ကိုယ်က ကောလိပ်ကျောင်းသားတစ်ဦး ဒါမှမဟုတ် အလယ်အလတ်အဆင့်ရှိ ဝန်ထမ်းတစ်ဦးဆိုရင် အလုပ်အကိုင်အသစ်ပြောင်းတာဟာ ဖြုံစရာကောင်းလှပါတယ်။ အလုပ်အင်တာဗျူးတွေသွားဖြေဆိုခြင်း၊ ကိုယ်ရေးအကျဉ်း စာရွက်စာတမ်းပေးပို့ခြင်းတွေဟာ ကြောက်စိတ်မွှန်စေပါတယ်။ ဒါပေမဲ့ ကြောက်စရာအကောင်းဆုံးကိစ္စက ကိုယ်အမှန်တကယ်ဘာလုပ်ချင်တာလဲ၊ လောကကြီးအတွက် ကိုယ်က အကောင်းဆုံးဘာလုပ်ပေးနိုင်မလဲဆိုတာ သိအောင်လုပ်ဖို့ဖြစ်ပါတယ်။
ဒီအခြေအနေဆိုက်ရောက်နေတဲ့ အလုပ်ရှာသူတွေထဲမှာ ပထမဆုံးလူဟာ ကိုယ်ဟုတ်ချင်မှဟုတ်မှာပါ။ ဒီနေရာမှာ ကိုယ့်လိုလူစားတွေအတွက် ရည်စူးပြုစုထုတ်ဝေထားတဲ့စာအုပ်တွေ အများကြီးရှိပါတယ်။ အဲဒီစာအုပ်တွေထဲကမှ ယုံကြည်မှုရှိရှိ အလုပ်ရှာဖွေနိုင်စေဖို့ လမ်းပြတဲ့ အကောင်းဆုံးစာအုပ် ခုနစ်အုပ်အကြောင်း အကျဉ်းချုံးဖော်ပြပေးလိုက်ပါတယ်။
စတင်ဖို့(ဒ်)တက္ကသိုလ် အင်ဂျင်နီယာဘာသာဌာနက ပါမောက္ခနှစ်ဦးရေးတဲ့ ဒီစာအုပ်ဟာ အလုပ်ရှာဖွေနေရာမှာ အခက်အခဲတွေ့နေသူတိုင်းအတွက် အာမခံချက်ပေးခြင်း၊ လုပ်ပိုင်ခွင့်အာဏာရစေခြင်းနှင့် ဉာဏ်အလင်း ပွင့်စေခြင်းတို့ကြောင့် အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့ပါတယ်။ အရေးကြီးဆုံးအချက်က ကိုယ်လုပ်ကိုင်စားစရာ အလုပ်တစ်ခုတည်းရှိတာမဟုတ်ဘူးလို့ အသိပေးတာပါပဲ။ ဆန္ဒတွေအများကြီးရှိပြီး အလုပ်အများကြီး ကျိန်းသေရရှိနိုင်ပ တယ်။ Mind-mapping နဲ့ Odyssey Planning တို့လို ကိုယ်နဲ့အသင့်တော်ဆုံးအလုပ်ကို ရှာတွေ့ဖို့ အထောက်အကူပြုမယ့် လေ့ကျင့်ခန်းတွေနဲ့အတူ ပုံတိုပတ်စတွေကို စာရေးဆရာနှစ်ဦးက မျှဝေထားပါတယ်။ အလုပ်အကိုင်တွေကို ကိုယ်မြင်နိုင်အောင်ကူညီတဲ့ ပျော်ရွှင်စရာ သက်ဝင်မြူးကြွတဲ့ စာအုပ်ပါပဲ။
လွန်ခဲ့တဲ့ နှစ် ၁၀၀ နီးပါးက ပထမအကြိမ်ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်ဟာ ပိုတော်တဲ့လူဖြစ်ဖို့ ကြိုးစားနေတဲ့ လူတွေကြားမှာ ယခုထိ ဆက်လက်ရောင်းရနေတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်က မိမိရဲ့ လူမှုဆက်ဆံရေးခွကျမှုကို ဖျောက်ဖျက်ပေးပြီး မိမိဘဝကို ပြောင်းလဲပေးခဲ့တယ်လို့ ကမ္ဘာကျော် ဘီလျံနာကြီး Warren Buffet က ပြောဖူးကြောင်း Business Insider မဂ္ဂဇင်းမှ Richard Felon က ရေးထားပါတယ်။ ကွယ်လွန်သူစာရေးဆရာကြီး Carnegie က စာဖတ်သူတွေအနေနဲ့ သူများတွေနဲ့ ပိုမိုပြေပြစ်စွာ အပြန်အလှန် တုံ့ပြန်နည်းကို အကြံပေးထားပါတယ်။ အရေးကြီးဆုံးက သူများတွေကို သူတို့အကြောင်း ဖွင့်ပြောခွင့်ပေးရေး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မိမိရဲ့အမှားတွေကို လက်ခံပြီး ဝေဖန်ကဲ့ရဲ့ရှုတ်ချခြင်း၊ ညည်းညူခြင်းတွေ ရှောင်ရှားတာမျိုးကို အဓိကသင်ခန်းစာတချို့ကိုလည်း Feloni က စုစည်းထားပါတယ်။ အလုပ်အင်တာဗျူးဖြေဖို့ ဒါမှမဟုတ် မိတ်ဖွဲ့အခမ်းအနားတွေကို စီစဉ်ဆောင်ရွက်ဖို့ ပြင်ဆင်နေတဲ့အခါတွေမှာ Carnegie ရဲ့ ဒီဂန္ထဝင်စာအုပ်ကို မလွတ်တမ်းဖတ်ထားသင့်ပါတယ်။
[caption id="attachment_32810" align="alignnone" width="423"]PIVOT - Jenny Blake[/caption]
Jenny Blake ဟာ အလုပ်အကိုင် ဦးတည်ချက်လမ်းကြောင်း အကြိမ်များစွာပြောင်းခဲ့တဲ့ Google ကုမ္ပဏီဝန်ထမ်းဟောင်း ဖြစ်ပါတယ်။ သူဟာ Google က နုတ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး အတိုင်ပင်ခံလုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။ ဒီစာအုပ်က ခေါင်းရှုပ်နေသူ၊ ကြောက်နေသူ ဒါမှမဟုတ် စပ်စုလိုသူ စာဖတ်ပရိသတ်ကို ရှေ့ဆက်လုပ်သင့်ကြောင်း (ပြီးရင်တကယ်လုပ်ဖြစ်ဖို့) အဖြေရှာနည်း အဆင့်ဆင့်ကို ဖော်ပြထားတာပါ။ စာဖတ်သူတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းသစ်စတင်ဖို့စိတ်ကူးဟာ လက်တွေ့ကျရဲ့လား။ ဒါမှမဟုတ် ဒါဟာ သူတို့ရဲ့ ဆန္ဒရမ္မက်အစစ်ပဲလားဆိုတာ သေချာသိအောင် စမ်းသပ်မှုတချို့ အရင်လုပ်ကြဖို့ သတိပေးထားပါတယ်။ ကိုယ့်အနေနဲ့ လုပ်ငန်းကွန်ရက်တည်ဆောက်ရာမှာ မူကြမ်းရေးဆွဲခြင်း ဒါမှမဟုတ် သက်ဆိုင်ရာကဏ္ဍမှာ လုပ်ကိုင်သူဆီက အပိုစီမံချက်တွေကို လက်ခံခြင်းဖြင့် မျက်နှာချိုသိပ်သွေးစရာမလိုအပ်ကြောင်း Blake က အကြံပေးထားပါတယ်။ ဒီစာအုပ်ဟာ ဘယ်သူမဆို၊ ဘယ်အဆင့်ပဲရှိရှိ ထပ်တလဲလဲ ပြန်ဖတ်နိုင်တဲ့ လက်တွေ့ကျကျ လမ်းညွှန်စာအုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ရေးသူနှစ်ဦးဟာ အလုပ်အကိုင်အကြံပေးနဲ့ အလုပ်အကိုင်ရှာဖွေစာရင်းတွေဖော်ပြတဲ့ ရေပန်းစားဝက်(ဘ်)ဆိုက် The Muse ကို ပူးတွဲတည်ဆောက်သူ COC နှင့် CEO တို့ ဖြစ်ပါတယ်။ ယခုစာအုပ်ထဲမှာ ကိုယ့်အနေနဲ့ရရှိတဲ့ အလုပ်ကို ချဉ်းကပ်လွယ်တဲ့ အဆင့်တွေဖြစ်အောင် လုပ်တဲ့ဖြစ်စဉ်အပေါ် သရုပ်ခွဲဆန်းစစ်ထားပါတယ်။ အဲဒီထဲမှာ Networking က အစ အင်တာဗျူးဖြေခြင်းအလယ်၊ ကုမ္ပဏီမှာ ရာထူးအဆင့်ဆင့် တက်လှမ်းခြင်းအထိ ပါဝင်ပါတယ်။ စာအုပ်ထဲမှာပါတဲ့ အကောင်းဆုံးအချက်တချို့က ကိုယ့်ရဲ့ကုမ္ပဏီမှာ တစ်စုံတစ်ယောက်ရဲ့ အီးမေး(လ်)တွေကို ဥပက္ခာပြုထားခြင်း၊ အင်တာဗျူးဖြေပြီးတော့ ကျေးဇူးတင်လွှာပြန်ပေးပို့ခြင်းနဲ့ ကိုယ့်ရဲ့လက်ရှိရာထူးမှာပဲ တန့်မနေအောင်လုပ်ဖို့ အကြံပေးခြင်း စတာတွေဖြစ်တယ်။
ခေတ်ပေါ်အလုပ်အကိုင်တွေရဲ့ လက်တွေ့တရားကို ထင်ဟပ်ပြဖို့ နှစ်စဉ်ပြင်ဆင်ဖြည့်စွက်ထုတ်ဝေလျက်ရှိတဲ့ ရေပန်းအစားဆုံး အလုပ်ရှာဖွေနည်းလမ်းညွှန် စာအုပ်ဖြစ်ပါတယ်။ ကွယ်လွန်သူ စာရေးဆရာ Bolles ဟာ ကိုယ်ရေးအကျဉ်းရေးနည်း၊ အင်တာဗျူးလုပ်နည်းနဲ့ Networking တို့လို အခြေခံကိစ္စတွေကို ဖော်ပြထားရုံမက Flower Exercise ဆိုတဲ့ လေ့ကျင့်ခန်းသုံးပြီး စာဖတ်သူတွေ အကောင်းဆုံးအလုပ်အကိုင်ကို ရှာတွေ့စေဖို့လည်း ကူညီလမ်းပြပါတယ်။ ဒီစာအုပ်မှာ Bolles က အလုပ်ရှာဖွေမှုဖြစ်စဉ်ကိုသာ ဇောင်းပေးတာမဟုတ်ဘဲ အလုပ်ရှာဖွေခြင်းရဲ့ ခံစားချက်နဲ့ စိတ်ပိုင်းဆိုင်ရာရှုထောင့်ကိုပါ အာရုံစိုက် ဖော်ပြတာကြောင့် ဆက်လက်ပြီး အကျိုးအကြောင်း ဆီလျော်နေသေးတာပါလို့ New York Times သတင်းစာမှာ ၂၀၁၄ ခုနှစ်က အလုပ်အကိုင်စီမံခန့်ခွဲရေးလုပ်ငန်းဖြစ်တဲ့ Career Solvers ရဲ့ဥက္ကဋ္ဌ Babara Safanj က ပြောခဲ့ပါတယ်။
[caption id="attachment_32813" align="alignnone" width="423"]Insight - Tasha Eurich[/caption]
အလုပ်အင်တာဗျူးဖြေပြီးတော့ ဝန်ထမ်းငှားရမ်းရေးမန်နေဂျာကို ကိုယ့်အကြောင်း မကြော်ငြာခင်မှာ ကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေနဲ့ပတ်သက်လို့ သိထားအောင်၊ ကိုယ်ဘယ်လိုလူမှန်း အတိအကျသိအောင် ကြိုတင်လုပ်ထားဖို့ လိုအပ်ပါတယ်။ စာရေးဆရာ Eurich ဟာ အခက်အခဲတွေ ဖြတ်ကျော်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းအောင်မြင်ဖို့အတွက် လူတွေကို ကူညီတဲ့အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာရှင်ဖြစ်ပါတယ်။ အကြီးမားဆုံးအတားအဆီးက ကိုယ့်ရဲ့ချွတ်ယွင်းချက်တွေနဲ့ အမှားတွေကို ကိုယ်တိုင်မသိခြင်းဘဲလို့ သူကထောက် ပြပါတယ်။ ကိုယ့်အကြောင်းကိုယ်သိခြင်းဟာ အလုပ်အောင်မြင်ရေးရဲ့ သော့ချက်ပါပဲ။ ဒီစာအုပ်က စာဖတ်သူတွေ အလုပ်ရှာသူတွေ ၎င်းတို့အကြောင်းနည်းနည်းပိုသိလာစေဖို့ ဖြစ်စဉ်အဆင့်ဆင့်ကို ဖော်ပြထားပါတယ်။ Eurich ဟာ စာအုပ်ရဲ့အခန်းတိုင်းစီမှာ စာဖတ်သူတွေရဲ့ နိစ္စဓူဝဘ၀မှာ အသုံးချရမယ့် လက်တွေ့လေ့ကျင့်ခန်းတွေနဲ့ အဆုံးမသတ်ခင် အခက်ကြုံနေရတဲ့ အလုပ်အပ်သူ (ဖောက်သည်) တစ်ဦးကို သူမကဆက်စပ်မှုရှိတဲ့ သိပ္ပံနည်းကျ သုတေသနပြုချက်ဖြင့် သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ ပုံတိုပတ်စပုံပြင်တစ်ပုဒ်စီနဲ့ ယှဉ်တွဲခိုင်းနှိုင်းဖော်ပြထားပါတယ်။ တစ်စုံတစ်ယောက်ကို အတူစားဖို့ဖိတ်ပြီး ကိုယ့်ရဲ့အလွဲတွေအကြောင်း ဖွင့်ပြောခိုင်းတာမျိုးလို လေ့ကျင့်ခန်းတွေလုပ်မယ်ဆိုရင် သတ္တိရှိဖို့လိုပါတယ်။
ဒါပေမဲ့ Eurich ရဲ့အတွေ့အကြုံက သူမပေးတဲ့အကြံဉာဏ်ကို လက်ခံကျင့်သုံးရင် ကိုယ့်အလုပ်အကိုင် တိုးတက်ရေးအတွက် ပိုကောင်းတဲ့အဆင့်ကို ရောက်မယ်လို့ ရည်ညွှန်းအကြံပေးထားပါတယ်။
[caption id="attachment_32814" align="alignnone" width="423"]Why We Work - Barry Schwartz[/caption]
စာမျက်နှာနည်းတဲ့ ဒီစာအုပ်လေးထဲမှာ Swathmore ကောလိပ်ကျောင်းမှ စိတ်ကုပညာရှင် Schwartz က လူသားရဲ့ လှုံ့ဆော်မှုအလုပ်ဖြစ်ပုံရော၊ အလုပ်မဖြစ်ပုံကိုပါ ရှင်းပြထားပါတယ်။ ဥပမာအားဖြင့် ဘာပဲပြောပြော လူတွေဟာ ကြီးကျယ်တဲ့ကိစ္စလုပ်ကိုင်ခွင့်ရရှိရေး ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်တို့ရဲ့ လှုံ့ဆော်ခြင်း ခံကြရတယ်လို့ ၎င်းကထောက်ပြထားပါတယ်။ လူသားဟာ ငွေကြေးတစ်ခုတည်းရဲ့ လှုံ့ဆော်ခြင်းခံရကြောင်း အထောက်အထား လုံးဝမရှိပါဘူးတဲ့။ ဒါပေမဲ့ ဘာပဲပြောပြော ပညာရေးမှ ဥပဒေအထိ ကုမ္ပဏီအများစုက လုပ်သားတွေကို ငွေကြေးဆုလာဘ်တွေ မက်လုံးပေးလေ့ရှိကြပါတယ်။
ကိုယ့်အလုပ်အကိုင်ရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းတဲ့အခါ အမှုထမ်းတွေ ဘာကြောင့် ထူးချွန်ကြပြီး အဲဒီကုမ္ပဏီအဖွဲ့အစည်းဟာ ဘာကြောင့်အောင်မြင်ကျော်ကြားသလဲဆိုတာကို ကိုယ်ပိုပြီးနားလည်သိမြင် လာချင်ပါလိမ့်မယ်။ Schwartz ရဲ့ ထိုးထွင်းသိမြင်တဲ့ဉာဏ်ဟာ အဲဒီကဏ္ဍမှာတော့ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။
Ref: bizinsider.com
စိုးညွန့်ဇော်