အသင်းဖြစ်ပေါ်လာပုံ
---------------------
အလုပ်သမားဝန်ကြီးဌာနလမ်းညွန်မှုနဲ့ MOEAF အသင်း ကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှာ စပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အမှုဆောင်သက်တမ်းကတော့ နှစ်နှစ်သက်တမ်းပါ။ ၂၀၁၈-၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်တုန်းက UMFCCI မှာ ရွေးကောက်ပွဲလုပ်ပြီးတော့ အမှုဆောင်အသစ်တွေ ပြန်ရွေးခဲ့တာဖြစ်ပါတယ်။
ရည်ရွယ်ချက်
----------------
အဖွဲ့ချုပ်ကို စွမ်းရည်ပြည့်ဝပြီးတော့ ထက်မြက်တဲ့ အဖွဲ့အစည်းဖြစ်ဖို့၊ အဖွဲ့ချုပ်နဲ့ အသင်းသားတွေ ပူးပေါင်းပြီးတော့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အောင်မြင်ဖို့နဲ့ အသင်းသားတွေရဲ့လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ နောက်ပြီး ပြည်ပဈေးကွက်မှာ ပြိုင်တဲ့အခါ မြန်မာအလုပ်သမားတွေကို စွမ်းရည်ပြည့်ဝတဲ့ အလုပ်သမားတွေအဖြစ် စနစ်တကျပျိုးထောင်ပေးပြီးတော့ အရည်အချင်းရှိတဲ့ အလုပ်သမားတွေကို ပြည်ပကို စေလွှတ်နိုင်ဖို့၊ ပြည်ပလုပ်သားဈေးကွက် ကြီးမားလာအောင် ဈေးကွက်ချဲ့ထွင်ဖို့၊ ပြည်ပကို အလုပ်သမားတွေ တရားမဝင်ပို့ဆောင်တဲ့အခါ လူကုန်ကူးတာတွေ တားဆီးနိုင်ဖို့အတွက်ကို အစိုးရအဖွဲ့အစည်းတွေရော၊ တခြား NGO အဖွဲ့အစည်းတွေနဲ့ရော၊ ပြည်သူတွေရော ပူးပေါင်းပြီး ဆောင်ရွက်ဖို့၊ ပြည်ပလုပ်သားဈေးကွက်မှာရှိတဲ့ မြန်မာအလုပ်သမားတွေအတွက် လုံခြုံစိတ်ချပြီး မျှတတဲ့အခွင့်အရေးတွေ ရရှိဖို့နဲ့ ပြည်ပအလုပ်အကိုင်နဲ့ပတ်သက်တဲ့ ဥပဒေနည်းဥပဒေတွေကို အဖွဲ့ချုပ်အနေနဲ့ ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ရေးဆွဲဖို့ အဲဒီအချက်တွေကို ဆောင်ရွက်မယ်လို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အသင်းကနေ ဆောင်ရွက်ခဲ့တာတွေက
----------------
အသင်းအနေနဲ့ နိုင်ငံအလိုက် ဆပ်ကော်မတီတွေ ဖွဲ့ထားတာရှိပါတယ်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ အရှေ့အလယ်ပိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအိုတို့အတွက် ဆပ်ကော်မတီတွေ ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့အစည်းတွေကတစ်ဆင့် အလုပ်သမားတွေစေလွှတ်ဖို့ ထိန်းသိမ်းဆောင်ရွက်တာတွေရှိပါတယ်။ အသင်းအနေနဲ့လည်း အလုပ်သမားစေလွှတ်မှုနဲ့ပတ်သက်ပြီး အလုပ်သမားခေါ်ယူလိုတဲ့နိုင်ငံတွေနဲ့ စာချုပ်ချုပ်ဆိုမှုတွေရှိတယ်။ ဥပမာအနေနဲ့ ဂျပန်နိုင်ငံကသက်ဆိုင်ရာ အဖွဲ့အစည်းက ဖိတ်ခေါ်လို့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေသွားပြီး စာချုပ်ချုပ်တာလေးတွေရှိပါတယ်။ နောက် ကျွန်တော်တို့ MOEAF အသင်းနဲ့ချုပ်တဲ့ စာချုပ်လည်း ရှိပါတယ်။ နောက်တစ်ခါ ဟောင်ကောင်၊ မကာအိုနဲ့ စာချုပ်ချုပ်ထားတာတွေ ရှိပါတယ်။ ထိုင်းဆိုရင်လည်း MoU စနစ်နဲ့ လုပ်တာတွေရှိပါတယ်။ အခုထိုင်းမှာဆို Call Centre ထားရှိပါတယ်။ အဲဒီမှာအသင်းက EC တွေအနေနဲ့ အလှည့်ကျတာဝန်ယူပြီးတော့ အလုပ်သမားတွေရဲ့ ကိစ္စရပ်တွေကို ဖြေရှင်းပေးပါတယ်။ ဥပမာ- အေဂျင်စီက ဟိုဘက်ကို အလုပ်သမားစေလွှတ်ထားပြီးတော့ ပြဿနာတစ်စုံတစ်ရာဖြစ်လို့ Call Centre ကို ရောက်လာရင် သူတို့နိုင်ငံက အလုပ်ရှင်ရယ်၊ ကျွန်တော်တို့ဆီက အဖွဲ့ဝင်တွေရယ်၊ အလုပ်သမားနဲ့ သက်ဆိုင်ရာ သံရုံးက အလုပ်သမားသံအရာရှိတို့ ပူးပေါင်းပြီးတော့ ဖြေရှင်းပေးနေတာဖြစ်ပါတယ်။
မလေးရှားမှာလည်း အလားတူအရင်တုန်းက ဖြေရှင်းပေးဖို့ Call Centre ထားခဲ့ဖူးပါတယ်။ အခုနောက်ပိုင်းတော့ မလေးရှားကိုအလုပ်သမားစေလွှတ်မှု ယာယီရပ်ဆိုင်းတာရယ်၊ လုပ်ငန်းက သိပ်မများတာကြောင့် လောလောဆယ် Call Centre တော့ မရှိတော့ပါဘူး။ အလုပ်သမား Market ကတော့ ဒီနှစ်နိုင်ငံအများဆုံးဆိုတော့ အဲဒီနှစ်နိုင်ငံကိုပဲ Call Centre ဖွင့်ပါတယ်။ ဂျပန်ကျတော့ Call Centre မဖွင့်ဘူး။ ဒါပေမဲ့ MOEAF အသင်းနဲ့ JMA တို့စာချုပ်ချုပ်ထားတဲ့အတွက် ကိစ္စရှိရင် ဝန်ကြီးဌာနနဲ့ သံရုံးကလူတွေနဲ့ စစ်ဆေးတာတွေရှိပါတယ်။
အသင်းဝင်အဖွဲ့အစည်းလုပ်ငန်းတွေ
----------------------------------------
အရင် ၂၀၁၃ ခုနှစ်လောက်မှာတုန်းက အသင်းဝင်အေဂျင်စီဦးရေက ၁၆၂ ခုရှိရာကနေ အခုဆို ၂၆၁ ခုထိ အေဂျင်စီအရေအတွက်က တိုးတက်လာပါပြီ။ နောက်ပြီးတော့ ILO နဲ့ ပူးပေါင်းတဲ့အခါကျတော့ ဒီ MOEAF ကနေ ပြည်တွင်းပြည်ပအလုပ်သမားနဲ့ပတ်သက်တဲ့ International အစည်းအဝေးတွေကို တက်နေရတာတွေ ရှိပါတယ်။ အခုဆို အလုပ်သမားတွေရဲ့ ပြဿနာတွေကိုလည်း အလုပ်သမားသံအရာရှိ၊ NGO တွေ၊ လူကုန်ကူးတားဆီးရေး ရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းဖြေရှင်းနေရပါတယ်။ တချို့ကိစ္စတွေက ထိုင်းဘက်မှာရှိတဲ့ NGO တွေနဲ့ပူးပေါင်းဖြေရှင်းတာမျိုးရှိပါတယ်။ ကျွန်တော်တို့ ဖြေရှင်းလို့မရတဲ့အခါကျတော့ အလုပ်သမားဝန်ကြီးဌာနကို တက်သွားတာပါ။ အဲဒီမှာ ဝန်ကြီးဌာနက တာဝန်ရှိသူတွေရယ်၊ ကျွန်တော်တို့ဆီက အဖွဲ့ဝင်တစ်ယောက်ရယ်ပါဝင်ပြီးတော့ အဲဒီလိုပြဿနာတွေကို ဆောင်ရွက်ပေးရတာဖြစ်ပါတယ်။
တရားမဝင်အလုပ်သမားကိစ္စတွေနဲ့ပတ်သက်လို့
------------------------------------
ထိုင်းမှာဆို တရားမဝင်ရောက်သွားတဲ့ အလုပ်သမားတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုတရားမဝင်တဲ့ အလုပ်သမားတွေအနေနဲ့ ပြဿနာဖြစ်လို့ ရောက်လာခဲ့ရင်လည်း ကျွန်တော်တို့က တရားမဝင်လို့ဆိုပြီး မလုပ်ပေးတာမရှိပါဘူး။ အဲဒီမှာရှိတဲ့ Call Centre ရဲ့ရုံးမှာ အဲဒီတရားမဝင်နေထိုင်တဲ့သူတွေကို ပေးနေထားရတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တရားမဝင်တာကို တရားဝင်ဖြစ်အောင်လည်း ကျွန်တော်တို့အနေနဲ့ အဲဒီမှာရှိတဲ့ သံအရာရှိနဲ့ညှိနှိုင်းပြီးဆောင်ရွက်ပေးနေပါတယ်။ အဲဒီလိုလုပ်ပေးတဲ့နေရာမှာလည်း သူ့နိုင်ငံက ဥပဒေအတိုင်း လုပ်ပေးရတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာသံရုံးပူးပေါင်းပြီးတော့ လုပ်ပေးရပါတယ်။ ကျွန်တော်တို့ အဲဒီလိုလုပ်ပေးနိုင်တဲ့အတွက် ဟိုဘက်မှာ တရားဝင်ဖြစ်သွားတာတွေရှိပါတယ်။
MOEAF က တခြားဘယ်နိုင်ငံရဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အလုပ်သမားစေလွှတ်မှုတွေလုပ်နေပါသလဲ
-----------------------------------
အခုကျွန်တော်တို့အေဂျင်စီတွေနဲ့ ထိုင်းဘက်ကို အလုပ်သမားတရားဝင်စေလွှတ်နိုင်ဖို့အတွက် ချိတ်ဆက်ထားတဲ့ အေးဂျင့်တွေရှိပါတယ်။ အဲဒီအေးဂျင့်တွေကတဆင့် ဒီဘက်က အေဂျင်စီကို ချိတ်တာတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေ အလုပ်ရှင်က တိုက်ရိုက်ဆက်သွယ်ခေါ်တာတွေလည်း ရှိပါတယ်။ ကိုယ့်ဆီက လူတွေက ကြိုးစားတော့ တချို့ဆို ထိုင်းကစက်ရုံတွေထဲအထိ Marketing လုပ်သွားတာရှိပါတယ်။
မလေးရှားမှာကျတော့ အလားတူပဲ ဟိုဘက်မှာ ချိတ်ဆက်ထားတဲ့ ပါတနာအေဂျင်စီတွေရှိသလို တစ်ခါတလေကျရင် အွန်လိုင်းကနေလာချိတ်နေတာတွေလည်း ရှိပါတယ်။ အလုပ်သမားလိုချင်လို့ဆိုပြီး ချိတ်တာတွေ ရှိသလို၊ သူတို့ရဲ့ ပတ်သက်ရာပတ်သက်ကြောင်းနဲ့ ခေါ်တာတွေလည်းရှိပါတယ်။
အေဂျင်စီကလွှတ်တဲ့ အလုပ်သမား ဟိုမှာအဆင်မပြေဘူးဆိုတာတွေက ထိုင်းမှာဆိုရင် မကြာခဏ ဖြစ်တတ်ပါတယ်။ လုပ်ရတဲ့အလုပ်က အလုပ်ခေါ်စာနဲ့လွဲနေတာမျိုး၊ တချို့ကျတော့ အလုပ်က လွဲနေပေမယ့် အဆင်ပြေတော့ မပြောတာတွေလည်းရှိတယ်။ ဒါပေမဲ့ အဆင်မပြေဘူးဆိုရင်တော့ MOEAF Call Centre ကို ရောက်လာကြပါတယ်။ အဲဒါဆိုရင် ကျွန်တော်တို့က သက်ဆိုင်ရာအေဂျင်စီကို လှမ်းခေါ်ပြီး ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ အေဂျင်စီက သူရဲ့အလုပ်အမှန်ပေးရင်ပေး၊ မပေးနိုင်ဘူးဆိုရင်တော့ သူယူထားတဲ့ ဝန်ဆောင်ခတွေနဲ့ စရိတ်တွေ အလုပ်သမားကို အကုန်ပြန်ထုတ်ပေးပါတယ်။ တကယ်လို့ အဲဒီလိုလည်းမလုပ်ပေးဘူးဆိုရင် ဝန်ကြီးဌာနကိုတင်ပြရပါတယ်။ ဌာနကို တင်ပြလိုက်ရင် အဲဒီအေဂျင်စီကို လိုင်စင်ယာယီပိတ်တာမျိုး၊ အခုနောက်ပိုင်းဆို ယာယီပိတ်တာတွေတင်မဟုတ်ဘူး။ အပြီးပိတ်သိမ်းတာတွေလည်း များလာပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ အောက်ခြေမှာတင် ညှိနှိုင်းဆောင်ရွက်ပေးရတာတွေရှိပါတယ်။
အဖွဲ့ချုပ်က ဘယ်နိုင်ငံတွေကို အလုပ်သမားစေလွှတ်နေပါသလဲ
-----------------------------------
အဖွဲ့ချုပ်က ဘယ်နိုင်ငံကိုမှ အလုပ်သမားမစေလွှတ်ပါဘူး။ လက်ရှိအေဂျင်စီတွေကတော့ နိုင်ငံရှစ်နိုင်ငံကို စေလွှတ်နေပါတယ်။ အဲဒီမှာ ထိုင်းနဲ့ မလေးရှားကတော့ အများဆုံးစေလွှတ်နေတာပါ။ ဥပမာတစ်ခုပြောရင် မကာအိုက ခွင့်ပြုထားတယ်ဆိုပေမယ့် မာကာအိုကို ကျွန်တော်တို့ မလွှတ်နိုင်သေးဘူး။ သူတို့တောင်းတဲ့ အရည်အချင်းပြည့်ဝသူတွေ ကျွန်တော်တို့ဆီမှာ တော်တော်နည်းပါတယ်။ အဓိကကတော့ သူတို့က ဘာသာစကား၊ အရပ်အမောင်း စတာတွေကိုကြည့်တော့ အဆင်မပြေဘူး။ ပြီးတော့ လက်ရှိမှာ ဟောင်ကောင်နဲ့ ထိုင်ဝမ်ကို အလုပ်သမားစေလွှတ်ခွင့်မပေးသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီဘက်မှာ Marketing အရတော့ ချိတ်ဆက်ထားတာရှိပါတယ်။ ဒါပေမဲ့ တရားဝင်ခွင့်မပြုသေးတော့ ကျွန်တော်တို့လည်း စေလွှတ်လို့ မရသေးပါဘူး။ အရှေ့အလယ်ပိုင်းဆိုလည်း တကယ်အဆင့်မြင့်တဲ့ နိုင်ငံတွေကိုပဲ အလုပ်သမားတွေ စေလွှတ်နေတာပါ။ UAE တို့၊ ကာတာတို့ကိုဖြစ်ပါတယ်။ အခုတော့ ဂျော်ဒန်ကိုပါ ခွင့်ပြုလိုက်ပါတယ်။ ထိုင်းနဲ့မလေးရှားကတော့ အဓိက Market ပါ။ မလေးရှားပိတ်သွားတုန်းကတော့ ထိုင်းကို သွားတဲ့အလုပ်သမား ပိုများသွားတယ်။ အခု ထိုင်းမှာဆို MoU နဲ့လွှတ်တာ သုံးသိန်းလောက်ရှိပါတယ်။ မလေးရှားက တရားဝင် စေလွှတ်တာ သုံးသိန်းခန့်ရှိပါတယ်။ စင်ကာပူကတော့ အရင်တုန်းက သွားတဲ့သူများတယ်။ အခုတော့ သွားတဲ့သူ သိပ်မရှိတော့ပါဘူး။ ဂျပန်ဆိုလည်း ပြီးခဲ့တဲ့နှစ်က ငါးထောင်ကျော်ပဲ လွှတ်ထားတာပါ။ ဒါတွေက MoU နဲ့ တရားဝင်စေလွှတ်ထားတဲ့ စာရင်းတွေပါ။
အလုပ်သမားတွေကို ဝန်ဆောင်ခကောက်ခံမှုအပိုင်း
------------------------
အေဂျင်စီတွေအနေနဲ့ ဝန်ဆောင်ခကောက်ခံတဲ့အခါ ဝန်ကြီးဌာနသတ်မှတ်ပေးထားတာရှိပြီးသားဖြစ်ပါတယ်။ ဥပမာ- ထိုင်းဆိုရင် မြန်မာငွေ ၁၅၀,၀၀၀၊ ဘတ်တစ်သောင်းပါ။ မလေးရှားဆိုရင် ဒေါ်လာ ၈၅၀ ကျော်ယူတယ်။ စင်ကာပူကျတော့ ဒေါ်လာ ၂,၃၀၀ ယူတယ်၊ ဂျပန်ဆို ဒေါ်လာ ၂,၈၀၀ ယူတယ်။ ဒီဝန်ဆောင်ခတွေက ဝန်ကြီးဌာနက သတ်မှတ်ပြီးသား။ အဲဒီထက်ပိုယူလို့ မရပါဘူး။ တချို့အေဂျင်စီဆို ဝန်ဆောင်ခ Free နဲ့ လုပ်ပေးတာရှိပါတယ်။ ဒါဟိုဘက်ကခေါ်တဲ့အလုပ်ရှင်ပေါ်မှာ မူတည်တာပါ။ သတ်မှတ်ချက်ထက်တော့ ပိုယူခွင့်မရှိဘူး။
သွားရောက်လုပ်ကိုင်တဲ့ လုပ်ငန်းအမျိုးအစားများ
--------------------------
အလုပ်ကတော့ အမျိုးမျိုးရှိပါတယ်။ ဥပမာ- ထိုင်းဆိုရင် ရေထွက်ပစ္စည်းတွေလုပ်တဲ့စက်ရုံတွေအပါအဝင် စက်ရုံအမြောက်အမြားရှိပါတယ်။ နောက်ပြီး ဆောက်လုပ်ရေးတွေရှိတယ်။ စိုက်ပျိုးရေးကတော့ သိပ်မရှိပါဘူး။ မလေးရှားမှာတော့ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးပါပါတယ်။ အဆင့်မြင့်အလုပ်အမျိုးအစားတွေလည်းပါပါတယ်။ ပညာရှင်ပိုင်းတွေ၊ မန်နေဂျာတွေ၊ အင်ဂျင်နီယာတွေနဲ့ ဆရာဝန်တွေလည်း ပါပါတယ်။ စင်ကာပူလည်း ဒီအတိုင်းပဲ။ ဒါပေမဲ့ အိမ်ဖော်နဲ့ပတ်သက်ရင် အေဂျင်စီတွေ တရားဝင်ပို့ခွင့်မရှိပါဘူး။ အဲဒီတော့ အေဂျင်စီက မလုပ်ရတော့ တရားမဝင်စေလွှတ်တာတွေ၊ တရားမဝင် သွားနေတာတွေ ဖြစ်ကုန်ကြတယ်။ ဂျပန်ကျတာ့ စက်ရုံတွေ၊ရေလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ရှိပါတယ်။
တရားဝင်အေဂျင်စီတွေ စိတ်ချရလား
--------------------------
ထိုင်းဆိုရင် အလုပ်ရှင်ဆီကပဲဖြစ်ဖြစ် အေဂျင်စီကပဲဖြစ်ဖြစ်ရလာတဲ့ အလုပ်ခေါ်စာကို ကျွန်တော်တို့ဒီမှာရှိတဲ့ အေဂျင်စီက လိုက်သွားကြည့်ရပါတယ်။ လိုက်သွားကြည့်ပြီး မှန်တယ်၊ ဟုတ်တယ်ဆိုရင် ပြန်လာတယ်။ ပြီးမှ နောက်အလုပ်သမားသံအရာရှိကိုခေါ်ပြီး ပြရပါတယ်။ အလုပ်သမားသံအရာရှိစစ်ပြီး မှန်တယ်ဆိုမှ အဲဒီအလုပ်ခေါ်စာကို ဝန်ကြီးဌာနကို တင်ရပါတယ်။ အဲဒါပြီးမှ ဟိုဘက်သူဌေးက အင်တာဗျုးလာတယ်၊ အဲဒါပြီးတော့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေရှေ့မှာ စာချုပ်ချုပ်ရပါတယ်။
မလေးရှားကျတော့ စာချုပ်ချုပ်တာတွေ ဘာတွေမရှိဘူးဆိုပေမယ့် ဟိုဘက်မှာ တကယ်မှန်မမှန် အလုပ်သမားသံအရာရှိက သွားကြည့်ပါတယ်။ သူက မှန်တယ်ဆိုတော့မှ Calling Visa ကို ချပေးတယ်။
ထိုင်းနဲ့မလေးရှား နှစ်နိုင်ငံမှာတော့ မြန်မာရဲ့ Labor Attache ရှိပြီးသားပါ။ ဒါပေမဲ့ ဂျပန်မှာတော့ မရှိဘူး။ အလုပ်ခေါ်စာကို ဂျပန်မှာရှိတဲ့ မြန်မာသံရုံးကို ပို့ပေးရပါတယ်။ သံရုံးက JMA ကို မှန်၊မမှန်စစ်ဆေးခိုင်းပါတယ်။ JMA က စစ်ဆေးပြီးတော့ သံရုံးကို ပြန်ပို့ပေးတယ်။ သံရုံးကနေမှ ဝန်ကြီးဌာနကို ပြန်ရောက်တယ်။ ဝန်ကြီးဌာနက စစ်ပြီးတော့မှ ပြန်လာတဲ့ဟာကို ဒုသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ပညာကျန်းမာကော်မတီရဲ့ နှစ်ပတ်တစ်ကြိမ်အစည်းအဝေးမှာ တင်ပြရပါတယ်။ အဲဒါခွင့်ပြုမှ Smart Card လုပ်ခွင့်ရတာပါ။ တကယ်တမ်း တရားဝင်ထွက်နေတဲ့ အလုပ်ခေါ်တာတွေ အဲဒီလိုအဆင့်ဆင့်တင်ပြပြီးမှ လုပ်ရတယ်။ အလုပ်သမားတစ်ယောက်ထွက်ပြီဆိုလည်း Smart Card (မြန်မာပြည်က အလုပ်သမားတစ်ယောက် ထွက်ရင် အဲဒီအလုပ်သမား လက်ထဲမှာပါသွားရမယ့် အလုပ်သမား Card) ရှိရပါတယ်။ အဲဒီ Smart Card ထဲမှာ လိပ်စာတွေ အကုန်လုံးရေးထားတယ်။ လေဆိပ်အလုပ်သမားကောင်တာမှာ အဲဒီ Card ပြပြီးမှ ထွက်ရတယ်။ အဲဒီ Smart Card ရဖို့ဆို ခုနကပြောသလို အဆင့်ဆင့်စိစစ်ထားတာတွေရှိပါတယ်။ အလုပ်သမားအရည်အသွေးပြည့်ဝဖို့အတွက်လည်း အေဂျင်စီအနေနဲ့ ကိုယ်ပိုင်သင်တန်းကျောင်းတွေ တည်ထောင်ထားတယ်။
အခက်အခဲ
-------------
ပြည်ပသို့ အိမ်အကူလုပ်သားတွေ တရားမဝင်သွားရောက် အလုပ်လုပ်နေတာကြောင့် အခက်အခဲတွေ ဖြစ်ပါတယ်။ ဥပမာပြောရရင် စင်ကာပူလိုဟာမျိုးကျတော့ တရားဝင်ပို့ဆောင်ခွင့်မရှိပေမယ့် စင်ကာပူဘက်က တရားဝင်လက်ခံတဲ့အတွက် လိုင်စင်မရှိတရားမဝင်ပွဲစားတွေအနေနဲ့ ပို့ဆောင်ရတာလွယ်တယ်။ နောက်ပြီးတော့ ကြော်ငြာတဲ့အပိုင်း ကျွန်တော်တို့အနေနဲ့ ကြော်ငြာပြီဆိုရင်လည်း ဝန်ကြီးဌာန တရားဝင်ခွင့်ပြုချက်ရမှ ကြော်ငြာလို့ရတာပါ။ ဒီလိုခွင့်ပြုချက်ရဖို့အတွက် အဆင့်ဆင့်စိစစ်နေရတော့ ကျွန်တော်တို့မှာ အချိန်ကမရတော့ဘူး။ အဲဒီတော့ ကြော်ငြာဖို့ခက်ပါတယ်။ အပြင်ပွဲစားလိုင်စင်မရှိတဲ့ သူတွေကျတော့ လွတ်လွတ်လပ်လပ် Free ကြော်ငြာတယ်။ ဒါကိုလည်း တိတိကျကျလိုက်ဖမ်းတဲ့သူလည်း မရှိဘူး။ အရင်က လူကူန်ကူးရဲတပ်ဖွဲ့ကို လိုက်ဖမ်းပေးဖူးပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းချင်းပျောက်သွားတာပဲ။ အခုနောက်ပိုင်းကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဝန်ကြီးဌာနကပြောတယ်။ ဒီလိုတင်ပြလာရင် ပြည်ထဲရေးကို အကြောင်းကြားပေးမယ်ဆိုပြီး လုပ်ပါတယ်။
နောက်ပြီး ဥပဒေတွေက တော်တော်ခက်ပါတယ်။ မြန်မာပြည်က မထွက်သေးဘူးဆိုရင် လူကုန်ကူးမှု မမြောက်ဘူးလို့ပြောပါတယ်။ ဒါမျိုးလေးတွေကြောင့် နည်းနည်းတော့ ခက်ပါတယ်။ အဲဒါကြောင့် ဒါကိုအလုပ်သမားဝန်ကြီးဌာနအနေနဲ့ ဖိဖိစီးစီးနဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်။ ဒီအခက်အခဲတွေကို ဝန်ကြီးဌာနကို တင်ပြတော့ သူတို့လည်း လုပ်နိုင်သလောက်တော့လုပ်ပေးပါတယ်။ ဒါပေမဲ့ သူတို့မှာ ကိစ္စတွေက အများကြီးဆိုတော့ ကိုယ့်ကိစ္စတစ်ခုတည်းကို ဂရုမစိုက်နိုင်ဘူးဖြစ်နေပါတယ်။ အဲဒီလိုမျိုးဖြစ်နေတော့ တကယ်တမ်း မှန်မှန်ကန်ကန်လုပ်တဲ့သူတွေက ဒုက္ခရောက်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့လည်း ဖြေလျော့စရာရှိတဲ့ဟာတွေ ဖြေလျော့ပေးရင်တော့ လုပ်ငန်းပိုပြီးတွင်ကျယ်မှာပါ။ ဥပမာ- မလေးရှားဆိုရင် နိုင်ငံရေးအခြေအနေအရ ယာယီရပ်ဆိုင်းလိုက်တယ်။ ဒါပေမဲ့ အခြေအနေ ကောင်းတယ်ဆိုရင် မြန်မြန်ပြန်ဖွင့်ပေးလိုက်ရင် Market မပျက်တော့ပါဘူး။ အခုကျတော့ တစ်နှစ်ကျော်လောက်ကြာသွားတော့ Market ပျက်သွားတယ်ဆိုတော့ ပြန်ချိတ်ယူနေရပါတယ်။ ဟိုဘက်အေးဂျင့်တွေကလည်း ကိုယ်တွေနဲ့ အလုပ်လုပ်နေတယ်ဆိုပေမယ့် ယာယီရပ်ဆိုင်းချိန် ကြာသွားတဲ့အခါကျတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြောင်းချိတ်လိုက်ကြပါတယ်။ အဲဒါကြောင့် ဝန်ကြီးဌာနက ဒီကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မူတွေက အများကြီးလိုနေပါတယ်။ အရေးယူတဲ့အပိုင်းတွေ ထိန်းကြောင်းပေးတဲ့အပိုင်းတွေမှာ အဓိကလိုအပ်နေတာပါ။
အနာဂတ်အစီစဉ်
-------------------
အနာဂတ်မှာတော့ အလုပ်သမားဈေးကွက်ကို များများရဖို့နဲ့ ဝန်ကြီးဌာနအနေနဲ့ ဖြေလျော့ပေးဖို့ရှိတယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေကို မြန်မာအလုပ်သမားတွေ စေလွှတ်တဲ့အခါကျတော့ မမျှော်မှန်းနိုင်တဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကရှိနေတဲ့အခါကျတော့ ကျွန်တော်တို့အနေနဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြားမှာ အတတ်နိုင်ဆုံး ညှိနှိုင်းဖြေရှင်းပေးနေရပါတယ်။ နောက်ပြီး စေလွှတ်ခွင့်ရထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာအလုပ်သမားရဲ့ အရေအတွက် မလျော့သွားစေချင်ဘူး။ ဥပမာ- မလေးရှားဆိုရင် အရင်တုန်းက အများကြီးလွှတ်နေတာ အဲဒါကို ပိတ်လိုက်ပြီး အခုပြန်ခွင့်ပြုတဲ့အခါကျတော့ မြန်မာကို တအားကြိုက်နေလို့သာ ပြန်လက်ခံတယ်ဆိုပေမယ့် အရင်လောက်တော့ မဟုတ်တော့ဘူး။ ပိတ်ထားတဲ့အချိန်မှာ သူတို့က ဘင်္ဂလားဒေ့ရှ်ကို အစားထိုးလိုက်တော့ ကိုယ်တွေက Market မှာ ဆုံးရှုံးရတယ်။ အဲဒါတွေ မဖြစ်အောင်လို့တော့ အသင်းဝင်တွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေကိုသွားပြီး သံအမတ်ကြီးတွေနဲ့ တွေ့ပြီး အဲဒီနိုင်ငံရဲ့ ဘာသာစကားတက်တဲ့သူတစ်ယောက်ကို Base ထိုင်ပြီး Team တစ်ခုထားဖို့ လုပ်နေပါတယ်။ Call Centre ဖွင့်ဖို့လည်း ဆက်လက်ဆောင်ရွက်သွားမှာပါ။
နောက်တစ်ခုက ဘဏ်စနစ်ပါ။ အမှန်ကတော့ အလုပ်သမားတွေကို Finance လုပ်ပေးနိုင်တယ်ဆိုရင် အလုပ်သမားတွေလည်း အဆင်ပြေပါတယ်။ World Bank ကလာတုန်းက သူတို့ကို ကူညီနိုင်မလားလို့ ပြောလိုက်တယ်။ သူတို့က Microfinance အနေနဲ့ပေးမယ်ဆို ဘယ်လောက်မှမရှိဘူး။ အလုပ်သမားကလည်း ပြန်ဆပ်မယ့်ပိုက်ဆံ၊ အလုပ်သမားတွေအနေနဲ့ နိုင်ငံတော်ကချေးရမယ်ဆိုရင် တော်ရုံတန်ရုံ မလုပ်ကြတော့ဘူး။ အရစ်ကျနဲ့ လုပ်ပေးလိုက်ရင်လည်း ဟိုဘက်ရောက်သွားပြီဆိုရင် ဥပမာ ထိုင်းပဲဖြစ်ဖြစ်၊ မလေးရှားပဲဖြစ်ဖြစ် သူတို့ကဟိုမှာ အချိတ်အဆက်တွေကရှိတော့ ပထမအလုပ်မှာ ခဏပဲလုပ်ပြီးတော့ တခြားနေရာ ပြောင်းသွားတာတွေရှိတယ်။ အဲဒီလိုအခါမျိုးကျတော့ အလုပ်ရှင်နဲ့ အေဂျင်စီတွေပဲ ပြဿနာတက်ကုန်တာပါ။ ဂျပန်ဆို ပိုဆိုးပါတယ်၊ အရမ်းထွက်ပြေးနေတာပါ။ ဒီကရတဲ့ လစာကလည်း တရားဝင်ပြောထားတဲ့ နှုန်းထားအတိုင်းပဲ။ သွားတုန်းကတော့ ဒါနဲ့ကျေနပ်ပါတယ်ဆိုပြီး သွားတာ၊ ဟိုရောက်တော့ ပြောင်းလုပ်ကုန်တာများပါတယ်။ အဲဒါကြောင့် World Bank ကနေ ငွေချေးမယ်ဆိုရင်၊ ဒါမှမဟုတ် Bank တွေက ငွေချေးမယ်ဆိုရင် အဆင်ပြေပါတယ်။ အဲဒီလိုမျိုးနဲ့ သူတို့ကို ထိန်းသွားရမှာပါ။ အဲဒါကိုတော့ လက်ရှိ Bank တစ်ခုကို ချိတ်ဆက်ထားတယ်။
အဲဒီတော့ အလုပ်သမားတွေအနေနဲ့ ဝန်ဆောင်ခကို ပေးမသွားရဘဲနဲ့ လခထဲကဖြတ်သွားတာဆိုရင် ပိုအဆင်ပြေပါတယ်။ ဒီမှာက တချို့အလုပ်သမားတွေဆို ငွေချေးပြီးသွားကြတာတွေရှိတယ်။ ချေးတာလည်း အတိုးတွေက မတန်တဆနဲ့ချေးရတာပါ။ သူတို့အတွက် Bank ကချေးရင်တော့ အတိုးနှုန်းက သက်သာပါတယ်။ ပြီးတော့ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေ သူတို့မိသားစုထံကို Bank ကနေတစ်ဆင့် တရားဝင်ငွေလွှဲနိုင်ရင် နိုင်ငံတော်အတွက် တရားဝင်ငွေစီးဆင်းပါမယ်။ လက်ရှိလို ဟွန်ဒီနဲ့ဆိုတော့ နိုင်ငံတော်အတွက်လည်း နစ်နာပါတယ်။ ဝန်ကြီးဌာနကလည်း ဒါကိုလုပ်ဖို့ လမ်းညွှန်ထားတဲ့အတွက် အကောင်အထည်ဖော်နေပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ နိုင်ငံတကာနဲ့ ဈေးကွက်ယှဉ်ပြိုင်ပြီး ရွှေ့ပြောင်းလုပ်သားတွေ စေလွှတ်လုပ်ကိုင်နိုင်ခြင်းက နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှာ နိုင်ငံခြားဝင်ငွေတိုးပွားလာသလို အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကို ကူညီဖြေရှင်းရာရောက်ပါတယ်။
အယ်ဒီတာအဖွဲ့