စာတွေ့နဲ့ လက်တွေ့လုပ်ငန်းခွင်ကွာခြားမှုဟာ လုပ်ငန်းကဏ္ဍတိုင်းမှာ ကြုံတွေ့ရတဲ့အခက်အခဲဖြစ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်စီမံခန့်ခွဲမှုမှာ လူတွေကို စီမံခန့်ခွဲရတာဟာ အလွန်သိမ်မွေ့ပြီး အလွန်ခက်ခဲတဲ့ကိစ္စရပ်ဖြစ်တာကြောင့် စာတွေ့အခြေခံတွေ ရှိထားဖို့လိုအပ်သလို လက်တွေ့ကနေ စာတွေ့သီအိုရီတွေကို ပြန်လည် Modify လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျှော့လိုက်တဲ့အချိန် ပြည်ပကုမ္ပဏီကြီးတချို့ဝင်လာချိန်မှာ ပြည်ပက MBA ဘွဲ့ယူထားသူ Repat အနေနဲ့ ပြန်ဝင်လာတာတွေ့ရပါတယ်။ First Degree ကို တခြားအသက်မွေးဝမ်းကျောင်းဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ စသဖြင့် ရယူထားကြသူအားလုံးနီးပါးရဲ့ Second Choice က MBA ဖြစ်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံစီးပွားရေးတက္ကသိုလ်ရဲ့ ပထမဆုံးသော MBA သင်တန်းတွေကို ၂၀၀၂ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ သက်တမ်း ၁၅ နှစ်နီးပါးရှိလာချိန်မှာ မြန်မာ MBA ဘွဲ့ရယူခဲ့သူတွေရဲ့ လုပ်ငန်းခွင်စီမံခန့်ခွဲမှုတွေနဲ့ MBA ရယူစဉ်က သင်ယူခဲ့တဲ့ဘာသာရပ်တွေနဲ့ အထောက်အကူပြုမှုတွေအကြောင်း စကားဝိုင်းဖွဲ့ဆွေးနွေးခဲ့တာကို တင်ဆက်လိုက်ပါတယ်။
MBA မတက်ခင်က လုပ်ငန်းအတွေ့အကြုံတွေနဲ့အတူ တက်ပြီးတဲ့အခါ ရလာတဲ့လုပ်ငန်းခွင်က အကျိုးကျေးဇူးတွေကို စတင်ဆွေးနွေးလိုပါတယ်။
ဒေါ်ကေသီညွန့်
EMBA 1st Batch
Managing Director
Myanma Executive Network Co Ltd
DKTN - ကျွန်မက MBA စတက်နေတဲ့အချိန်တုန်းက MCC ကုမ္ပဏီမှာ ဝန်ထမ်းပါ။ အလုပ်လုပ်ရင်း MBA တက်တာက အကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ စာသင်လိုက်တာကို လုပ်ငန်းခွင်မှာပြန်ပြီး လက်တွေ့အသုံးချလို့ရတယ်။ MBA တက်တာက လုပ်ငန်းခွင်မှာ အကျိုးရှိပြီး အတွေးအခေါ်တွေကိုလည်း ပြောင်းလဲစေတယ်။ ကျွန်မ MBA မတက်ခင်ကတည်းက ကိုယ်ပိုင်အလုပ်လုပ်ဖို့ စိတ်ကူးရှိတော့ MBA ပြီးတဲ့အခါ ကျောင်းက Classmate တွေနဲ့ Partner လုပ်ပြီး Myanma Executive Network (MEN) ကို ထူထောင်ဖြစ်တယ်။
MBA က လုပ်ငန်းတစ်ခုကို ကြည့်တဲ့အခါမှာ အားလုံးကို ခြုံငုံပြီးကြည့်တတ်အောင် သင်ပေးတယ်။ MBA တက်လိုက်တော့ ကိုယ်က ဘယ်အရာကိုပဲဖြစ်ဖြစ် တစ်ခုတည်းကို ကွက်ကွက်ကလေးမကြည့်ဘဲ အရာအားလုံးကို ခြုံငုံပြီး ကြည့်တတ်လာတယ်။ ဈေးကွက်အနေအထား၊ အခြေခံကျတဲ့လုပ်ငန်းတစ်ခုရဲ့ ရှင်သန်မှု၊ Supply နဲ့ Demand ရဲ့ ဆက်စပ်မှု၊ စားသုံးသူရဲ့ အပြုအမူစတာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိမြင်လာတယ်။ ပြီးတော့လည်း Business လုပ်တဲ့အခါမှာရှိသင့်တဲ့ Ethics တို့၊ Team Work တို့ကို တစ်ခါတည်း ထည့်ပေးလိုက်တယ်။ ဒါကြောင့် ဒီကုမ္ပဏီအသစ်ကို တည်ထောင်တဲ့အခါမှာလည်း အခက်အခဲကြီးကြီးမားမား မရှိခဲ့ဘူး။ အခုဆိုရင် ကျွန်မတို့ Partner တွေ ပူးပေါင်းလုပ်ကိုင်တာ ဆယ်နှစ်ရှိပါပြီ။ တစ်ယောက်နဲ့တစ်ယောက် Team Work ပုံစံနဲ့သွားတယ်။
MBA က Business Leader တစ်ယောက်လို တွေးတတ်အောင် သင်ကြားပေးပါတယ်။ လိုအပ်တဲ့ Business Skill သာမက Soft Skill တွေဖြစ်တဲ့ Leadership ၊ Team Work ၊ Interpersonal အစရှိတဲ့ Future Business Leader တွေလိုအပ်တဲ့ Skill တွေကိုလည်း သင်ပေးတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါမှာ အများကြီး အထောက်အကူပြုပါတယ်။
လက်တွေ့ရလိုက်တဲ့ အကျိုးကျေးဇူးကတော့ MBA မတက်ခင်ကဆိုရင် ရှိသမျှအလုပ်ကို ကိုယ်ပဲလုပ်လိုက်ဖို့ အားသန်တယ်။ MBA တက်ပြီးတော့မှ ကိုယ့်ဝန်ထမ်းတွေကို Level အလိုက် Delegate လုပ်တယ်။ Empower ပိုပေးဖြစ်တယ်။ Time Management လည်း ပိုလုပ်တတ်လာတယ်။ အလုပ်တစ်ခုလုပ်ဖို့ရှိလာရင် ကိုယ်လုပ်မှပြီးမှာလားလို့ အရင်မေးပြီး လွှဲလို့ရတာတွေကို လက်အောက်ဝန်ထမ်းကို လွှဲပေးတယ်။ ကိုယ့်ရဲ့ အသိပညာတွေကိုလည်း ဝန်ထမ်းတွေကို လက်ဆင့်ကမ်းနိုင်ခဲ့တယ်။ ကိုယ့်လုပ်ငန်းခွင်အတွက်သာမက ဘဝအတွက်ပါ တိုးတက်မြင့်မားတဲ့ အတွေးအခေါ်တွေကို ရစေပါတယ်။
ဦးမင်းဦး
EMBA 2nd Batch
Finance Director
Micro Computer Co Ltd
UMO - ကျွန်တော်က ငယ်ငယ်ကတည်းက အစ်ကိုရဲ့ဆေးဆိုင်မှာ ကူလုပ်ခဲ့ရတယ်။ ဆယ်တန်းအောင်တော့ ဝါသနာပါတဲ့ ကွန်ပျူတာတက္ကသိုလ်တက်ခဲ့တယ်။ ဘွဲ့ရတဲ့အခါမှာလည်း သူငယ်ချင်း ၁၅ ယောက် ပေါင်းပြီးတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ဆိုင်လေးတစ်ဆိုင် ဖွင့်လိုက်ကြတယ်။ သင်တန်းလည်းပေးတယ်။ ကွန်ပျူတာလည်း ရောင်းတယ်။ Service လည်းပြင်တယ်။ Software လည်းရေးတယ်။ အဲဒီတုန်းက အုပ်စုကလည်းတောင့်တော့ ကိုယ်အားသန်ရာအလိုက်လုပ်ကြတယ်။ ကျွန်တော်က ကွန်ပျူတာအရောင်းပိုင်း၊ Software ပြင်တဲ့အပိုင်းနဲ့ သင်တန်းမှာလည်း ဝင်သင်တယ်။ နောက်ပိုင်းမှာတော့ Mirco Computer ကို Partner သုံးယောက်နဲ့ ၁၉၉၈ ခုနှစ်မှာ တည်ထောင်ဖြစ်ခဲ့ပြီး Computer Sale & Services ကိုပဲ ဆက်လုပ်ဖြစ်ခဲ့ပါတယ်။
အလုပ်လုပ်ရင်းနဲ့ပဲ MBA ဆိုတာကို စိတ်ဝင်စားခဲ့တယ်။ အလုပ်ချိန်နဲ့ အဆင်ပြေတဲ့ EMBA ကို တက်ဖြစ်ခဲ့တယ်။ အကျိုးကျေးဇူးတွေဆိုရင် ကိုယ့်ထက် အသက်အရွယ်ကြီးပြီး၊ ရာထူးရှိတဲ့သူတွေနဲ့ တစ်တန်းတည်းမှာ သင်ခဲ့ရတယ်။ Business Network တွေ ရခဲ့တယ်။ ကိုယ့်ရဲ့ Exposure တွေ ပိုကောင်းလာတယ်။ ကိုယ့်ထက် အတွေ့အကြုံရှိသူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြကြတယ်။ ဒါတွေက ပိုက်ဆံနဲ့ ပေးဝယ်လို့မရတဲ့ အရာတွေ ဖြစ်တယ်။
နောက်ပြီး MBA တက်ဖို့ အချိန်ယူခဲ့ရတာက Operational Level ကနေထွက်နိုင်အောင် ရုန်းကန်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလို့ပြောချင်တယ်။ လုပ်ငန်းခွင်မှာ အရင်တုန်းက ကိုယ်တိုင်လုပ်နေတဲ့ကိစ္စရပ်တွေကို ဝန်ထမ်းတွေကို Empowerment တွေပေးပြီး လုပ်ခိုင်းတယ်။ ကိုယ်က Oversee ကြည့်တတ်လာတယ်။
MBA က သင်လိုက်တဲ့ ဘာသာရပ်တွေ၊ အတွေ့အကြုံတွေ၊ Community Network ကြီးတွေက အင်မတန် တန်ဖိုးရှိတယ်။ ကျွန်တော်က ကွန်ပျူတာပညာရှင်အသင်းမှာလည်း ပါဝင်တဲ့အတွက် အသင်းအဖွဲ့တွေမှာဆိုရင်လည်း MBA ကသင်လိုက်တဲ့ ဘာသာရပ်တွေပေါ်မှာ အခြေခံပြီး ကိုယ့်အသင်းအဖွဲ့ရေရှည်ရပ်တည်နိုင်အောင်၊ အသင်းရဲ့လုပ်ငန်းတွေကို အောင်မြင်အောင် လိုအပ်တဲ့ Plan တွေ လုပ်နိုင်ပါတယ်။
ဦးသက်လွင်တိုး
EMBA 2nd Batch
Managing Director
Myanmar Voyages International Tourism Co Ltd
UTLT - ကျွန်တော်က လွှတ်တော်ရုံးမှာ ဝန်ထမ်းလုပ်ခဲ့ဖူးတယ်။ အဲဒီနောက် အရေးအခင်းဖြစ်ပြီး အလုပ်နားတဲ့အထဲ ပါသွားတယ်။ စစ်အစိုးရတက်လာတဲ့အချိန်မှာ နိုင်ငံခြားသွားဖို့ အခွင့်အလမ်းတွေရှိလာတယ်။ ဒါပေမဲ့ ကျွန်တော် သူများနိုင်ငံမှာ စက်ရုပ်လိုတော့ မလုပ်ချင်ဘူး။ မြန်မာနိုင်ငံမှာပဲ အလုပ်လုပ်ချင်တယ်။ အဲဒါနဲ့ ၁၉၉၀ ပြည့်နှစ်မှာ MCC မှာ Secretary Course ကို တက်လိုက်တယ်။ ကျွန်တော်တို့ Job Training တစ်လဆင်းပြီး အလုပ်လုပ်တယ်။ အဲဒီမှာ ကျွန်တော့်ကို Local Market Survey လုပ်ခိုင်းတော့ ရုံးက သိမ်ဖြူလမ်းမှာရှိတော့ အနီးအနားက သိမ်ဖြူဈေးကိုပဲ သွားလေ့လာခဲ့တယ်။ ညနေမှာ Report တွေ တင်ကြတော့ ကောင်းကောင်း အဆူခံခဲ့ရတယ်။
ပြီးတဲ့နောက် ရေနံကုမ္ပဏီတစ်ခုမှာ ဝင်လုပ်ရင်း Service ဆိုတာကို နားလည်လာတယ်။ ပြီးတဲ့အခါ ထိုင်းနိုင်ငံက Stamford University မှာ DBA သွားတက်ဖြစ်ခဲ့တယ်။
၁၉၉၁ ခုနှစ်မှာ Tourism ပိုင်းကို စလေ့လာခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာတော့ Bon Voyage ဆိုတဲ့ Tourism Company ကို Partner ဆယ်ယောက်နဲ့ စထူထောင်ခဲ့တယ်။ ပြီးတဲ့နောက်မှာတော့ ကျွန်တော် ခွဲထွက်လိုက်ပြီး Cruise Market ကိုပဲယူခဲ့တယ်။ Cruise Market ကို အခြေခံပြီး Myanmar Voyages International Co Ltd ကို တည်ထောင်လိုက်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၄ ခုနှစ်အတွင်း မိသားစုပုံစံနဲ့ ဝိုင်းလုပ်ဝိုင်းစား လုပ်ခဲ့တယ်။ အဲဒီလိုလုပ်တာက SME အတွက်ကောင်းပေမယ့် ကိုယ်က နိုင်ငံတကာအဆင့် လုပ်ချင်ရင်တော့ မဖြစ်သင့်တော့ဘူး။ Organization Structure က သီအိုရီတွေရှိပေမယ့် မြန်မာပြည်မှာက သီအိုရီနဲ့ ပြောင်းပြန်တွေ ရှိတယ်။ Tourism က ပိုဆိုးတယ်။ ဘာလို့လဲဆိုတော့ Tourism က Sensitive Business ဖြစ်တယ်။ နောက်တစ်ခါ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်။ ငွေကြေးတွေရဲ့ Federation တွေနဲ့လည်း ဆိုင်တယ်။ မြန်မာပြည်မှာက Infrastructure မပြည့်စုံတဲ့အတွက် အခက်အခဲတွေ ရှိခဲ့တယ်။ ခုနောက်ပိုင်း Tourism လုပ်လာတဲ့ New Generation တွေ တအားကံကောင်းပါတယ်။ အခုဆိုရင် Infrastructure တွေလည်း တအားကောင်းလာပြီ။ ကျွန်တော်တို့က မပြည်စုံတဲ့အခြေအနေမှာ လုပ်ရတော့ Mass Tourism ကို သွားလို့ မရခဲ့ဘူး။ တကယ်တမ်းပြောရရင် Policy တွေက အမျိုးမျိုးပြောင်းနေတဲ့အတွက် ကျွန်တော်တို့က Long-term Plan နဲ့လုပ်လို့ မရခဲ့ဘူး။
၂၀၀၃ ခုနှစ်မှာ Enterpreneur Course ကို ပညာရေးတက္ကသိုလ်ထဲမှာ တစ်လသွားတက်ခဲ့တယ်။ နောက်ပိုင်း အရှိန်ရသွားပြီး MBA ဆက်တက်ဖို့ လုပ်တဲ့အခါ EMBA Second Batch မှာဝင်ခွင့်ရတယ်။ MBA မှာက ပထမဆုံး General Management ကို စတက်ရတယ်။ ဆရာကောင်းတွေနဲ့ သင်ခဲ့ရတယ်။ အခုကျွန်တော့် Organization ကို Change Management လုပ်တဲ့အခါ Office Floor Management တွေကနေစပြီး စီစဉ်ရတယ်။ HR ပိုင်းမှာဆိုရင်လည်း Flat Management Style ကိုပဲသွားရတယ်။ ကျွန်တော်တို့ Tourism မှာက Raw Labour ခန့်လို့ မရဘူး။ အားလုံးက ဘွဲ့ရပညာတတ်ထက် Professional ဘာသာရပ်ကို အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေပဲ ခန့်ရတယ်။ အဲဒီအခါမှာ ကျွန်တော်တို့က လူကိုမွေးရတော့မယ်။ အရင်တုန်းက ခက်တာက ကျွန်တော်တို့ဆီမှာ Tourism ဘာသာရပ်ကို တိတိကျကျ သင်တဲ့ကျောင်းတွေ မရှိသေးဘူး။ Guide သင်တန်းတက်ထားတဲ့ Tourism အကြောင်း အနည်းအကျဉ်း နားလည်တဲ့သူတွေကိုလည်း မွေးရတယ်။အခုကတော့ တော်တော်များများကျောင်းတွေလည်း ရှိလာပြီ။ အခုဆိုရင် BA (Tourism) လည်း ရှိလာပြီဆိုတော့ နောက်ပိုင်းတော့ ကျွမ်းကျင်ဝန်ထမ်း ပိုများလာမှာပေါ့။ အဲဒီလိုနဲ့ Flat Management Structure တွေကို ပြန်ဆွဲရတယ်။ MBA တက်လိုက်တဲ့အတွက် Management Structure တွေ၊ Financial Planning တွေ၊ Focus လုပ်တာတွေ၊ Business Model တွေကို သိလာတယ်။ နောက်ပိုင်းတော့ အများကြီးတိုးတက်လာပါပြီ။
ဒေါ်တင်မမစိုး
EMBA 4th Batch
HR Consultant cum MD
Billion Force Services Co Ltd
DTMMSoe - ကျွန်မအနေနဲ့ ကျောင်းပြီးကတည်းက HR Manager တောက်လျှောက်လုပ်လာတယ်။ MBA တက်ချင်တဲ့အခါ Day တက်ဖို့ကျတော့ အဆင်မပြေဘူး။ နောက် EMBA ဖွင့်တော့လည်း တက်ချင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်က ကျွန်မက City Mart မှာ HR Manager အဖြစ် Branch ခြောက်ခုကို ကိုင်နေရတယ်။ အလုပ်တွေတအားများတော့ နှစ်ပတ်တစ်ခါလောက်ပဲ နားရက်ရတယ်။ အဲဒီလိုဆိုတော့ ဒါမဟုတ်သေးဘူး။ ငါ့မှာ Learning အားနည်းနေပြီ။ Operation ပိုင်းကတော့ ကောင်းတယ်။ Learning အနေနဲ့ Input များများထည့်မှ Output ကလည်း ကြာရင်ကောင်းလာမယ်ဆိုပြီး တွေးမိတယ်။ နောက် City Mart ကနေထွက်ပြီး United Machinery Group(UMG) ကို ပြောင်းလိုက်တယ်။ အဲဒီမှာက Academic ပိုင်းကို အားပေးတယ်။ Learning တအားလုပ်ရတယ်။ ကိုယ့်ရဲ့ Daily အလုပ်တွေတင်မကဘဲ လေးလတစ်ခါ Key Performance Indicator (KPI) တွေကို အမြဲတမ်းတင်ပေးရတယ်။ ကျွန်မ UMG ကို အဓိကပြောင်းလိုက်ရတဲ့ အကြောင်းကတော့ သူက စနေနေ့ကို နေ့တစ်ဝက်တက်ရပြီး ရုံးချိန်က ငါးနာရီဆင်းရတာဖြစ်တဲ့အတွက် EMBA တက်လို့ အဆင်ပြေတာနဲ့ ပြောင်းခဲ့တာဖြစ်တယ်။ EMBA တက်ရင်း UMG မှာ သုံးနှစ်ခွဲကြာ လုပ်ခဲ့တယ်။ UMG မှာက Creation တွေ အများကြီးလုပ်ရတယ်။ ပံ့ပိုးမှုတွေလည်း ပေးတယ်။ UMG ရဲ့ပထမဆုံး HR Manager အဖြစ် လုပ်ခဲ့တယ်။ ကျောင်းမှာလည်း Change Management တွေသင်ရတဲ့အတွက် UMG ကို အများကြီး Change လုပ်ပေးနိုင်ခဲ့တယ်။ အဲဒီမှာ HR Strategy တွေချခဲ့တယ်။ HR Practices တွေချခဲ့တယ်။ အဲဒီအတွက်လည်း Full Authority ရခဲ့တယ်။ Background အများကြီးပေးတယ်။ ချမှတ်ထားတဲ့စနစ်တွေအတိုင်း တဖြည်းဖြည်း လိုက်နာပေးကြတယ်။ အဲဒီမှာ အလုပ်တွေအောင်မြင်ခဲ့ပါတယ်။
ကျွန်မ MBA ပြီးခါနီးမှာ ခါးဒဏ်ရာ မတော်တဆဖြစ်လို့ UMG ကနေ ထွက်ခဲ့တယ်။ MBA ပြီးတော့ ကျွန်မက Consultant တန်းလုပ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ UMG ကထွက်တော့ တခြားကုမ္ပဏီတွေကလည်း ခေါ်ကြတယ်။ ကုမ္ပဏီက ငါးခုလောက် ဖြစ်နေတော့ HR Consultant လုပ်ဖြစ်ခဲ့တယ်။ ကျွန်မက အလုပ်ထွက်ပြီး ခါးဒဏ်ရာသက်သာတဲ့ နှစ်လလောက်အကြာမှာ Consultant စလုပ်ဖြစ်တယ်။ ကံကောင်းတယ်လို့ ပြောလို့ရတယ်။Top 10 ဝင်ကုမ္ပဏီတွေ အလုပ်အပ်တာခံရတယ်။ ကျွန်မရဲ့ အဓိကက Change Management ပါ။ အဖွဲ့အစည်းတွေမှာရှိနေတဲ့မူဟောင်း၊ စနစ်ဟောင်းတွေမှာ အားနည်းနေတာတွေကို ဆွဲထုတ်ရတယ်။ အဲဒီနေရာမှာ စနစ်သစ်တွေ ဖြည့်ရတယ်။ MBA က သင်ပေးလိုက်တဲ့အထဲမှာ Change Management နဲ့ Organizational Design and Development ဘာသာရပ်ကို အသုံးချတာ ပိုများတယ်။ နောက် Consumer Behavior ကိုကျတော့ Organizational Behavior နဲ့ နွှယ်ပြီးကြည့်တယ်။ Consumer Behavior ကို သင်ခဲ့ရတဲ့အတွက် Client ဘက်ကနေ ဝင်ပြီးစဉ်းစားတတ်သွားတယ်။ အဲဒါကြောင့် OB ကို ဆက်လေ့လာတယ်။ သူတို့ရဲ့ Culture ၊ Nature တွေပေါ်မှာ မူတည်ပြီးတော့မှ HR Set Up တွေ၊ HR Restructuring တွေ၊ HR Reengineering တွေကို Set လုပ်ပေးတယ်။ ကုမ္ပဏီတွေက အဲဒါနဲ့နွှယ်ပြီး Training တွေ ထပ်အပ်ကြတယ်။ Training Topic ပေါင်း ၃၀ ကျော်မှာ Level 1-2-3 ခွဲထားလိုက်တယ်။ တစ်ဆက်တည်း Organizational Development (OD) တွေကို ဆက်လုပ်ရတယ်။ တောက်လျှောက်က HR နဲ့ ဆက်နွှယ်နေတယ်။ ဒါတွေအားလုံးလုပ်နိုင်တာက အရှေ့မှာ HR Manager လုပ်သက် ၁၂ နှစ် ရှိခဲ့တဲ့ အပေါ်မှာ MBA မှာ လေ့လာသင်ယူခဲ့ရတာတွေ ပေါင်းစပ်လိုက်နိုင်လို့ပဲ ဖြစ်တယ်။
အရင်တုန်းက HR Restructuring တွေကို ပိုလုပ်ရတယ်။ အခု ပွင့်လင်းလာတဲ့နောက်ပိုင်းမှာ HR Restructuring က တစ်ဝက်၊ HR Set Up က တစ်ဝက် ဖြစ်လာတယ်။ အရှေ့ကို ပိုမြင်တတ်လာတယ်။ အဲဒီလို အမြင်တွေရှိလာဖို့ Management နဲ့ အလုပ်လုပ်မယ့်သူတွေကို MBA တက်စေချင်တယ်။ MBA တက်တဲ့အတွက် Management နဲ့ ဆက်နွှယ်နေတဲ့ Function တွေကို နားလည်လာတယ်။ အတွေ့အကြုံတွေ အပြန်အလှန် Interact လုပ်၊ Sharing လုပ်နိုင်တယ်။ ခေတ်နဲ့အညီ တွေးခေါ်တတ်လာမယ်။ တချို့နေရာတွေမှာဆို MBA တက်စရာမလိုပါဘူး။ HR က အရေးမပါဘူး။ HR က ဝန်ထမ်းခန့်တယ်။ Attendance မှတ်မယ်။ စည်းကမ်းထိန်းမယ်။ Training လုပ်ရင် စီစဉ်ပေးမယ်။ ဒါလောက်ပဲသိတယ်။ HR မှာပါတဲ့ Function တွေ အကုန်မသိဘူး။ အဲဒီ Function တွေကို ဘယ်လို Strategy နဲ့သွားပြီး ဘယ်လိုလူမျိုးခန့်ရမလဲမသိဘူး။ ထိုနည်းတူပဲ Business Ethics တို့၊ Marketing တို့လို အခြားကဏ္ဍတွေကိုလည်း မသိဘူး။ ကိုယ့်ရဲ့ဝန်ထမ်းက သူ့ Function အလိုက် အခြေခံ Terms တွေနဲ့ပြောရင်တောင် နားမလည်ဘူး။ ဒါတွေအားလုံးက MBA မှာ စာကောင်းကောင်းလေ့လာခဲ့ရင် ပြေလည်သွားမှာလေ။
MBA ဘာသာရပ်တွေအထဲက ကိုယ့်လုပ်ငန်းအတွက် လက်တွေ့အသုံးဝင်တဲ့ ဘာသာရပ်နဲ့ ဘယ်လိုအသုံးဝင်တယ်ဆိုတာကို ဆက်ပြီး ဆွေးနွေးပေးပါဦး။
DKTN - ကျွန်မက Bachelor of Commerce နဲ့ First Degree ရခဲ့တယ်။ MBA တက်တဲ့အခါ Managerial Accounting နဲ့ Financial Management ကို ပိုပြီးတော့ ကွဲကွဲပြားပြား သိသွားတယ်။ ဘယ်အချိန်မှာ Managerial Accounting လိုပြီးတော့ ဘယ်အချိန်မှာ Financial Accounting က ပိုပြီးတော့ အရေးကြီးတယ်ဆိုတဲ့ Basic တွေကအစ ပိုပြီးတော့သိလာတယ်။ Managerial Accounting ကတော့ နေ့စဉ်လုပ်ငန်းထဲက Accounting ပိုင်းတွေကို Management ကို ပေးရတာပေါ့။ Product တစ်ခုထုတ်မယ်၊ ရောင်းမယ်ဆိုရင် Cost နဲ့ Benefit ကို ကြည့်ပြီး Management က ဘာဆက်လုပ်ရမယ်ဆိုတာကို Decision ချနိုင်ဖို့အတွက် Management Report တွေကို ထုတ်ပေးတာမျိုးပေါ့။ လုပ်ငန်းရဲ့ လတ်တလောအခြေအနေကို ချက်ချင်းသိနိုင်ပါတယ်။ ဝင်ငွေ၊ ထွက်ငွေ ချိန်တာမျိုးဆိုရင် Managerial Accounting ကို သုံးတာပေါ့။
Financial Accounting ကကျတော့ တစ်နှစ်စာ Financial Year ပိတ်လို့ရှိရင်ဆွဲတဲ့ Accounting ပေါ့။ Loan တွေယူမယ်ဆိုရင် Financial Accounting ကို ကြည့်တာပေါ့။ နောက်ပြီး ကိုယ့်ရဲ့ Business က အနာဂတ်မှာ ဘာတွေလုပ်မှာလဲ။ ကိုယ့်ရဲ့ Finance ကတောင့်လား၊ မတောင့်ဘူးလား ဆိုတာကိုကြည့်နိုင်ပြီး၊ အရင်နှစ် Data ကို အခြေခံပြီး ကိုယ့်လုပ်ငန်းတစ်ခုလုံးရဲ့အခြေအနေကို သုံးသပ်ပေးနိုင်တာက Financial Accounting ပဲ။
ကျွန်မက ကျွန်မရဲ့ မိသားစုစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ရေသန့်ဘူးခွံထုတ်လုပ်တဲ့လုပ်ငန်းမှာ Financial ပိုင်းနဲ့ Marketing ပိုင်းကို တာဝန်ယူပေးပါတယ်။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုတာ ဘက်ပေါင်းစုံက ကောင်းဖို့လိုပါတယ်။ ဒီထဲမှာမှ Finance ကို သေချာကိုင်ပေးနိုင်တဲ့သူက အခရာပဲ။ Marketing ဆိုရင်လည်း အသုံးစရိတ်က ဘယ်လောက်သုံးပြီး Sales ဘယ်လောက်ပြန်ဝင်တယ်ဆိုတာကို Finance က သေချာတွက်ချက်ပြီး Information တွေကို မပြတ်ပေးနေဖို့လိုတယ်။ Return on Investment ကို မျက်ခြည်မပြတ်ဖို့ အရေးကြီးတယ်။
UMO - သင်ခဲ့ရတဲ့ ဘာသာရပ်အစုံကို လက်တွေ့သုံးဖြစ်ပါတယ်။ လုပ်ငန်းလုပ်ရင်းနဲ့ Project ပုံစံနဲ့ Run တဲ့အခါ Project Management ကို သုံးဖြစ်ပါတယ်။ Change Management ဆိုလို့ရှိရင်လည်း Organization တစ်ခုကို ဝင်တဲ့အခါမှာ Reengeneering ပြန်လုပ်တာဖြစ်ဖြစ်၊ အပြောင်းအလဲ လုပ်တာပဲဖြစ်ဖြစ် Resistance တွေရှိတဲ့အခါ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာတွေ သင်ခဲ့ရတယ်။ Communication ဆိုရင်လည်း Network တွေ တည်ဆောက်ရမယ့်နည်းလမ်းတွေကို သိလာခဲ့ပါတယ်။
DTMMS - ရှေ့မှာဆွေးနွေးခဲ့သလိုပဲ MBA တက်တဲ့အတွက် ကျွန်မအတွက်အများဆုံး အသုံးပြုဖြစ်တာကတော့ Change Management ပါပဲ။
MBA တက်ပြီးတဲ့နောက် ဘယ်လို Network မျိုးတွေ ဖွဲ့စည်းဖြစ်ခဲ့ပါသလဲ။
UMO - ကျွန်တော် MBA တက်နေဆဲမှာတောင် စိတ်ထဲမှာ ဘယ်လိုတွေးဖြစ်လဲဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ဘာကြောင့် ဆင်းရဲတာလဲ။ ရိုးရိုးလေးတွေးရရင် စီးပွားရေးလုပ်တတ်တဲ့သူ နည်းနေလို့ပဲ။ အိမ်တစ်အိမ်မှာ စီးပွားရေးလုပ်တတ်တဲ့ သူများနေရင် အဲဒီအိမ်က ချမ်းသာလာမှာပဲ။ ဒါကြောင့် စီးပွားရေးဆိုင်ရာ အသိပညာတွေကို မျှဝေပေးနိုင်ဖို့ ကျောင်းပြီးတဲ့အချိန်မှာ MBA First Batch နဲ့ Second Batch စုပေါင်းပြီး Myanmar Business Executives Association ကို ဖွဲ့စည်းဖြစ်ခဲ့တယ်။ ဒါက ဆရာမကြီး ဒေါက်တာ ဒေါ်နုနုယဉ်က Knowledge Knight Book Club လိုမျိုး ကျောင်းပြီးရင်တောင် အမြဲတမ်းစုစည်းလို့ ရမယ့်အဖွဲ့မျိုးလုပ်ဖို့ အကြံပေးတာနဲ့ လုပ်ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့က နေရာတစ်နေရာလေးကနေ Society ကို ပြန်ပြီး Share လုပ်ပေးချင်တယ်။ အပြည့်အဝမဟုတ်ပေမဲ့ Contribute ပြန်လုပ်ချင်တဲ့ ခံယူချက်တွေရှိတယ်။ အခုဆိုရင်တော့ အသင်းတစ်ခုအနေနဲ့ ရပ်တည်နေတယ်။ သင်တန်းကျောင်းတွေလည်း ဖွင့်ထားတာရှိတယ်။
DKTN - ကျွန်မကတော့ MBA တက်ရင်း၊ စာစုကျက်ကြရင်းနဲ့ အရှေ့မှာပြောခဲ့သလိုပဲ ကျွန်မနဲ့အတူတူ စာဖတ်ကြတဲ့ Group နဲ့ Partner တွေ လုပ်ဖြစ်ခဲ့ပြီး ကုမ္ပဏီထောင်ဖြစ်ခဲ့တယ်။ စာအတူတူလုပ်ကြရင်းနဲ့ သူ့အကြောင်း၊ ကိုယ့်အကြောင်း၊ ကိုယ့်အမြင်၊ သူ့အမြင်ကိုသိခွင့်ရခဲ့ပြီး ကိုယ်နဲ့ရေရှည်လက်တွဲနိုင်မလား ဆိုတာကို လေ့လာနိုင်ခဲ့တယ်။ ဒါက MBA ကနေ လက်တွေ့ရခဲ့တဲ့ Network ကောင်းတစ်ခုပါပဲ။
Partner တွေက MBA တက်ရင်းတွေ့ကြပြီး MEN ကို ထူထောင်ဖြစ်ကြတယ်။ ဒီတော့ Partner တွေကြားက Team Work တည်ဆောက်ပုံတွေ၊ ဝန်ထမ်းတွေကြားမှာ Team Work တည်ဆောက်ပုံတွေအကြောင်းကို သင်ခဲ့ရတဲ့သီအိုရီတွေနဲ့ ချိန်ထိုးပြီး ဆွေးနွေးပေးပါ။
DKTN - MBA မတက်ခင် ဝန်ထမ်းလုပ်တုန်းကဆိုရင် ကိုယ့်ဌာနအလိုက် အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်တယ်။ ကိုယ့်အလုပ်ပြီးအောင် ဦးစားပေးလုပ်တာပေါ့။ နောက်တော့မှ အလုပ်ဆိုတာ ကိုယ့်ဌာန တစ်ခုတည်းနဲ့ မပြီးဘူး။ အကုန်လုံး ပါဝင်မှ၊ Team Work ကောင်းမှ အောင်မြင်မယ်ဆိုတာကို သိလာတယ်။
ကျွန်မအခု MEN မှာဆိုရင်တော့ BOD သုံးယောက်လုံးဆွေးနွေးပြီးမှ Decision ချတယ်။ ကိုယ်တာဝန်ယူထားတဲ့အပိုင်းမှာ အခက်အခဲရှိရင်လည်း အကုန်ဝိုင်းပြီးစဉ်းစားပေးတယ်။ ဒီတော့ Team Work အရေးကြီးတယ်ဆိုတာကို စာနဲ့ရော၊ လက်တွေ့မှာပါ လက်ခံလာပါတယ်။ Team Work ရှိဖို့ဆိုတာ Trust လိုပါတယ်။ လုပ်နေတဲ့အလုပ်ကိုလည်း လေးစားမှုရှိရမယ်။ တစ်ယောက်နဲ့တစ်ယောက် Harmony ဖြစ်ရမယ်။ ဥပမာပြောရရင် သီချင်းကောင်းတစ်ပုဒ်လိုပဲ။ သီချင်းရေးဆရာရော၊ တီးခတ်သူရော၊ အဆိုတော်ရော စသဖြင့် အကုန်လုံးကောင်းမှ သီချင်းကောင်းရတာပါ။ ဒါကြောင့် ကျွန်မတို့ဆီမှာ တစ်ဦးတစ်ယောက်တည်း ကောင်းလို့မရဘဲ အားလုံးကောင်းမှ အကောင်းဆုံးဖြစ်မယ်ဆိုတာကို ခံယူကြတယ်။ ညှိညှိနှိုင်းနှိုင်းလုပ်တာ များတယ်။ တစ်ယောက်ကနေပြီးတော့ လုပ်ငန်းတစ်ခုက ဘယ်လောက်ပဲအကျိုးအမြတ်ရှိနေပါစေ၊ နောက်တစ်ယောက်က စိတ်ထဲမှာ သဘောမတွေ့ဘူးဆိုရင် မလုပ်ကြဘူး။ Reasonable မကျတာဆိုရင်လည်း သေချာဆွေးနွေးပြီး သူ့အမြင်၊ ကိုယ့်အမြင်ကို ဆွေးနွေးကြတယ်။ Compromise လုပ်ကြတာများတယ်။ ဒါတွေကြောင့် Team Work ကောင်းတယ်လို့ မြင်ပါတယ်။
နောက်တစ်ခုဖြစ်တတ်တာက ဌာနတွေကွဲရင် ဌာနတွေအောက်က ဝန်ထမ်းတွေပါ ကွဲတတ်ကြတယ်။ ကျွန်မက Finance နဲ့ Admin ကိုကိုင်တယ်။ Director တစ်ယောက်က Marketing ကို ကိုင်တယ်။ နောက်တစ်ယောက်ကတော့ Business Development ကို ကိုင်ပါတယ်။ ဒီတော့ ဌာနအလိုက် တပည့်ရင်းတွေ ရှိကြတယ်။ ကိုယ့်ဌာနရဲ့ Norms တွေနဲ့ လုပ်ကြတာတွေရှိတယ်။ ဒါတွေကို Big Issue မဖြစ်အောင် ထိန်းတယ်။ ကိုယ်တွေကိုယ်တိုင်ကလည်း စံပြဖြစ်အောင် ထိန်းရတယ်။ ကျွန်မတို့ကုမ္ပဏီက Annual Trip အမြဲတမ်းထွက်တယ်။ တစ်နိုင်ငံလုံးက ဝန်ထမ်းတွေကိုစုပြီး Corporate Training ပေးတာမျိုးတွေ လုပ်တယ်။ ဝန်ထမ်းတွေက အပြိုင်အဆိုင်မရှိရင်လည်း မတိုးတက်ဘူး။ တအားကြီး ပြိုင်တာမျိုးလည်း မဖြစ်ရဘူး။ ဒီနှစ်ခုကို သဟဇာတဖြစ်အောင် လုပ်ပေးရပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ဝန်ထမ်းဘဝကနေ လုပ်ငန်းရှင်ဖြစ်လာတော့ ကိုယ်ချင်းစာတတ်တယ်။ ဘယ်လိုလုပ်လိုက်ရင် ဝန်ထမ်းရဲ့ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာကို နားလည်ပါတယ်။
MBA တက်သင့်တဲ့အရွယ်၊ အတွေ့အကြုံ၊ လိုအပ်တဲ့ Professional အရည်အချင်း၊ မတက်ခင်မှာ လေ့လာထားသင့်တာတွေနဲ့ တက်ရင်းနဲ့ကော ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နိုင်ပြီး ဒါတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတာကို ဆွေးနွေးပေးပါ။
UTLT - အဓိကက Language ပိုင်းကိုတော့ ကြိုတင်ပြင်ဆင်ထားသင့်တယ်။ ကျွန်တော်ဆိုရင် Maths အားနည်းတော့ Account တွေဆိုရင် မနည်းလိုက်ယူရတယ်။ ဒီမှာကတော့ General MBA လို့ ပြောလို့ရတယ်။ အခြေခံစီမံခန့်ခွဲတာတွေကိုတော့ First Year မှာ သင်ရမှာပါ။ ကျူရှင်လည်းရှိတာ မဟုတ်တော့ ကိုယ့်ဘာသာ စာစုကျက်ကြတာပဲရှိတာ။ အခုကလေးတွေကတော့ ကျောင်းပြီးတာနဲ့ တန်းတက်ကြတယ်။ အလုပ်လုပ်ဖို့ စိတ်မဝင်စားကြဘူး။ Experience မလိုချင်ကြဘူး။ ဒါကြောင့် ကိုယ့်အတွက် အတွေ့အကြုံကောင်းတွေရမယ့် အဖွဲ့အစည်းတစ်ခုခုမှာ Experience ယူပြီးမှ MBA ကို တက်စေချင်တယ်။
DTMMS - ကျောင်းကတော့ လျှောက်ခွင့်ရှိတဲ့သူတွေရဲ့ အရည်အချင်းကို သတ်မှတ်ထားတာရှိတယ်။ EMBA ဝင်ခွင့်အတွက် Executive လုပ်သက် အနည်းဆုံး ရှစ်နှစ်နဲ့ အသက် ၃၀ ပြည့်ရမယ်။ ပြီးတော့ ရေးဖြေနဲ့ Viber အောင်ရမယ်ပေါ့။ အဲဒီအတွက် EMBA တက်မယ့်သူတွေအတွက် အထူးပြောစရာမရှိပါဘူး။ Day MBA တက်မယ့်သူတွေကိုတော့ အကြံပြုချင်တယ်။ ဝင်ခွင့်က ရာထူးကြီးကြီး ငယ်ငယ်၊ ဘယ်လုပ်သက်ပဲဖြစ်ဖြစ် နှစ်နှစ်ရှိရင် တက်လို့ရပေမဲ့ အခြခံစီမံခန့်ခွဲမှုပါတဲ့ လုပ်သက်ရှိပြီးမှတက်ရင် MBA စာတွေက ပိုအရသာရှိပါတယ်။ သင်ယူနေစဉ်မှာတင် ကိုယ့်ရဲ့အတွေ့အကြုံတွေကို ပြန်သုံးသပ်လို့ရပါတယ်။
MBA တက်နေဆဲ ကျောင်းသား၊ ကျောင်းသူတွေကတော့ တက်နေစဉ် အခြားစီးပွားရေး၊ လူမှုရေး ကိစ္စတွေရှိလို့ ကျောင်းစာတစ်ဖက်နဲ့ ပင်ပန်းပေမယ့် တတ်နိုင်သလောက် ကျောင်းမှန်အောင်၊ ကျောင်းချိန်မီအောင် တက်ပြီး မိုးရွာတုန်းရေခံဆိုသလို တက်ခွင့်ရတုန်း သေချာနားလည်အောင် လုပ်သွားစေချင်ပါတယ်။ ကျောင်းပြီးသွားမှ ဒီစာတွေလိုချင်လို့ ကိုယ့်ဘာသာကိုယ် ဖတ်ဖြစ်ဖို့ လက်တွေ့မှာ မလွယ်ပါဘူး။ Academic လိုင်းနဲ့ အသက်မွေးတဲ့သူတွေကတော့ အထိုက်အလျောက် ဖတ်ဖြစ်တာမျိုးတော့ ရှိနိုင်ပါတယ်။ နောက်ပြီး ကိုယ်သိသလောက်ကို အတန်းထဲမှာ Sharing လုပ်စေချင်တယ်။ မတူတဲ့အမြင်တွေနဲ့ Feedback ကောင်းတွေ ရနိုင်လို့ပါပဲ။ MBA ရဲ့ လှုပ်ရှားမှုတွေထဲလည်း ရသလောက်အချိန်ပေး ပါဝင်စေချင်တယ်။ အတွေ့အကြုံကောင်းတွေ အများကြီးရှိခဲ့တဲ့သူတွေဆီက Knowledge တွေ၊ Contact တွေ အမြောက်အမြားရနိုင်လို့ပါပဲ။ Network လည်း ကောင်းသွားတယ်။
UMO - လူငယ်တွေမှာ အခုချက်ချင်းတောင်တက်ပြီး လက်ဖက်ကောင်းစားချင်တဲ့သူတွေရှိတယ်။ EMBA ဆိုရင်လည်း အသက် ၃၀ လို့ ကန့်သတ်ထားတော့ လူငယ်တွေက ဒါကြီးကတော့ များတယ်လို့ထင်ကြတယ်။ Executive Level မှာ ရှစ်နှစ်ဆိုပြီး ကန့်သတ်ထားတာကြီးကလည်း များတယ်လို့ ထင်ကြတယ်။ လူငယ်တွေဘက်က ပြန်စဉ်းစားကြည့်တာပါ။ အဲဒီတော့ ကျွန်တော့် အမြင်အရပြောရရင် အခု မြန်မာပြည်မှာက MBA တွေ အများကြီး ဖွင့်လာကြပြီ။ အစိုးရက ဖွင့်တာတွေရှိသလို ပုဂ္ဂလိကကျောင်းတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ Teaching Style တွေက မတူဘူးလို့ထင်တယ်။ ကျွန်တော်ပြောခဲ့သလိုပဲ MBA တက်တဲ့အတွက် ရရှိလာမယ့် အတွေ့အကြုံတွေက ပိုက်ဆံနဲ့ပေးဝယ်လို့ မရဘူး။ အကျိုးရှိရှိသုံးမယ်ဆိုရင် အင်မတန်တန်ဖိုးရှိတဲ့ အရာတစ်ခုလို့ ပြောချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ရာထူးကြီးကြီး အဆင့်မြင့်မြင့် ရောက်ချင်တဲ့သူ မည်သူမဆို MBA တက်ပါလို့ တိုက်တွန်းချင်ပါတယ်။ နောက်တစ်ခု Information ပေးချင်တာက EMBA တက်ရမယ့် Criteria ကို ဖြတ်ကျော်ချင်တယ်ဆိုရင် စီးပွားရေးတက္ကသိုလ်မှာ Online MBA တက်လို့ရပါတယ်။ အရင်တုန်းကထက်စာရင် Online MBA ရဲ့ အောင်မြင်မှုနှုန်းက များလာပါတယ်။
DKTN - MBA ကို စတက်မယ်ဆိုရင် Supplment အနေနဲ့ မဟုတ်ဘဲ ကိုယ်နဲ့ကိုက်ညီမလားဆိုတာကို စဉ်းစားပြီး၊ ကိုယ်ဘာလုပ်ချင်တာလဲဆိုတဲ့အပေါ်မှာ အရင်ဆုံးသုံးသပ်ပြီးမှ တက်စေချင်တယ်။ ကိုယ့်ရည်မှန်းချက်က Senior Management Level ပိုင်းကို သွားမယ်ဆိုရင်တော့ တက်သင့်ပါတယ်။ ဘွဲ့လက်မှတ်ကို အဓိကထားပြီးတော့ မတက်စေချင်ပါဘူး။ အချိန်လည်း အများကြီးပေးရသလို၊ ငွေကြေးလည်း အထိုက်အလျောက် ကုန်တာဖြစ်တဲ့အတွက် အကျိုးရှိအောင်တော့ သေသေချာချာစဉ်းစားပြီးမှ တက်စေချင်တယ်။
ဘာတွေပြင်ဆင်ရမလဲဆိုရင် အင်္ဂလိပ်စာတော့ ကောင်းရမယ်။ လက်ရှိတက်နေတဲ့သူတွေနဲ့လည်း မေးမြန်းဆွေးနွေးသင့်ပါတယ်။
MBA ကို Manager Level ကို သွားမယ့်သူတွေ၊ Experience ရှိထားပြီးသားသူတွေတက်ရင် ပိုအဆင်ပြေမယ်လို့ မြင်တယ်။ အဲဒါမှ ကိုယ်ကလုပ်ငန်းခွင်မှာ ချက်ချင်းပြန်အသုံးချလို့ ရနိုင်မယ်။ Business လုပ်နေတဲ့သူတွေကိုလည်း တက်စေချင်တယ်။ ကိုယ်ကကိုယ်ပိုင်စီးပွားရေးလုပ်နေပေမဲ့ MBA တက်ဖို့မလိုဘူး မဟုတ်ဘူး။ ကျွန်မကတော့ လိုတယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းတစ်ခုကို ကြည့်ပုံချင်း မတူသလို Problem Solving ရော၊ Decision Making ရော မတူဘူးလို့ မြင်တယ်။ နောက်ပြီး အခုချိန်မှာတော့ ကိုယ်က ဘာမှမသိထားသေးဘူး။ ဒါပေမဲ့ တစ်ချိန်မှာ ကိုယ်က Management Level ကို တက်မယ့်သူ၊ Business လုပ်မယ့်သူဆိုရင်တော့ MBA တက်ရင်းနဲ့မှ ဘယ်အပိုင်းကို ကိုယ်အားသာလဲဆိုတာလည်း သိလာနိုင်တယ်။ အဲဒါမှ ကိုယ်အားသာတဲ့အပိုင်းကို လေ့လာနိုင်မယ်။
MBA မှာသင်တဲ့ ဘာသာရပ်တွေက သိပ်ကောင်းတယ်။ ဒါကြောင့် စာမေးပွဲအောင်ရုံလေး သဘောထားပြီး မတက်စေချင်ပါဘူး။ MBA တက်မယ်ဆိုရင် အချိန်ပေးနိုင်ရမယ်။ ကျွန်မတို့တက်ခဲ့တုန်းကလည်း အောင်ဖို့ကတော့ အဓိကထားရတာပါပဲ။ ဒါပေမဲ့ Certificate ရရုံ၊ Networking ရရုံတို့နဲ့တော့ မတက်စေချင်ဘူး။ ဘာသာရပ်တွေအားလုံးက အကျိုးရှိတဲ့အတွက် သေချာလေ့လာပြီး ပြန်အသုံးချနိုင်အောင် ရည်ရွယ်ပြီး တက်စေချင်ပါတယ်။
သင်တဲ့ဘာသာရပ်တွေကတော့ ကိုယ့် Background အလိုက် ကိုယ်နဲ့ဆက်စပ်တာလည်းရှိမယ်။ ကိုယ်နဲ့လုံးဝမဆက်စပ်တာလည်းရှိမယ်။ ဒါကြီးကို တအားကြီးစိုးရိမ်စရာတော့မလိုပါဘူး။ ဥပမာ - Finance တွေ၊ Cost Accounting တွေ သင်တဲ့ဘာသာရပ်တွေဆိုရင်လည်း Balance Sheet တွေတော့ဆွဲရတာပေါ့။ ဒါတွေကို အသေးစိတ်ဆွဲတတ်နေဖို့တော့မလိုပါဘူး။ Management Level ကိုသွားမယ့်လူ၊ Owner လုပ်မယ့် သူအနေနဲ့ Financial Statement တွေကို ဖတ်တတ်ဖို့ပဲ လိုတယ်။ ဘယ်အချိန်မှာ Lawyer ခေါ်ရမယ်ဆိုတာသိဖို့ Legal Framework for Business ဘာသာရပ်က အကျိုးရှိပြန်ရော။
ကျွန်မကိုယ်တွေ့အနေနဲ့ကတော့ နယ်ပယ်အသီးသီးက လာတဲ့သူတွေနဲ့အတူ တက်ရတဲ့အတွက် သူတို့ရဲ့ အတွေ့အကြုံတွေကို သိခွင့်ရတာ အင်မတန် တန်ဖိုးရှိတယ်။ နောက်ပြီး သင်ကြားရေးမှာအသုံးပြုတဲ့ Case Study တွေကိုလည်း သေချာလေ့လာသင့်တယ်။ ကိုယ့်အတွက်အကျိုးရှိအောင် Practise အနေနဲ့ Group အလိုက် Presentation တွေဝင်လုပ်ရမယ်။ Presentation Experience တွေရမယ်။ နောက်ပြီး တသီးတသန့်ကြီး မနေဘဲ Networking ကောင်းအောင်တော့ ကြိုးစားသင့်ပါတယ်။
နောက်ပြီး ကျွန်မအကြံပေးချင်တာက MBA တက်မယ်ဆိုရင် အလုပ်အတွေ့အကြုံရှိပြီးတက်ဖို့တော့ ပြောချင်ပါတယ်။ ဒါမှ စာဖတ်တဲ့အခါ ငါဒါမှားနေပါလား၊ ဒါပြင်ဆင်ဖို့ လိုတယ်ဆိုတာတွေကို သိလာပြီး လက်တွေ့အသုံးချနိုင်မယ်။ MBA က လုပ်ငန်းခွင်မှာ မရနိုင်တဲ့ သင်ယူနိုင်မှု အခွင့်အရေးမျိုးတွေကိုလည်း ရနိုင်ပါတယ်။ တက်နေရင်းနဲ့လည်း ကိုယ်နဲ့ဘယ်လုပ်ငန်းက ကိုက်ညီနိုင်သလဲဆိုတာသိနိုင်ပြီး New Networking ကတစ်ဆင့် Future Collaboration အတွက်လည်း အခွင့်အရေးတွေ ရနိုင်တာကြောင့် တက်သင့်ပါတယ်။
ဦးကျော်စိုးမိုးလွင်
CEO
Royal Modern Furniture
Myanmar Furniture Co Ltd
EMBA တက်ဖြစ်တဲ့ခုနှစ်နဲ့ Batch . . .
၂၀၀၉ ခုနှစ်မှာ စတက်ဖြစ်ခဲ့တာပါ။ Batch က 8th Batch ပါ။
လက်ရှိလုပ်ငန်းအကြောင်းနဲ့ တာဝန်ယူမှုအပိုင်း . . .
လက်ရှိလုပ်ငန်းက နှစ်ပိုင်းရှိပါတယ်။ Myanmar Modern Furnition Co Ltd က ကုန်ထုတ်လုပ်မှုပိုင်းလုပ်ပြီး Myanmar Furniture Co Ltd က ကုန်ပစ္စည်းတင်သွင်း ဖြန့်ချိမှုအပိုင်းဆိုပြီး နှစ်ပိုင်းခွဲလုပ်ပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ပရိဘောဂစက်ရုံနှစ်ရုံ ရှိပါတယ်။ ကုန်ပစ္စည်းတင်သွင်းဖြန့်ချိမှု လုပ်ငန်းမှာတော့ ပရိဘောဂတွေကို မလေးရှား၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကနေတင်သွင်းပြီး Marketing ပိုင်းတွေ လုပ်ပါတယ်။ ဒီကုမ္ပဏီနှစ်ခုလုံးမှာ CEO & Founder အဖြစ် တာဝန်ယူထားပါတယ်။ ပရိဘောဂလုပ်ငန်းကို ၁၉၉၇ ခုနှစ်မှာ စလုပ်ခဲ့တာပါ။ CEO ဖြစ်တာကြောင့် လုပ်ငန်းရဲ့စီမံခန့်ခွဲမှုပိုင်းတွေကိုတော့ ထဲထဲဝင်ဝင် ဝင်မပါတော့ဘဲ Director တွေကို တာဝန်ယူစေပါတယ်။ Director တွေ၊ Manager တွေရဲ့လုပ်သက်ကလည်း ရင့်နေပြီဖြစ်တဲ့ အတွက် စီမံခန့်ခွဲမှုကို သူ့အဆင့်အလိုက် ချောမွေ့အောင် ဆောင်ရွက်နိုင်နေပါပြီ။
MBA မှာသင်ခဲ့တဲ့ ဘာသာရပ် ၂၄ ခုထဲက လက်တွေ့မှာ အသုံးဝင်တဲ့ဘာသာရပ်အကြောင်းနဲ့ ဘယ်လိုအသုံးချနိုင်ခဲ့သလဲဆိုတာ ပြောပြပေးပါ . . .
ဘာသာရပ်အားလုံးကတော့ အသုံးဝင်ပါတယ်။ ဒါပေမဲ့ အကြိုက်ဆုံးဘာသာရပ်တွေကတော့ General Management ၊ HR Management နဲ့ Marketing Management ပါ။ Marketing မှာပါတဲ့ Customer Relationship Management ဆိုရင် လက်တွေ့မှာလည်း ပြန်သုံးဖြစ်ပါတယ်။ HR ဆိုရင် Management ရော၊ Development ရော အသုံးချဖြစ်ပါတယ်။ အလုပ်ဆိုတာ ဝန်ထမ်းတွေကို အခြေခံပြီး လုပ်နေရတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေရဲ့ Development ဟာဆိုရင် သိပ်ကိုအရေးပါပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေရဲ့ Development ပိုင်းကို ဇောင်းပေးပြီးလုပ်ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ မူဝါဒကိုက Employee First ပါ။ ကုမ္ပဏီက Training တွေ အမြဲတမ်းပေးပါတယ်။ Managment Training တွေ၊ ဘာသာစကားအနေနဲ့ အင်္ဂလိပ်စာနဲ့ တရုတ်ဘာသာ စကားသင်တန်းတွေကို အပတ်စဉ် Training ပေးတယ်။ Outsource Trainer ခေါ်ပြီးတော့လည်း Training ပေးတာမျိုးတွေလုပ်ပါတယ်။ ဝန်ထမ်းတစ်ယောက်က တစ်နှစ်ကို သင်တန်းနှစ်ခု ပြီးရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်းထားပါတယ်။ MBA တက်တဲ့အခါ HR အရေးကြီးမှန်းသိလိုက်တဲ့အတွက် ၂၀၁၀ ပြည့်နှစ်မှာ HR Department ထားလိုက်ပါတယ်။
Management အတွက် ဘယ်လို Reference စာအုပ်တွေ ဖတ်ဖြစ်ပါသလဲ။ ဘယ်သူတွေနဲ့ တိုင်ပင်လေ့ရှိပါသလဲ . . .
အွန်လိုင်းမှာ ကျွန်တော်တို့ EMBA Network ရှိပါတယ်။ အဲဒီမှာ Management နဲ့ ပတ်သက်တာတွေကို တင်လေ့ရှိကြတယ်။ ကျွန်တော်တို့ Batch က ဦးမျိုးမင်းတို့ လုပ်ထားတဲ့ စီမံခန့်ခွဲနည်းများဆွေးနွေးကြမယ် (Management) ဆိုတဲ့ Facebook Page မှာတင်တဲ့ အကြောင်းအရာတွေဆိုရင်လည်း တော်တော်ကောင်းတာကြောင့် ဖတ်ဖြစ်ပါတယ်။ ဒီနေ့ခေတ်အခြေအနေကိုလည်း ထင်ဟပ်နေတဲ့အတွက် တော်တော်အသုံးဝင်ပါတယ်။ နောက်ပြီး စာရေးဆရာ မင်းခေါင်ရေးတဲ့ HR လားကွဲ့ဝင်ခဲ့လေ ဆိုတဲ့ စာအုပ်မျိုးတွေလည်း ဖတ်ဖြစ်ပါတယ်။ ဒေါက်တာခင်စန်းရီရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အမေးအဖြေများ ၁+ ၂ ကတော့ ကိုယ်တိုင်လည်းဖတ်တယ်။ ဝန်ထမ်းတိုင်းကိုလည်း တစ်အုပ်စီပေးထားပါတယ်။ Training မှာလည်း သုံးဖြစ်ပါတယ်။ လစဉ်ထုတ် စီမံခန့်ခွဲမှုဆိုင်ရာမဂ္ဂဇင်းတွေလည်း ဖတ်ဖြစ်ပါတယ်။
MBA တက်တဲ့အတွက် ရရှိတဲ့အကျိုးကျေးဇူးတွေနဲ့ MBA တက်နေတဲ့သူတွေကို အကြံပေးချင်တာရှိရင် . . .
EMBA တက်တဲ့သူတွေကတော့ Experience များတော့ ဆွေးနွေးတဲ့အကြောင်းအရာတွေက ပိုမြင့်တယ်။ Network ကလည်း ပိုကျယ်တဲ့အတွက် လုပ်ငန်းပိုင်းဆိုင်ရာ သိချင်တာတွေကို အလွယ်တကူ ရှာဖွေဆက်သွယ်လို့ ရတယ်။ ဒီတော့ အလုပ်လုပ်တဲ့နေရာမှာ အထောက်အကူဖြစ်တယ်။
Day MBA ကတော့ လူငယ်ပိုင်းများတာပေါ့။ Day MBA သမားတွေကို အကြံပေးချင်တာက ကျောင်း နှစ်နှစ်တက်ပြီးတဲ့အခါ Internship ဆင်းဖို့ အခွင့်အရေးရှိတဲ့အတွက် သေချာဆင်းစေချင်တယ်။ Intern ဆင်း တဲ့အခါမှာ ကုမ္ပဏီကို သေချာရွေးရမယ်။ ကိုယ့်ရဲ့ Character နဲ့ ဖြစ်နိုင်တဲ့၊ ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်ကို ရွေးချယ်ရမယ်။ ကုမ္ပဏီနဲ့ Relationship ကောင်းအောင် တည်ဆောက်သင့်တယ်။ တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် လုပ်သက်ယူသင့်တယ်။
လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ MBA ရထားတဲ့သူတစ်ယောက်ကို အလုပ်ခန့်တဲ့အခါ သူ့ဆီက ဘာတွေပါလာမယ်လို့ မျှော်လင့်ပါသလဲ . . .
သူတို့က ကျောင်းကသင်ပေးတာကို ၁၀၀ ရာခိုင်နှုန်းတော့ အသုံးမချနိုင်ကြပါဘူး။ အလုပ်လုပ်ရင်းနဲ့မှပဲ ပြည့်လာတာပါ။ Day MBA တွေဆိုရင် လက်တွေ့ကျွမ်းကျင်လာအောင် တစ်နှစ်နီးပါးလောက် အချိန်ပေးပြီး စောင့်ရတယ်။ EMBA တွေကတော့ သုံးလ၊ ခြောက်လလောက်ဆိုရင် လက်တွေ့သုံးလာနိုင်တာကို တွေ့ရပါတယ်။Team Work ပုံစံနဲ့ ပူးပေါင်းဆောက်ရွက်ရင်း၊ ဖေးကူရင်း လုပ်သွားဖို့တော့ လိုပါတယ်။ MBA မတက်ခင်ကတည်းက နယ်ပယ်တစ်ခုတည်းကိုပဲ အာရုံစိုက်လေ့လာထား၊ အလုပ်လုပ်ထားတဲ့သူဆိုရင်တော့ ပိုပြီးတော့လုပ်နိုင်မှာပေါ့။ နယ်ပယ်တစ်ခုကနေတစ်ခု ခုန်ကူးပြီးလုပ်နေတဲ့သူဆိုရင်တော့ MBA ပြီးသွားရင်လည်း ကျွမ်းကျင်မှု၊ အသုံးချနိုင်မှုက နည်းနိုင်ပါတယ်။
တခြားဖြည့်စွက်ပြောချင်တာရှိရင် . . .
MBA တက်လို့ သိပ်တော်သွားတယ်လို့တော့ မယူဆပါ ဘူး။ MBA တက်မှပဲ စီးပွားရေးလုပ်လို့ရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ယေဘုယျအားဖြင့် MBA ရထားတာတော့ ကောင်းပါတယ်။ ဘာသာရပ်ဆိုင်ရာစကားပြောတော့မယ်ဆိုရင် Business Term တွေက စာလုံးတစ်လုံးတည်းနဲ့ အဓိပ္ပာယ်အများကြီး ဖော်ပြနေတာတွေပါတယ်။ ဒါတွေဆိုရင် အလွယ်တကူ နားလည်နိုင်တယ်။ စာဖတ်အားမြန်မယ်။ Absorb လုပ်နိုင်တာမြန်မယ်။ Apply လုပ်နိုင်တာမြန်မယ်။ စီးပွားရေးလောကမှာ Communicate လုပ်ရတာ ပိုပြီးလွယ်သွားမယ်။ မြန်ဆန်တိကျလာမယ်။ အခုဆိုရင် ပုဂ္ဂလိကကျောင်းတွေလည်း ပေါ်လာပြီဆိုတော့ MBA တက်ဖို့က ပိုပြီးလွယ်ကူလာပါပြီ။
ဒေါ်လင်းလင်းတင်ထွန်း
Managing Director
Mango Marketing Service Co Ltd
EMBA တက်ဖြစ်တဲ့ ခုနှစ်နဲ့ Batch . . .
၂၀၀၃ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ထိ တက်ရောက်ခဲ့ပါတယ်။ Yangon Institute of Economics ကဖွင့်တဲ့ EMBA 2nd Batch မှာ တက်ခဲ့ပါတယ်။
လက်ရှိလုပ်ငန်းမှာ တာဝန်ယူမှုအပိုင်း . . .
Mango Advertising Group ရဲ့ Co-Founder နဲ့ Mango Marketing Services Co Ltd (Creative Agency ) ရဲ့ Managing Director အဖြစ် တာဝန်ယူထားပါတယ်။ MBA ပထမနှစ်အပြီးမှာ လုပ်ငန်းစလုပ်ကတည်းက ဒီရာထူး၊ ဒီအလုပ်ပါပဲ။ လုပ်ငန်းကိစ္စအားလုံးမှာ နည်းနည်းစီပါပါတယ်။ ဝန်ထမ်းရွေးချယ်ခန့်ထားမှုအပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ ငွေကြေးစီမံမှုအပိုင်းတွေအပြင် အလုပ်လာအပ်တဲ့ ကုန်ပစ္စည်းတံဆိပ်တွေအတွက် ဈေးကွက် ထိုးဖောက်မှုအစီအစဉ်တွေ ဝင်စဉ်းစားတာ၊ ပြဿနာဖြေရှင်းတာတွေ စသဖြင့် ဝင်လုပ်တာ အခုထိပါပဲ။ ဝန်ထမ်း ခြောက်ယောက်ကနေ အခုဆိုရင် ဝန်ထမ်း ၆၀ ကျော် ဖြစ်လာပါပြီ။ Mango Advertising Group ရဲ့ တခြားကုမ္ပဏီတွေမှာတော့ ဒါရိုက်တာအဖြစ် တာဝန်ယူထားပါတယ်။ Group တစ်ခုလုံးဆိုရင် စုစုပေါင်း ဝန်ထမ်း ၁၅၀ နီးပါးရှိပါတယ်။
MBA မှာ သင်ရတဲ့ ဘာသာရပ်တွေထဲက ဘယ်သာသာရပ်က လက်တွေ့အသုံးဝင်ပါသလဲ . . .
ကုန်ပစ္စည်းကြော်ငြာနဲ့ ဈေးကွက်ထိုးဖောက်ရေး အလုပ်ကိုလုပ်တော့ Marketing Principles လို ဘာသာရပ်ကတော့ တာရှည်အသုံးအဝင်ဆုံးပါပဲ။ ဒါပေမဲ့ Principles of Management လိုမျိုး အသိပညာ၊ အတတ်ပညာဘာသာရပ်ကတော့ ပထမဆုံးအသုံးဝင်ခဲ့တာ ဖြစ်ပါတယ်။ Getting Things Done Through People ဆိုတာမျိုးကို အဲဒီအချိန်တုန်းက ချက်ချင်းလက်ငင်းစမ်းသပ်ခဲ့ပါ တယ်။ လုပ်ငန်းစတင်လုပ်တဲ့ အချိန်ဖြစ်လို့ Principles of Management လိုမျိုး၊ Shop Floor Management လိုမျိုး ဘာသာရပ်တွေကို လက်တွေ့အသုံးချနိုင်ခဲ့ပါတယ်။
MBA မှာ သင်ခဲ့ရတဲ့ဘာသာရပ်တစ်ခုစီကတော့ သူ့သဘာဝနဲ့သူ လုပ်ငန်းထဲမှာအသုံးဝင်ပြီး ကိုယ်တိုင်အုပ်ချုပ်မှုပိုင်း တိုးတက်တာပါပဲ။ Executive MBA အတန်းဖြစ်လို့ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ ညနေပိုင်းတက်ခဲ့ရတယ်။ ဘာသာရပ်တွေ၊ ဆရာ၊ ဆရာမ သင်ကြားမှုတွေအပြင် အသက်အရွယ်မတူတဲ့ Classmate ၅၀ ကျော်နဲ့ အသိအမြင်တွေ ဖလှယ်ရင်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ အားလုံးက လုပ်ငန်းလုပ်နေကြတော့ ဘာသာရပ်တွေအပေါ် လုပ်ငန်းလုပ်ဆောင်မှု တကယ့်အခြေအနေတွေနဲ့ ယှဉ်ပြီး သင်ခဲ့ရပါတယ်။ ဒါကြောင့် သီအိုရီကို တစ်ဖက်ကသင်၊ ကိုယ်တိုင်လည်း လုပ်၊ အကြံပေး ၅၀ လောက်လည်း ရှိနေတဲ့ အခြေအနေမျိုးဖြစ်လို့ လုပ်ငန်းအတွက် အဘက်ဘက်က တိုးတက်အောင် ပံ့ပိုးပေးနိုင်ပါတယ်။
MBA ရပြီးနောက်ပိုင်း Management နဲ့ပတ်သက်ပြီး ဘာစာအုပ်တွေ ဖတ်ဖြစ်ပါသလဲ။ ဘယ်သူတွေနဲ့ တိုုင်ပင်လေ့ရှိပါသလဲ . . .
ကျောင်းမှာဖတ်ဖြစ်ခဲ့တဲ့ Reference Text Books မျိုးတွေကိုတော့ အသစ် Edition ထွက်ရင် Case Study တွေ ရှာဖတ်ဖြစ်ပါတယ်။ ဆက်ဖတ်ဖြစ်တဲ့စာအုပ်တွေက ကုမ္ပဏီတွေ၊ လုုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်တဲ့ ဘဝအကြောင်းအရာမျိုးတွေပါ။ The Toyota Way လိုမျိုး Case Study အကြီးစားတွေ၊ ကုုမ္ပဏီဦးဆောင်သူတွေအကြောင်း ရေးတဲ့စာအုပ်တွေ၊ နောက်အလုပ်အတွက် အင်အားပေးတဲ့ ဥပမာ - If you don't have big breast, put ribbons on your pigtails လို လုပ်ငန်းကို ထိုးထွင်းဉာဏ်နဲ့ လုပ်ဆောင်တဲ့သူတွေအကြောင်း စာအုပ်မျိုးတွေ ဖတ်ဖြစ်ပါတယ်။ ဘယ်သူနဲ့ တိုင်ပင်လဲဆိုတော့ သက်ဆိုင်တဲ့ လုပ်ငန်းကိစ္စတစ်ခုစီကို သင့်တော်တဲ့ ကျောင်းသားဟောင်း သူငယ်ချင်းတွေနဲ့ တိုင်ပင်ဖြစ်ပါတယ်။ အလုပ်စခါစကတော့ ရုံးမှာသုံးတဲ့ အိုင်တီကုမ္ပဏီကလည်း သူငယ်ချင်းကုမ္ပဏီ၊ စာရင်းစစ်နဲ့ ကုမ္ပဏီရုံးပိုင်းဝန်ဆောင်မှုကလည်း အတန်းကြီးသူငယ်ချင်းရဲ့ ကုမ္ပဏီစသဖြင့် စိတ်ချရတဲ့သူတွေနဲ့ ရွေးပြီးလုပ်ဖြစ်ပါတယ်။ သူတို့တွေကတစ်ဆင့် ညွှန်တဲ့သူတွေနဲ့ တိုင်ပင်ပါတယ်။
လုပ်ငန်းခွင်ကလူငယ်တွေ MBA ဘာလို့တက်သင့်သလဲ၊ ဘယ်လိုုလူမျိုးတွေ တက်သင့်သလဲ၊ မတက်ခင် ဘာတွေပြင်ဆင်ထားရမလဲ . . .
မဟာဘွဲ့ဖြစ်တဲ့အတွက် အုုပ်ချုပ်မှုပိုင်း တာဝန်ကြီးကြီး ယူချင်စိတ်ရှိတဲ့လူငယ်တွေ၊ နောင်တစ်ချိန် မိမိကိုယ်ပိုင် အလုပ်လုပ်ချင်တဲ့သူတွေ တက်ရောက်သင့်ပါတယ်။ ဒါပေမဲ့ ဘွဲ့ရရင်ပြီးရောဆိုတာမျိုး မဟုတ်ပါဘူး။ MBA ဘွဲ့ရခြင်းဆိုတဲ့ ပန်းတိုင်ကိုမမျှော်ဘဲ MBA တက်ရောက် သင်ယူနေတဲ့အချိန်မှာ အကောင်းဆုံး သင်ယူလေ့လာမှုနဲ့ ကိုယ်တိုင်ဝေဖန်ပိုင်းခြားနားလည်မှု၊ လက်တွေ့ကျင့်သုံးနိုင်မှုတွေကို တန်ဖိုးထားဖို့ လိုပါတယ်။ ခရီးဆုံးကိုရောက်တာ အဓိကမဟုတ်ဘဲ ခရီးသွားခြင်းကသာ အဓိကဆိုုတာမျိုးပါ။
အဲဒီလိုစိတ်ဓာတ်မျိုးနဲ့ တက်ရောက်ဖို့၊ အရာရာကိုလေ့လာပြီး အဆိုးအကောင်း အတွေ့အကြုံတွေယူဖို့၊ အပင်ပန်းခံပြီး ကိုယ့်မှတ်ကျောက်ကိုယ်တင်နိုင်ဖို့၊ အသင့်ပြင်ဆင်ပြီး မဆုတ်မနစ်ကြိုးစားဖို့ လိုပါတယ်။
ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပြီး အချိန်ပေးဖြေကြားပေးသော လုပ်ငန်းရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
အယ်ဒီတာအဖွဲ့