မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂ (EU) ရဲ့ နောက်သုံးနှစ်တာ ဆက်လက်ဆောင်ရွက်မယ့် မူဝါဒနဲ့လုပ်ငန်းအစီအစဉ်တွေအကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ EU ရဲ့ ပထမ ဆုံး သံအမတ်ကြီး Mr Roland Kobia က အောက်တိုဘာလ ၃၀ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ရှင်းပြခဲ့ပါတယ်။ EU-Myanmar Task Force အစည်းအဝေးကိုတော့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ ကျင်းပခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ဖိုရမ်တွေမှာ နှစ်ဦးနှစ်ဖက် ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေနဲ့ ပတ်သက်လို့ Mr Kobia နဲ့ တွေ့ဆုံစဉ် ဆွေးနွေးမေးမြန်းဖြစ်ခဲ့တာတွေကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းရဲ့စာဖတ်ပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့စီးပွားရေး အခြေအနေအပေါ် ဘယ်လိုမြင်ပါ သလဲ။ မြန်မာနိုင်ငံရဲ့အလားအလာနဲ့ မြန်မာနိုင်ငံ လက်ရှိရပ်တည် နေတဲ့ စီးပွားရေးအခြေအနေဟာ အများကြီးကွာဟလျက် ရှိနေတယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံက ရင်းမြစ်တွေ အများကြီးရှိသလို လူဦးရေလည်း များတယ်။ နိုင်ငံကလည်း အချက်အချာကျတဲ့နေရာမှာရှိပြီး ပင်လယ်ဆိပ်ကမ်းတွေရှိ တယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေ ရှိတယ်။ ဒါတွေက တော့ အလားအလာကောင်းတွေပေါ့။ လက်ရှိမှာ စီးပွားရေး အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားမယ်၊ ရင်းနှီးမြှုပ်နှံမှု၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ အထူးသဖြင့် ဥရောပက နည်းပညာတွေ ဆွဲဆောင်နိုင်မယ်၊ ငွေကြေးပိုမို ရရှိအောင် ဖန်တီးနိုင်မယ်ဆိုရင် လာမယ့်နှစ်တွေမှာ မြန်မာ နိုင်ငံအတွက် မျော်လင့်ချက်တွေ ရှိနေပါတယ်။ နိုင်ငံတွင်း နေထိုင်သူအားလုံးလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါ တယ်။ ကျွန်တော်မြင်တဲ့ မြန်မာနိုင်ငံဆိုတာ အလားအလာ ကောင်းတွေရှိနေပေမယ့် နှိုင်းယှဉ်ခြင်းအားဖြင့် ဖွံ့ဖြိုးမှု လိုအပ်နေသေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို တောက်ပတဲ့ အနာဂတ်ရှိထားတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ကုန်သွယ်ရေး၊ စီးပွားရေးကဏ္ဍတွေမှာ EU က မြန်မာနိုင်ငံကို ဘယ်လိုကူညီမှာပါလဲ။ EU ဟာ မြန်မာနိုင်ငံကို အကူအညီပေးဖို့ ရောက်ရှိလာတာပါ။ အခုဆိုရင် GSP နဲ့ တစ်လမ်းသွား အထူးအခွင့်အရေး ပေးထားတဲ့ ကုန်သွယ်မှုရှိနေသလို စီးပွားရေး ပိတ် ဆို့မှုတွေကိုလည်း ဖယ်ရှားထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပို့ကုန်တွေကို အခွန်အခ၊ သတ်မှတ်ချက်၊ ကန့်သတ်ချက်တွေမရှိဘဲ EUကို လွတ်လွတ်လပ်လပ် တင်ပို့နိုင်ပါပြီ။ ဒါ့အပြင် အဲဒီလို တင်ပို့နိုင်ဖို့ မြန်မာနိုင်ငံကိုလည်း နည်းပညာအကူအညီတွေ ပေးနေပါတယ်။ ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်မယ့် စီးပွားရေးပတ်ဝန်းကျင် တစ်ရပ် ဖန်တီးနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကိုကျွန်တော်တို့က ကူညီဖို့ကြိုးစားနေတာပါ။ EU ဘက်က ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်လာအောင် ဘယ်လိုဆွဲဆောင်မှာပါလဲ။ အဲဒီလိုဆွဲဆောင်နိုင်ဖို့ EU-Myanmar Task Force အစည်းအဝေးကိုကျင်းပတာပါ။ ကုမ္ပဏီပေါင်း ၈၅ ခုလာမယ်။ သူတို့ကို မြန်မာနိုင်ငံရဲ့ အလားအလာ အကြောင်း ပြောပြပြီး ဘယ်လို ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်မလဲ ကူညီပေးနိုင်ပါမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးမယ့် ဥပဒေ အထိန်း အကွပ် ရှိထားရပါမယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ အကာအကွယ်ပေးမှု၊ ဥပဒေရေးရာ လုံခြုံစိတ်ချရမှု၊ လာဘ်ပေးလာဘ်ယူကင်းရှင်းမှုနဲ့ လူသားအရင်းအမြစ် လုံလောက် မှုတို့ကို အလိုရှိကြပါတယ်။ ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ မြန်မာအစိုးရ နဲ့ EU တို့ ကြိုးစားသွားမှာပါ။ ဒါကြောင့် လာမယ့်နှစ်တွေ အတွင်း အခွင့်အလမ်းကောင်းတွေ အများကြီးရှိလာမယ် ထင်ပါတယ်။ EU-Myanmar Task Force ထွက်ပေါ်လာမယ့် ရလဒ်တွေက ဘာပါလဲ။ Task Force မှာ ဆောင်ရွက်စရာ အများကြီးပါပဲ။ ပထမ တစ်ခုကတော့ နိုင်ငံရေးဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး စတာတွေကို ဆက်လက်ထောက်ခံသွားပါမယ်။ ဒုတိယကတော့ စီးပွားရေးနဲ့ဆိုင်ပါတယ်။ အစိုးရနဲ့သဘောတူညီမှုအများကြီး လက်မှတ်ရေးထိုးပါမယ်။ SME တွေ၊ သတ္တုတွင်း၊ ခရီးသွားလာရေး စတာတွေနဲ့ ပတ်သက်တဲ့ သဘောတူညီမှုတွေ ပါဝင်ပါမယ်။ ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်ကလည်း မြန်မာနိုင်ငံကို ကူညီဖို့ အသင့်ဖြစ်နေပါပြီ။ တတိယအချက်က ဖွံ့ဖြိုးရေး အထောက်အပံ့ပါပဲ။ ပညာရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ လယ်ယာကဏ္ဍ၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတာတွေ အတွက် ငွေကြေးအတော်များများ ထောက်ပံ့မယ့် အစီအစဉ်ကို ကြေညာသွားပါမယ်။ သဘောတူညီမှု ဆယ်ခုလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ EU က မြန်မာနိုင်ငံကို ခုထိ ဘယ်လောက်ပမာဏ ကူညီထားပါပြီလဲ။ EU ဟာ မြန်မာနိုင်ငံကို စရောက်ကတည်းက ကူညီခဲ့တာ ယူရိုငွေ သန်းသုံးရာ၊ လေးရာလောက် ရှိပါပြီ။ အမေရိကန် ဒေါ်လာ သန်းငါးရာကျော်နဲ့ ညီမျှပါတယ်။ အနာ ဂတ် ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံကို ဘယ်လောက်ထပ်ကူညီဦးမယ်ဆိုတာကို Task Force မှာ ကြေညာသွားပါမယ်။ အစိုးရကိုသာမက လူမှုအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ ကျန်းမာရေးအတွက် ကူညီထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ဥရောပ ကုမ္ပဏီတွေအတွက် CSR က ဘယ်လောက်ထိ အရေးပါပါသလဲ။ ကျွန်တော်တို့ဆီက ကုမ္ပဏီတွေအတွက် CSR က အင်မတန် အရေးကြီးပါတယ်။ သူတို့လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ရှိထားသလို မြန်မာနိုင်ငံမှာလည်း အလားတူ ကျင့်သုံး သွားမှာပါ။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ၊ လာဘ်ပေး လာဘ်ယူ ကင်းရှင်းအောင်၊ အလုပ်အကိုင် ပိုမိုကာကွယ်ပေးနိုင်အောင်၊ အလုပ် သမားတွေ ကောင်းကောင်းဆက်ဆံခံရအောင်၊ ကောင်းကောင်းလုပ်ခလစာရအောင်၊ ကောင်းကောင်း စောင့်ရှောက်ခံရအောင် လိုက်နာပါတယ်။ ဥရောပဘက်က စားသုံးသူတွေကလည်း CSR ကို လိုက်နာတဲ့ နိုင်ငံတွေမှာ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကိုပဲ ဝယ်ယူစားသုံးချင်ကြပါတယ်။ သင့်လျော်မှန်ကန်တဲ့အလုပ်ခွင်၊ သင့်တော်တဲ့လုပ်ခ လစာရရှိတဲ့နေရာ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ လျော်ညီစွာ ထုတ်လုပ်ထားတဲ့နေရာတွေကလာတဲ့ ထုတ်ကုန်ကိုမှ ထုတ် ကုန်ကောင်းတစ်ခုလို့ မြင်ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌဖြစ်လာပြီး ၂၀၁၅ ခုနှစ် မှာ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) အကောင်အထည် ပေါ်လာမှာဖြစ်တဲ့အတွက် အီးယူနဲ့ အနာဂတ်အလားအလာက ဘယ်လိုရှိပါသလဲ။ ဒေသတွင်းမှာ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်တာ၊ အထူးသဖြင့် အာဆီယံ ဥက္ကဋ္ဌတာဝန်ယူတာကို EU က ထောက်ခံပံ့ပိုးသွားမှာပါ။ လက်ရှိမှာ EU ဟာ စင်ကာပူ နိုင်ငံနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုထားပါတယ်။ မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့နဲ့လည်း ဆွေးနွေးဆဲ ဖြစ်ပါတယ်။ တစ်နေ့မှာ မြန်မာနိုင်ငံ နဲ့လည်း ဆောင်ရွက်သွားနိုင်ဖို့ မျော်လင့်ပါတယ်။ အာဆီယံနိုင်ငံအားလုံးနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီမှုတွေ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဥရောပရင်းနှီးမြှုပ်နှံသူတွေ ဘာများကွာခြားပါသလဲ။ အမေရိကန်နဲ့ EU မှာ တူတာတွေရှိသလို ကွဲပြားတာတွေလည်း မနည်းပါဘူး။ CSR ၊ အလုပ်သမားများ အကာအကွယ်ပေးရေး၊ နိုင်ငံတကာစံချိန်မီရေး၊ ကျင့်ဝတ်လိုက်နာရေး စတဲ့အပိုင်းတွေမှာ တူညီတဲ့တန်ဖိုးတွေ ရှိကြပါတယ်။ ခြားနားတဲ့အပိုင်းကတော့ ရင်းနှီးမြှုပ်နှံလိုတဲ့အပိုင်းမှာ ဖြစ်နိုင်ပါတယ်။ EU မှာက စွမ်းအင်လိုအပ်ချက် ရှိပါတယ်။ အမေရိကန်ကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ အများ ကြီး ရှိပြီးသားပါ။ EU ဟာ စွမ်းအင်တွေအများကြီး လိုပါတယ်။ တစ်နေ့မှာ မြန်မာနိုင်ငံကနေလည်း ဝယ်ယူဖို့ ရှိလာမှာပါ။ လက်ရှိမြန်မာအစိုးရရဲ့ ကျန်ရှိနေသေးတဲ့သက်တမ်းမှာ ဦးစားပေးပြုပြင်ပြောင်းလဲသင့်တဲ့ မူဝါဒတွေက ဘာတွေ ဖြစ်မယ်လို့ထင်ပါသလဲ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပုံစံဟာ အိမ်အသစ်တစ်လုံး ဆောက်လုပ်ရမှာနဲ့ တူနေပါတယ်။ ဒီအတွက် အောက်ခြေ အလွန်ခိုင်မာရပါမယ်။ အဲဒါကတော့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သွေးစည်းညီညွတ်ရေးပဲ ဖြစ်ပါတယ်။ ဒါတွေမပါရင် ဆောင်ရွက်ရတာ အလွန်ခက်ပါမယ်။ ဒါ့အပြင် နိုင်ငံရေးခေါင်းဆောင်အားလုံးဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြရပါမယ်။ တိုင်းပြည်တိုးတက်ရေး၊ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးရေး စတာတွေ ဆောင်ရွက်ပြီး ဆင်းရဲတဲ့ဒေသတွေ တိုးတက်လာအောင် ကြိုးပမ်းသွားရပါမယ်။ လက်ရှိမြန်မာအစိုးရက အကောင်းဆုံးကြိုးစားနေတာကိုလည်း တကယ်ပဲ အားရပါတယ်။ အစိုးရသာမက တစ်နိုင်ငံလုံး၊ နိုင်ငံရေးသမားအားလုံး၊ တစ် မျိုးသားလုံး အတူပူးပေါင်းဆောင်ရွက်ကြပြီး အလားအလာတွေကို လက်တွေ့ဖြစ် လာအောင် ရယူအကောင်အထည် ဖော်ရပါမယ်။ မြန်မာနိုင်ငံကို အရင်က ရောက်ဖူးပါသလား။ ဒီမှာ လာရောက် တာဝန်ထမ်းဆောင်စဉ် ကြုံတွေ့ရတဲ့အခက်အခဲတွေက ဘာပါလဲ။ မနှစ်ကတော့ မြန်မာနိုင်ငံကို နှစ်ပတ်လာလည်ဖူးပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ စစ်တွေ စတဲ့နေရာတွေရောက်ပါတယ်။ အခု မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတာ ခုနစ်ပတ် ရှိပါပြီ။ ကျွန်တော် တာဝန်ထမ်းဆောင်ရမယ့် သက်တမ်းက လေးနှစ်ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေက အလွန်ဖော်ရွေပြီး အားကြိုးမာန်တက် ရှိကြပါတယ်။ ဒီမှာ လာနေရတာ ပျော်ပါတယ်။ အလုပ်တွေကတော့ အများကြီးပေါ့။ ကျွန် တော့်မိသားစုကလည်း ဒီမှာပျော်ပါတယ်။ ကျွန်တော် မြန်မာပြည်မှာ အခုလို ပထမဆုံး သံအမတ်ကြီးအဖြစ် လာရောက်တာဝန်ထမ်းဆောင်တာဟာ EU က မြန်မာနိုင်ငံအတွက် အားကြိုးမာန်တက်ရှိတာကို အခိုင်အမာ ပြသလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အသွင်ကူးပြောင်းရေးကာလမှာ အီးယူအနေနဲ့ မိတ်ဆွေကောင်းအဖြစ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ အခုလို အချိန်ပေးပြီး ဖြေကြားလို့ ကျေးဇူးအထူးပဲတင်ရှိပါတယ်။