MONEY EXPO 2016 ပြပွဲ

MoneyExpo2016

ယနေ့ခေတ် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ မြန်မာနိင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မူအခန်းကဏ္ဍက တိုးတက်ပြောင်းလဲလို့ နေပါတယ်။ ဒါကြောင့် MONEY EXPO 2016 ပြပွဲကို၂၀၁၆ ခုနှစ်၊ ဇွန်လ ၃ရက်ကနေ ၅ ရက်အထိ ရန်ကုန်မြို့ရှိတပ်မတော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲကို ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းနဲ့ စတော့ရှယ်ယာရောင်းဝယ်ရေးတွေအပြင် ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်နေတဲ့ အွန်လိုင်းဘဏ်လုပ်ငန်း၊ အီလက်ထရောနစ်ဘဏ်လုပ်ငန်း၊ မိုဘိုင်းဘဏ်လုပ်ငန်းစတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီပေါင်း ၃၀ က ပြခန်းပေါင်း ၇၀ နဲ့ လာရောက်ပြသခဲ့ပါတယ်။

DrZarNiMgMg

ဒေါက်တာဇာနည်မောင်မောင်

Managing Director

Myanmar Promotional

Services (MPS) Co  Ltd

ပွဲကျင်းပဖြစ်တဲ့ ရည်ရွယ်ချက် . . .

ငွေကြေးမှာ အဓိကအနေနဲ့ Cash Base နဲ့ Cashless ဆိုပြီး နှစ်မျိုးရှိပါတယ်။ Cash Base ကတော့ ငွေသားကိုကိုင်ဆောင်ပြီး အသုံးပြုတာဖြစ်တဲ့အတွက် ပိုက်ဆံပေးတာ၊ ယူတာတွေ ပါဝင်ပါတယ်။ ဒီငွေသား ကိုင်ဆောင်သုံးစွဲတဲ့စနစ် Cash Base မှာ အားနည်းချက်တွေ ရှိတယ်။ အနည်းဆုံးတော့ ဒီငွေသားတွေကို Print ထုတ်ရတာရှိတယ်။ ဒါပြင် ငွေသားပျက်စီးတာ၊ ပျောက်ဆုံးတာ၊ ပြဲတာ၊ ပြန်လဲပေးရတာ စတဲ့ ပြဿနာမျိုးတွေ ရှိပါတယ်။ နောက်ပြီး Cash Base မှာ အခွန်ကို စာရင်းပေါ်အောင် လုပ်ဖို့ဆိုတာ အတော်ခက်တယ်။ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်ပေးလိုက်တယ်ဆိုတာကို အကြမ်းဖျင်းအနေနဲ့ မသိနိုင်ဘူး။ ငွေသားကိုင်ဆောင်ပြီး မသုံးတဲ့ Cashless စနစ်မှာတော့ မပေါ်ဘဲ မနေတော့ဘူး။ ဘယ်သူကဘယ်သူ့ကို ဘယ်လောက်ပေးတယ် ဆိုတာမျိုးတွေကို ဒီစနစ်မှာ အလွယ်တကူသိနိုင်ပါတယ်။ ဥပမာ - တက္ကစီစီးလို့ ကတ်နဲ့ဖြတ်ရင်တောင် ကျသင့်တဲ့ ပမာဏက ဘဏ်ထဲကိုဝင်သွားမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီ Cashless စနစ်ကို အသုံးပြုတာက လာဘ်ပေးလာဘ်ယူမူတွေ ပပျောက်သွားနိုင်မှာပါ။ ဒီပွဲကိုကျင်းပဖြစ်တာက ပိုက်ဆံတွေကို ကိုင်စရာမလိုဘဲ e-Banking ၊ Mobile Banking ၊ Credit Card တွေကနေတစ်ဆင့် အသုံးပြုနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။

နောက်ထပ်ပွဲတွေ ထပ်မံကျင်းပဖို့အစီအစဉ်ရှိ၊ မရှိ . . .

ကျွန်တော်တို့အနေနဲ့ လာမယ့်စက်တင်ဘာလလောက်မှာ နေပြည်တော်မှာ နည်းပညာပြပွဲ ကျင်းပသွားဖို့ ရှိပါတယ်။ အဲဒီပြပွဲမှာ အဓိကကတော့ စက်မူနည်းပညာ ၊ IT နဲ့ Security နည်းပညာ အမျိုးအစားတွေ ပါဝင်မှာပါ။ အဲဒီပွဲကို အဓိကအနေနဲ့ ဒီနည်းပညာတွေကို လက်ရှိ အစိုးရသစ်ကို မိတ်ဆက်ပြသပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

UHlaMyoTint

ဦးလှမျိုးတင့်

ကြီးကြပ်ရေးမှူး

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်

(CHD Bank)

CHD Bank အနေနဲ့ ဘယ်လိုမျိုးဝန်ဆောင်မှုတွေ ပေးပါသလဲ . . .

ကျွန်တော်တို့ဘဏ်အနေနဲ့ ဝန်ဆောင်မှုကတော့ စာရင်းရှင်ဖွင့်တာ၊ ငွေချေးတာ၊ ငွေစုတာတွေ လုပ်လို့ရပါတယ်။ အဓိကအနေနဲ့တော့ အိမ်ရာဖွံ့ဖြိုးရေးအတွက် ငွေကြေးဝန်ဆောင်မှု ပေးတဲ့လုပ်ငန်းကို ဆောင်ရွက်နေပါတယ်။

အိမ်ရာဖွံ့ဖြိုးရေးနဲ့ ပတ်သတ်ပြီး ဘာတွေဆောင်ရွက်နေလဲ . . .

အိမ်ရာဖွံ့ဖြိုးရေးနဲ့ပတ်သက်ရင် Supply Side နဲ့ Demand Side ဆိုပြီး အပိုင်းနှစ်ပိုင်းခွဲ ပြုလုပ်ထားပါတယ်။ Supply Side ကတော့ အိမ်ရာဆောက်လုပ်မယ့် Deveolper တွေကို CHD Bank ဘဏ်က ငွေထုတ်ချေးပေးပါတယ်။ Demand Side အနေနဲ့ကတော့ အိမ်ဝယ်လိုတဲ့သူတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေပါတယ်။ အိမ်ရာဝယ်လိုသူတွေအနေနဲ့ ကနဦးအနေနဲ့ အိမ်ရာတန်ဖိုးရဲ့ ၃၀ ရာခိုင်နူန်း ပေးသွင်းထားပြီး နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ၈ နှစ်အတွင်း ၉၆ ရစ် ဆပ်ရမှာပါ။ ဒီ ၉၆ ရစ်မှာ အတိုးရော အရင်းပါပါပြီးသားမို့ သတ်မှတ်ထားတဲ့ကာလအထိ ငွေကိုဆပ်ပြီးတာနဲ့ အိမ်ပိုင်ရှင်ဖြစ်ပါပြီ။ သတ်မှတ်ထားတဲ့ ငွေပမာဏကို အပြည့်အ၀ ပြန်မပေးနိုင်ခင်ကာလမှာတော့ အိမ်နဲ့ပတ်သက်တဲ့ အထောက်အထားတွေကို CHD Bank က ယူထားပါတယ်။

Supply Side အနေနဲ့ကကော ဘယ်လိုမျိုးတွေ ဝန်ဆောင်မှုပေးလဲ။ Supply Side အတွက်ကတော့ အိမ်ရာတည်ဆောက်မယ့် Developer တွေကို ချေးငွေထုတ်ချေးပေးပါတယ်။ အစိုးရစီမံကိန်းတွေဆိုရင် အပေါင်ပစ္စည်းမယူဘဲ ငွေထုတ်ချေးပေးထားပြီး တခြား Developer တွေအနေနဲ့ ငွေထုတ်ချေးမယ်ဆိုရင် ချေးငွေကို ကာမိစေမယ့် အပေါင်ပစ္စည်း ပေးထားရပါမယ်။ အတိုးနှုန်းကတော့ ၁၂ ရာခိုင်နှုန်းပါ။

ပွဲမှာ ဝင်ရောက်ပြသဖြစ်တဲ့ ရည်ရွယ်ချက်ကို သိပါရစေ . . .

ကျွန်တော်တို့ CHD Bank ကို ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့ တည်ထောင်ထားတာပါ။ ပွဲမှာ ဝင်ရောက်ပြသဖြစ်တာကတော့ အဓိကအနေနဲ့ ပြည်သူတွေ နေရေး၊ ထိုင်ရေးအဆင်ပြေအောင် ဝန်ဆောင်မှု ပေးနေတာကို သိစေဖို့နဲ့ ဝင်ငွေနည်းတဲ့သူတွေကို အိမ်ပိုင်ဖြစ်စေချင်လို့ပါ။

Demand Side မှာကျတော့ ဘယ်လိုလူမျိုးတွေကို ဦးတည်ထားသလဲ . . .

အလုပ်အကိုင်နဲ့ သတ်မှတ်ထားတဲ့ ပုံမှန်ဝင်ငွေရှိသူတွေကို ဦးစားပေးထားပါတယ်။ ပုံမှန်ဝင်ငွေလို့ဆိုတဲ့အထဲမှာ လစဉ်သုံးသိန်းကနေ ငါးသိန်းကြား ဝင်ငွေရှိတဲ့လူတွေကို ရည်ညွှန်းထားပါတယ်။

DawOhnMarAye

ဒေါ်ဥမ္မာအေး

Assistant General Manager

Integrated Marketing

Department

CB Bank

ပွဲမှာ ဝင်ရောက်ပြသဖြစ်တဲ့ ရည်ရွယ်ချက် . . .

ဒီပွဲခေါင်းစဉ်ကိုက Money Expo ပြပွဲဖြစ်ပြီး ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို အဓိကပြသတဲ့ပွဲ ဖြစ်တာကြောင့် ကျွန်မတို့ CB Bank အနေနဲ့ ပြည်သူလူထုတွေကို ဘဏ်တွေမှာ ဘယ်လိုဝန်ဆောင်မှု ပေးနေတယ်ဆိုတာကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ပြသဖြစ်ခဲ့တာပါ။ ဒီပွဲမှာ ဘဏ်မှာ အရင်ကပုံမှန်သွားနေတဲ့ ဝန်ဆောင်မှုတွေအပြင် ပိုကောင်းမွန်တဲ့ မိုဘိုင်းဝန်ဆောင်မှုတွေနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကိုပါ မိတ်ဆက်ပြသထားပါတယ်။ ဒါအပြင် ထူးထူးခြားခြားအနေနဲ့ ကျွန်မတို့ရဲ့ ငွေသွင်းတာရော၊ ငွေထုတ်တာပါ နှစ်ခုစလုံးပြုလုပ်နိုင်တဲ့ ATM စက်ကိုလည်း ပြသထားပါတယ်။ လက်ရှိမှာ ဒီ ATM စက်ကို ကျွန်မတို့ CB Bank ရုံးချုပ်မှာ တပ်ဆင်ထားပြီးလည်း ဖြစ်ပါတယ်။ စက်ထဲကို ငွေသွင်းမယ်ဆိုရင်တော့ မြန်မာငွေကျပ် တစ်ထောင်တန်၊ ငါးထောင်တန်နဲ့ တစ်သောင်းတန်တွေကို သတ်မှတ်ပေးထားပါတယ်။ နောက်ပြီးသွင်းတဲ့ပိုက်ဆံဟာ ၇၀ ရာခိုင်နှုန်း အကောင်းအတိုင်းရှိဖို့လည်း လိုပါတယ်။ ဒီစနစ်ရှိတာကြောင့် ဘဏ်ပိတ်ထားတဲ့အချိန်မှာ တကယ်လို့ ကိုယ်နဲ့ပတ်သက်တဲ့လူတစ်ယောက်က ငွေကြေးအခက်အခဲ တစ်စုံတစ်ရာဖြစ်နေရင် ကိုယ့်ရဲ့ကတ်ထဲကို ငွေထည့်ပြီး သူ့ဆီကို ကတ်ကတ်ချင်း ငွေလွှဲပို့ပေးနိုင်မှာဖြစ်ပါတယ်။

ဒီပွဲမှာ ဘယ် Customer တွေကို အဓိက ဦးတည်ထားလဲ . . .

ဒီပွဲမှာ CB Bank အနေနဲ့ လူငယ်တွေကို ပိုပြီးဦးတည်ထားပါတယ်။ ကျွန်မတို့ဘဏ်မှာ လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ Youth Card ဝန်ဆောင်မှုကိုလည်း ရနိုင်ပါတယ်။ နောက်ပြီး အသက် ၁၄ နှစ်ကနေ အသက် ၅၀ ဝန်းကျင်အတွင်း Mobile Banking ၊ Internet Banking အသုံးပြုနိုင်တဲ့သူတွေကို အဓိကရည်ရွယ်ထားပါတယ်။

ဒီပွဲကနေ ဘာတွေမျှော်လင့်ထားပါသလဲ . . .

အဓိကအနေနဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်ထားပါတယ်။  ကျွန်မတို့ဘဏ်တွေက ဝန်ဆောင်မှုပေးနေရုံနဲ့တင် မဟုတ်ဘဲ ပြည်သူတွေကို ဘဏ်တွေက ဒီလိုမျိုးဝန်ဆောင်မှုတွေ ရနိုင်တယ်ဆိုတာကို သိစေဖို့ရည်ရွယ်ထားပါတယ်။ ဘဏ်ရဲ့ဝန်ဆောင်မှုတွေကို ပြည်သူတွေ သိမှလည်း သုံးစွဲလာမှာ ဖြစ်ပါတယ်။ အဲဒီလို သုံးစွဲလာတာကြောင့် ဘဏ်လုပ်ငန်းကဏ္ဍက ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုးမှုက အဓိကနေရာက ပါဝင်ပါတယ်။ ဒါကြောင့် ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဘဏ်တွေက ပြည်သူလူထုကို ဘယ်လိုမျိုးဝန်ဆောင်မူပေးနေတယ်ဆိုတာကို သိစေဖို့ ဝင်ရောက်ပြသတာလည်း ဖြစ်ပါတယ်။

အယ်ဒီတာအဖွဲ့