CSR လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးလုပ်ငန်းများအဖွဲ့ (MBC-CSR) ရုံးများဖွင့်လှစ်နိုင်ဖို့ Myanmar Business Coalition on Aid (MBCA) နဲ့ Myanmar Centre For Responsible Business (MCRB) တို့မှ သဘောတူလက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ UMFCCI မှာ ပြုလုပ်ခဲ့ပါတယ်။ MBCA နဲ့ MCRB တို့ဟာ MBC-CSR ရုံးများကို မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးများမှာရှိတဲ့ MBCA ရဲ့ ကွန်ရက်ရုံး ခုနစ်ရုံးမှာပဲ ဖွင့်လှစ်ထားမှာဖြစ်ကာ ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေးနဲ့ မြစ်ကြီးနားမြို့တွေမှာ ရုံးတွေဖွင့်လှစ်မယ့် ပမာဏ စီမံချက်အတွက် ပူးတွဲထောက်ပံ့သွားမှာ ဖြစ်တဲ့အပြင် ရန်ပုံငွေအပေါ်မူတည်ပြီး ရုံးတွေ ထပ်မံဖွင့်လှစ်သွားမှာလည်းဖြစ်ပါတယ်။ ဒီလို ရုံးတွေဖွင့်လှစ်ရတာဟာ ဒေသတွင်းကုမ္ပဏီများအနေနဲ့ CSR အလေ့အထတွေကို သိရှိလာစေဖို့နဲ့ လက်တွေ့ကျင့်သုံးနိုင်ဖို့ စွမ်းရည်မြှင့်တင်ပေးဖို့နဲ့၊ ရုံးများဖွင့်ပြီး CSR ကို ဆောင်ရွက်လျက်ရှိကြတဲ့ စီးပွားရေးလုပ်ငန်းများ အချင်းချင်း ဒေသတွင်း၊ နိုင်ငံတွင်းနဲ့ နိုင်ငံတကာအဆင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တာဟာ UN Global Compact ရဲ့ အခြေခံစည်းမျဉ်း ၁၀ ခုကို မြန်မာစီးပွားရေးလုပ်ငန်းတွေ ပိုမိုလိုက်နာကျင့်သုံးနိုင်ဖို့ အထောက်အကူပြုစေမှာဖြစ်သလို၊ ဒေသတွင်း UN Global Compact ကွန်ရက်တွေ ပေါ်ထွက်လာဖို့လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒီပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး MBCA ရဲ့ ဥက္ကဌ Mr. Martin Pun က ယခုလို ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံနဲ့အဝှမ်း CSR ကို နားလည်မှုရှိရေးကို အထောက်အကူပြုနိုင်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကို MBCA နှင့် UMFCCI တို့မှ ကတိကဝတ်ပြုထားသည့်အတိုင်း အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း အထောက်အကူပြုလိမ့်မှာဖြစ်ကြောင်း၊ ဒေသအတွင်း စီးပွားရေးလုပ်ငန်းများ ဦးဆောင်ပြီး ပူးပေါင်းလုပ်ဆောင်လျက်ရှိတဲ့ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်မှု နမူနာကိုယူပြီး CSR အလေ့အထများ နိုင်ငံတဝှမ်း အရှိန်အဟုန်နှင့် ပေါ်ထွန်းလာနိုင်မယ်လို့ ယုံကြည်ကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။ MCRB ရဲ့ ဒါရိုက်တာ Vicky Bowman က MCRB အနေနဲ့ ယခုလို မိတ်ဖက်ပြုဆောင်ရွက်မှုအတွက် ငွေကြေး၊ သင်တန်းနဲ့ နည်းပညာ ကျွမ်းကျင်မှု အထောက်အကူတို့ကို ပံ့ပိုးပေးရတဲ့အတွက် ဝမ်းသာကြောင်း၊ CSR ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး Multi-stakeholder dialogue တွေကို ရန်ကုန်မြို့အပြင် တခြား ဒေသတွေအထိ ပျံ့နှံ့ဖြစ်ပေါ်လာတာကို မြင်ချင်ကြောင်း၊ ရေရှည်တည်တံ့တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ စီးပွားရေးလုပ်ငန်းအချင်းချင်း၊ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အစိုးရများနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပေါ်ပေါက်လာဖို့ဆိုရင် ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများအနေနဲ့ CSR အလေ့အထများကို သိရှိနားလည်၊ လက်ခံ၊ ကျင့်သုံးဖို့ လိုအပ်ကြောင်း၊ အဲဒီအတွက် သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့လိုအပ်ကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။