Mr Lee Pit Teong (Chairman - iGroup (Asia Pacific) Ltd)

iGroup Aisa Pacific Ltd ကို တည်ထောင်သူ Mr Lee Pit Teong ဟာ မြန်မာနိုင်ငံဖွားတစ်ယောက်ဖြစ်ပြီး အာရှပစိဖိတ်ဒေသတွင်း ထိပ်တန်း Digital Research Information ဖြန့်ချိတဲ့လုပ်ငန်းကို ဦးဆောင်နေသူတစ်ယောက် ဖြစ်ပါတယ်။ စာအုပ်၊ CD-ROM ခေတ်ကစလို့ မျက်မှောက်အင်တာနက်ခေတ်အထိ အောင်မြင်တဲ့လုပ်ငန်းဖြစ်အောင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့ Mr Lee Pit Teong နဲ့ တွေ့ဆုံပြီး သူ့အနေနဲ့ မြန်မာနိုင်ငံမှာလုပ်ပေးနေတဲ့အကြောင်းအရာတွေ iGroup Aisa Pacific Ltd အနေနဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ ဆက်လက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

Leepitteong1

ပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံ

------------

ကျွန်တော်က စိန်ပေါလ်ကျောင်းမှာ ကိုးတန်းအထိတက်ခဲ့ပါတယ်။ ဆယ်တန်းကိုတော့ အ.ထ.က (၆) ဗိုလ်တထောင်ကနေ ၁၉၆၆ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ အဲဒီကနေပြီးတော့မှ မြန်မာနိုင်ငံကနေ ၁၉၇၀ ပြည့်နှစ်မှာ Physics နဲ့ ကျောင်းပြီးခဲ့ပြီးတော့ M.Sc တစ်နှစ်တက်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ကျွန်တော် ဘန်ကောက်ကို ထွက်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလမှာ Full Scholarship ရရှိခဲ့တဲ့အတွက် ဘန်ကောက်က Asian Institute of Technology (AIT) မှာ ကျောင်းတက်ခဲ့ပါတယ်။ ကျွန်တော်က AIT ရဲ့ ပထမဆုံး မြန်မာကျောင်းသားဖြစ်ပါတယ်။ AIT ကနေပြီးတော့ ၁၉၇၄ ခုနှစ်မှာ Water Resources Engineer အထူးပြုဘာသာရပ်နဲ့ မာစတာဘွဲ့ရရှိခဲ့ပါတယ်။ ကျောင်းပြီးတဲ့အခါမှာ Research Associate အဖြစ် AIT မှာ ၁၉၈၁ ခုနစ်အထိ ခုနစ်နှစ်လုပ်ခဲ့ပါတယ်။ လက်ရှိလည်း ကျွန်တော်က AIT နဲ့ Executive Committee တစ်ယောက်ဖြစ်ပါတယ်။

၁၉၈၁ ခုနှစ်မှာ စင်ကာပူက သူငယ်ချင်းတစ်ယောက်က စာအုပ်ဆိုင်ဖွင့်ဖို့ လာပြီးညှိနှိုင်းပါတယ်။ အဲဒါနဲ့အလုပ်ထွက်ပြီးတော့ စာအုပ်ဆိုင်ဖွင့်ပါတယ်။ ဘန်ကောက်၊ Patpong မှာ စာအုပ်ဆိုင်ကို ပထမဆုံးဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အရှေ့တောင်အာရှမှာ ည ၁၂ နာရီအထိဖွင့်တဲ့ စာအုပ်ဆိုင်တစ်ဆိုင်ပဲ ရှိပါတယ်။ အဲဒီမှာ ကျွန်တော်သဘောကျတာက Library ကို Supply လုပ်တာကို သဘောကျပါတယ်။ ဒါပေမဲ့ ဈေးကွက်ကသေးပြီး အရင်းအနှီးငွေကြေးကမရှိတော့ တော်တော်ရုန်းကန်ရပါတယ်။

၁၉၈၃-၈၄ ခုနှစ်လောက်မှာ အဲဒီလိုဆိုင်နဲ့ စာအုပ်ရောင်းရာကနေ ထွက်လာပြီးတော့ ကိုယ့်ဘာသာကိုယ် အပြင်မှာ စာအုပ်အရောင်းအဝယ်လုပ်တယ်။ စာအုပ်ဆိုင်တော့ မဟုတ်ဘူး။ Library ကို Service လုပ်တယ်။

၁၉၈၀ နောက်ပိုင်းခုနှစ်တွေမှာ CD ROM Technology စထွက်ပါတယ်။ အဲဒီတုန်းက Library တွေမှာ Research နဲ့ပတ်သက်ပြီး သုံးတဲ့ Index တွေကို လိုက်ရှာရရင် စာအုပ်တွေက အများကြီးပဲဆိုတော့  ရှာရတာ အဆင်မပြေပါဘူး။ အဲဒီမှာ ကျွန်တော်တို့က အားလုံး ကို CD ROM ထဲထည့်ပြီးတော့ Search လုပ်တဲ့ Technology သုံးတယ်။ Medical Research တွေနဲ့ပတ်သက်လို့ ဘယ်သူဘာရေးထားတယ်ဆိုတာကို Index နဲ့ Abstract လုပ်ထားတဲ့ Medline ဆိုတဲ့ Database နဲ့ ကျွန်တော်တို့ ပထမဦးဆုံးစတင်ခဲ့ပါတယ်။ အဲဒါနဲ့ ၁၉၈၈ ခုနှစ်မှာတော့ စာအုပ်ဘက်ကို သိပ်မလုပ်တော့ဘဲ CD ROM ဘက်ကိုပဲ ဦးစားပေးလုပ်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ CD ROM က နည်းပညာလည်းပါတယ်။ တကယ့် Library Service အကြီးကြီး လုပ်ပေးလို့ရတယ်။

လုပ်ငန်းစတင်ချဲ့ထွင်

----------------------

၁၉၈၉ ခုနှစ်မှာတော့ ထိုင်းမှာဆက်နေရင်တော့ ထိုင်းဈေးကွက်ကဆက်ပြီး ကြီးမားဖို့မရှိတဲ့အတွက် ၁၉၈၉ ခုနှစ်မှာ စင်ကာပူမှာ CD ROM Database ကုမ္ပဏီတစ်ခုထပ်ဖွင့်ပါတယ်။ အဲဒီကနေမှ ၁၉၉၉ ခုနှစ်မှာ ကျွန်တော် iGroup ကို တည်ထောင်လိုက်ပါတယ်။ ထိုင်ဝမ်၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်တို့မှာ ကျွန်တော်တို့ ရုံးတွေရှိပါတယ်။ ဟိုအရင်တုန်းကတော့ CD ROM သုံးခဲ့ပေမယ့် နည်းပညာက တိုးတက်လာတော့ နောက်ပိုင်းမှာ အင်တာနက်ဖြစ်လာပါတယ်။

အဲဒီကနေ နောက်ပိုင်းတဖြည်းဖြည်းနဲ့ Representation မဟုတ်တော့ဘဲနဲ့ ကိုယ်ပိုင် Technology ရှိလာတယ်၊ Library System ရှိတယ်၊ E Book System ရှိတယ်။ ဂျာနယ်၊ မဂ္ဂဇင်းဆိုလည်း eJournal လုပ်လို့ရတဲ့ ကိုယ့် System နဲ့ကိုယ် ဖြစ်သွားတယ်။ အခုဆိုရင်နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး ဝန်ထမ်းပေါင်း ၁,၂၀၀ ဝန်းကျင်ရှိပါတယ်။

Rare Book Collection နဲ့ Print on Demand ဝန်ဆောင်မှုတွေနဲ့ပတ်သက်လို့

-------------------------

ကျွန်တော်က Rare Book ကြိုက်တော့ Rare Book တွေ လည်းလုပ်ပါတယ်။ Rare Book နှစ်အုပ် လုပ်လိုက်ပါတယ်။ တစ်အုပ်က John James Audubon ရဲ့ The Birds Of America ဖြစ်ပါတယ်။  အဲဒီစာအုပ်က အမေရိကားကငှက်တွေကို ၁၈၂၀ ပြည့်နှစ်လောက်က ပြင်သစ်လူမျိုး Audubon ဆိုတဲ့လူက ပုံနဲ့ဆွဲတယ်။ ဟိုအရင်တုန်းက ဓာတ်ပုံရိုက်လို့မရသေးခင်အချိန်တုန်းက ပုံဆွဲပြီး အဲဒါကို အင်္ဂလန်မှာ ပြန်ပြီးတော့ Print လုပ်ရပါတယ်။ အဲဒီစာအုပ်တစ်စုံမှာ လေးအုပ်ပါပါတယ်။ လေးအုပ်ထဲမှာ ပုံပေါင်း ၄၃၅ ပုံပါ ပါတယ်။ ဒီစာအုပ်က တစ်ကမ္ဘာလုံးမှာ အစုံ ၁၄၀ လောက်ပဲရှိပါတယ်။ ၂၀၁၂ ခုနှစ်လောက်က အင်္ဂလန်မှာ Aution လုပ်တာ အဲဒီလေးအုပ်တွဲတစ်စုံကို ပေါင်ခုနစ်သန်းလောက်ရပါတယ်။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က အဲဒီစာအုပ်ကို Reprint လုပ်တဲ့ ကုမ္ပဏီနှစ်ခုရှိပါတယ်။ တစ်ခုက အမေရိကားကဖြစ်ပြီး နောက်တစ်ခုကတော့ နယ်သာလန်ကဖြစ်ပါတယ်။ အစုံခုနစ်ရာပဲ Reprint လုပ်တာ။ အဲဒီ Reprint လုပ်ထားတာကို ကျွန်တော်လိုက်ရှာဝယ်တာမရခဲ့ပါဘူး။ Second Hand လည်း မရခဲ့ဘူး။ မရတာနဲ့ ဂျပန်က Rare Book Specialist တစ်ယောက်နဲ့တွေ့တော့ ကျွန်တော်ဝယ်လို့မရလို့ ဝယ်ပေးပါဆိုတော့ သူက Reprint လုပ်ထားတာကို ဒေါ်လာခြောက်သောင်းလောက် ကျမယ်ပြောပါတယ်။ ဒေါ်လာခြောက်သောင်းလည်း ကျွန်တော်ဝယ်မယ်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ နောက်သုံးလလောက်ကြာတော့ မရှိတော့ဘူး၊ မရနိုင်ဘူးလို့ ပြောပါတယ်။ အဲဒီအခါ အာရှတစ်ခုလုံးမှာ ဘယ်နိုင်ငံမှာ အဲဒီစာအုပ်ရှိသလဲလို့ သူ့ကိုကျွန်တော်မေးလိုက်တယ်။ အဲဒီစာအုပ်က အာရှတစ်ခုလုံးမှာ ဂျပန်မှာတစ်စုံပဲရှိတယ်။ အဲဒီလိုနဲ့ ဂျပန်ကြီးကို Reprint လုပ်လို့ ရမရမေးခိုင်း လိုက်ပါတယ်။ ရမယ်ဆိုတော့ ဂျပန်မှာရှိတဲ့  ကမ္ဘာပေါ်မှာ အကောင်းဆုံး Printing တစ်ခုဖြစ်တဲ့ Dai Nippon Printing မှာ အစုံတစ်ရာရိုက်ခဲ့တာမှာ ဒေါ်လာနှစ်သန်းနဲ့ နှစ်သိန်းကုန်ကျခဲ့ပါတယ်။ သူတို့က အဲဒီစာအုပ်ကို လက်နဲ့ချုပ်တာဖြစ်ပြီး တစ်စုံကိုချုပ်ခက ဒေါ်လာတစ်သောင်းကုန်ကျပါတယ်။ စာရွက်ကလည်း အဲဒီစာအုပ်အတွက် သီးသန့်လုပ်တာ ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ဓာတ်ပုံရိုက်ရာမှာ သုံးတဲ့ကင်မရာက 80 Million Pixel ရှိတဲ့ ကင်မရာနဲ့ ရိုက်ပါတယ်။ Light ကလည်း Special Light ကို သုံးရပါတယ်။ ဒီလိုမှမဟုတ်ရင် ရိုက်တဲ့အခါမှာ စာအုပ်က လှိုင်းထနေတာဆိုတော့  အဆင်ပြေမှာမဟုတ်ဘူး။ စာအုပ်ကဟောင်းတော့ ဝါနေတဲ့အတွက် သန့်ရှင်းရေးလုပ်ရပါတယ်။ အဲဒီစာအုပ်တစ်အုပ်ကို မြန်မာနိုင်ငံမှာ လှူဖို့လုပ်ထားပါတယ်။

နောက်ထပ် ဒုတိယတစ်အုပ်က ကျွန်တော့်ဆီမှာ Original ရှိပါတယ်။ Description de L'Égypte လို့ ခေါ်ပါတယ်။ မှတ်မှတ်ရရ ၁၇၉၈ ခုနှစ်မှာ နပိုလီယံက အီဂျစ်ကိုသိမ်းတုန်းက ပန်းချီဆွဲဖို့ Artist နှစ်ထောင်ခေါ်သွားတယ်။ ပြီးတော့ သူကတွေ့သမျှ အဆောက်အဦအဟောင်းတွေ၊ ကျောက်ဆစ်ရုပ်တွေ၊ အမှတ်တရရှိတဲ့  အရာတွေအကုန်လုံးကို ပုံဆွဲခိုင်းတယ်။ အဲဒီစာအုပ်က အတွဲလိုက်ထုတ်တဲ့ စာအုပ်ဖြစ်ပြီး စာအုပ် ၂၃ တွဲပါတယ်။ ပထမဆုံးအတွဲကို ၁၈၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ၂၃ တွဲမြောက် နောက်ဆုံးအတွဲကို ၁၈၂၉ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ စာအုပ်အတွဲ ၂၃ တွဲ လုံးပြီးဖို့ အနှစ်နှစ်ဆယ် ကြာခဲ့တယ်။ Index တွေကအစ သေချာလုပ်ထားတဲ့ စာအုပ် ဖြစ်တယ်။ အားလုံး ပြင်သစ်လိုတွေချည်းပဲ။ ဒီနေ့ခေတ် ကျွန်တော့်စိတ်ထင် တစ်ကမ္ဘာလုံးမှာ လိုက်ရှာရင်တောင် တကယ့် Fisrt Edition Oiginal အစုံ ၁၅၀ ထက်မပိုပါဘူး။ ကျွန်တော်က 100 Million Pixels ရှိတဲ့ ကင်မရာနဲ့ ရိုက်ထားပြီး အိမ်မှာထုတ်ထားပါတယ်။ ကြိုက်ရင် ကျွန်တော်တို့က နှစ်တစ်ရာလောက်အထိခံနိုင်တဲ့ စက္ကူအကောင်းစားနဲ့ Print On Demend ရိုက်ပေးလို့ရပါတယ်။ အဲဒီစာအုပ်က Insurance လုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ မလုပ်ဘဲ သေချာသိမ်းဆည်းပါတယ်။ စာအုပ်ကို ထားတဲ့နေရာက အအေးခန်းဖြစ်ပြီး Humidity ကို သေချာထိန်းညှိပေးနိုင်ရပါမယ်။ နောက်ပိုင်းတော့ ကျွန်တော့်ဆီမှာ Rare Book Electronic Collection ပေါင်း အုပ်ရေငါးသောင်းလောက်ရှိပါတယ်။ အကုန်လုံးက အင်္ဂလိပ်လိုဖြစ်ပါတယ်။ အဲဒီ ငါးသောင်းထဲကနေ လိုချင်တဲ့သူရှိရင် Print on Demand ရိုက်ပေးလို့ ရပါတယ်။ အခုနောက်ပိုင်းတော့ Academic Book တွေလုပ်လာတာ များပါတယ်။

[caption id="attachment_32210" align="alignnone" width="720"]Leepitteong2iGroup (Asia Pacific) Ltd မှ ဆေးတက္ကသိုလ်အပါအဝင် တက္ကသိုလ်များအတွက် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခဲ့စဉ်[/caption]

ရှေ့ဆက်လုပ်ဆောင်သွားမှာတွေက

-------------------

အခုအသစ်လုပ်မှာ နှစ်ခုရှိပါတယ်။ တစ်ခုက အသက်အရွယ်ကြီးတဲ့သူတွေအတွက် Human Rresource Development နဲ့ပတ်သက်တာတွေကို အွန်လိုင်းကနေ သင်လို့ရအောင် လုပ်ပေးသွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက Basic Computer Knowledge လိုချင်ရင် အကုန်လုံးရနိုင်တာမျိုး၊ Programming ၊ Management Series ၊ Leadership Program တွေနဲ့ Engineering ဆိုရင်လည်း American Well Team Society Certificate မျိုးရအောင်ဆောင်ရွက်ပေးတာမျိုး ကျွန်တော်လုပ်နိုင်အောင် ဆောင်ရွက်နေပါတယ်။

နောက်ပြီးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့သူတွေအတွက် Management Skill ၊ Computer Skill ၊ အဲဒါတွေ တိုးတက်အောင်လုပ်ဆောင်ပေးတာမျိုးအတွက် Online Course တွေလည်း ပါပါတယ်။

နောက် ကျွန်တော်တအားစိတ်ဝင်စားတဲ့အပိုင်းကတော့ ကလေးတွေအတွက် ဖြစ်ပါတယ်။ နှစ်နှစ်နဲ့ ဆယ်နှစ်ကြားကလေးတွေကို အင်္ဂလိပ်စာသင်ပေးတာတို့၊ နောက်ပြီး သင်္ချာတို့ သိပ္ပံတို့ သင်ပေးတဲ့နေရာမှာ Engineering Concept ပါ ငယ်ငယ်ကတည်းက သိအောင်သင်ပေးမယ့်ပုံစံဖြစ်ပါတယ်။ နောက်ပြီးတော့ ကလေးတွေကို Programme (Coding) လုပ်တာရော သင်ပေးမှာဖြစ်ပါတယ်။ အဲဒါအပြင်ကို ကလေးတွေ ယဉ်ကျေးမှုရှိအောင်ကာတွန်းသရုပ်ပြတွေနဲ့ သေချာလုပ်ပေးပါမယ်။ ကလေးငယ်တွေကို ငယ်ငယ်ကတည်းက မကောင်းတဲ့ စရိုက်အလေ့အကျင့်တွေမရှိအောင် ခေါင်းထဲကို ရိုက်သွင်းထားတာမျိုးလုပ်ပေးပါမယ်။

ပြီးတော့ အာရှမှာ အလေ့အကျင့်တစ်ခုရှိပါတယ်။ ကျောင်းအပြင် ကျူရှင်ယူကြတာဖြစ်ပါတယ်။ မိဘတွေအနေနဲ့က အိမ်နဲ့အနီးဆုံး ကျူရှင်ဘယ်မှာရှိသလဲ။ ပြီးရင် ရေကူးသင်တန်း၊ တင်းနစ်သင်တန်း ဘယ်မှာရှိသလဲဆိုတာကိုသိနိုင်မယ့် System မျိုးကို ဒီနိုင်ငံမှာ Deploy လုပ်ပါမယ်။ အဲဒီအစီအစဉ်ကတော့ ဒီနှစ်ထဲမှာ လုပ်မှာဖြစ်ပါတယ်။

ဒီနှစ်အကုန်လောက်မှာလည်း နောက်ထပ်ပရောဂျက်တစ်ခုလုပ်ဖို့ ရှိပါတယ်။ ဟိုအရင်တုန်းက ဂျပန်မှာ Astro Boy ဆိုတဲ့ ကုမ္ပဏီရှိပါတယ်။ အခုအဲဒီကုမ္ပဏီကနေ Little Astro Boy ဆိုတာ ထွက်ပါမယ်။ အပိုင်း ၅၂ ပိုင်းပါ ရှိပါမယ်။ အဲဒါကို ကျွန်တော်တို့ လိုင်စင်ယူထားပါတယ်။ အာရှမှာ ၁၁ နိုင်ငံယူထားပါတယ်။ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

နောက် ကျွန်တော်စဉ်းစားထားတာက ကလေးတွေကို Integrity နဲ့ပတ်သက်တာတွေ သင်ပေးဖို့ ဖြစ်ပါတယ်။ အဲဒါက အင်မတန်အရေးကြီးတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပညာရေးအပိုင်းကို အဓိကထားပြီး လုပ်ပါမယ်။ အဲဒါတွေကတော့ ကျွန်တော်တို့ iGroup အနေနဲ့ မြန်မာနိုင်ငံမှာလုပ်မယ့်အရာတွေ ဖြစ်ပါတယ်။

Publishing Industry မှာ ဘာကအဓိကပြဿနာလို့ ထင်ပါသလဲ

----------------------

စာအုပ်ထုတ်ဝေးရေးမှာက အခြေအနေနှစ်ခုပဲရှိပါတယ်။ Under Stock နဲ့ Over Stock ပါ။ Under Stock က စာအုပ်တစ်အုပ်က ရောင်းကောင်းတယ်။ ထုတ်တာနည်းသွားတာကြောင့် ကုန်သွားတယ်၊ ပစ္စည်းမလောက်ဘူး ဖြစ်သွားပါတယ်။ Over Stock ကတော့ စာအုပ်ကို ရောင်းကောင်းမယ်ထင်လို့ များများမှာလိုက်မိတယ်။ ဒါပေမဲ့ ရောင်းလို့မရဘူး၊ ဒီတော့ Dead Stock ဖြစ်သွားတယ်။ Dead Stock ဖြစ်တော့ အလေးချိန်နဲ့ ရောင်းစားတဲ့ဆီ ရောက်သွားရတယ်။ နောက်တစ်ခုက ဒီလုပ်ငန်းက ပိုက်ဆံအများကြီးလိုပါတယ်။

ဒါကြောင့် ကျွန်တော်လုပ်ငန်းလုပ်တုန်းကလည်း CD-ROM ကို စလုပ်ဖြစ်သွားတာပါ။ CD-ROM ကို နည်းပညာစလုပ်တဲ့အခါမှာ ကျွန်တော့် Business အားလုံးက Subscription-Based ဖြစ်ပါတယ်။ သတင်းစာလိုပဲ ဒီနေ့ဝယ်ရင် နောက်တစ်နှစ်အထိရပါတယ်။ တစ်ခေါက်ဝယ်ပြီးတာနဲ့ နောက်နှစ်တွေ ဆက်ဝယ်တာပါပဲ ပြီးတော့ ကျွန်တော့်ဆီက ဒီဝန်ဆောင်မှုတွေကို တက္ကသိုလ်တွေက ဝယ်ကြတယ်။

ဒီအချိန်မှာ Publisher လုပ်ရင် Business အရ အဆင်ပြေနိုင်သလား

------------

ပြေနိုင်တယ်ဆိုပေမယ့် Print က သိပ်မလွယ်လောက်တော့ပါဘူး။ “Content is King” ဆိုတဲ့စကားရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်အမြဲတမ်းထပ်ပြောလေ့ရှိတဲ့စကားတစ်ခုက ''But how to make the king rich?'' ဆိုတာပါ။ ''Content is King '' ဆိုတာကမှန်ပါတယ်။ ''But the king may be poor'' ပါ။ ဒါကြောင့် Content ကို Rich ဖြစ်အောင်လုပ်ဖို့ Technology တွေလိုပါတယ်။ အဲဒါက ကျွန်တော့်လုပ်နေတဲ့ လမ်းကြောင်းဖြစ်ပြီး ကျွန်တော့်ရဲ့ Main Business ဖြစ်ပါတယ်။

Leepitteong3

iGroup က မြန်မာနိုင်ငံမှာ ဘာတွေလုပ်နေပါသလဲ

-----------

ဘာလို့မြန်မာပြည်ပြန်လာတာလဲဆိုတော့ ကျွန်တော်အလုပ်အကိုင် အဆင်ပြေတယ်၊ ကျွန်တော့်အလုပ်အကိုင်က Education အပိုင်းနဲ့ ပတ်သက်ပါတယ်။ ကျွန်တော့်ရဲ့ Basic Education ကလည်း မြန်မာပြည်ကပဲ ရထားတာဆိုတော့ ဒီတိုင်းပြည်ကို ပြန်လည်ကူညီဖြစ်တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်တွေအားလုံးရဲ့ Dissertation တွေမှာ Database တွေ၊ E-Journal တွေ ခွဲထားတာရှိတယ်။ Database ဆိုရင် Master Degree တွေ၊ Phd Degree တွေ Research လုပ်မယ်ဆိုရင် အရေးကြီးဆုံးကဘာလဲဆိုတော့ ခေါင်းစဉ်ကိုကြည့်တဲ့အခါမှာ ဒီခေါင်းစဉ်လေးက ဘယ်သူကနေ Research လုပ်ခဲ့ဖူးသလဲ။ Research လုပ်တဲ့အခါတွေမှာ ဘာတွေကို Refer လုပ်တယ်၊ Reference လုပ်တယ်၊ Cited လုပ်တယ်၊ နောက်ပြီး Paper ထွက်တယ်။ ပြီးရင်ဘာဆက်လုပ်ရမလဲဆိုတာကိုပါ Recommendation ပေးပါတယ်။ အဲဒီ Dissertation တွေ Paper တွေက ဒီမှာအလွယ်တကူ Access လုပ်လို့မရဘူး။ အဲဒီတော့ တစ်ခါတလေ ဒီမှာ Research လုပ်တဲ့ Topics တွေက သူများနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က လုပ်ထားတာတွေကို ပြန်လုပ်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒီအချိန် အလုပ်အချိန်မပိုအောင် အစစအရာရာ ပိုပြီးတော့အဆင်ပြေလာအောင် ကျွန်တော်လုပ်ထားတာ၊ Library Automation System လှူထားတာ ရှိပါတယ်။ နောက်ပြီး အင်္ဂလိပ်စာကို Online က သင်တာမျိုးလုပ်ထားတာရှိပါတယ်။ တက္ကသိုလ်တွေအတွက် Ebook တွေ အများကြီးလှူထားတာရှိပါတယ်။ လှူတာက တစ်ပိုင်း၊ လှူပြီးတော့မှ သုံးတဲ့သူက မသုံးဘူးဆိုရင် အကျိုးမရှိပါဘူး။ ဒီတော့သုံးဖို့ပါ Training တွေ လုပ်ပေးရပါတယ်။ ဒါကတော့ နည်းနည်းကြာပါဦးမယ်။ ဒါက တက္ကသိုလ်တွေအတွက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်လလောက်က ဆေးတက္ကသိုလ်၊ Dental တက္ကသိုလ်၊ Nursing တက္ကသိုလ်တွေအတွက် စာအုပ်အပါအဝင် Database တွေပါ ကျွန်တော်လှူထားပါတယ်။ ဒေါ်လာလေး၊ ငါးသောင်းဖိုးရှိပါတယ်။ ဒါတွေက Subscription Fees အတွက် နှစ်တိုင်းဆက်ပေးနေရတဲ့ Cost တွေဖြစ်ပါတယ်။ တချို့ဟာတွေကိုတော့ Publisher တွေဆီက တောင်းပါတယ်။ တချို့ဟာတွေကိုလည်း ဈေးပေါပေါနဲ့တောင်းပြီး ကျွန်တော်ပိုက်ဆံစိုက်ပေးပါတယ်။ Training ကိုတော့ ကျွန်တော့်လူတွေ လိုက်လုပ်ပေးပါတယ်။

နောက်တစ်ခုမြန်မာပြည်မှာ ထပ်လုပ်ချင်တာကတော့ Science Museum ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒါက ပိုက်ဆံအများကြီးလိုပါတယ်။ ဒါအပြင် ကျွန်တော် Boston မှာရှိတဲ့ Museum of Science က CEO နဲ့ Science Museum လုပ်ဖို့ကို စကားစပြောထားပါတယ်။

စီးပွားရေးလုပ်ဖို့တော့ ကျွန်တော်တအားခေါင်းထဲ ထည့်မထားပါဘူး။ ဒါပေမဲ့ တိုင်းပြည်ကနေ အကျိုးရှိမယ့် Project တွေရှိရင် နိုင်ငံခြားသားဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် စိတ်ဝင်စားတာရှိရင် ကျွန်တော်ကူညီဖို့ စိတ်ကူးထားပါတယ်။ ပညာရေးဘက်ကိုတော့ ထိထိရောက်ရောက်ဖြစ်အောင် တိတိကျကျ ဆက်လုပ်ချင်ပါတယ်။

တခြားလုပ်ငန်းတွေအနေနဲ့

--------------

ထိုင်းနိုင်ငံမှာ ကျွန်တော်ရဲ့ Restaurant ၁၄ ခု ရှိပါတယ်။ Hong Bao နာမည်နဲ့ တရုတ်ဆိုင်၊ Western Food က Water Library နာမည်နဲ့ဖြစ်ပါတယ်။ Pizza လည်းရှိတယ်၊ Bar ၊ Cigar Bar ၊ Art Gallery စသဖြင့် ရှိပါတယ်။ အဲဒီထဲမှာမှ Hong Bao က သူငယ်ချင်းနှစ်ယောက် အစုရှယ်ယာနည်းနည်းရှိပါတယ်။ ရှယ်ယာရှင်ထဲက တစ်ယောက်က မြန်မာပြည်မှာ Hong Bao လေးဆိုင်ဖွင့်ထားပါတယ်။ ကျွန်တော်ကတော့ Support ပေးပါတယ်။ ပြီးတော့ Michelin One Star ရထားတဲ့ Western Food Restaurant တစ်ခုလည်း စင်ကာပူမှာရှိပါတယ်။

Water Library ဆိုင်နာမည်သုံးဖြစ်တာက Water နဲ့ Library စကားလုံးနှစ်ခုကို ပေါင်းထားတာ ဖြစ်ပါတယ်။ စဖွင့်ဖို့ စဉ်းစားထားတဲ့ Strategy ကိုက တစ်ကမ္ဘာလုံးမှာရှိတဲ့ ရေအားလုံးရနိုင်တဲ့ဆိုင်ဆိုပြီး လုပ်ထားတာ ဖြစ်ပါတယ်။ ဈေးကွက်ကိုဖောက်ဖို့ စဉ်းစားကတည်းက ဝိုင်၊ အဟောင်းဆုံးဟင်း စတာတွေနဲ့ ဈေးကွက်ထဲမှာ ထိုးဖောက်ပြီးသားဆိုင်တွေရှိတာကြောင့် ဒီလိုစဉ်းစားခဲ့တာပါ။

နောက်ပြီး ကျွန်တော်က ဝိုင်သိပ်ကြိုက်တယ်၊ အမေရိကမှာ ကိုယ်ပိုင် Wine Yard ရှိပြီး ဝိုင်တွေ ထုတ်ပါတယ်။ အခုကထုတ်ထားတာက Reference Book Z 88.88 ပါ။ Journal တံဆိပ်နဲ့ထွက်ပြီးပြီ။ နောက်တစ်ခု ထွက်မှာက Researcher ဆိုတာပါ။ ပြီးတော့ Declassify ဖြစ်တဲ့ဆိုင်တွေကို ပြန်ပြီး ပုလင်းထုတ်ထားတဲ့ ဝိုင်တစ်မျိုးရှိပါတယ်။ အဲဒါကို Student လို့ နာမည်ပေးထာတယ်။ အခုတံဆိပ်နှစ်ခုထွက်မယ်။ နောက်တစ်ခုက Journal (3744) ဆိုပြီး ထွက်ပါမယ်။ တစ်ခုထွက်မှာက Researcher ပဲဖြစ်ပါတယ်။ နောက် Student ဆိုတာ ရှိပါတယ်။

လုပ်ငန်းစုကြီးတစ်ခုဖြစ်တာကြောင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဦးဆောင်နိုင်ဖို့ မန်နေဂျာကောင်းတွေရအောင် ဘယ်လိုရွေးချယ်ပါသလဲ

----------------

မန်နေဂျာတွေကို ဘယ်လိုရွေးသလဲဆိုတာထက် ကိုယ့်မှာရှိနေပြီးသား မန်နေဂျာတွေကို ဘယ်လိုထိန်းသိမ်းသလဲဆိုတာက ပိုအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော့် ဝန်ထမ်း ၁,၂၀၀ ဝန်းကျင်ထဲမှာ နိုင်ငံတိုင်းမှာရှိတဲ့ မန်နေဂျာတွေအားလုံးလိုလိုကက ကျွန်တော်နဲ့ အလုပ်လုပ်တာ ပျမ်းမျှ Average ၂၁ နှစ်လောက်ရှိကြပါ ပြီ။ သူတို့ကို ကျွန်တော့်သားသမီးလိုပဲ ကြည့်ရှုထားတယ်။

သူတို့အပေါ်ကိုတော့ စေတနာထားရပါတယ်။ အလုပ်သမားဆိုတာ ကိုယ့်မိသားစုလိုပါပဲ။ ထိရောက်တဲ့  တပည့်သားမြေးဆိုတဲ့ မြန်မာစကားလုံးလိုပဲ အားလုံးက တစ်တန်းတည်းပါ။ သားသမီးလိုပဲ တပည့်တွေကိုလည်း ချစ်ရပါတယ်။ သိပ်ပြီး ပေသီးတွက်လို့မရပါဘူး၊ ကျွန်တော်လည်း အဲဒီလို တွက်လည်းမတွက်ပါဘူး။

Staff တွေနဲ့တော်တော်လေး နီးနီးကပ်ကပ်နေပါတယ်။ ကျွန်တော့် Staff တွေ၊ ကျွန်တော့် Manager တွေကို ဘာလုပ်ဘာလုပ်ဆိုပြီး မခိုင်းပါဘူး။ သူ့ဘာသာသူလုပ်ပါတယ်။ လိုအပ်တာထောက်ပြပြောဆိုတာလောက်ပဲ လုပ်ပါတယ်။ ကျွန်တော့်ဆီမှာ တကယ်တော်တဲ့ မန်နေဂျာတွေ အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ Decision Making လုပ်ရုံပါပဲ။ သူတို့တွေအပေါ်လည်း ကျွန်တော် Invest လုပ်တာတွေ အများကြီးရှိပါတယ်။

လုပ်ငန်းရှင်တွေနဲ့ လူငယ်တွေအတွက် အကြံပြုချက်

------------------

There Is No Free Lunch In This World ဆိုတဲ့အတိုင်း ကြိုးစားကြရပါမယ်။ Integrity ကလည်း တအားကို အရေးကြီးပါတယ်။ လူတွေဖြစ်တဲ့အတိုင်း လောဘ၊ ဝန်တိုစိတ်နဲ့ ဝံ့ကြွားချင်စိတ်တွေတော့ ရှိကြတာပါပဲ။ ကျွန်တော်တို့က လူသားတွေဆိုတော့ ဒါကိုရှောင်လို့မရပါဘူး။ ဒါပေမဲ့ လျှော့ချလို့တော့ ရပါတယ်။ နောက်တစ်ခုက ဘာပဲလုပ်လုပ် တိုင်းပြည်အတွက် အရင်စဉ်းစားပြီးမှ လုပ်ရမှာဖြစ်ပါတယ်။

ဝါသနာနဲ့ အားလပ်ချိန်တွေကို ဘယ်လိုကုန်ဆုံးပါသလဲ

---------

ကျွန်တော့်ရဲ့ဝါသနာကတော့ ဂေါဖ့်ကစားတယ်။ နောက်ပြီး ကျွန်တော်က ဟင်းချက်ဝါသနာပါတဲ့အတွက် တစ်နေကုန် ဟင်းချက်၊ တစ်နေကုန် ဟင်းမြည်းလုပ်တတ်ပါတယ်။ ပြီးတော့ ကိုယ်တိုင် Receipe တွေ ထုတ်ပါတယ်။ အခုကျွန်တော် ထိုင်းနိုင်ငံမှာ အကောင်းဆုံးဒူးရင်းရေခဲမုန့်ကို ထုတ်လုပ်နေပါတယ်။ နောက်ပြီးတော့ ဒူးရင်းအနံ့အရသာနဲ့ ကော်ဖီတွေ၊ လက်ဖက်ရည်တွေ၊ ပေါက်ပေါက်တွေကိုလည်း လုပ်နေပါတယ်။ ပြောရရင်တော့ ဒူးရင်းနဲ့ပတ်သက်တာ တော်တော်များများကို လုပ်ကိုင်နေပါတယ်။ နောက်ပြီး သရက်သီးနဲ့ပတ်သက်တာတွေကိုလည်း ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ ဒီအသီးနှစ်မျိုးကို ကျွန်တော် ကိုယ်တိုင်လည်းနှစ်သက်လို့ Receipe တွေ ကိုယ်တိုင်လုပ်နေတာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။