အောင်မြင်မှုကို နည်းလမ်းအမျိုးမျိုးနဲ့ တိုင်းတာလို့ရပါတယ်။ စိတ်ချမ်းသာမှု၊ ကျန်းမာရေး၊ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းအလုပ်၊ ပုဂ္ဂိုလ်ရေးစွမ်းဆောင်မှုတွေနဲ့ သင်နှိုင်းယှဉ်တိုင်းတာတာဖြစ်စေ၊ အတိအကျသတ်မှတ်လို့ရတဲ့ နည်းလမ်းတစ်မျိုးတည်း မရှိပါဘူး။ အောင်မြင်သူအများစုဟာ ဘဝအတွက် ဘယ်လိုရည်မှန်းချက်ပန်းတိုင်တွေပဲ ထားထား၊ သူတို့ရွေးချယ်တဲ့ လုပ်ငန်းနယ်ပယ်မှာ ထိပ်ဆုံးရောက်စေတဲ့ ဆင်တူလက္ခဏာတွေ ရှိကြပါတယ်။ အဲဒီကျွမ်းကျင်မှုတွေဟာ မွေးရာပါလို့ သင်ယူဆကောင်း ယူဆနိုင်ပေမယ့် အဲဒါအများစုကိုတော့ တကယ်ဆည်းပူးလေ့လာလို့ ရနိုင်ပါတယ်။ သင်အောင်မြင်မှုရရှိပြီး သင့်ရဲ့အလုပ်အကိုင်တိုးတက်စေမယ့် ကျွမ်းကျင်မှုနဲ့ အစွမ်းအစတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
၁။ ပြောဆိုဆက်သွယ်မှု ကျွမ်းကျင်ခြင်း
အောင်မြင်သူတွေဟာ တခြားသူတွေနဲ့ ဘယ်လိုလက်တွဲ လုပ်ကိုင်ရမလဲသိကြလို့ ထိရောက်မှုရှိတဲ့ ပြောဆိုဆက်သွယ်သူတွေဖြစ်ကြတယ်။ ဘွဲ့ရပြီးသူတွေရော အချိန်ပြည့်အမှုထမ်းတွေမှာပါ အများဆုံးမရှိတဲ့ ကျွမ်းကျင်မှုအနက် တစ်မျိုးက အဲဒါဖြစ်ကြောင်း ဝန်ထမ်းငှားရမ်းရေးမန်နေဂျာတွေက ပြောပါတယ်။
၂။ Network တည်ဆောက်ပြီး ထိရောက်စွာ လုပ်ကိုင်နိုင်ခြင်း
Newtwork တည်ဆောက်ခြင်းဟာ သင့်အလုပ်ကိုမြှင့်တင်ဖို့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုတွေဟာ များသောအားဖြင့် ထိရောက်မှု မရှိကြပါဘူး။ Twitter နဲ့ LinkedIn တို့မှာ ကျွန်ုပ်တို့ တက်ကြွလှုပ်ရှားမှုရှိခြင်းဟာ အထောက်အကူပြုတာ မှန်တယ်။ ဒါပေမဲ့ အဲဒီလမ်းကြောင်းတွေကတစ်ဆင့် အလုပ်အကိုင်၊ ဒါမှမဟုတ် အခွင့်အလမ်းတွေ တကယ်ရတဲ့လူက ဘယ်နှဦးရှိမလဲဆိုရင် တချို့တလေပဲရှိတယ်လို့ ဖြေရပါလိမ့်မယ်။ ဒါကြောင့် ပြင်ပလောကမှာ Network တည်ဆောက်ပြီး လုပ်ငန်းတိုးတက်အောင် စွမ်းဆောင်နိုင်ဖို့ လိုပါတယ်။
၃။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိခြင်း
ဝေဖန်ပိုင်းခြားပြီး စဉ်းစားနိုင်ကာ လိုအပ်ရင်ထင်မြင်ချက်တွေကို စိန်ခေါ်နိုင်စွမ်းရှိတာဟာ လွတ်လပ်စွာ တွေးခေါ်တတ်သူနဲ့ သန်မာတဲ့ခေါင်းဆောင်ရဲ့ အမှတ်အသား ဖြစ်တယ်။ ဒီကျွမ်းကျင်မှုဟာ တန်ဖိုးအလွန်ရှိပြီး လွယ်လွယ်ကူကူဆည်းပူးလို့ ရနိုင်ပါတယ်။ တွေးခေါ်မှုဖြစ်စဉ်တွေမှာ ချွတ်ယွင်းချက်တွေကို သင်မြင်တတ်အောင် သင်ဖို့လိုပြီး သင့်ရဲ့နိစ္စဓူဝဘ၀မှာ အလိမ်ခံရခြင်း၊ လှည့်စားခံရခြင်းတို့ကို ရှောင်ရှားဖို့ အထောက်အကူပြုပါလိမ့်မယ်။
၄။ လေ့လာဆည်းပူးနိုင်စွမ်းရှိခြင်း
အောင်မြင်သူတွေဟာ အသစ်အဆန်းတွေကို စပ်စုတတ်ပြီး ဆည်းပူးလေ့လာရတာကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အများစုဟာ ဘယ်လိုကျကျနန ဆည်းပူးလေ့လာရမှန်း မသိကြပါဘူး။ လူဦးရေအများစုအတွက် ကျွန်ုပ်တို့ဖတ်ရှုလေ့လာဆည်းပူးသမျှကို မှတ်ထားနိုင်မှာ မဟုတ်ဘူး။ ဒါမှမဟုတ် မှတ်ယူနိုင်ဖို့ အချိန်ကြာမယ်။ ဒီအတွက် စနစ်တကျလေ့လာသင်ယူဖို့ လိုပါတယ်။
၅။ ခေါင်းဆောင် (ဦးဆောင်သူ) ဖြစ်ခြင်း
မန်နေဂျာကောင်းတစ်ယောက်ဖြစ်ချင်ရင် သင့်အဖွဲ့ဝင်တွေရဲ့ ယုံကြည်မှုနဲ့ သစ္စာခံမှုရရှိအောင် သင်တည်ဆောက်နိုင်စွမ်းရှိဖို့ လိုပါတယ်။ တကယ်တော့ အဲဒီလူတွေမပါရင် သင့်ကုမ္ပဏီဟာ အလကားပါပဲ။ ဒါကြောင့် သင့်အမှုထမ်းတွေကို ကြည်လင်တဲ့အမြင် ပေးထားပါ။ ယုံကြည်မှု ရှိပါစေ။ သူတို့ကို ထိရောက်စွာ ဘယ်လိုစီမံကွပ်ကဲမလဲ သင်သိထားပါ။
၆။ အခြေခံစာရင်းစစ်ပညာကျွမ်းကျင်မှုရှိခြင်း
သင်ဟာ စာရင်းစစ်တစ်ဦး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဒါမှမဟုတ် စာရင်းစစ်တစ်ဦး သင့်ဆီမှာ ရှိသည်ဖြစ်စေ လူတိုင်းဟာ စာရင်းစစ်ပညာ အခြေခံကိုတော့ ပိုင်နိုင်စွာ သိထားဖို့လိုတယ်။ သင့်လုပ်ငန်းမှာ အောင်မြင်ပြီး ငွေတချို့တလေရရှိဖို့အတွက် သင့်ငွေတွေကို ဘယ်လိုသုံးမလဲ၊ ဘယ်မှာ ဘယ်လိုထိရောက်စွာ ရင်းနှီးမြှုပ်နှံမလဲဆိုတာ သင်သိဖို့လိုအပ်ပါတယ်။
၇။ အချိန်စီမံခန့်ခွဲကျွမ်းကျင်ခြင်း
အောင်မြင်သူတွေဟာ အချိန်ရဲ့တန်ဖိုးကိုသိပြီး အကျိုးအရှိဆုံးဖြစ်အောင် သုံးကြပါတယ်။ ညဉ့်သန်းခေါင်ကျော်အထိ မနားမနေအလုပ်လုပ်ဖို့ ပြောနေတာ မဟုတ်ဘူး။ မိမိတို့ ခြေကုန်လက်ပန်းကျအောင် အလုပ်လုပ်တာက သုံးစားလို့မရမှန်း အောင်မြင်သူတွေ သိကြပါတယ်။ ဒါကြောင့် သူတို့အလုပ်တာဝန်တွေကို တစ်နေ့တာအတွင်း အကုန်ပြီးစီးအောင်လုပ်ဖို့ အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲတာဖြစ်တယ်။ ဒါအပြင် သူတို့မြတ်နိုးတဲ့ အလုပ်တွေအတွက်လည်း အချိန်ပေးနိုင်တယ်။
၈။ Team နဲ့အတူ လုပ်နိုင်စွမ်းရှိခြင်း
အောင်မြင်သူတွေဟာ Team နဲ့ထိရောက်စွာ ဘယ်လိုလုပ်ကိုင်ရမလဲဆိုတာ သိကြတယ်။ အဲဒါက သူများပြောတာကို နားထောင်နိုင်ပြီး စိတ်ကူးတွေကို ပိုကောင်းအောင်လုပ်၊ ကိုယ့်အဖွဲ့ဝင်တွေ ထုတ်လုပ်စွမ်းတိုးပွားဖို့အတွက် လှုံ့ဆော်နိုင်ခြင်းတို့ပါပဲ။ ဒါတွေအားလုံးကို မန်နေဂျာရဲ့ စည်းမကျော်ဘဲ သင်လုပ်ရမှာပါ။ အဲဒါကို သင့်သူဌေး၊ အလုပ်ရှင်က သဘောကျလိမ့်မယ်ဆိုတာယုံပါ။
၉။ စိတ်ဖိစီးမှုကို စီမံခန့်ခွဲတတ်ခြင်း
အောင်မြင်ဖို့ ကြိုးစားသူတွေအတွက် စိတ်ဖိစီးမှုဟာ ဘဝမှာ ရှောင်လို့မရတဲ့ ကိစ္စတစ်ခုပါ။ ဖိအားကြောင့် သင်ဘုန်းဘုန်းမလဲရအောင် အဲဒါကိုရင်ဆိုင်းဖြေရှင်းဖို့ နည်းလမ်းရှာတတ်ရပါမယ်။
Ref: businessinsider.com
နိုင်သီဟ