မြန်မာနိုင်ငံရဲ့ ဒေသအစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ သုသေတနစာတမ်းမိတ်ဆက်ပွဲကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းရှိ International Business Cntre (IBC) မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါစာတမ်းဟာ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအရင်းအမြစ်အဖွဲ့အစည်း၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(MDRI-CESD) နဲ့ အာရှဖောင်ဒေးရှင်း(The Asia Foundation)တို့ သုတေသနပူးပေါင်းဆောင်ရွက်မှုကြိုးပမ်းချက်တွေထဲကတစ်ခုဖြစ်ပြီး Mr Jared Bissinger နဲ့ ဦးလင်းမောင်မောင်တို့က ဦးဆောင်ပြုစုခဲ့တာဖြစ်ပါတယ်။ ဒီသုတေသနစာတမ်းဟာ မြန်မာနိုင်ငံရဲ့ လုပ်ငန်းတွေနဲ့ အစိုးရအကြား လက်ရှိဖြစ်ပေါ်နေတဲ့ဆက်ဆံရေးကို ဆန်းစစ်လေ့လာထားတဲ့ သုတေသနစာတမ်းဖြစ်ပါတယ်။ ဒီစာတမ်းဟာ မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန်(ဂျီဒီပီ)မှာ ပါဝင်မှုနည်းပေမဲ့ နိုင်ငံတွင်းမှာရှိတဲ့ လုပ်ငန်းအရေအတွက်စုစုပေါင်းရဲ့ ၉၉.၄ ရာခိုင်နှုန်း အထိအကြုံးဝင်တဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အဓိကထားပြီး လေ့လာထားတဲ့ စာတမ်းဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေဟာ အစိုးရနဲ့ ဆက်ဆံရာမှာ မြို့နယ်ခရိုင်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တွေက အာဏာပိုင်တွေ စတဲ့ အစိုးရအဆင့်တွေနဲ့ပဲ ဆက်ဆံရတတ်ပါတယ်။ ဒီစာတမ်းဟာ လုပ်ငန်းလိုင်စင်တွေ၊ စစ်ဆေးမှုတွေ၊ အခွန်ကိစ္စတွေ၊ အခြေခံအဆောက်အအုံတွေ၊ လုပ်ငန်းတွေနဲ့ အစိုရကြားဆက်ဆံရေး စတာတွေကို လေ့လာဆန်းစစ်တင်ပြထားတာဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း (တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်များပိုမိုပေးအပ်ခြင်း) ကြောင့် လုပ်ငန်းတွေနဲ့ အစိုးရကြား ဆက်ဆံရေးပြောင်းလဲလာတာကို လေ့လာတင်ပြထားပါတယ်။ ဒီစာတမ်းဟာ လုပ်ငန်းတွေနဲ့ အစိုးရကြားဆက်ဆံရေးကို ပြည့်ပြည့်စုံစုံတင်ပြသွားနိုင်မှာတော့မဟုတ်ဘဲ လုပ်ငန်းတွေအနေနဲ့ နေ့စဉ်နဲ့အမှျှအစိုးရနဲ့ဆက်ဆံရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုပဲ တင်ပြထားပါတယ်။ ဒီစာတမ်းအတွက် သုတေသနလုပ်ဖို့ ရွေးချယ်ခဲ့တဲ့ မြို့နှစ်မြို့ကတော့ မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့နဲ့ စစ်ကိုင်းတိုင်း ဒေကြီးရဲ့မြို့တော် မုံရွာမြို့ဖြစ်ပါတယ်။ မုံရွာနဲ့ မော်လမြိုင်ကွင်းဆင်းလေ့လာရေးခရီးကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာ သွားရောက်ခဲ့ပြီး စုစုပေါင်း ၁၁ ရက်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဦးချင်းလူတွေ့မေးမြန်းမှုနဲ့ သက်ဆိုင်ရာအုပ်စုအလိုက်မေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး စုစုပေါင်းတွေ့ဆုံမေးမြန်းမှု ၃၀ ခန့် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ စီပွားရေးလုပ်ငန်း ၁၄ ခု၊(ကုန်သည်များအသင်းနဲ့ စက်မှုဇုံကော်မတီ စတဲ့) အဖွဲ့အစည်း ၄ ခုနဲ့ (တိုင်းဒေသကြီးနဲ့ ပြည်နယ်အရာရှိတွေ၊ မြို့နယ်အာဏာပိုင်တွေ၊ စည်ပင်သာယာအရာထမ်းများ စတဲ့) အစိုးရအရာရှိ ၁၂ ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။