဓာတ်ခွဲပြီး မီဒီယာကနေ တစ်ဆင့်ကြော်ငြာပါတယ်။ ကိုယ်ပိုင်ဓာတ်ခွဲခန်းကတော့ အခုမှစမှာပါ။ အောင်မြင်မှုအနေနဲ့တော့ လူထုကြားထဲမှာ တော်တော်ပျံနှံ့သွားသလို လူတွေကလည်း အစားအသောက်တွေကို ရွေးချယ်စားသောက်တတ်လာပါတယ်။ သိမ်းဆည်းရမိတဲ့ပစ္စည်းတွေများလာလို့ရှိရင် မီးရှို့ဖျက်ဆီးတာတို့ မြေမြှုပ်တာတို့လုပ်ပါတယ်။ ပညာရေးဌာနက ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပါတယ်။ အခြေခံပညာညွှန်ချုပ်ကလည်း ကျောင်းမုန့်ဈေးတန်းတွေကို စစ်ဆေးပေးဖို့ တရားဝင်စာထုတ်ထားပေးပါတယ်။ စည်ပင်ကလည်း ကူညီပေးတာတွေလည်း ရှိပါတယ်။
အသင်းဝင်အင်အားနဲ့ အရေအတွက်
အသင်းသားဦးရေပေါင်း တစ်ထောင်ကျော်ရှိပါတယ်။ နယ်ရုံးခွဲခြောက်ခုရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးရုံးခွဲ၊ ပဲခူးတိုင်းဒေသကြီးရုံးခွဲ၊ ရှမ်းပြည်နယ် တောင်ကြီးရုံးခွဲ၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးရုံးခွဲ၊ ပခုက္ကူ ကံမရုံးခွဲ၊ နေပြည်တော်နဲ့ ရန်ကုန်မှာလည်းရှိပါတယ်။ နောက်ပိုင်း မော်လမြိုင်၊ ကျိုက်ထို၊ ရေးနဲ့ ရေစကြို တို့မှာလည်း ရုံးခွဲတွေ ထပ်ဖွင့်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
အသင်းဝင်ခြင်းကနေရရှိမယ့် အကျိုးကျေးဇူး
ကိုယ့်မိသားစုကိုစောင့်ရှောက်နိုင်သလို ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်နဲ့ ကိုယ့်မြို့ကိုလည်း စောင့်ရှောက်နိုင်မှာပါ။ ငွေကြေးအကျိုးအမြတ်အနေနဲ့တော့ မရှိပါဘူး။ Volunteer ဖြစ်တဲ့အတွက် လစာလည်းမရပါဘူး။ အလှူရှင်တစ်ဦးတလေ လှူဒါန်းတာနဲ့ ကိုယ့်ဟာကိုယ် ကြိုးစားရုန်းကန်ရတာနဲ့ ရပ်တည်နေပါတယ်။ အသင်းဝင်လိုသူတွေကို အရည်အချင်း သတ်မှတ်ထားတာ မရှိပေမယ့် ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကို လိုက်နာရပါမယ်။ စီးပွားကူးသန်းဝန်ကြီးဌာနကဆွဲတဲ့ စားသုံးသူ ကာကွယ်ရေးဥပဒေက ၂၀၁၄ ခုနှစ်ကထွက်လာပေမဲ့ နည်းဥပဒေကတော့ မထွက်လာသေးပါဘူး။ သာမန်အားဖြင့် ဥပဒေထွက်ရင် ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေလည်း လိုက်ထွက်ရမှာဖြစ်ပေမဲ့ တစ်နှစ် ကျော်တာတောင် မထွက်ရှိသေးပါဘူး။ အရေးယူလို့ရတဲ့ ဥပဒေအနေနဲ့ အမျိုးသားအစားအသောက်ဥပဒေ၊ ဆေးလိပ်နဲ့ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပေဒေတွေက စားသုံးသူကာကွယ်ရေးဥပဒေနဲ့ ဆက်စပ်တဲ့ ဥပဒေတွေပါ။
အရင်ကတော့ FDA တစ်ခုပဲရှိတာပါ။ တချို့ကတော့ FDA မှာနမူနာတင်တော့တစ်မျိုး ဈေးကွက်ထဲမှာရှိတဲ့ ပစ္စည်းတွေကတစ်မျိုးဖြစ်နေတဲ့အတွက် ဈေးကွက်ထဲက ပစ္စည်းတွေကို ကောက်ပြီးစစ်ဆေးဖို့တော့ အကြံပြုထားပါတယ်။ နိုင်ငံတကာမှာရှိတဲ့ စားသုံးသူကာကွယ်ရေးအသင်းက လုပ်ငန်းရှင်နဲ့ စားသုံးသူကြားထဲမှာဖြစ်တဲ့ ပဋိပက္ခကိုဖြေရှင်းပေးပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ စားသုံးသူ ထိခိုက်နစ်နာစေမယ့်ကိစ္စတွေကို တိုင်ကြားခဲ့မယ်ဆိုရင် စားသုံးသူဘက်က ရပ်တည်ပြီး လုပ်ဆောင်ပေးပါတယ်။ တိုင်စာရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ အသင်းက တစ်ပတ်တစ်ခါ ကျောင်းမုန့်ဈေးတန်းတွေ၊ စက်ရုံတွေ၊ ဈေးတွေကို ဝင်ရောက်စစ်ဆေးတာမျိုးတွေ လုပ်ပါတယ်။ ကျွန်တော်တို့ကြောင့် သူတို့ကုန်ပစ္စည်းရောင်းအားကျသွားတဲ့အတွက် မကျေနပ်လို့ ထိပ်တိုက်တွေ့ဆုံမှုတွေတော့ မကြာခဏကြုံတွေ့ရပါတယ်။
ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ
မတ်လ ၁၅ ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့လို့ UN ကသတ်မှတ်ထားတာကို ဒီမှာနှစ်စဉ်ကျင်းပပါတယ်။ နောက်လန်ဒန်မှာရုံးစိုက်တဲ့ အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International) နဲ့လည်း ချိတ်ဆက်ဖို့ ရှိပါတယ်။ မြန်မာပြည်သူလူထုတွေ ကိုယ့်အခွင့်အရေးကိုယ်သိဖို့ အသိပညာပေးလုပ်ဆောင်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။ တစ်ခါတလေကျတော့ သတိပေးနေပေမဲ့ ဆင်းရဲမွဲတေမှုနဲ့ ရွေးချယ်ခွင့်မရှိတဲ့အခါ မသုံးနဲ့မစားနဲ့ဆိုလည်း စားနေ၊ သုံးနေကြတာပါပဲ။ စားသုံးသူ ကာကွယ်ရေးဆိုတာနဲ့ အစားအသောက်ကိုပဲ မြင်ကြတာပါ။ တကယ်က ဝန်ဆောင်မှုအားလုံးနဲ့ ဆိုင်ပါတယ်။ အကျင့်ပျက်ခြစားမှုတွေကလည်း စားသုံးသူတွေကို တကယ်ပဲထိခိုက်စေသလို ဥပဒေတွေ အသက်မဝင်တဲ့အတွက်ကြောင့် အရေးယူမှုတွေလည်း အားနည်းပါတယ်။ ကျွန်တော်တို့အနေနဲ့ စိတ်ရှိတဲ့အတိုင်း မလုပ်နိုင်တဲ့အတွက် ထောက်ပံ့ကူညီမှုတွေလည်း လိုပါတယ်။
လင်းသူ