လက်ရှိနေထိုင်ရာ
ဆန်ဖရန်စစ္စကို၊ ကာလီဖိုးနီးယားပြည်နယ် အသက် ၄၇ နှစ်အရွယ် Peter Andreas Thiel မှာ အမေရိကန်နိုင်ငံက စီးပွားရေးစွမ်းဆောင်ရှင်၊ စွန့်စားအရင်းအနှီးမြှုပ်နှံသူနှင့် Hedge Fund ရန်ပုံငွေမန်နေဂျာဖြစ်သည်။ သူ၏ အများဆုံးပိုင်ဆိုင်ထားမှုမှာ စီအိုင်အေကျောထောက် နောက်ခံပြု Big Data ကုမ္ပဏီ Palantir ၌ဖြစ်သည်။ သူ၏ စွန့်စားအရင်းအနှီးကုမ္ပဏီ Founders Fund ၏ ကြေညာထားပြီး ရည်မှန်းချက်ပန်းတိုင်မှာ စိတ်လှုပ်ရှားအံ့သြဖွယ် နည်းပညာအပြောင်းအလဲအပေါ် အကျိုးသက်ရောက်မည်။ ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံရန်ဖြစ်တော့သည်။ သူသည် Facebook ၌ ပထမဆုံးပြင်ပ ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၂၀၁၄ ခုနှစ်၌ ဒေါ်လာငါးသိန်းဖြင့် ၁၀.၅ ရာခိုင်နှုန်း အစုပါဝင်ခဲ့ခြင်းဖြစ်ကာ လက်ရှိ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်သည်။ Thiel သည် အသားတင်ပိုင်ဆိုင်တန်ဖိုးဒေါ်လာ ၂.၂ ဘီလီယံဖြင့် ၂၀၁၄ ခုနှစ် Forbes Midas List စာရင်း၌ နံပါတ်လေးနေရာ သတ်မှတ်ခံရသည်။
Thiel သည် အမေရိကန်ပြည်ထောင်စု အယူရုံးတရားသူကြီး J.L Edmondson ထံတွင် စာရေးအဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ မှ ၁၉၉၆ ခုနှစ်အထိ Credit Suisse အုပ်စု၌ Derivatives စာချုပ်စာတမ်း ရောင်းဝယ်မှုဝန်ထမ်းအဖြစ် ထမ်းဆောင်ခဲ့သည်။
Pay PaL
၁၉၉၈ ခုနှစ်တွင် Thiel သည် PayPal ကို Max Levchin Elon Mask တို့နှင့် ပူးတွဲတည်ထောင်ခဲ့သည်။ ယင်းကုမ္ပဏီရှယ်ယာများကို အများပြည်သူသို့ ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ရောင်းချလိုက်သည်။ ထိုအချိန်၌ PayPal ရှယ်ယာ ၃.၇ ရာခိုင်နှုန်းပိုင်ဆိုင်သော Thiel အဖို့ ဒေါ်လာ ၅၅ သန်း တန်နေပြီဖြစ်သည်။ ၁၉၉၉ ခုနှစ်က Thiel ၏ စိတ်ကူးကွန့်မြူး တက်ကြွဖွယ်ပြောစကားကိုကြည့်လျှင် PayPal က ဖြည့်ဆည်းပေးနေသည်မှာ ကြီးကျယ်လှကြောင်း၊ ၂၁ ရာစုနှစ်တွင် ပြည်သူတို့က PDA ဖြင့်ဖြစ်စေ၊ အင်တာနက်ဆက်သွယ်မှုဖြင့်ဖြစ်စေ မိမိငွေကို မည်သည့်နေရာကနေမဆို စီမံခန့်ခွဲနိုင်သည့် ငွေပုံစံလိုအပ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ အစိုးရများစွာတို့သည် တာဝန်မဲ့လုပ်ရပ်များဖြင့် ပြည်သူလူထု၏ ဓနဥစ္စာကို လုယူတတ်ကြောင်း၊ သာမန် ပြည်သူအများစုအနေဖြင့် ပြည်ပမှတ်ပုံတင်ဘဏ်များ၌ စာရင်းဖွင့်ခွင့်မရရှိကြဘဲ ခိုင်မာသောငွေကြေး (Currency) အနည်းငယ်မျှသာ လက်ဝယ်ရှိကြောင်း၊ အဆုံးတစ်နေ့တွင် ယင်းအခြေအနေကို PayPal က ပြောင်းလဲစေမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
ပရဟိတဒါန
Thiel သည် သူတည်ထောင်သော အကျိုးအမြတ်မယူသည့် Thiel Foundation မှ တစ်ဆင့် ပရဟိတပေးကမ်းမှုများ ဆောင်ရွက်နေရာတွင် အများစုမှာ သူ့အမြင်အရ ထိုးဖောက်ကျော်လွှား နည်းပညာများအတွက်ဖြစ်ကြသည်။ သူက ၂၀၁၀ ပြည့်နှစ်တွင် Breakthrough Philanthropy ကွန်ဖရင့်ကို စီစဉ်ကျင်းပရာ နည်းပညာ၊ အစိုးရနှင့်လူမှုရေးရာဆိုင်ရာ ဆန်းသစ်စိတ်ကူးအကြံဉာဏ်များအတွက် လုပ်ကိုင်နေသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းရှစ်ခုကို တင်ပြခဲ့သည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် အလားတူကွန်ဖရင့်တစ်ခုကို Fast Forward အမည်ဖြင့် ကျင်းပခဲ့သည်။
စက်ဉာဏ်ရည်သုတေသန ဗိမာန်
Thiel က နည်းပညာဆိုင်ရာ Singularity မှာ အရေးကြီးကြောင်း၊ နှစ်လိုပိုက်ထွေးအပ်ကြောင်း ယုံကြည်သည်။ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလတွင် (ထိုစဉ်က ဉာဏ်ရည်တုဆိုင်ရာ Singularity ဗိမာန်ဟုခေါ်သော အဆိုပါဗိမာန်၏ အလှူခံပွဲ၌ Thiel က ဒေါ်လာတစ်သိန်းထည့်ခဲ့သည်။
Facebook ကို တည်ထောင်ထိန်းချုပ်ထားသူ Mark Zuckerbery နှင့် Thiel တို့မှာ ဆက်ဆံရေးကောင်းမွန်သည်။ ထိုကုမ္ပဏီ၏ ၁၀.၂ ရာခိုင်နှုန်းကို ဒေါ်လာငါးသိန်းဖြင့် ကနဦး ပျိုးထောင်ရင်းနှီးမြှုပ်နှံရန် Thiel က သဘောတူခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် Thiel က အင်တာနက်သုံးစွဲသူကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာအပေါ် သံသယရှိကြောင်း ပြောကြားသော်လည်း Facebook သည် အခြားအင်တာနက်ကုမ္ပဏီများနှင့်ယှဉ်လျှင် တန်ဖိုးနှိမ်ခံရကြောင်း သုံးသပ်ခဲ့သည်။ ၂၀၁၂ ခုနှစ် မေလ၌ Facebook ၏ ရှယ်ယာများကို အများပြည်သူအား ကနဦးရောင်းချပွဲ ပြုလုပ်ခဲ့သည်။ နောက်ပိုင်း၌ Thiel က သူ့ရှယ်ယာများကို စုစုပေါင်း ဒေါ်လာတစ်ဘီလီယံကျော် ရောင်းချပြီးဖြစ်သည်။ သို့သော် အစုရှယ်ယာငါးသန်း ရယူထားသေးကာ Facebook ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ရပ်တည်လျက်ပင်ရှိသည်။
အသက်ကြီးရင့်ရော်မှု တွန်းလှန်ရေးသုတေသန
သူမအောင်မြင်သေးသည့် အကြီးဆုံးအကြောင်းအရာနှင့် စပ်လျဉ်း၍ Thiel က အသက်ကြီးရင့်ရော်မှု တွန်းလှန်ခြင်း၊ အသက်ရှည်ခြင်းအပိုင်းမှာ လေ့လာမှုနည်းပါးပြီး ရင်းနှီးမြှုပ်နှံမှုနည်းပါးလျက်ရှိကြောင်း၊ ထိုအပိုင်း၌ အမှန်တကယ်တိုးတက်အောင်မြင်မှုအချို့ ရရှိအောင်အားထုတ်ရန် အလွန်စိတ်ထက်သန်ကြောင်း ပြောဆိုခဲ့သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် Thiel က အသက်ကြီးရင့်ရော်မှုတွန်းလှန်ရေး သုတေသန ဖွံ့ဖြိုးရေးအတွက် Methuselah Mouse Prize ဖောင်ဒေးရှင်းအဖွဲ့မှတစ်ဆင့် ဒေါ်လာ ၃.၅ သန်း လှူဒါန်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူက ''ဇီဝဗေဒဆိုင်ရာ သိပ္ပံပညာ အလျင်အမြန် တိုးတက်မှုများကြောင့် ဒီရာစုနှစ်အတွင်း အားလုံးအတွက် ရင်သပ်ရှုမောစရာ ကျန်းမာရေး၊ အသက်ရှည်ရေးရှာဖွေတွေ့ရှိချက် အမြောက်အမြား ပေါ်ပေါက်တော့မယ်'' ဟု ပြောဆိုသည်။
Thiel Foundation သည် ဇီဝဗေဒဆိုင်ရာကြီးရင့်မှုကို နောက်ကြောင်းပြန်တွန်းလှန်နိုင်အောင် သုတေသနပြုလုပ်နေသော SENS Research Foundation ကိုလည်းကောင်း၊ အသက်ကြီးရင့်ရော်မှုတွန်းလှန် ရေးသုတေသီ Cynthia Kenyon ၏ အားထုတ်မှုများကိုလည်းကောင်း အားပေးပံ့ပိုးလျက်ရှိသည်။
ပင်လယ်အိမ်ရာ တည်ထောင်ရေး
၂၀၀၈ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် Thiel က ပေါ်ထွန်းစ Seasteading Institute အဖွဲ့အစည်းအား ဒေါ်လာ ငါးသိန်းပေးလှူရန် ကတိပြုခဲ့သည်။ ထိုဗိမာန်၏ တာဝန်လုပ်ငန်းမှာ 'အမျိုးမျိုးသော လူမှုရေး၊ နိုင်ငံရေးနှင့် ဥပဒေရေးစနစ်များဖြင့် စမ်းသပ်တီထွင်နေထိုင်လည်ပတ်နိုင်မည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ပင်လယ်အခြေစိုက် အမြဲတမ်းလူနေရပ်ရွာများတည်ထောင်ရေး' ဖြစ်သည်။ ထို့ပြင် Thiel က ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ၌ ထောက်ပံ့ငွေဒေါ်လာ ၂၅၀,၀၀၀ နှင့် ထပ်ဆောင်းဒေါ်လာတစ်သိန်း ပေးအပ်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် စုစုပေါင်းဒေါ်လာ ၁.၂၅ ပေးလှူသည်ဟု သတင်းများကဆိုသည်။ လူသားတိုYအနာဂတ်အတွက် ပင်လယ်အိမ်ရာတည်ထောင်ရန် လိုအပ်ကြောင်း ယုံကြည်သော Thiel သည် Ayn Rand ရေးသည့် ဒဿနိက ဝတ္ထုရှည် Atlas Shrugged ကြောင့် စိတ်ကူးအမြင် ပွင့်လာခဲ့သည်ဟု ဆိုသည်။
ဘွဲ့ထူးဂုဏ်ထူးများ
၂၀၀၆ ခုနှစ်တွင် Thiel က Herman Lay စီးပွားရေးစွမ်းဆောင်ရှင်ဆုကို ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ် အသက် ၄၀ နှင့်အောက် အထင်ရှားဆုံးဦးဆောင်သူ ၂၅၀ ၌ ပါဝင်သူအဖြစ် ကမ္ဘာ့စီးပွားရေးဖိုရမ်အဖွဲ့က Thiel ကို Young Global Leader တစ်ဦးဟု ဂုဏ်ပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တက္ကသိုလ်နယ်မြေများ၌ လီဘာတေရီယန်စံများ ပျံနှံ့ရေးဆောင်ရွက်နေသော Students For Liberty အဖွဲ့ Thiel ကို ၂၀၁၂ ခုနှစ်အတွက် ကျောင်းသားဟောင်း ဂုဏ်ထူးပေးအပ်သည်။ ၂၀၁၂ ခုနှစ်၌ လွတ်လပ်ရေးအတွက် နိုင်ငံတကာကျောင်းသားများကွန်ဖရင့်၌ အဓိက မိန့်ခွန်းကို Thiel ကပြောကြားခဲ့သည်။
သင်ကြားရေးနှင့် Zero to One စာအုပ်
Thiel အဖို့ ဆန်းသစ်တီထွင်သော စိတ်ကူးစိတ်သန်းများရှိရေးသာမက ယင်းသို့သော စီးပွားရေးလုပ်ငန်း စိတ်ကူးများဖြစ်ပေါ်လာပုံကိုလည်း စဉ်းစားမိပုံရသည်။ သူ၏ စာအုပ်သစ် Zero to One: Notes on Startups or How to Build The Future တွင် သူ့ကိုယ်ပိုင်ဖော်ပြချက်အရ 'အများအမြင်နှင့် ဆန့်ကျင်သော' စိတ်ကူးများကို ချပြရှင်းလင်းထားသည်။ ထိုစာအုပ်ကို Blake Masters နှင့် ပူးတွဲရေးသားပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ၌ ထုတ်ဝေသည်။ စာအုပ်မှာ သူ၏မိခင်ကျောင်းတော်စတင်းဖို့ဒ်တက္ကသိုလ်၌ သူ့ဟောပြောမှုများအပေါ် အခြေပြုထားသည်။
ခင်အောင် (အင်္ဂလိပ်စာ)