CEO မဂ္ဂဇင်းဟာ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ ညီနောင်အသင်းတွေအကြောင်း ဖော်ပြပေးနေရာမှာ ဒီတစ်လမှာတော့ မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်း (Myanmar Rattan and Bamboo Enterpreneurs Association) နဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး အသင်းရဲ့ဥက္ကဋ္ဌ ဦးကျော်သူက အသင်းကြီးဖွဲ့စည်းဖြစ်ပုံ၊ အသင်းအနေနဲ့ လုပ်ဆောင်ချက်တွေနဲ့ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေအကြောင်း အခုလိုပြောပြထားပါတယ်။
အသင်းဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အကျဉ်းချုပ် ပြောပြပေးပါ . . .
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအချိန်ကတော့ မြန်မာ့သစ်လုပ်ငန်းရှင်များအသင်းမှာ ကျွန်တော်တို့က အသင်းအဖွဲ့ငယ်တစ်ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။ အသင်းကြီးတစ်ခုရဲ့ အဖွဲ့ငယ်တစ်ခုအနေနဲ့ ပါဝင်ခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက အသင်းတွေ ထူထောင်ရတာလည်း အခက်အခဲတွေ ရှိကြသေးတယ်။ နောက်ပြီး အသင်းသားစုစည်းမှုကလည်း အားရကျေနပ်ရလောက်အောင်မရှိသေးဘူး။ ဒါကြောင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းအောက်မှာ ကျွန်တော်တို့က အဖွဲ့ငယ်တစ်ခု၊ လုပ်ငန်းကော်မတီတစ်ခုအနေနဲ့ ကြိမ်နဲ့ဝါးလုပ်ငန်းရှင်များအသင်းဆိုပြီး ပါဝင်လုပ်ဆောင်ခဲ့တယ်။
အဲဒီမှာ သစ်လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းစဉ်နဲ့ ကျွန်တော်တို့ ကြိမ်ဝါးလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းစဉ်တွေက ကွာခြားမှုလေးတွေ ရှိပါတယ်။ သစ်တောထွက်ပစ္စည်းတွေဆိုပေမယ့် သူတို့ရဲ့သဘာဝတွေ၊ ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှု၊ နိုင်ငံခြားတင်ပို့မှု၊ ဈေးကွက်တွေမှာ ကွာခြားမှုတွေရှိပါတယ်။ ဒါကြောင့် ၂၀၁၂-၂၀၁၃ ခုနှစ် ရောက်လာတဲ့အခါ ကျွန်တော်တို့ကလည်း သီးခြားအသင်းတစ်ခုရှိဖို့ လိုအပ်လာပြီလို့ ယူဆလာတယ်။ ဒီလိုယူဆပြီးနောက်မှာ အသင်းဝင်ဖြစ်လာမယ့် လုပ်ငန်းရှင်တွေ၊ လုပ်ငန်းရှင်မဟုတ်ပေမယ့် ကြိမ်ဝါးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေတဲ့သူတွေအားလုံးနဲ့ ဆွေးနွေးကြည့်တဲ့အခါမှာ အားလုံးကလည်း ကိုယ်ပိုင်အသင်းထူထောင်ချင်ကြတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်မှာ ကြိမ်နဲ့ဝါးလုပ်ငန်းရှင်များ အသင်းအနေနဲ့ပဲ လျှောက်တင်ခဲ့တယ်။ ၂၀၁၅ ခုနှစ်ရောက်လာတဲ့အခါ အသင်းတည်ထောင်ပြီး တစ်နှစ်အတွင်းမှာပဲ အသင်းသားဦးရေ တစ်ရာကျော်ဖြစ်လာခဲ့တယ်။ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းစတဲ့ တိုင်းနဲ့ပြည်နယ်တွေက အသင်းသားတွေ ပါဝင်လာခဲ့တယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာပဲ တစ်နိုင်ငံလုံးအဆင့်အနေနဲ့ မြန်မာနိုင်ငံ ကြိမ်နဲ့ဝါးလုပ်ငန်းရှင်များအသင်းကို ပြန်လျှောက်ခဲ့တယ်။ အဲဒီအချိန်က ညွန်ကြားရေးမှူးဖြစ်တဲ့ ဦးအောင်နိုင်ဦးက ကျွန်တော်တို့ရဲ့ ကြိမ်နဲ့ဝါးလုပ်ငန်းရှင်များအသင်းကို မြန်မာနိုင်ငံအဆင့်အနေနဲ့ ခွင့်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းဆိုပြီး သတ်မှတ်ပေးခဲ့တယ်။ အခုဆိုရင် အသင်းသားပေါင်း နှစ်ရာကျော် ရှိသွားပါပြီ။ အသင်းထဲမှာ ကြိမ်နဲ့ဝါးလုပ်ငန်းရှင်တွေ၊ နိုင်ငံခြားကို တင်ပို့တဲ့ကုမ္ပဏီတွေ၊ နယ်တွေမှာ ကြိမ်နဲ့ဝါးကို လက်တွေ့လုပ်နေတဲ့ လုပ်ငန်းရှင်တွေပါတယ်။ နယ်တွေက လုပ်ငန်းရှင်တွေကတော့ တင်ပို့တဲ့သူတွေ မဟုတ်ပေမယ့် သူတို့က ထုတ်လုပ်သူတွေပါ။ ပြီးတော့ နယ်တွေက ကုန်ကြမ်းထုတ်လုပ်သူတွေပါတယ်။ ကချင်ပြည်နယ်ဘက်မှာဆိုရင် ဒေသပိုင်အစုအဖွဲ့အနေနဲ့ သစ်တောစိုက်တဲ့သူတွေလည်း ပါတယ်။ အခုဆိုရင် အသင်းသားပေါင်း ၂၂၀ ကျော်ရှိနေပါပြီ။
လက်ရှိလုပ်ဆောင်နေတာတွေက . . .
ကြိမ်နဲ့ဝါးလုပ်ငန်းထဲမှာ ကြိမ်ကတော့ အဓိကနိုင်ငံခြား ပို့ကုန်အနေနဲ့ ပိုသုံးတယ်။ ဝါးကတော့ နိုင်ငံခြားပို့ကုန်အနေနဲ့ တင်ပို့နေပေမယ့် ပြည်တွင်းမှာသုံးတာ ပိုများပါတယ်။ အခုနောက်ပိုင်းမှာတော့ ကြိမ်ကို ပြည်တွင်းက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာလည်း သုံးလာတဲ့အတွက် ပြည်တွင်းရော ပြည်ပရော မျှလာပါတယ်။ ကျွန်တော်တို့အသင်းကတော့ ကြိမ်နဲ့ဝါးလုပ်ငန်းမှာ လုပ်ကိုင်ဆောင်ရွက်မှုတွေ လွယ်ကူချောမွေ့အောင်၊ ဥပဒေဘောင်အတွင်းမှာပဲ ရှိနေအောင် အတတ်နိုင်ဆုံးဝိုင်းပြီး ကူညီပံ့ပိုးပေးတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကလည်း ဒီလုပ်ငန်းတွေမှာ ကူညီပံ့ပိုးနိုင်အောင်၊ လုပ်ငန်းရှင်တွေကလည်း မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်ပြီး ဝန်ကြီးဌာနကလည်း အမြင်မတိမ်းစောင်းအောင် လုပ်ကိုင်နိုင်ဖို့ ကျွန်တော်တို့အသင်းက ကြားထဲက ပေါင်းကူးဆက်သွယ်ပေးတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း လုပ်ငန်းရှင်ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဝန်ကြီးဌာနကို သွားပြောရင် ကိုယ့်ကိုယ်ကျိုး၊ ကိုယ့်စီးပွားအတွက် လာပြောတဲ့သဘောဖြစ်သွားတယ်။ သို့သော် အသင်းအနေနဲ့ ပြောတဲ့အခါမှာ လုပ်ငန်းရှင်အားလုံးပေါ်မှာ ကိုယ်စားပြုတဲ့သဘောဖြစ်သွားတယ်။ အဲဒီအခါ ဝန်ကြီးဌာနအနေနဲ့လည်း လက်ခံနိုင်တဲ့အရာတွေကို ညှိနှိုင်းလို့ ရတယ်။
နောက်ပြီး ကျွန်တော်တို့အသင်းက ကြိမ်၊ ဝါး စိုက်ခင်းတွေကို စပြီးစိုက်ပျိုးထူထောင်နေပါတယ်။ ရန်ကုန်တိုင်းက မှော်ဘီ၊ တိုက်ကြီးခရိုင်တွေမှာ စံပြဝါးစိုက်ခင်း၊ စီးပွားဖြစ်ဝါးစိုက်ခင်းတွေကို စပြီးထူထောင်နေပါတယ်။ စတင်စိုက်ပျိုးနေတာကတော့ နှစ်နှစ်ရှိပါပြီ။ ကချင်ပြည်နယ်က နိုင်ငံကျော်တဲ့ အရည်အသွေးကောင်းတဲ့ ကြိမ်ကုန်ကြမ်းထွက်တဲ့ ဒေသဖြစ်တယ်။ ၂၀၀၈၊ ၂၀၀၉ ခုနှစ်တွေမှာ ကချင်ပြည်နယ်က တရုတ်ပြည်နဲ့ နီးတဲ့အတွက် ဒီကြိမ်တွေကို ဥပဒေဘောင် အပြင်ဘက်ကနေ တင်ပို့ရောင်းချခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။ ဒီလို ဥပဒေဘောင်အပြင်ကနေ ကုန်ကြမ်းအနေနဲ့ ရောင်းစားတာနဲ့စာရင် အဲဒီဒေသက လုပ်ငန်းအသေးလေးတွေ၊ ကိုယ်ပိုင်လုပ်ငန်းလေးတွေ၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းရှင်လေးတွေ တိုးတက်လာအောင် အဲဒီဒေသခံအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လက်မှုပညာသင်တန်းတွေ သွားပေးတယ်။ အဲဒီကနေ ထွက်လာတဲ့ ကုန်ကြမ်းတစ်ပိုင်း၊ ကုန်ချောတစ်ပိုင်းတွေကို ရန်ကုန်မှာရှိတဲ့ အသင်းသားကုမ္ပဏီတွေက နိုင်ငံခြားဈေးကွက်ကို တင်ပို့ရောင်းချပေးတယ်။ ကျွန်တော်တို့က လေ့ကျင့်သင်ကြားပေးတာနဲ့ ဈေးကွက်ရှာဖွေပေးတာမျိုးလည်း လုပ်ပေးပါတယ်။ ဒီနှစ်ထဲမှာလည်း ကချင်ပြည်နယ်က ဝိုင်းမော်မြို့နယ်နဲ့မြစ်ကြီးနားမြို့တွေမှာ သွားရောက်သင်ကြားပေးနေပါတယ်။ အဓိက ဝိုင်းမော်မြို့နယ်က ကျေးရွာခြောက်ရွာလောက်က အရင်တုန်းကဆိုရင် ဒေသပိုင်အစုအဖွဲ့သစ်တောအနေနဲ့ ယမနေ၊ မယ်ဇလီပင်တို့တော့ စိုက်တယ်။ အဲဒီမှာ အလိုလိုပေါက်နေတဲ့ ဒေသခံကြိမ်တွေရှိတယ်။ အဲဒီကြိမ်တွေကို ကျွန်တော်တို့ဝယ်ပေးမယ်၊ ဈေးကွက်လည်း ရှာပေးမယ်၊ ကြိမ်တွေကိုလည်း စိုက်ပေးပါဆိုပြီး ကြိမ်တွေ စိုက်ပျိုးလာအောင် အားပေးပံ့ပိုးပေးတယ်။ စိုက်ပျိုးနိုင်အောင် ပံ့ပိုးပေးပြီး ထွက်လာတဲ့ ကြိမ်တွေကိုလည်း ကျွန်တော်တို့ ဝယ်ယူဖို့ ညှိနှိုင်းတယ်။ ဒေသခံတွေအနေနဲ့ ဒီစိုက်ခင်းထဲက ဝင်ငွေရလာအောင် ကူညီပေးတယ်။ အခုနောက်ပိုင်းမှာ ဒေသခံအစုအဖွဲ့ စိုက်ခင်းတွေက အလှူရှင်တွေကိုပဲစောင့်ပြီး အလှူငွေရမှပဲ ဒါတွေကို ဆက်ပြီးလည်ပတ်မယ့်အစား ဒီဒေသထဲမှာ သစ်စက်တွေထောင်မယ်၊ ကြိမ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေ လုပ်မယ်။ အဲဒီစီးပွားရေးလုပ်ငန်းတွေထဲက ဝင်ငွေနဲ့ ဒီစိုက်ခင်းတွေကို ပြန်ပြီးလည်ပတ်နိုင်တဲ့အထိ အကျိုးအမြတ်တွေရှိလာအောင် ကူညီပံ့ပိုးနေတယ်။ အခုဆိုရင် သဘာဝသစ်တောနဲ့ လူ့အဖွဲ့အစည်းအတွက် ကူညီပံ့ပိုးပေးနေတဲ့ Recorp ဆိုတဲ့ NGO တစ်ခုက ဒေသခံအစုအဖွဲ့တွေကို သင်တန်းပေးဖို့နဲ့ စီးပွားဖြစ်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ စိုက်ခင်းတွေ စိုက်ပျိုးဖို့အတွက် သွားရောက်ကူညီပံ့ပိုးဖို့ ကျွန်တော်တို့အသင်းနဲ့ လာပူးပေါင်းတယ်။ ကျွန်တော်တို့အသင်းက ဈေးကွက်ဝင်တဲ့ပစ္စည်းတွေ ထုတ်လုပ်ပေးဖို့၊ လက်မှုပညာတွေ သင်ကြားပို့ချပေးဖို့နဲ့ ကြိမ်၊ ဝါးစိုက်ပျိုးရေးနည်းပညာတွေ ပေးဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့လုပ်နေပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပြည်ဘက်တွေမှာလည်း ဝါးစိုက်ခင်းတွေ စိုက်ပျိုးဖို့ ဒေသခံအစုအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ရှိတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ မြန်မာပြည်အနှံ့မှာ စိုက်ခင်းတွေလိုက်စိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စိုက်နိုင်မယ့် ဒေသခံပြည်သူတွေက စိုက်လည်းစိုက်၊ စိုက်ထားတာတွေကိုလည်း စနစ်တကျသုံးစွဲနိုင်ဖို့၊ သုံးစွဲတဲ့နေရာမှာလည်း လက်ရှိဈေးကွက်နဲ့ ချိတ်ဆက်ပြီးတော့ ပေါက်ဈေးအတိုင်းရရှိရေးနဲ့ ဈေးကွက်ရနိုင်ဖို့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်တာပါ။ ထားဝယ်၊ တနင်္သာရီနဲ့ ကချင်ပြည်နယ်ဘက်မှာ ကျွန်တော်တို့ စလုပ်နေပါပြီ။ နိုင်ငံခြားတင်ပို့ရေးပိုင်းကို လုပ်နေတဲ့အသင်းသားတွေ Procedure မှာ လွယ်ကူချောမွေ့အောင်၊ တခြား ကျွန်တော်တို့နဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်နိုင်ငံတွေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ကျွန်တော်တို့က တအားကြီးယှဉ်ပြီး မလုပ်နိုင်သေးရင်တောင် တအားကြီးနောက်ကို မကျန်ခဲ့ဖို့၊ အတတ်နိုင်ဆုံး ခေတ်မီတဲ့အတတ်ပညာတွေ၊ နည်းပညာတွေရဖို့၊ ဈေးကွက်ထိုးဖောက်နိုင်ဖို့၊ ကျွမ်းကျင်လုပ်သားတွေရဖို့က ကျွန်တော်တို့ရဲ့ ပထမတာဝန်ပါ။
ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပုံ . . .
ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေဆိုရင်တော့ လောလောဆယ်မှာ Recoftc နဲ့ လုပ်နေတယ်။ UK ကလာတဲ့ BIF (Business Innovative Facility) အဖွဲ့အစည်းနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်။ အင်္ဂလန်သံရုံးက ဖွဲ့စည်းပေးထားပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ကူညီပေးနေတဲ့ Dfid အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်ထားတာတွေရှိတယ်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလကလည်း World Bamboo Day (ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့) ကို ရန်ကုန်မှာ ကျင်းပခဲ့တယ်။ ဒီပွဲကို အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေနဲ့ BIF အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့အသင်းက ဦးဆောင်လုပ်ခဲ့တယ်။ ပြီးတော့ နိုင်ငံတကာဝါးပညာရှင်တွေခေါ်ပြီး Workshop တွေလုပ်တယ်၊ သင်တန်းပေးတယ်၊ Bamboo Plantation Management Training တွေ လုပ်ပေးတယ်။ ကျွန်တော်တို့စိုက်ခင်းရှိတဲ့ တိုက်ကြီးမှာလည်း သင်တန်းသွားပေးတယ်။ ဒီနှစ်မှာလည်း အင်ဒိုနီးရှားက ဝါးပညာရှင်ကို မြန်မာနိုင်ငံကိုဖိတ်ခေါ်ပြီး Bamboo Day ကျင်းပခဲ့တယ်။ သူနဲ့ဆက်နွှယ်ပြီး မြန်မာနိုင်ငံမှာ ဝါးလုပ်ငန်းကို စက်မှုလက်မှုအဆင့်ရောက်အောင် လုပ်ဆောင်သွားမယ်။ အခုကျွန်တော်တို့နိုင်ငံက ဝါးလုပ်ငန်းတွေက စက်မှုလက်မှုအဆင့်ကို မရောက်သေးဘဲ မိရိုးဖလာဝါးခြံထဲက ဝါးတွေကိုခုတ်ပြီး ဈေးကွက်ထဲသွင်းတာလောက်ပဲ ရှိပါသေးတယ်။ စက်မှုလက်မှုအဆင့် ရောက်လာတဲ့အခါ ဝါးနဲ့ပတ်သက်ပြီး ဝါးပါကေး၊ ဝါးပရိဘောဂတွေ၊ ဝါးနဲပတ်သက်တဲ့ ထုတ်ကုန်တွေ ထွက်လာအောင်အတွက် အင်ဒိုနီးရှားနိုင်ငံမှာ စိုက်ခင်းတွေ ဘယ်လိုစိုက်ပျိုးနေတယ်၊ စက်မှုလက်မှုလုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတဲ့ Working Plan တွေ ဆွဲတဲ့ အစီအစဉ်တွေလုပ်ခဲ့တယ်။ အဲဒီပွဲမှာ ဖိလစ်ပိုင်၊ အိန္ဒိယနိုင်ငံက ဝါးကျွမ်းကျင်ပညာရှင်တွေနဲ့ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ Bamboo Village ဆိုတဲ့ တစ်ရွာလုံးကို ဝါးနဲ့ပဲထူထောင်ခဲ့တဲ့ ဝါးပညာရှင်ပရော်ဖက်ဆာကိုလည်း ဖိတ်ခေါ်ခဲ့ပြီး ပညာပေးဟောပြောတာတွေ လုပ်ခဲ့တယ်။ သူ့ဆီက ပညာတွေဖလှယ်တယ်၊ သူတို့ဆီက အကြံဉာဏ်တွေယူတယ်။
မြန်မာနိုင်ငံမှာ ကြိမ်၊ ဝါးနဲ့ပတ်သက်ပြီး ဘယ်လိုကုန်ချောတွေကို ထုတ်လုပ်နေပြီလဲ . . .
ကြိမ်ကတော့ ကမ္ဘာ့ဈေးကွက်ကို ပိုရောက်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတည်းက ကြိမ်တွေကို ကုန်ကြမ်းထုတ်လုပ်ပြီးတော့ Treatment လုပ်ပြီး နိုင်ငံခြားကိုတင်ပို့ခဲ့ကြတယ်။ ဒီလုပ်ငန်းတွေကို မြန်မာ့သစ်လုပ်ငန်းကလည်း လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ဒီလုပ်ငန်းကို လုပ်တဲ့သူနည်းသွားတယ်။ အင်ဒိုနီးရှားက ကြိမ်အရည်အသွေးလည်း ပိုကောင်းတယ်၊ ကြိမ်အမျိုးအစားလည်းပိုစုံတယ်။ မြန်မာပြည်မှာတော့ ကြိမ်အမျိုးအစား သုံးဆယ်လောက်ပဲရှိတယ်။ အဲဒီအထဲမှာမှ တကယ့်စီးပွားဖြစ် ကြိမ်အမျိုးအစားက ခြောက်မျိုး၊ ခုနစ်မျိုးလောက်ပဲ ရှိပါတယ်။ လက်ရှိကုန်ချောအနေနဲ့ ထုတ်လုပ်နေတာက ပရိဘောဂပစ္စည်းတွေနဲ့ လက်မှုထည် အသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်နေပါတယ်။ ဒါကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကတည်းက မြန်မာကုမ္ပဏီတွေအနေနဲ့ အမေရိကန်၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ပစိဖိတ်ဒေသနိုင်ငံတွေကို တင်ပို့ရောင်းချနေပါတယ်။ ဝါးက ကြိမ်လောက်တော့ ကုန်ချောပစ္စည်းတွေ အများကြီးမထွက်သေးပါဘူး။ Bamboo Stick အနေနဲ့ ဥရောပနိုင်ငံတွေမှာ ပန်းစိုက်တဲ့အခါသုံးတဲ့ ထောက်တံအဖြစ်သုံးတဲ့ ဝါးချောင်းတွေ၊ အမွှေးတိုင်လုပ်တဲ့ဝါး၊ ဘာဘီကြူလုပ်တဲ့ဝါး၊ တူလုပ်တဲ့ဝါးတွေကို နိုင်ငံခြားကို တင်ပို့တယ်။ အဓိက စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ နယ်သာလန်၊ ဒိန်းမတ်တွေမှာ Plantation အတွက် ပို့တယ်။ အများဆုံးပို့နေတာကတော့ Border Trade မှာ ဘူးသီးတောင်၊ မောင်းတောဒေသကနေ ဘင်္ဂလားဒေ့ရှ်ကို ပို့တာတွေရှိတယ်။ ပါကစ္စတန်မှာ နှစ်စဉ်နှစ်တိုင်းလုပ်တဲ့ စွန်ပွဲတော်မှာ စွန်ကိုင်းမှာသုံးတဲ့ဝါးကိုပို့တယ်။ ပြဿနာတစ်ခုရှိတာက ဝါးကို အလွန်အကျွံခုတ်တာ၊ ဝါးအနုတွေကိုခုတ်ပစ်တာတွေကြောင့် ပြုန်းတီးမှုတွေ ဖြစ်နိုင်တယ်။ ဝါးခုတ်တဲ့အခါ နှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက ပုဂ္ဂလိက ဝါးခြံပိုင်ရှင်တွေက ခုတ်တာနဲ့ ဒုတိယတစ်မျိုးက သဘာ၀ဝါးတောတွေကို ခုတ်တာဆိုပြီး နှစ်မျိုးရှိတယ်။ ဝါးခြံပိုင်ရှင်တွေကတော့ သူတို့ရဲ့ဝါးတွေကို စိစစ်ပြီးခုတ်တယ်။ ဝါးနုတွေကိုမခုတ်ဘူး၊ အကန့်အသတ်နဲ့ ခုတ်တဲ့အတွက် ထိုက်သင့်သလောက် ထိန်းသိမ်းမိတယ်။ သဘာ၀ဝါးတောတွေကတော့ ပိုင်ရှင်မရှိတဲ့အတွက် ခုတ်တဲ့သူတွေကလည်း ငွေကြေးရရှိဖို့ပဲ တွက်တဲ့အတွက် ကြိုက်သလိုခုတ်ကြလို့ ဝါးတောရဲ့ အရည်အသွေးတွေ ကျဆင်းလာတယ်။ ဝါးတွေက ပုံမှန် အရွယ်အစားထက်သေးသွားတယ်။ ဒါတွေကို ထိန်းသိမ်းဖို့လိုတယ်။
ဝါးစိုက်ဧက ဘယ်လောက်ရှိမလဲ . . .
မြန်မာနိုင်ငံမှာတော့ ဝါးကို အကြီးအကျယ်စိုက်တာမျိုးတော့ မရှိသေးပါဘူး။ ဧကတစ်ရာ၊ နှစ်ရာလောက်နဲ့ နည်းနည်းချင်းတော့ စိုက်ကြတယ်။ အဓိကအများဆုံးကတော့ ရန်ကုန်တိုင်း ကြံခင်း၊ တွံတေး၊ ကော့မှူးဘက်တွေမှာ သုံးဧက၊ ငါးဧကလောက်ရှိတဲ့ ဝါးခြံတွေ စိုက်ကြတယ်။ စီးပွားဖြစ်စိုက်တာ သိပ်မရှိဘူး။ ကချင်ပြည်နယ်ဘက်မှာလည်း ဝါးခြံငါးဧကလောက်ဆိုရင် တစ်နှစ်ကို ဝင်ငွေ ဆယ်သိန်း၊ ၁၅ သိန်းလောက် ဝင်တာလောက်အထိပဲ လုပ်ကြတယ်။ အမှန်ကတော့ စိုက်ဧကများများ ခွင့်ပြုပေးဖို့လိုတယ်။ ဝါးတန်ဖိုးက သစ်နဲယှဉ်လို့မရဘူးဆိုပေမယ့် ဝါးက သစ်လိုမဟုတ်ဘဲ မြန်မြန်ဆန်ဆန် ပေါက်တယ်။ မြန်မြန်ဆန်ဆန်ခုတ်ပြီး ငွေပေါ်လို့ရတယ်။ ဈေးကွက်အရ ဝါးစိုက်ခင်းတွေကို အဝေးကြီးမပေးဘဲနဲ့ လမ်းဘေးတွေမှာ နေရာပေးသင့်တယ်။ သစ်တောနဲ့ညှိနှိုင်းပြီး ဆောင်ရွက်ဖို့လိုတယ်။ အခုနောက်ပိုင်းမှာ ဝါးချစ်သူများကွန်ရက်၊ မန္တလေးမှာလည်း မန္တလေးဝါးစိုက်ပျိုးသူများအသင်းတွေက ဝါးနဲ့ပတ်သက်ပြီး ပညာပေးတာတွေ၊ စနစ်တကျ ခုတ်ယူဖို့၊ ဝါးပင်တွေကို ပြန်လည်ပြုစုပျိုးထောင်ပေးတာနဲ့ ဝါးမပြုန်းတီးအောင် ပညာပေးတာတွေလုပ်နေတယ်။ သစ်တောကလည်း ပညာပေးတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ မလုံလောက်သေးပါဘူး။
ဒီထက်မက လုပ်သင့်ပါတယ်။ ပြီးတော့ ပြည်နယ်တိုင်းဒေသကြီး အစိုးရတွေကလည်း သက်ဆိုင်ရာ သစ်တောဌာနတွေနဲ့ ပေါင်းပြီးတော့ ပညာပေးဟော ပြောပွဲတွေလုပ်သင့်တယ်။ ဝါးက သစ်တောထက်ကို မြေသြဇာ၊ မြေဆီလွှာ၊ ရေအရင်းအမြစ်တွေ ပိုပြီးထိန်းသိမ်းနိုင်တယ်။ အောက်ဆီဂျင်လည်း ပိုထုတ်ပေးနိုင်တယ်။ ဝါးက စနစ်တကျခုတ်မယ်ဆိုရင် သစ်လိုပြန်စိုက်စရာမလိုဘဲ ပြန်ပေါက်တဲ့အတွက် ပြုန်းတီးဖို့ခက်တယ်။
ကြိမ်နဲ့ပတ်သက်ပြီးလည်း ပညာပေးတာတွေရှိပါတယ်။ ဒါပေမဲ့ ကြိမ်က ပြည်နယ်တိုင်းအားလုံးမှာ မရှိတော့ဘူး။ အဓိကရှိတာက ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက လှည်းကူး၊ ဖောင်ကြီးဘက် နည်းနည်းပါးပါး ရှိပါတယ်။ ဝါးနဲ့မတူတာက ကျေးလက်ပြည်သူလူထုက ကြိမ်ကိုသုံးတာတွေရှိတယ်။ ဥပမာ - ရေလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတွေမှာ အိမ်လောက်ကြီးတဲ့ ငါးဖမ်းမြံှုးတွေလုပ်တဲ့နေရာမှာ ကြိမ်ကိုသုံးတယ်။ အဲဒီမှာ သုံးဖို့အတွက် ကြိမ်တွေကို မိုးတွင်းမှာ နုနုရင့်ရင့်အကုန်ခုတ်တယ်။ ဒါတွေကို ပညာပေးဖို့အတွက် ပြောနေပါတယ်။ သစ်တောဌာနက သစ်တောဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့တော့ လိုပါတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံဘက်က မြန်မာပြည်က ကြိမ်သီး၊ မျိုးစေ့တွေ နှစ်စဉ်ဝယ်ယူတယ်။ တရုတ်နိုင်ငံကတော့ ကြိမ်သီးတွေကို လက်မှုပညာနဲ့ လက်ဆောင်ပစ္စည်းလုပ်ပြီး စီးပွားရေးလုပ်တယ်။ ထိုင်းကတော့ မြန်မာနိုင်ငံက ကြိမ်သီးတွေကို သူတို့နိုင်ငံမှာ ပြန်စိုက်ပျိုးတယ်။ မြန်မာနိုင်ငံရဲ့ ကြိမ်မျိုးက သူတို့ဆီရောက်သွားတာပေါ့။ မြန်မာပြည်က ကြိမ်ကို အပင်ကိုပဲခုတ်ယူတာမဟုတ်ဘဲမျိုးကိုပါ လာယူနေတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါတွေကိုလည်း ပညာပေးဖို့လိုပါတယ်။ ဥပဒေအရ အရေးယူတားဆီးဖို့ လိုတယ်။ နယ်စပ်ဒေသတွေမှာရှိတဲ့ သစ်တော၊ ရဲတွေ၊ ပြည်သူ့အဖွဲ့အစည်းတွေက ကိုယ့်ဆီကနေထွက်သွားမယ့် မျိုးစေ့တွေကို ထိန်းသိမ်းဖို့ လိုပါတယ်။
ဘယ်နိုင်ငံတွေကို အဓိကတင်ပို့နေလဲ . . .
ကုန်ကြမ်းကတော့ ကြိမ်ရော၊ ဝါးရော နည်းနည်းတော့ နည်းသွားပါတယ်။ ဝါးကတော့ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့တယ်။ ပြီးတော့ ဝါးက ထားဝယ်ကနေ ထိုင်းနိုင်ငံကို တရားဝင်ရော၊ တရားမဝင်ရော သွားတာတွေရှိတယ်။ တရုတ်ကတော့ ကိုယ်တိုင်ဝါးရှိတဲ့အတွက် ကြိမ်ပဲဝယ်တယ်။ မြန်မာပြည်က ကြိမ်အများဆုံးထုတ်ခဲ့တာက ၂၀၀၈၊ ၂၀၀၉ ခုနှစ်မှာဖြစ်တယ်။ နောက်ပိုင်း တရုတ်ပြည်က လူအများကြီးနဲ့သုံးရတဲ့ ကြိမ်လုပ်ငန်းထက် အထည်ချုပ်၊ မော်တော်ကားထုတ်တာတို့၊ တယ်လီဖုန်း၊ ကွန်ပျူတာလုပ်ငန်းလိုမျိုး လျှပ်စစ်ပိုင်းကိုရောက်သွားတော့ ကြိမ်လုပ်ငန်းဘက်မှာ သိပ်မလုပ်တော့တဲ့အတွက် အရင်ကလောက် ကြိမ်ကို မဝယ်တော့ဘူး။ ၂၀၀၈၊ ၂၀၀၉ ခုနှစ်လောက်ကတော့ မြန်မာပြည်ကနေ တစ်နှစ်ကို တန်ရှစ်ထောင်ကနေ တန်တစ်သောင်းလောက်အထိ တင်ပို့ခဲ့တယ်။ အဲဒီအချိန်က အင်ဒိုနီးရှားကလည်း တရုတ်နိုင်ငံကို တစ်နှစ်ကို တန်ခြောက်သောင်းလောက်အထိ ပို့ခဲ့တယ်။ မြန်မာနိုင်ငံကလည်း ကုန်ချောအနေနဲ့ အိမ်အသုံးအဆောင်၊ ပရိဘောဂတွေလုပ်ပြီး ဥရောပကို အဓိကတောက်လျှောက်ပို့တယ်။ နောက်ပြီး နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွီဒင်၊ ဒိန်းမတ်၊ အီတလီ၊ ပေါ်တူဂီနိုင်ငံတွေက အဓိကဝယ်တယ်။ သြစတြေးလျ၊ နယူးဇီလန်၊ တောင်အာဖရိကနိုင်ငံကလည်း ဝယ်တယ်။ အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်မှာ ဝယ်လိုအား ၂၀ ရာခိုင်နှုန်းလောက်အထိ တိုးတက်လာတယ်။
တစ်နှစ်ကို အထွက်နှုန်းဘယ်လောက်ရှိလဲ . . .
နယ်စပ်တွေအထိတော့ ကိန်းဂဏန်းအတိအကျတော့ မရဘူး။ လိုင်စင်အတွက် ဈေးနှုန်းတောင်းခံချက် လျှောက်တဲ့အနေအထားတွေကို ကြည့်ရင်တော့ နှစ်တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ဆယ်သန်းဝန်းကျင်လောက်တော့ တင်ပို့နေပါတယ်။
အသင်းရဲ့အနာဂတ်အစီအစဉ် . . .
ဒေသခံအစုအဖွဲ့ပိုင်သစ်တောတွေမှာ ကျွန်တော်တို့လည်း အကုန်လိုက်ပြီးမစိုက်နိုင်တဲ့အတွက် စိုက်နိုင်တဲ့ ဒေသခံတွေကို စိုက်ချင်စိတ်ဖြစ်လာအောင် ဘယ်လိုအကျိုးအမြတ်ရှိမယ်ဆိုတာကို ပြောပြပေးပြီး အားပေးသွားမယ်။ ကူညီနေတဲ့အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး အသိပညာပေးတာတွေလုပ်သွားမယ်။ မြန်မာနိုင်ငံက ပြိုင်ဘက်နိုင်ငံတွေနဲ့ ယှဉ်နိုင်ဖို့အတွက် နည်းပညာတွေ၊ ကျွမ်းကျင်လုပ်သားတွေ၊ ငွေရေးကြေးရေးတွေ ဒါတွေအကုန်လုံး အင်အားရှိလာဖို့အတွက်က ကျွန်တော်တို့အသင်းနဲ့ လုပ်ငန်းရှင်တွေပဲ လုပ်နေလို့မရဘူး၊ ဝန်ကြီးဌာနနဲ့ နိုင်ငံတော်အဆင့်ဌာနတွေနဲ့ ဆက်သွယ်ပြီး သူတို့နဲ့ ယှဉ်နိုင်အောင် ကြိုးစားလုပ်နေပါတယ်။
ထပ်ဖြည့်ပြောချင်တာရှိရင် . . .
ကျွန်တော်တို့ လုပ်ဆောင်နေတာတွေက အသင်းဝင်တွေအတွက် အကျိုးရှိသလို နိုင်ငံတော်လည်း အကျိုးအမြတ် ရှိရမယ်။ ဒီလုပ်ငန်းက အကျိုးအမြတ်ရှိလာပြီဆိုရင် နိုင်ငံသားတိုင်း ဝင်လုပ်နိုင်ရမယ်။ နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံသားအခွင့်အရေးရှိရမယ်။ ကျွန်တော်တို့အသင်းက အချက်သုံးချက်ကို အဓိကထားပြီး ကြိုးစားနေတာပါ။ ပထမအချက်က ကုန်ကြမ်းစရိတ်တည်ငြိမ်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဒုတိယအချက်က မြန်မာနိုင်ငံရဲ့ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေက ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့လို၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့လိုမျိုး ဖြစ်ရမယ်။ သူတို့ဆီမှာက လုပ်ငန်းရှင်တွေကို စည်းကမ်းဘောင်တွေနဲ့ ထားတယ်။ သို့သော် အဲဒီစည်း ကမ်းဘောင်တွေထဲမှာ တော်တော်လေး လုပ်ရကိုင်ရလွယ်ကူအောင်ထားပေးတယ်။ ကျွန်တော်တို့ဆီမှာက ခက်ခဲတဲ့အပိုင်းတွေ ရှိပါသေးတယ်။ တတိယအချက်က လုပ်ငန်းရှင်တွေဘက်က ကျွမ်းကျင်လုပ်သားတွေရဖို့လိုသလို အဲဒီလုပ်သားတွေကလည်း ထိုက်တန်တဲ့ လုပ်ခရဖို့ လိုပါတယ်။
အယ်ဒီတာအဖွဲ့