စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်ရာမှာ ဆွေးနွေးကြရမယ့်အလုပ်ကိစ္စနဲ့ ပတ်သက်တာကို ဦးစားပေးစဉ်းစားရမှာ သေချာပါတယ်။ ဒါ့အပြင် အချိန်အများကြီးမပေးရပေမယ့်လည်း လုံးဝကြိုတင်မစဉ်းစားလို့ မဖြစ်တာကတော့ လူပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေပဲဖြစ်ပါတယ်။
လူပုဂ္ဂိုလ်ကိစ္စကိုစဉ်းစားရာမှာ ကိုယ့်ဘက်က ဆွေးနွေးပွဲမှာပါဝင်မယ့် လူတိုင်းအတွက် လက်တွေ့ကျကျ စဉ်းစားရပါမယ်။ ဘယ်လိုစဉ်းစားရမလဲဆိုတာနဲ့ပတ်သက်လို့ ရှေ့ပိုင်းမှာ ကျွန်တော်တို့ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီးပါပြီ။ အခုအကျဉ်းချုံးပြီး ပြန်ပြောရမယ်ဆိုရင်တော့ ခေါင်းစဉ်သုံးခုတည်းနဲ့ပဲ ပြောနိုင်ပါတယ်။ နံပါတ် ၁ က စေ့စပ်ဆွေးနွေးစဉ် ဟန်ပန်အမူအရာဖြစ်ပါတယ်။ မိမိကိုယ်တိုင်နဲ့ မိမိဘက်ကလူတွေရဲ့ အပြုအမူဆိုင်ရာ တိမ်းညွှတ်မှုတွေကို ဂရုပြုကြည့်ရှုလေ့လာရပါမယ်။ ပြီးတော့ အခြေအနေနဲ့ ဆီလျော်အံဝင်အောင် ကြိုတင်ပြီး ပြင်ဆင်လေ့ကျင့်ရပါမယ်။ ဆွေးနွေးဖက်တွေရဲ့ ဟန်ပန်အမူအရာကိုလည်း အမြန်ဆုံးလေ့လာသုံးသပ်နိုင်အောင် လိုအပ်တဲ့ အချက်အလက်တွေ ရှာဖွေစုဆောင်းထားရပါမယ်။
နံပါတ် ၂ အချက်ကတော့ အလုပ်လုပ်ရာမှာ စိတ်အားတတ်ကြွမှုဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းရေးအလုပ်က တက်တက်ကြွကြွလုပ်ရတဲ့ အလုပ်ဖြစ်တယ်၊ ထုံထိုင်းနေလို့မရဘူး။ လူတိုင်းဟာ နေရာတိုင်းမှာ ဘာသာရပ်တိုင်းမှာ စိတ်အားတက်ကြွနေတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ အတွေ့အကြုံ ဘယ်လောက်ပဲများပါစေ၊ ဘယ်လောက်ပဲအောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့သည်ဖြစ်ပါစေ၊ စေ့စပ်ညှိနှိုင်းရေးစားပွဲအသစ်တစ်ခုမှာ ထိုင်ကြရတော့မယ်ဆိုရင် အကြောင်းကိစ္စတစ်ခုအတွက် ပွင့်ပွင့်လင်းလင်းပြောနိုင်၊ ဆိုနိုင်၊ လုပ်နိုင်ရမှာဖြစ်ပါတယ်။ မိမိက ဒီဘာသာရပ်မှာ သိပ်မကျွမ်းကျင်လို့ဆိုပြီး ဝေ့လည်ကြောင်ပတ်ဖြေမယ်လို့ မစဉ်းစားသင့်ပါဘူး။ သူ့နေရာနဲ့သူ၊ သူ့ဘာသာရပ်နဲ့သူ စိတ်အားတက်ကြွစွာပြင်ဆင်ထားသူ မိမိဘက်ကအဖွဲ့ဝင်တစ်ဦးကို ဒီကိစ္စဖြေဆိုဖို့အတွက် တာဝန်ပေးထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲ အစိတ်အပိုင်းတစ်ခုမစတင်မီ အချိန်တိုင်းမှာ ဆက်လက်ဆွေးနွေးမယ့် ကိစ္စနဲ့ပတ်သက်ပြီး အလျင်အမြန်လေ့လာချက် (Quick Review) ကို လုပ်ဖို့လိုအပ်ပါတယ်။ မိမိတို့အပေါ် မည်သည့်ဖိအားတွေ ကျရောက်လာနေသလဲ၊ မည်သူ့ဆီကလာတဲ့ ဖိအားလဲ၊ ဘယ်လိုတုံ့ပြန်မလဲ၊ အောင်မြင်မှုအကြီးအကျယ်ရထားတယ်ဆိုရင်လည်း ဒါဟာဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိမလဲ၊ ဒီအရှိန်အဟုန်ကို ဘယ်လိုထိန်းမလဲ စသည်ဖြင့် အလျင်အမြန်လေ့လာချက်ကို ပြုလုပ်ခြင်းဟာ ညှိနှိုင်းဆွေးနွေးပွဲအောင်မြင်မှုအတွက် အများကြီးသာသွားပါတယ်။ ဒါပေမဲ့ ဒီလိုအလုပ်ဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ စိတ်အားတက်ကြွမှုရှိတဲ့ လူတွေဘက်ကသာ လုပ်နိုင်တာပါ။
နံပါတ် ၃ အချက်ကတော့ တန်ဖိုးထားမှုတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ကိုယ်ပိုင်တန်ဖိုးထားမှုတွေ ရှိကြတယ်။ တချို့သောတန်ဖိုးထားမှုတွေဟာ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ တစ်ဖက်သားရဲ့ ထောက်ခံအားပေးခြင်းသော်လည်းကောင်း၊ ရိုက်ချိုးဖျက်ဆီးခြင်းသော်လည်းကောင်း ခံရနိုင်ပါတယ်။ တစ်ဖက်က အမွန်အမြတ်ထားတဲ့ တန်ဖိုးထားမှုတွေ၊ ဥပမာ- ရိုးသားမှု၊ တည်ကြည်မှု၊ မျှတမှု စသည်တို့ကို အခြားတစ်ဖက်က လူတွေကဖောက်ဖျက်ကျူးလွန်လာတဲ့အခါမှာ ပြဿနာဖြစ်ပေါ်တတ်တာကို ကျွန်တော်တို့ နားလည်ထားကြပြီးဖြစ်ပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ မရှိကြစေဖို့အတွက် မိမိတို့ရဲ့ တန်ဖိုးထားမှုတွေကို ဆွေးနွေးဖက်တွေဘက်က ကြိုတင်သိရှိထားဖို့ လိုအပ်သလို ဆွေးနွေးဖက်တွေရဲ့ တန်ဖိုးထားမှုတွေကိုလည်း မိမိတို့က မကျူးလွန်မိစေဖို့ ကြိုတင်လေ့လာထားကြရပါမယ်။ လူပုဂ္ဂိုလ်ဆိုင်ရာ စဉ်းစားရန်အချက်တွေကို မိမိဘက်ကိုရော ဆွေးနွေးဖက်တွေအကြောင်းကိုပါ ကြိုတင်စဉ်းစားထားခြင်းဖြင့် မိမိဘက်မှ ပုဂ္ဂိုလ်တွေကို တစ်ဦးချင်းအားသာချက် အားနည်းချက်အလိုက် တာဝန်ခွဲဝေပေးနိုင်ခြင်း၊ ဘာသာရပ်တွေကို ခွဲဝေလေ့လာနိုင်ခြင်း၊ စေ့စပ်ညှိနှိုင်းရေးစားပွဲမှာ လုပ်ဆောင်ဖို့ အလုပ်တွေ၊ ပြောကြားဖို့အချက်တွေအတွက် အချိန်ခွဲဝေပေးခြင်းနဲ့ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ပွဲမဝင်ခင်အပြင်မှာ ကျင်းပဆိုသလို အစစအရာရာ ကျကျနနအသင့်ဖြစ်အောင် အထက်ပါအတိုင်း ပြင်ဆင်ထားပြီးပြီဆိုရင်တော့ စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်မှာ ဟာကွက်ပျော့ကွက်အနည်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်မားဆုံး လုပ်ဆောင်သွားနိုင်ဖို့အတွက် သံသယဖြစ်စရာ မလိုတော့ပါဘူး။
စေ့စပ်ညှိနှိုင်းဆွေးနွေးကြပြီဆိုရင်တော့ များသောအားဖြင့် တစ်ဖက်နဲ့တစ်ဖက် အဖွဲ့လိုက်ဆွေးနွေးကြတာ များပါတယ်။ တစ်ဦးချင်းဆွေးနွေးတာနဲ့ နှိုင်းစာရင် အဖွဲ့လိုက်ဆွေးနွေးတာက အားသာချက်အများကြီး ရှိပါတယ်။ ဆွေးနွေးရာမှာ အဖွဲ့ရှိရင် ပါဝါပိုကြီးခြင်း၊ စွမ်းရည်အသီးသီးကို စုစည်းအသုံးပြုနိုင်ခြင်း၊ စိတ်ဓာတ်ရေးအရဖြစ်စေ ခံစားမှုသဘောအရဖြစ်စေ (တစ်ခါတစ်ရံမှာ) ရုပ်ပိုင်းဆိုင်ရာအရပါ ကြံ့ကြံ့ခံနိုင်ရည်ရှိခြင်း၊ ပုဂ္ဂိုလ်ရေး အားနည်းချက်အပေါ်မူတည်ပြီး တိုက်ခိုက်ခံရမှုဖြစ်နိုင်ခြေ နည်းသွားခြင်းနဲ့ စေ့စပ်ညှိနှိုင်းပြီးရလဒ်အခြေအနေကို အထက်တာဝန်ရှိသူထံ သတင်းပြန်ပို့ရာမှာ အဖွဲ့စနစ်ကောင်းကောင်းနဲ့ ဆွေးနွေးထားခြင်းဖြစ်တာကြောင့် ပိုမိုပြီးခိုင်မာတဲ့ အထောက်အခံကိုရနိုင်ပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရာမှာ အဖွဲ့စနစ်ကို အသေအချာသုံးစွဲသွားဖို့ လိုအပ်ကြောင်း ပြောချင်ပါတယ်။
အဖွဲ့စနစ်နဲ့လုပ်မယ်ဆိုရင် ပြင်ဆင်ချိန်အတွက် နောက်ထပ်အကြံပေးစရာအချက်တချို့လည်း ရှိပါသေးတယ်။ လူတစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေးဟန်ပန်အမူအရာ မတူညီကြတာတွေနဲ့ ကျွမ်းကျင်မှု မတူညီကြတာတွေကို လက်ခံနိုင်ရပြီး သူ့နေရာနဲ့သူ ကွဲပြားခြားနားတဲ့ အခြေအနေတွေမှာ အပြုသဘောရလဒ်ကောင်းတွေ ထွက်ပေါ်လာရေးအတွက် အံဝင်ခွင်ကျ အသုံးပြုတတ်ဖို့လိုပါတယ်။ စုပေါင်းရွေးချယ်မှု စုပေါင်းတန်ဖိုးထားမှုကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အတ္တအစွဲနဲ့ မချိုးနှိမ်မိဖို့လည်း သတိထားရပါမယ်။ တစ်ဖက်က ဆွေးနွေးဖက်တွေရှေ့မှောက်မှာ အချင်းချင်းတစ်ယောက်ပြောတာကို တစ်ယောက်ကကြား ဖြတ်ဟန့်တားခြင်း လုံးဝမလုပ်ရတဲ့အပြင် ကိုယ့်ဘက်က လူတွေက သူ့နေရာနဲ့သူ သတ်မှတ်ချိန်အတွင်းမှာ စကားပြောနိုင်ဖိုYအတွက် ကျေနပ်သဘောတူထားကြရပါမယ်။ ဒါဟာ အသင်းအဖွဲ့စိတ်ဓာတ်ကို ဖော်ညွှန်းခြင်းလည်း ဖြစ်ပါတယ်။ အဲဒီလို အဖွဲ့ဝင်အသီးသီးက စကားပြောတဲ့အခါမှာ လမ်းကြောင်းအရပ်မျက်နှာ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။
အဲဒီအခါ နောက်လူက လမ်းမှန်ပေါ်ပြန်ရောက်လာရအောင် ပြင်ဆင်ပေးနိုင်ရပါမယ်။ စိတ်လှုပ်ရှားမှုတွေကြောင့် ပေါက်ကွဲလာနိုင်မယ့်အလားအလာရှိရင် အချင်းချင်းမသိမသာ ထိန်းကျောင်းပေးနိုင်ရပါတယ်။ အချုပ်ပြောရရင်တော့ စေ့စပ်ညှိနှိုင်းပွဲတစ်လျှောက်လုံးမှာ ငြိမ်းချမ်းစွာဆွေးနွေးနိုင်ရပါမယ်။ လိုအပ်ရင် ဆွေးနွေးပွဲကို ခေတ္တရပ်နားပေးဖို့ တောင်းဆိုပေးသင့်ပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတစ်ခုပြီးတာနဲ့ ချက်ချင်းပဲ စေ့စပ်ညှိနှိုင်းပွဲဆိုင်ရာ အကဲဖြတ်မှုကို မပျက်မကွက်လုပ်ဖို့ပါပဲ။ အခုမလုပ်နိုင်ရင် နောက်မကြာခင်မှာ မိမိတို့ရဲ့မှတ်ဉာဏ်တွေ ယုတ်လျော့ ကျဆင်းသွားနိုင်ပါတယ်။ အကဲဖြတ်ချက်ရဲ့ တန်ဖိုးဟာ လျော့ကျသွားနိုင်ပါတယ်။ ဒါတွေအားလုံးကို ဆက်တိုက်လုပ်နိုင်ဖို့ ဆိုတာက အချိန်ယူပြီး စနစ်တကျကြိုတင်ပြင်ဆင်ထားမှသာဖြစ်နိုင်ပါတယ်။
ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတစ်ခု အောင်မြင်ရေးမှာ ပြင်ဆင်ခြင်းဟာအရေးကြီးဆုံးနဲ့ လုပ်စရာအလုပ်တွေ အများဆုံးပါဝင်တဲ့အပိုင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
မင်းဗထူး