၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်က Crown Education ကနေ Novotel Yangon Max Hotel မှာပြုလုပ်တဲ့ PSB Academy Business Innovation Talk မှာ Crown Education ရဲ့ Managing Director ဦးအောင်ကျော်ဆန်းကို လက်ရှိအလုပ်လုပ်နေတဲ့ လူတစ်ယောက်က နောက်ထပ်တစ်ဆင့်တက်ဖို့ ပညာသင်ယူမှုလုပ်ချင်တယ်ဆိုတိုင်း MBA တက်သင့်ပါသလားဆိုတာနဲ့ MBA အပြင် တခြားဘယ်လိုပညာရပ်တွေကို လေ့လာနိုင်သေးသလဲဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဦးအောင်ကျော်ဆန်း
Managing Director
Crown Education
Post Graduate Level ပညာနဲ့ပတ်သက်တာကို စဉ်းစားမယ်ဆိုရင် လမ်းကြောင်းနှစ်ခုရှိပါတယ်။ တစ်ခုက ပညာရပ်ပိုင်းဆိုင်ရာကို စနစ်တကျလေ့လာသင်ယူမှာဆိုရင် MSc ပိုင်းကိုသွားရပါတယ်။ အဲဒါက ဥပမာ - ဘဏ်မှာလုပ်ချင်တယ်၊ Financial Managment နဲ့ပတ်သက်တာကို စိတ်ဝင်စားတယ်ဆိုရင် MSc (Finance) ကိုသင်၊ တကယ်လို့ ကိုယ့်ရဲ့နယ်ပယ်က လူသားအရင်းအမြစ်စီမံခန့်ခွဲတာဆိုရင် MSc (Human Resource Management) ကိုသင်၊ ကိုယ့်ရဲ့အလုပ်က Freight Forwarding တွေဆိုရင် Logistics ၊ Supply Chain Management စသဖြင့် ကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်တဲ့အရာကို Specialize ဖြစ်ချင်တာဆိုရင် MSc ဘက်ကို သွားရပါတယ်။
နောက်ထပ်လမ်းကြောင်းတစ်ခုကတော့ ကိုယ့်မှာအလုပ်ရှိနေပြီ။ ကိုယ်လုပ်နေတဲ့လုပ်ငန်းက အထွေထွေ စီမံခန့်ခွဲတာတွေ၊ ကွဲပြားခြားနားတဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲတာတွေလုပ်ချင်ရင်တော့ MBA က ပိုကောင်းပါတယ်။ MBA က ဘာသာရပ်တစ်ခုကို အထူးပြုတာမျိုးမဟုတ်ဘဲနဲ့ 360 Degree ပုံစံနဲ့ ကမ္ဘာမှာဖြစ်နေတဲ့ စီးပွားရေးပုံစံတွေနဲ့ ပြောင်းလဲနေတဲ့ပုံစံတွေရယ်၊ အတွေ့အကြုံတွေရယ်ကို မျှဝေတာပါပဲ။ Case Study တွေလုပ်တယ်။ Legal Case Study တွေ၊ Marketing Case Study တွေ၊ Organization Case Study တွေစသဖြင့် သွားပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ MBA မရှိဘဲနဲ့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်နေတာတွေရှိပါတယ်။ MBA ရှိမှရယ်မဟုတ်ပါဘူး။ ဒါပေမဲ့ အခုခေတ်က တအားပြောင်းလဲနေပါတယ်။ စီးပွားရေးနဲ့ပတ်သက်လာရင် Change နဲ့ Innovation ကိုအမြဲထည့်ပြောရပါတယ်။ ပြောင်းလဲမှုကတော့ လွန်ခဲ့တဲ့ရာစုနှစ်တွေကတည်းကဖြစ်တာပါ။ ဒါပေမဲ့ ပြဿနာက ဒီဘက်ခေတ်တွေမှာဖြစ်တဲ့ အပြောင်းအလဲက ပိုမြန်လာတာပါပဲ။ MBA ရဲ့ သဘောတရားက အဲဒီအပြောင်းအလဲတွေကို အမီလိုက်နိုင်ဖို့ဖြစ်ပါတယ်။ အရင်ကတော့ စီးပွားရေးလုပ်ငန်းတွေကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ လုပ်ကြတာများပါတယ်။ အခုတော့ လူငယ်တွေက ပညာနဲ့အတွေ့အကြုံပေါင်းလိုက်တော့မှသာ Globalization ထဲမှာ ပေါ်နိုင်ပါမယ်။ အဲဒီအတွက် MBA ကို သင်လိုက်လို့ ၁၀၀ ရာခိုင်နှုန်း ကောင်းသွားတယ်လို့မပြောပါဘူး။ ကိုယ့်ရဲ့အလုပ်အတွေ့အကြုံရယ်၊ ကိုယ်သင်ရတဲ့ ကမ္ဘာမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့ နည်းပညာတွေရယ်ကိုပေါင်းပြီးတော့ ကိုယ့်လုပ်ငန်းရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်ပါတယ်။
MBA မှာလည်း အမျိုးမျိုးရှိပါတယ်။ ဘွဲ့ရပြီးခါစလူတွေအတွက် အရှေ့တောင်အာရှမှာ MBA တွေ အများကြီးရှိပါတယ်။ အသက်အရွယ်၊အချိန်အခါ၊ ကိုယ်ရောက်ရှိနေတဲ့နေရာ၊ ကိုယ့်ရည်မှန်းချက် ပန်းတိုင်တွေပေါ်မှာ မူတည်ပြီးတော့ ပြင်သင့်တာတွေပြင်၊ သင်သူသင့်တာတွေသင်တာလည်း ရှိပါတယ်။ တချို့နိုင်ငံတွေမှာ အသက်အရွယ် ကန့်သတ်ထားတာတွေလည်း ရှိပါတယ်။ ဥပမာ- အမေရိကန်နိုင်ငံမှာ သူ့ရဲ့ MBA က ဘွဲ့ရပြီးခါစသူတွေအတွက်မဟုတ်ဘူး၊ Executive Level တွေအတွက်ဖြစ်ပါတယ်။ Executive Level ဆိုတဲ့နေရာမှာ အလုပ်အတွေ့အကြုံက သာမန်အလုပ်အ တွေ့အကြုံ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်ချနိုင်တဲ့ Level မှာရှိတဲ့ အတွေ့အကြုံရှိပြီးသား လူတွေဖြစ်ဖို့လိုပါတယ်။ သူတို့ရဲ့ သင်ခန်းစာတွေကလည်း အဲဒီအတွက် Design လုပ်ထားပါတယ်။ အဲဒီတော့ ကိုယ်က သိပ်ငယ်နေတယ်ဆိုရင် သင်ခန်းစာတစ်ခုမှာ အခြားလူတွေနဲ့အတူ ယှဉ်တွဲလုပ်ကိုင်ရတဲ့ Group Work တွေမှာ ဒုက္ခရောက်လာပါမယ်။ Group Discussion တွေ လုပ်တဲ့အခါကျရင် ကိုယ်ကဘာမှမသိတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ကျောင်းတွေကိုညွှန်ရင်လည်း ဘယ်လိုလူမျိုးကတော့ GMAT - Graduate Managment Admission Test ဖြေသင့်တယ်၊ ဘယ်လိုလူမျိုးဆိုရင်တော့ ပုံမှန် MBA ယူသင့်တယ်ဆိုပြီး ခွဲခြားပေးပါတယ်။ ဒီဘက်က မြန်မာနိုင်ငံက တချို့လူငယ်တွေက ကိုယ်ရွေးထားတဲ့ MBA အတွက် GMAT လိုအပ်ရင် Tuition ယူပြီးဖြေမယ်ဆိုတာမျိုးက မှန်တော့မမှန်ပါဘူး။ အဓိကလိုအပ်ချက်ကတော့ ကလေးတစ်ယောက်က စဉ်ဆက်မပြတ် ရင့်ကျက်လာတာမျိုးဖြစ်ပါတယ်။ GMAT Test ထဲမှာ Reasoning တွေ၊ Decision Making တွေပါပါတယ်။ တကယ်တော့ ကျောင်းတွေက GMAT တောင်းရတဲ့ ရည်ရွယ်ချက်က သူတို့စနစ်တကျ Design လုပ်ထားတဲ့ သင်ခန်းစာတွေက ဒီအဆင့်၊ ဒီ Level ရှိတဲ့ သူတွေအတွက် ပိုကောင်းဆိုတာမျိုး သတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။
တချို့ Executive MBA တွေက Section Semester တွေနဲ့သွားပါတယ်။ တစ်နှစ်လုံး ကျောင်းသွားတက်နေရတာမျိုး မဟုတ်ပါဘူး။ ဒီ Module တွေကို ဒီနိုင်ငံမှာ သွားယူ၊ ဒီ Module တွေကို လက်တွေ့နဲ့ရောလုပ် စသဖြင့် သင်ပေးတာတွေရှိပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေကို တစ်နှစ်နဲ့ သင်တာမျိုးရှိသလို တစ်နှစ်ခွဲ၊ နှစ်နှစ်နဲ့ သင်တာမျိုးတွေလည်းရှိတာကြောင့် တော်တော်လေး ကျယ်ပြန့်ပါတယ်။
MBA ကို ပြည်တွင်းမှာပဲ သင်သင့်သလား၊ ပြည်ပထွက် သင်သင့်ပါသလား . . .
MBA ကို အသက်လည်းကြီးပြီ၊ အိမ်ထောင်ရက်သားလည်းကျပြီ၊ ကလေးတွေလည်းရှိနေပြီဆိုတော့ အပြင်ထွက်သင်လို့မရတော့ဘူးဆိုရင် ပြည်တွင်းမှာပဲသင်ပြီး ကိုယ့်အတွက် အကျိုးတစ်ခုခုတော့ ပြုပါလိမ့်မယ်။
အပြင်မှာ ထွက်သင်တယ်ဆိုတာကတော့ MBA ရဲ့ သဘောသဘာဝကိုက ပတ်ဝန်းကျင်က တစ်ဝက်လောက် အရေးကြီးနေပါတယ်။ ဥပမာ- သာမန်ပဲ၊ ကိုယ့်ရပ်ကွက်ထဲက သိတဲ့လူငါးယောက်လောက်က စုပြီး ပြဿနာတစ်ခုကို Discuss လုပ်မယ်ဆိုရင် ဒီ Knowledge ထဲမှာပဲ လည်နေပါလိမ့်မယ်။ ကိုယ့်ထက်ကောင်းတဲ့ ပတ်ဝန်းကျင်နယ်ပယ်မှာ ကိုယ့်ထက်တတ်ကျွမ်းတဲ့လူတွေနဲ့အတူ တွဲလုပ်ရတဲ့အခါမှာ ကိုယ်မထင်ထားတဲ့၊ မတွေးထားတဲ့ ကိုယ်လေ့လာသင်ယူစရာရှိတဲ့ ဆုံးဖြတ်ချက်မျိုးတွေထွက်လာပါတယ်။ MBA က အဓိက အဲဒါပါပဲ။ သင်ခန်းစာတော်တော်များများက စာတွေကိုကျက်တာ မဟုတ်ပါဘူး။ ဖြေခိုင်းတာမျိုး မဟုတ်ပါဘူး။ ပြဿနာတစ်ခုကို မတူခြားနားတဲ့ ချဉ်းကပ်ပုံတွေကနေ စီမံခန့်ခွဲခိုင်းတာပါ။ အဲဒီအတွက် ကိုယ်နဲ့အတူတူ စီမံခန့်ခွဲစဉ်းစားနေတဲ့ ပတ်ဝန်းကျင်ကြီးက အရေးကြီးလာပါတယ်။ အဲဒါကြောင့် လူငယ်တွေဆိုရင် တစ်နှစ်လောက်ထွက်ပြီး သင်ကြည့်ဖို့ ကျွန်တော်အမြဲအားပေးပါတယ်။
Online ပေါ်မှာ စစ်မှန်တဲ့ Distance Learning နဲ့သင်ယူလို့ရတဲ့ MBA တွေလည်းရှိပါတယ်။ အဓိကက လူငယ်တွေ Online ပေါ်မှာ တွေ့ကြုံရတဲ့ပြဿနာက Self Discipline ပါပဲ။ အချိန်နဲ့လုပ်ရမှာတွေကို အချိန်နဲ့ မလုပ်နိုင်တာကြောင့် မအောင်မြင်တာပါ။ အဲဒါတွေကို တကယ်လုပ်နိုင်မယ်ဆိုရင်တော့ Online ကနေလည်း အများကြီးလေ့လာသင်ယူနိုင်ပါတယ်။