မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (Myanmar Construction Entrepreneurs Association) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်နိုင်နဲ့ တွေ့ဆုံခိုက်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ဒါတွေကို ဖြေရှင်းသွားနိုင်ဖို့ အသင်းအနေနဲ့ ဘယ်လိုတွေဆောင်ရွက်နေတယ်ဆိုတာတွေနဲ့ နိုင်ငံတကာဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့တန်းတူ မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ယှဉ်ပြိုင်နိုင်ဖို့ အသင်းအနေနဲ့ ဘာတွေပံ့ပိုးပေးသွားမယ်ဆိုတာတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
[caption id="attachment_27617" align="alignnone" width="720"]ဦးတင်မောင်နိုင်[/caption]
စတင်တည်ထောင်ဖြစ်ပုံ . . .
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (Myanmar Construction Entrepreneurs Association) ကို ၁၉၉၆ ခုနှစ်ကနေ စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှာ ၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်က ခွင့်ပြုမိန့်အမှတ် ၁၈၀၃ နဲ့ လူမှုရေးအသင်းအဖွဲ့တစ်ခုအနေနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းကို အဖွဲ့ဝင်ဦးရေ ၁၅၀ လောက်နဲ့ စတင်တည်ထောင်ခဲ့ပေမဲ့ အခုအခါမှာတော့ အဖွဲ့ဝင်ဦးရေပေါင်း ၁,၆၅၀ လောက်ရှိနေပြီဖြစ်ပါတယ်။ အရင်က အသင်းကို ဗိုလ်မြတ်ထွန်းအိမ်ရာမှာ ဖွင့်လှစ်ခဲ့ပေမယ့် ၂၀၀၂ ခုနှစ်ကနေစပြီး လက်ရှိတည်နေရာဖြစ်တဲ့ သံသုမာလမ်းနဲ့ ဝေဇယန္တာလမ်းထောင့်ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဟာ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ ကန်ထရိုက်တာတွေ၊ Developer တွေ၊ ပညာရှင်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းရောင်းတဲ့ အဖွဲ့ဝင်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ Individual တွေပါ အားလုံးပေါင်းပြီးတော့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
အသင်းရဲ့ရည်ရွယ်ချက်ကတော့ ဆောက်လုပ်ရေးကဏ္ဍတစ်ခုလုံးကို အရည်အသွေးကောင်းပြီး လုံခြုံစိတ်ချရတဲ့ အဆောက်အအုံတွေ ဆောက်လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အဆင့်အတန်းမြင့် လှပခိုင်ခံ့တဲ့ အဆောက်အအုံတွေ ဆောက်လုပ်နိုင်ဖို့၊ ဆောက်လုပ်ရေးကဏ္ဍကနေ နိုင်ငံတော်အတွက် ကျရာတာဝန်ကနေပြီးတော့ တတ်စွမ်းသရွေ့ ဝိုင်းဝန်းဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။
အသင်းအနေနဲ့ အဓိကလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ . . .
ကျွန်တော်တို့ လက်ရှိလုပ်နေတာကတော့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) မှာ ဆပ်ကော်မတီငါးရပ်ခွဲပြီး လုပ်ငန်းတွေကို တာဝန်ခွဲဝေပြီးတော့ လုပ်ဆောင်နေပါတယ်။ ဒီဆပ်ကော်မတီငါးရပ်က စည်းရုံးရေးနဲ့ အသင်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ဆောက်လုပ်ရေးဆိုင်ရာ ဥပဒေများအကြံပြုရေးနဲ့ နည်းပညာလေ့ကျင့်ပေးရေးကော်မတီ၊ ပြည်တွင်းပြည်ပဆက်ဆံရေးကော်မတီ၊ အသင်းဖွဲ့စည်းပုံနဲ့ အသင်းသားများ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီနဲ့ ပြည်သူ့ရေးရာနဲ့ လူမှုရေးကော်မတီတို့ ဖြစ်ပါတယ်။
အသင်းမှာ ကျွန်တော်တို့ဖွဲ့စည်းပုံအရ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌငါးဦး၊ အထွေထွေအတွင်းရေးမှူးနဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ငါးဦးတို့နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါအပြင် ဘဏ္ဍာရေးမှူး၊ ပြန်ကြားရေးမှူး၊ စာရင်းစစ်တို့လည်း ထည့်သွင်းဖွဲ့စည်းထားပါတယ်။ ဒါကြောင့် ဆပ်ကော်မတီငါးခုကို ဒုဥက္ကဋ္ဌငါးဦးက တစ်ခုစီ ဦးဆောင်ပြီး တွဲဖက်အထွေထွေရေးမှူး ငါးဦးကလည်း အဲဒီဆပ်ကော်မတီတွေမှာ အတွင်းရေးမှူးအနေနဲ့ ဦးဆောင်ပြီးတော့ လုပ်ဆောင်တယ်။ ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးကတော့ ဒီကော်မတီအားလုံးရဲ့ ကိစ္စရပ်တွေကို ပူးပေါင်းပြီးတော့ ဆောင်ရွက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စည်းရုံးရေးနဲ့ အသင်းတိုးတက်ရေးကော်မတီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသင်းဝင်သစ်တွေ တိုးတက်လာဖို့နဲ့ ပြည်နယ်နဲ့ တိုင်းအလိုက်အသင်းကွဲ၊ Chapter တွေ တိုးချဲ့ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်တာတွေ၊ ဆောက်လုပ်ရေးဆိုင်ရာ ဥပဒေများအကြံပြုရေးနဲ့ နည်းပညာလေ့ကျင့်ပေးရေး ကော်မတီကတော့ နိုင်ငံတော်အစိုးရအနေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းနယ်ပယ်နဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေရေးဆွဲတဲ့အခါမှာ လုပ်ငန်းရှင်တွေဘက်က အမြင်တွေကို အကြံပြုတာမျိုးတွေ ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့အသင်းက လူမှုရေးအသင်းအဖွဲ့ဖြစ်တဲ့အတွက် အကြံပြုတာပဲ လုပ်လို့ရပါတယ်။ တကယ်လက်တွေ့အကောင်အထည်ဖော်တာကတော့ နိုင်ငံတော်အစိုးရကပဲ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းက နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ လက်တွေ့နဲ့ကိုက်ညီဖို့၊ လက်တွေ့ရင်ဆိုင်နေရတဲ့လူတွေနဲ့ မျှမျှတတဖြစ်ဖို့တွေအတွက် ဝိုင်းဝန်းအကြံပြုဆောင်ရွက်ပေးနေပါတယ်။
မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ . . .
အခုအချိန်မှာ အစိုးရပိုင်းကလည်း အပြောင်းအလဲဖြစ်တဲ့အပြင် နည်းဥပဒေတွေလည်း ပြောင်းလဲရေးဆွဲနေတဲ့အတွက် ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်လက်စလုပ်ငန်းတွေမှာတော့ နည်းနည်းပါးပါး ကသိကအောက်ဖြစ်တာတွေတော့ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်ပြောရရင် ရန်ကုန်မြို့တော်စည်ပင်အနေနဲ့အိမ်ရာဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို တိတိကျကျရေးဆွဲ ထုတ်ပြန်ပြီးပြီဆိုရင်တော့ အခက်အခဲရှိတော့မယ်မထင်ပါဘူး။ ဒီစပ်ကူးမပ်ကူးကာလမှာတော့ ဆောက်နေတဲ့အဆောက်အအုံတွေ ရပ်လိုက်ရတာတို့လို အခက်အခဲတွေတော့ ရှိနေကြပါတယ်။
အစိုးရသစ်လက်ထက်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရရှိလာတဲ့ အကျိုးကျေးဇူးတွေ . . .
အစိုးရသစ်တက်တာက သိပ်မကြာေသေးတော့ ဒီရက်ပိုင်းအတွင်းမှာ လုပ်ငန်းရှင်တွေအတွက် ထူးထူးခြားခြားတော့ အကျိုးအမြတ်မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ အစိုးရသစ်တက်လာတာ ပြည်သူတွေ ရွေးချယ်တဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူအများစုအတွက် ကောင်းတယ်ဆိုရင် ဝမ်းသာနေပြီဖြစ်ပါတယ်။ စောစောကပြောသလို လုပ်ငန်းရဲ့ ဥပဒေတွေပြောင်းလဲလို့ ကိုယ့်လုပ်ငန်း ကသိကအောက်ဖြစ်တာကိုတော့ ထိုက်သင့်သလောက် သည်းခံဖို့လိုတယ်လို့ မြင်ပါတယ်။ တင်ပြသင့်တာလည်း တင်ပြပြီး ညှိနှိုင်းပြီးဆောင်ရွက်ရင် အဆင်ပြေမယ်လို့ မြင်ပါတယ်။
အဆောက်အအုံဆောက်တဲ့အခါမှာ ဆောက်ပြီးသားအပိုင်းတွေကို ပြန်ဖြိုရတာမျိုးမဖြစ်အောင် ဘယ်လို Procedure တွေကို လိုက်နာသင့်တယ်ဆိုတာ . . .
ကျွန်တော်တို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းကတော့ ရန်ကုန်တိုင်းအစိုးရကို လိပ်မူပြီးတော့ အကြံပြုချက်လေးချက်တင်ပြထားတာရှိပါတယ်။ အဲဒီမှာ အဓိကအချက်အနေနဲ့ အိမ်ရာတွေ ဆောက်လုပ်ဖို့အတွက် တိကျပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်းကို ဖော်ထုတ်ပေးဖို့ပါဝင်ပါတယ်။ အစိုးရက တိကျပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖော်ထုတ်ပြီးရင် ဘေးကအိမ်တွေနဲ့ ညှိရတယ်ဆိုတာမျိုး၊ ဆောက်ပြီးတော့မှ ပြန်ဖြိုရတာမျိုးတွေရှိတော့မှာ မဟုတ်ပါဘူး။ အစိုးရက Do’s and Don’t တွေဖြစ်တဲ့ ဒါတွေလုပ်ရမယ်၊ ဒါတွေမလုပ်ရဘူးစသဖြင့် တိကျပြတ်သားတာတွေကို ဖော်ပြပေးလိုက်မယ်ဆိုရင် မလုပ်နဲ့ဆိုလည်း မလုပ်ဘူးပေါ့။ လုပ်လို့ရတယ်ဆိုလည်း ဘေးလူတွေနဲ့ ညှိရတာမျိုးမဖြစ်အောင် အကြံပြုစာထဲမှာ ရေးထားပါတယ်။
အဆောက်အအုံတွေကို အထပ်ဘယ်လောက်အမြင့်ထိ ဆောက်ခွင့်ပြုထားပြီး နေရာဒေသပေါ်မူတည်ပြီး ကွဲပြားမှုရှိ၊ မရှိဆိုတာ . . .
လက်ရှိမှာတော့ Zonoing အလိုက်၊ ဘယ်ဇုန်မှာ ဘယ်အထပ်အမြင့်လောက်ထိပဲ ဆောက်ရမယ်လို့ သတ်မှတ်ထားတာတွေ ရှိပါတယ်။ နောက်အခုလက်ရှိထပ်လာမယ့် နည်းဥပဒေအသစ်မှာလည်း ဖော်ပြဖို့ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အစိုးရဥပဒေပြဋ္ဌာန်းတဲ့အတိုင်း လိုက်နာသွားမှာပါ။ ရွှေတိဂုံဘုရားအနီး သတ်မှတ်ထားတဲ့ နေရာတွေမှာဆိုရင် ရွှေတိဂုံဘုရားအမြင့်၊ ဒါမှမဟုတ် Sea Level ၄၁၇ ပေထက် မမြင့်ရဘူးဆိုတဲ့ သတ်မှတ်ချက်မျိုးရှိပါတယ်။ ကိုယ့်ခြံရဲ့အမြင့်ကနေ သတ်မှတ်ထားတဲ့ Sea Level ၄၁၇ ပေကြားမှာပဲ ဆောက်လို့ရတာမျိုးပါ။ တချို့ သူ့မြို့နယ်အလိုက်၊ သူ့ဇုန်အလိုက် သတ်မှတ်ထားတာတွေလည်း ရှိပါတယ်။ အဲဒီသတ်မှတ်တဲ့အတိုင်းပဲ ဆောက်လုပ်တဲ့ လူတွေကတော့ လုပ်ရမှာဖြစ်ပါတယ်။
ကွန်ဒိုဥပဒေအပေါ်အမြင် . . .
ကွန်ဒိုဥပဒေနဲ့ ပတ်သက်လို့ ဒီဥပဒေကို ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးဆိုင်ရာဥပဒေအကြံပြုရေးနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဦးဆောင်ပြီးတော့ အသင်းအနေနဲ့ အကြံပြုစာတင်ပြတာတွေ၊ လွှတ်တော်ကို တိုက်ရိုက်တင်ပြတာတွေ ရှိပါတယ်။ ကွန်ဒိုမီနီယမ်နဲ့ပတ်သက်ရင် မူအရတော့ ပြီးခဲ့တဲ့လွှတ်တော်မှာ သဘောတူပြီးပါပြီ။ ဒါပေမဲ့ နည်းဥပဒေထပ်ထွက်ပြီးတော့ ထုတ်ပြန်ဖို့တော့ ကျန်ပါသေးတယ်။
အကြမ်းဖျင်းပြောရရင်တော့ ကွန်ဒိုဥပဒေထွက်လာရင် နိုင်ငံခြားသားကို ရောင်းခွင့်ရှိလာမယ်။ တည်ဆောက်တဲ့ လုပ်ငန်းရှင် Developer တွေအတွက် ဆောက်လုပ်ရေးဈေးကွက်လည်း ပိုပြီးတော့ သွက်သွက်လက်လက် ရှိလာမယ်။ နောက်တစ်ခုက ကွန်ဒိုဥပဒေပေါ်တဲ့အတွက် တိုက်ခန်းတွေကို ဘဏ်တွေမှာ ပေါင်ခွင့်ရလာမယ်။ ဒါတွေကတော့ လုပ်ငန်းရှင်တွေဘက်က အကျိုးရှိလာမယ့် အပိုင်းတွေ ဖြစ်ပါတယ်။ နေထိုင်တဲ့ လူပုဂ္ဂိုလ်တွေအတွက်ကျတော့ ကွန်ဒိုဥပဒေအတိုင်း တည်ဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့် အခန်းအချိုးကျ မြေပိုင်ခွင့်ရှိလာမယ်။ ကွန်ဒိုဥပဒေအတိုင်း တည်ဆောက်ထားတော့ သတ်မှတ်ထားတဲ့ Facility တွေဖြစ်တဲ့ ရေကူးကန်၊ Fitness Center ၊ Recreation Center တို့လိုဟာမျိုးတွေ ပြည့်ပြည့်၀၀နဲ့ နေထိုင်လို့ရမယ်။ နောက်ပြီး ဒီဥပဒေမှာပါတဲ့အတိုင်း ကွန်ဒိုကို Maintenance လုပ်မယ့် အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ကော်မတီပဲဖြစ်ဖြစ် သတ်သတ်မှတ်မှတ်ရှိတဲ့အတွက် ကွန်ဒိုတစ်ခုလုံးရဲ့ Maintenance ကို တအားကြီး စိတ်ပူပန်စရာမလိုတော့ပါဘူး။ လုံလောက်တဲ့ Management Fee ပေးလိုက်ရင် အေးအေးချမ်းချမ်း နေနိုင်မှာဖြစ်တယ်ဆိုတဲ့ အကျိုးကျေးဇူးတွေကို နေထိုင်တဲ့လူတွေအနေနဲ့လည်း ရလာမှာဖြစ်ပါတယ်။
မြန်မာပြည်ကို နိုင်ငံခြားသားဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဝင်လာတဲ့အခါမှာ အသင်းက မြန်မာဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ သူတို့နဲ့တန်းတူယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးနေတာတွေ . . .
နိုင်ငံတော်ရဲ့ မူဝါဒမှာတော့ Foreign Investment Law ၊ Local Investment Law တွေ ရှိပါတယ်။ အခုဆိုရင် Foreign နဲ့ Local အတူတူ သတ်မှတ်ထားပေးဖို့တွေ ရှိပါတယ်။ နိုင်ငံခြားသားတွေဝင်လာလို့ ကိုယ့်အတွက် ထိခိုက်မယ်ချည်းပဲ တွက်လို့တော့ မရပါဘူး။ ယှဉ်ပြိုင်တာတော့ ယှဉ်ပြိုင်ရမှာပါပဲ။ သူတို့ဝင်လာပြီး လာလုပ်တဲ့အတွက် ဒီ Industry ကြီးတစ်ခုလုံး ဖွံ့ဖြိုးသွားတာတို့၊ သူတို့ဆီက နည်းပညာတွေ အနီးကပ်ရယူနိုင်တာတို့စတဲ့ အကျိုးကျေးဇူးတွေလည်း ရလာမှာဖြစ်ပါတယ်။ ကောင်းတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားတွေ အုပ်စိုးမသွားအောင်လည်း ကိုယ်တွေက လိုက်ပြီးတော့ ကြိုးစားဖို့တော့ လိုပါတယ်။
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းအနေနဲ့က လုပ်ငန်းကိစ္စချည်းပဲမဟုတ်ဘဲ ကိုယ့်ဆီမှာရှိတဲ့ ပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ Architect တွေ၊ ကျွမ်းကျင်လုပ်သားတွေအတွက်ပါ Skill Training ၊ Vocational Training ၊ Training for Trainer (TOT) ၊ ILO ကပေးတဲ့ သင်တန်းတွေ၊ National Skill Standard Authority (NSSA) နဲ့ ချိတ်ဆက်ပြီးတော့ သင်တန်းတက်တာတွေစတဲ့ Skill Training ၁၄ မျိုးကို ကျွန်တော်တို့အသင်းအနေနဲ့ ကိုယ့်ရဲ့လုပ်သားတွေကို သင်တန်းပေးတာတွေ ပြုလုပ်နေပါတယ်။
AEC အတွက်ပြင်ဆင်ထားတာတွေ . . .
အခုဆိုရင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ပြီးခဲ့တဲ့ ဇွန်လမှာ အာဆီယံအဖွဲ့ဝင် ဖြစ်သွားပါပြီ။ နိုဝင်ဘာလ ၁၈ ရက်မှာ မြန်မာနိုင်ငံက အိမ်ရှင်အနေနဲ့ ASEAN Constructor Association ပွဲကို ကျင်းပမှာဖြစ်ပါတယ်။ AEC (ASEAN Economic Community) နဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
လက်ရှိမြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းအပေါ် ကိုယ်ပိုင်အမြင်နဲ့ သုံးသပ်ချက် . . .
နိုင်ငံတော်အစိုးရ အပြောင်းအလဲကာလဖြစ်တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ မူဝါဒကိစ္စတွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ရတာတွေ၊ ပြုပြင်ရတာတွေ၊ ပြန်လည်ဖွဲ့စည်းရတာတွေ ရှိပါတယ်။ ဒါကြောင့် လုပ်ငန်းနှောင့်နှေးကြန့်ကြာပြီး တချို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်မှုတွေမှာ ထိခိုက်နစ်နာမှုတွေ အနည်းနဲ့အများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ ကာလတိုအတွင်း အဆင်ပြေချောမွေ့သွားလိမ့်မယ်လို့ ယူဆပါတယ်။
အခုဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေတာဟာ နိုင်ငံရဲ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာဖို့ စတာတွေအတွက် အဓိကကျပါတယ်။
ဆောက်လုပ်ရေးဆိုင်ရာ မူဝါဒတွေချမှတ်ပြီးတဲ့အချိန်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတဲ့ အချိန်တို့ အချိန်ကိုက်ဖြစ်ပေါ်လာရင် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေလည်း တိုးတက်ဖွံ့ဖြိုးပြီးအောင်မြင်မှုတွေ ပိုမိုရရှိလာမှာဖြစ်ပါတယ်။ Infrastructure အတွက် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေဟာ အထူးအရေးပါတာမို့ နိုင်ငံရေးအခြေအနေ တည်ငြိမ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးဆိုတာတွေနဲ့အတူ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေရဲ့ အနေအထားဟာ တိုးတက်ဖွံ့ဖြိုးအောင်မြင်လာမယ်လို့ ယုံကြည်ပါတယ်။
ထက်ထက်