စာသုံးအိတ်ပြဿနာ ဖြေရှင်းနည်း

 

mayynn1

စီအီးအို အသစ်တစ်ဦးဟာ သူ့အရင်က တာဝန်ယူခဲ့တဲ့ စီအီးအိုဆီက အလုပ်လွှဲယူတဲ့ နောက်ဆုံးနေ့မှာပဲ ဒီလူဟောင်းက သူ့ကို သူ့စားပွဲအံဆွဲထဲမှာ စာအိတ်သုံးအိတ်ထားခဲ့ကြောင်းနဲ့ အလုပ်မှာဖြေရှင်းရခက်တဲ့ ပြဿနာတစ်စုံတစ်ရာတက်ရင် အဲဒီစာအိတ်သုံးအိတ်ကို ဖွင့်ဖတ်ပြီး ဖြေရှင်းပါလို့ ဆိုပါသတဲ့။ ပထမခြောက်လမှာ အဆင်ပြေပေမယ့် မကြာမီမှာပဲ လုပ်ငန်းကျဆင်းမှုတွေ ဖြစ်လာပြီး စီအီးအို အသစ်ခမျာ ပူပန်စရာတွေ များလာသတဲ့။ ဒီအခါမှာ ပထမလူမှာသွားတဲ့ စာအိတ်သုံးအိတ်ကို သတိရပြီး ပထမစာအိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ 'အရင်လူတွေကို အပြစ်ပုံချလိုက်ပါ' လို့ ဆိုပါသတဲ့။ ဒါနဲ့ စီအီးအိုလည်း သတင်းစာရှင်းလင်းပွဲခေါ်ပြီး အခုဖြစ်နေတဲ့ အခက်အခဲတွေဟာ အရင်လူတွေ စီမံခန့်ခွဲမှု မှားခဲ့တာက မြစ်ဖျားခံတာဖြစ်ကြောင်း ရှင်းပြလိုက်တော့ လုပ်ငန်းခွင်မှာ ပြန်လည်အဆင်ပြေသွားပါသတဲ့။ ဒါပေမဲ့ နောက်ခြောက်လလောက်ကြာတဲ့အခါမှာ ကုမ္ပဏီမှာ အရောင်းတွေကျဆင်းပြီး ထုတ်လုပ်မှုပိုင်းမှာလည်း စက်ချို့ယွင်းတာတွေ၊ ထုတ်လုပ်မှု ကျဆင်းတာတွေ ဖြစ်လာပြန်လို့ စိတ်သောကဖြစ်ရပြန်သတဲ့။ ဒါနဲ့ သွားလေသူ စီအီးအိုကြီးပြောခဲ့တာ သတိရပြီး ဒုတိယစာအိတ်ကို ဖွင့်ကြည့်လိုက်တော့ 'ဖွဲ့စည်းပုံ ပြန်ပြင်ဖွဲ့စည်းလိုက်ပါ'လို့ ဆိုသတဲ့။ ပြောတဲ့အတိုင်းလုပ်လိုက်တော့ အဆင်ပြေသွားပြန်ပြီး လုပ်ငန်းပြန်လည်ပတ်သွားပါသတဲ့။ နောက်လေးငါးလလောက်ကြာတော့ စာရင်းပိတ်တဲ့အခါ ကုမ္ပဏီက အမြတ်သိပ်မရဘဲ လုပ်ငန်းကျဆင်းလာတာ ကြုံရပြန်ရော။ ဒီတော့ စီအီးအိုလည်း သူ့အခန်းထဲဝင်၊ တံခါးပိတ်ပြီး အံဆွဲထဲက တတိယစာအိတ်ကို ဖောက်ဖတ်လိုက်ပါသတဲ့။ စာအိတ်ထဲမှာ အကြံပြုထားတာကဖြင့် 'စာအိတ်သုံးအိတ် ပြင်ဆင်ထားပါတော့' တဲ့။

ဥပဒေသ။ ။ လူဟောင်းများထံမှ အတွေ့အကြုံဟောင်းများကို အတုယူပြီး စီမံဆုံးဖြတ်ရခြင်းမှာ ကောင်းမွန်သော စီမံခန့်ခွဲမှုနည်းလမ်းဖြစ်သော်လည်း ယင်းသို့အတုယူနိုင်ခွင့်မှာလည်း အကန့်အသတ်မဲ့ရှိနိုင်မည် မဟုတ်ပါ။

အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင်ကြပါစေ။

ရီနေနိုင်