နည်းပညာလုပ်ငန်းရှင်အများစုပုံစံအတိုင်းပဲ Elon Musk ဟာ စိတ်ပျက်စရာ ဘဏ္ဍာရေးအခြေအနေကို မေးငေါ့ခဲ့သူပါ။ ကျွမ်းကျင်သူတွေက မောင်းသူမဲ့ကားနဲ့ အာကာသခရီးစဉ်နယ်ပယ်ကိုလေ့လာသုံးသပ်နေချိန်မှာ အလှည့်အပြောင်းလုပ်နိုင်တဲ့ ငွေချေးစာချုပ်နဲ့ ကြွေးမြီးစာရင်းတွေက Wall Street အတွက်တော့ ပြဿနာတွေပါပဲ။ ဒီအခြေအနေကို Musk က လက်ခံလိုဖွယ်မရှိဘူးဆိုရင်တောင်မှ အမေရိကရဲ့ ကော်ပရေးရှင်းလုပ်ငန်းတွေမှာ သူဟာ လက်ရဲဇက်ရဲရင်းနှီးမြှုပ်နှံနိုင်လွန်းတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဆယ်နှစ်တာကာလလောက်အတွင်းမှာ ဒေါ်လာ ၄၄ ဘီလီယံတန်ကြေးရှိတဲ့ စီးပွားရေးအင်ပါယာကြီးတစ်ခုကို Musk က တည်ထောင်ခဲ့တာပါ။ ရောထွေးနေတဲ့ ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှု၊ ဝင်္ကပါလို ရှုပ်ထွေးတဲ့ကော်ပရေးရှင်းလုပ်ငန်းတွေက တကယ့်ကိုစိတ်လှုပ်ရှားစရာပါပဲ။ Musk ရဲ့လုပ်ငန်းတွေကတော့ ဖြစ်နိုင်ခြေရှိတဲ့ စီးပွားရေးနယ်ပယ်အားလုံးကို နယ်မြေချဲ့ထွင်ခဲ့ပါတယ်။
ဆယ်စုနှစ်တစ်စုအတွင်း Musk ရဲ့ စီးပွားရေးလုပ်ငန်းတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတစ်ခုကတော့ လာမယ့် ၁၈ လတာကာလအတွင်း လုပ်ငန်းတွေရဲ့ဈေးကွက်တန်ဖိုးကို တည်ငြိမ်မှုရှိစေဖို့နဲ့ လုပ်ငန်းတွေအပေါ် ယုံကြည်မှုမြှင့်တင်နိုင်ဖို့ပါ။ Musk အနေနဲ့ ဘဏ္ဍာရေးအသုံးစရိတ်အသစ်နဲ့ ကုန်ပစ္စည်းအသစ်တွေအကြောင်းကို လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း ထုတ်ဖော်ပြောကြားသွားဖို့လည်း မျှော်လင့်ရပါတယ်။
အကျဘက်ရောက်နေတဲ့အခြေအနေတွေကိုတော့ Musk က အကြိမ်ကြိမ် ငြင်းဆိုပါတယ်။ ဒါပေမဲ့ ရှယ်ယာဝင်တွေ များပြားလာတဲ့အတွက်ကြောင့် ရှယ်ယာဝင်တွေ၊ ကြွေးမြီရှင်တွေနဲ့ ပြိုင်ဘက်အစုအဖွဲ့တွေရဲ့ ဒေါ်လာဘီလီယံ ရာနဲ့ချီတဲ့ငွေကြေးပါဝင်မှုက အန္တရာယ်ဖြစ်လာစေပါတယ်။ Tesla လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီဆိုရင်လည်း ကုန်ထုတ်လုပ်မှုကို အလျင်အမြန်ဆောင်ရွက်နိုင်ဖို့ လိုအပ်နေပြီး ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ရင်ဆိုင်ရလျက်ပါ။ Musk ကတော့ သူ့ရဲ့ Tesla နဲ့ ဆိုလာပြားထုတ်လုပ်တဲ့ SolarCity ကုမ္ပဏီနှစ်ခုကို ဘဏ္ဍာရေးမလောက်ငမှု ပြဿနာတွေကြောင့် ပေါင်းစပ်ဖို့ ဆန္ဒရှိပါတယ်။ တကယ်တော့ Musk ဟာ အမေရိကန် စီးပွားရေးလောကမှာ နေရာတစ်ခုရရှိထားခဲ့ပြီးသူပါ။ ဒါပေမဲ့ အရဲစွန့်စီးပွားရေးသမားလား၊ လိမ္မာပါးနပ်တဲ့ စီးပွားရေးသမားလားဆိုတာကတော့ သိပ်မကြာခင် အဖြေထွက်ပေါ်လာတော့မှာပါ။
တောင်အာဖရိကမှာ ကြီးပြင်းလာခဲ့သူတစ်ယောက်အနေနဲ့ Musk ဟာ ရှုပ်ထွေးတဲ့ ကွန်ပျူတာစနစ်တွေကို ခပ်ရေးရေးတော့ တွေးဆနိုင်ကောင်းပါတယ်။ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အမြင်အားဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင်တော့ အပိုင်းလေးပိုင်း ခွဲနိုင်မှာပါ။ အကြီးဆုံးအပိုင်းကတော့ Tesla ကုမ္ပဏီပါပဲ။ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဒုံးပျံလွှတ်တင်ပေးတဲ့ Space X ကိုတော့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေက ငွေကြေးထည့်ဝင်မတည်ပေးထားတာပါ။ SolarCity ကတော့ ရုန်းကန်နေရတဲ့ ကုမ္ပဏီစာရင်းဝင်နေလို့ Tesla က ငွေကြေးပြန်လည်ထောက်ပံ့ပေးထားရပါတယ်။ နောက်ဆုံး Musk ရဲ့ လက်ကျန်ငွေရှင်းတမ်းကို သုံးသပ်ကြည့်ရင်တော့ ကုမ္ပဏီတွေမှာ ပိုင်ဆိုင်မှုအရ ဒေါ်လာ ၁၃ ဘီလီယံတန်ကြေးရှိနေပေမယ့် လက်ဝယ်ငွေကြေးပိုင်ဆိုင်မှုက အနည်းအကျဉ်းသာရှိနေပါတယ်။
Musk ရဲ့ Musk စီးပွားရေးလုပ်ငန်းအားလုံးရဲ့ အရောင်းဝင်ငွေအားလုံးပေါင်းလိုက်ရင် ခန့်မှန်းခြေ ဒေါ်လာ ရှစ်ဘီလီယံထိရှိနိုင်ပြီး ၂၀၁၆ ခုနှစ်အတွင်းမှာ အသုံးစရိတ်အတွက် ငွေသား ၂ ဒသမ ၃ ဘီလီယံရှိခဲ့ပါတယ်။ ဒီလိုပုံစံဟာ စနစ်တကျတည်ရှိနေတာတော့ မဟုတ်ပါဘူး။ အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေလည်း ပါဝင်လို့နေပါတယ်။ ဒါကြောင့်လည်း နည်းပညာကုမ္ပဏီတွေက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေအပေါ် မှီခိုလာကြတဲ့ စုပေါင်းစပ်ပေါင်း Unicorns ခေတ်တစ်ခေတ်မရောက်မီကာလထိ Tesla နဲ့ SolarCity ကုမ္ပဏီတွေဟာ ဘဏ်ငွေစာရင်းပြပြီး ရပ်တည်နေနိုင်ခဲ့ပါတယ်။ လူ့စွမ်းအားနဲ့သဘာဝအရင်းအမြစ်အားနည်းတဲ့ အာရှနဲ့ အီတလီ စီးပွာရေးဖက်ဒရေးရှင်းတွေရဲ့ပုံစံကိုလည်း Musk စီးပွားရေးလုပ်ငန်းစုက အတုယူခဲ့ပါသေးတယ်။
သာဓကအနေနဲ့ကတော့ SolarCity ကုမ္ပဏီဟာ Tesla က ထုတ်တဲ့ ဘက်ထရီတွေကို အသုံးပြုတာနဲ့ SpaceX ချေးငွေရယူခဲ့တာတွေကို ကြည့်နိုင်ပါတယ်။ ကုမ္ပဏီတိုင်းမှာ ဒါရိုက်တာတွေ ထားရှိပေမယ့် Musk ကတော့ ကုမ္ပဏီသုံးခုလုံးရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ Solar- City ကိုတော့ Musk ရဲ့ ညီအစ်ကိုမောင်နှမဝမ်းကွဲတွေက စီမံခန့်ခွဲပြီး ကုမ္ပဏီသုံးခုလုံးမှာ ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားတာကတော့ ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးနဲ့ အွန်လိုင်းကုန်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Fidelity Investments ပါ။
Musk ဟာ အင်္ဂါဂြိုဟ်မှာ လူသားတွေ အခြေချနိုင်ဖို့နဲ့ ဆန်ဖရန်စစ္စကိုကနေ လော့စ်အိန်ဂျလိစ်ကို ၃၅ မိနစ်အတွင်း သွားလာနိုင်မယ့်ယာဉ်တစ်မျိုး (Hyperloops) အတွက် စိတ်ကူးအိပ်မက်နေသူဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဘဏ္ဍာရေးအသုံးစရိတ်လျာထားချက်က ဘဏ္ဍာငွေရှာဖွေရေး၊ စတော့ဈေးကွက်တန်ဖိုးမြှင့်တင်ရေး၊ ထိန်းချုပ်ရေးနဲ့ ထပ်တူကျလာပါတယ်။ ဒီလို စိတ်ကူးတွေနဲ့ Musk ဟာ ရင်းနှီးမြှုပ်နှံသူတွေ၊ ဝန်ထမ်းတွေနဲ့ Tesla ရဲ့ ပြိုင်ဘက်ကုမ္ပဏီတွေဆီကတောင် ဒေါ်လာခြောက်ဘီလီယံကို ရှာဖွေခဲ့ပါတယ်။ ဒါအပြင် ဘဏ်ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ငွေချေးစာချုပ်တွေအတွက် ပေးစရာကြွေးမြီ ဒေါ်လာခြောက်ဘီလီယံထိ ရှိလာပါတယ်။ ဒီထက်ပိုလို့ကတော့ နည်းလမ်းမကျတဲ့ပုံစံနဲ့ ဒေါ်လာခုနစ်ဘီလီယံကို ရှာဖွေခဲ့တာပါ။ ခုလိုအငြင်းပွားဖွယ်ရာ ငွေကြေးကြိုတင်ရယူမှုမှာ Musk လုပ်ငန်းစုက မထုတ်လုပ်ရသေးတဲ့ကားသစ်အတွက် ဝယ်ယူသူတွေဆီက စရန်ငွေ ရယူခဲ့မှု၊ အစိုးရဘဏ်တွေက ချေးငွေရယူမှုနဲ့ အာမခံကြေးငွေရယူမှုတွေလည်း ပါဝင်ခဲ့ပါတယ်။
Musk ရဲ့ ဒုတိယရည်မှန်းချက်ဖြစ်တဲ့ စတော့ဈေးကွက်တန်ဖိုးမြှင့်တင်ရေးကတော့ ငွေရှာဖွေရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးအတွက် အဓိကအကျဆုံးပါ။ Musk ရဲ့စီးပွားရေးလုပ်ငန်းစု အကျဘက်ရောက်ရှိလာတဲ့ ဧပြီလတွင်းမှာ Tesla ရဲ့ ဒေါ်လာ ၃၅,၀၀၀ တန်ကားသစ်ကို ကြိုတင်မှာယူတဲ့သူ လေးသိန်းအထိ ရှိခဲ့တာကတော့ မယုံနိုင်စရာပါပဲ။ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း SpaceX ရဲ့ ဒုံးပျံတွေ ပေါက်ကွဲပျက်ကျမှု ရှိခဲ့ပါတယ်။ ဒါကြောင့် ဘဏ်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အာရုံစိုက်မှုနဲ့အမြင်ကို အနာဂတ်မှာ ထိန်းချုပ်နိုင်ဖို့က အရေးပါလာပါတယ်။ Musk ရဲ့လုပ်ဆောင်ချက်တွေကတော့ တကယ့်ကို ပြောင်မြောက်ပါတယ်။ Musk ဟာ ဖြစ်နိုင်ခြေရှိတဲ့ မဟာစီမံကိန်းကြီးတစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပြီး လေ့လာသုံးသပ်သူတွေရဲ့အမြင်ကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ဥပမာ- ပြီးခဲ့တဲ့ မေလမှာ Tesla က ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်ကို ကားအစီးရေ ငါးသိန်းထုတ်လုပ်မယ်လို့ အရင် ၂၀၂၀ ပြည့်နှစ် လျာထားချက်မတိုင်ခင် Musk က ထုတ်ဖော် ပြောကြားခဲ့တာပါပဲ။ လက်တွေ့မှာတော့ အခုနှစ်အတွင်း Tesla က ကားအစီးရေ ၈၅,၀၀၀ သာ ထုတ်လုပ်နိုင်မှာပါ။ ရလဒ်ပိုင်းကတော့ အံ့အားသင့်စရာပါ။ ရင်းနှီးမြှုပ်နှံမှု ဘဏ်က ပျမ်းမျှလေ့လာဆန်းစစ်မှုမှတ်တမ်းတွေကတော့ Tesla ရဲ့ ဘဏ္ဍာငွေဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ဒေါ်လာခုနစ် ဘီလီယံကနေ ၂၀ ဘီလီယံအထိ မြင့်တက်လာလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။ ဒါဟာ သမိုင်းမှာ အအောင်မြင်ဆုံးကုမ္ပဏီတွေဖြစ်ကြတဲ့ Google ၊ Apple နဲ့ Amazon တို့နောက်က စတုတ္ထနေရာက ရပ်တည်နေတဲ့သဘောပါ။ ဒါပေမဲ့ မြင့်တက်လာတဲ့ Tesla ရဲ့ ရောင်းအားငါးပုံတစ်ပုံသာ လက်ရှိဖောက်သည်တွေရဲ့ အမှာရှိခဲ့ပါတယ်။ ဒါအပြင် အလယ်အလတ်တန်းစား ဘဏ်တွေရဲ့စစ်တမ်းကောက်ယူမှုတွေဟာ Tesla ရဲ့ မျှော်မှန်းထားတဲ့ စီးပွားရေးစီမံကိန်းတွေအပေါ်မှာသာဖြစ်ပြီး တည်ငြိမ်မှုရှိတယ်ဆိုပေမယ့် စီးပွားရေးလုပ်ငန်းစုကြီးကတော့ အကျဘက်ကိုရောက်ရှိနေပါတယ်။ တစ်ဆင့်ရောင်းကုန်သည်တွေက SolarCity နဲ့ Tesla တို့အပေါ် ယုံကြည်မှုကင်းမဲ့လျက်ရှိနေကြပေမယ့် တစ်ဖက်မှာလည်း Musk စီးပွားရေးအင်ပါယာကြီးကို ကယ်လီဖိုးနီးယားပြည်နယ်က နည်းပညာကုမ္ပဏီတွေ အခြေစိုက်ရာ Silicon Valley နဲ့ Wall Street က အမာခံ ပရိသတ်တွေ ရှိနေပြန်ပါတယ်။
အင်တာနက်ကုမ္ပဏီ Paypal ကို တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်ပြီး ဒါရိုက်တာအဖြစ်က ၂၀၀၀ ပြည့်နှစ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ Musk အတွက် နောက်ဆုံးရည်မှန်းချက်ဖြစ်တဲ့ ထိန်းချုပ်မှုက အရေးကြီးအချက်ပါ။ Musk ဟာ လက်ရှိ SpaceX ရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး Tesla ရဲ့ ရှယ်ယာပိုင်ဆိုင်မှုက ၂၃ ရာခိုင်နှုန်းရှိနေပါတယ်။ SolarCity မှာ ပိုင်ဆိုင်ထားတဲ့ရှယ်ယာ ၂၂ ရာခိုင်နှုန်းကတော့ ကုမ္ပဏီကို ရေရှည်ထိန်းချုပ်နိုင်ဖို့တော့ အာမခံချက် သိပ်မရှိလှပါဘူး။ ကုမ္ပဏီသုံးခုလုံး တိုးတက်မှုရှိနေဖို့ဆိုရင်တော့ မျော်မှန်းလျာထားချက်တွေကို ပြည့်မီဖို့ လိုအပ်ပါလိမ့်မယ်။
SpaceX က ငွေပေါ်ပြီး အော်ဒါမှာယူမှုပိုင်းမှာ အထင်ကြီးလောက်စရာဖြစ်ပေမယ့် စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ ဒုံးပျံယာဉ်မတော်တဆ ပေါက်ကွဲပျက်ကျမှု အဖြစ်ဆိုးက ဒီထက်ပိုပြီး ပြန်လည်နာလန်ထူနိုင်ဖို့ လိုအပ်ပါတယ်။ Solarcity အနေနဲ့ ကုန်ကျစရိတ်လျှော့ချနိုင်ဖို့ လိုအပ်နေသလို Tesla အနေနဲ့လည်း Model နဲ့ Model 3 ကားသစ်တွေထုတ်လုပ်မှုကို မြှင့်တင်ဖို့လိုအပ်ပြီး လျှပ်စစ်ကားထုတ်လုပ်တဲ့ GM ၊ Daimler နဲ့ Audi စတဲ့ ကုမ္ပဏီကြီးတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ရမှာပါ။
ကုမ္ပဏီတွေရဲ့ စီးပွားရေးကျဆင်းခဲ့ရင်တော့ ငွေကြေးအကျပ်ရိုက်မှု ဖြစ်ပေါ်လာနိုင်ပါတယ်။ Musk ရဲ့ ကုမ္ပဏီတွေကတော့ သိပ်ပြီးငွေကြေးမသုံးစွဲလိုတဲ့ အခြေအနေပါ။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် ဒုတိယခြောက်လမှာတော့ အနည်းဆုံး ဒေါ်လာငါးဘီလီယံ သုံးစွဲရဖို့ ရှိနေပါတယ်။ ဒါကြောင့် ဒေါ်လာနှစ်ဘီလီယံလောက် ချေးငွေပြန်ရရှိဖို့ လိုအပ်မှာပါ။ တစ်ဖက်မှာလည်း Musk ရဲ့လုပ်ငန်းစုမှာ ငွေသားဒေါ်လာငါးဘီလီယံရှိနေပြီး ဘဏ်တွေရဲ့ထောက်ပံ့ချေးငွေရရှိဖို့ ရှိနေပါတယ်။ Musk ရဲ့ ကိုယ်ပိုင်ဘဏ္ဍာရေးအခြေအနေကတော့ အတော်လေးတောင့်တင်းပုံပါပဲ။ ၂၀၀၂ ခုနှစ်မှာ eBay ကို PayPal က ရှယ်ယာရောင်းရငွေ ဒေါ်လာသန်း ၁၈၀ ကို Musk က အများဆုံး သုံးစွဲနေပါတယ်။ Telsa က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို အာမခံထားပြီး ဒေါ်လာသန်း ၄၉၀ ကိုလည်း ချေးယူထားခဲ့ပါတယ်။ ချေးငွေအများစုကတော့ Morgan Stanley ငွေစုငွေချေး ကုမ္ပဏီကဖြစ်ပြီး အတိုးနှုန်းအလွတ်တောင် Tesla ရဲ့ ရှယ်ယာဟာတစ်ဝက်ကျော်အထိ လျော့ကျသွားနိုင်ပါတယ်။
အကျပ်အတည်းအခြေအနေတစ်ခုမှာ ဘဏ္ဍာငွေရှာဖွေခြင်း၊ တန်ဖိုးမြှင့်တင်ခြင်းနဲ့ ထိန်းချုပ်မှု စတဲ့ ရည်မှန်းလျာထားချက်တွေဟာ ဖရိုဖရဲဖြစ်မယ့် လမ်းစတစ်ခု ဖြစ်လာပါလိမ့်မယ်။ စီးပွားရေးအကျပ်အတည်းက နာလန်ထူနိုင်ဖို့ ရုန်းကန်နေရတဲ့ Solarcity ကို Tesla က ဝယ်ယူထိန်းကျောင်းဖို့ အဆိုပြုချက်က Tesla အတွက်တော့ ဝန်ထုပ်ကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ Musk အနေနဲ့ Solarcity ကို ထိန်းချုပ်ခွင့် ရရှိလာနိုင်ပေမယ့် Tesla အတွက် ဈေးကွက်တန်ဖိုး ကျဆင်းသွားစေနိုင်ပါတယ်။ Tesla က SolarCity ကို ဝယ်ယူဖို့ ကုမ္ပဏီနှစ်ခုလုံးက လွတ်လပ်တဲ့ရှယ်ယာတွေက သဘောတူရလိမ့်မယ်လို့ Musk က ပြောပါတယ်။
အလားတူ Tesla က ဝန်ထုပ်ပိလာတဲ့ လုပ်ငန်းတွေကြောင့် ဘဏ္ဍာရေးဖိအားတွေကို လျှော့ချနိုင်ဖို့ ကြိုးစားလာရင် Musk ရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းတောင် ကျဆင်းသွားနိုင်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ Musk အနေနဲ့ Facebook လို ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ရှယ်ယာရှင်တွေရဲ့ အင်အားကိုအသုံးချလာနိုင်သလို Tesla ရဲ့ ရပ်တည်မှု ဂုဏ်သိက္ခာပိုင်းကို အသုံးချပြီး ထိန်းချုပ်ခွင့်ကို လက်မလွတ်ရအောင် ကြိုးစားလာနိုင်ပါတယ်။ ဒါကတော့ လုပ်ငန်းစုရဲ့ တန်ဖိုးကို ထိခိုက်မှုရှိလာစေမှာပါ။ ဒါအပြင် Tesla ကိုးကား၊ နည်းပညာကုမ္ပဏီတစ်ခုခု၊ ဒါမှမဟုတ် လက်နက်ကုမ္ပဏီ တစ်ခုခုဆီတောင် အံကြိတ်ရောင်းချဖို့ Musk က ကြိုးစားနိုင်ပါတယ်။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင်တော့ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်းမှာ ပိုပြီးရင်းနှီးကျွမ်းဝင်မှုရှိတဲ့နည်းလမ်းတွေကို Musk အနေနဲ့ အသုံးချလာနိုင်ပါတယ်။ ကာလတို ကုန်ကျစရိတ် လျှော့ချခြင်း၊ ကုန်ပစ္စည်းအသစ်ထုတ်လုပ်နိုင်ဖို့ ကြံရွယ်ခြင်းနဲ့ ကုန်ထုတ်လုပ်မှုနိယာမတွေက ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်သလဲဆိုတာတွေကို ရှင်းပြတာမျိုးတွေကို Musk အနေနဲ့ လုပ်ဆောင်လာနိုင်ပါတယ်။ စိတ်ကူးမျော်လင့်ချက်တွေက မိုးမြင့်ထက်ကို ရောက်ရှိနေပေမယ့် Musk အနေနဲ့ လက်တွေ့ကျကျ ဘယ်လောက်အကောင်အထည်ဖော်နိုင်သလဲဆိုတာကို ကျေနပ်လက်ခံနိုင်စရာ တွေ့မြင်ရဖို့ ခဲယဉ်းနေဆဲပါ။ Musk ရဲ့ တစ်မူထူးခြားတဲ့ တွေးခေါ်ဖန်တီးမှုဆိုတာ ကားတွေ မဟုတ်သလို အာကာသယာဉ်လည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဘဏ္ဍာရေးကို အခြေခံထားတဲ့ စီးပွားရေးအင်ပါယာတစ်ခုကို Musk က တွေးခေါ်ဖန်တီးဖို့ အားထုတ်နေပါတယ်။
စီးပွားရေးအင်ပါယာကြီးမှာတော့ အန္တရာယ်ကြားထဲ ကျရောက်နေတဲ့ ကုမ္ပဏီတွေက ထက်သန်တဲ့ ရည်မှန်းချက်တွေနဲ့ ရုန်းကန်နေရဆဲ။ Musk ရဲ့အဖြစ်က ကမ္ဘာ့ဂြိုဟ်ပတ်လမ်းကြောင်းမှာ လှည့်ပတ်နေပြီး ပြန်လည်ဆင်းသက်ဖို့မလွယ်ကူတဲ့ အာကာသယာဉ်က အာကာသယာဉ်မှူးတစ်ယောက်နဲ့တူနေပါတယ်။
Ref: Elon Musk's empire: Countdown, The Economist
ကိုဇေ (ရေဦး)