Franchise လုပ်ငန်းဆိုတာကို အောင်မြင်နေတဲ့ မိမိလုပ်ငန်းကို အခကြေးငွေရယူပြီး အခြားသူတစ်ဦးအား လုပ်ကိုင်ခွင့်ပေးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ဟိုတယ်၊ စားသောက်ဆိုင်၊ စားသောက်ကုန်၊ ဝန်ဆောင်မှု၊ ပညာရေး၊ ထုတ်ကုန်တွေကစလို့ နိုင်ငံတကာမှာ Franchise လုပ်ငန်းအမျိုးအစားများစွာ အောင်မြင်ဖြစ်ထွန်းခဲ့ပြီးတာ ကြာပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံအတွင်း လုပ်ငန်းနယ်ပယ်အသီးသီးက Franchise ယူလုပ်ကိုင်နေတဲ့ကုမ္ပဏီတွေ၊ ကိုယ်တိုင်က Franchise ပေးပြီး လုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေတဲ့ကုမ္ပဏီတွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေ၊ မြန်မာနိုင်ငံတွင်း Franchise လုပ်ငန်းအလားအလာတွေအပြင် အတွေ့များတဲ့ Franchise ပုံစံတွေ၊ အသုံးများတဲ့ Franchise တည်ဆောက်ပုံတွေ၊ Franchise လုပ်ငန်းစမလုပ်ခင် သတိထားရမယ့်အချက်တွေကို ယခုလ အထူးဆောင်းပါးအဖြစ် ဖော်ပြလိုက်ပါတယ်။
Franchise ပေးခြင်း၏ အခြေခံအချက်များ . . .
စားသောက်ဆိုင် Franchise များသည် တွေ့ရများပြီး လုပ်ငန်းကဏ္ဍအားလုံး၌ အကြီးဆုံးအုပ်စုဖြစ်သည်။ စားသောက်ဆိုင်လုပ်ငန်း စုစုပေါင်းကို အခြားသော Industry များနှင့် နှိုင်းယှဉ်ကြည့်လျှင် အရေအတွက်လေးပုံတစ်ပုံမျှသာ ရှိသော်လည်း Total Output ၏ သုံးပုံတစ်ပုံကိုထုတ်လုပ်ပေးနိုင်သည်။ သို့ဖြစ်ရာ Franchise ပြုလုပ်ခြင်းဖြင့် ရရှိလာမည့် ရလဒ်ကို ကြိုတင်မှန်းဆနိုင်ပြီး လက်လီနှင့်ဝန်ဆောင်မှုများ အပါအဝင် အခြားကဏ္ဍများ၌ Franchise လုပ်ငန်းဖွံ့ဖြိုးနိုင်မည့် အခွင့်အလမ်း အမြောက်အမြား ရှိနေကြောင်း သိရှိထားသင့်ပါသည်။
ဈေးကွက်ဝေစုကို တိုးချဲ့နိုင်ရန် Franchise ပေးရာ၌ စဉ်းစားရမည့်အချက်များမှာ-
ထိန်းချုပ်မှု (Control) - ပိုင်ရှင်က လမ်းကြောင်းနှင့် လုပ်ငန်းစဉ်ကို ထိရောက်စွာထိန်းချုပ်မှုနှင့်
ကုန်ကျစရိတ် (Cost) - လုပ်ငန်းတိုးချဲ့နိုင်ရန် ငွေကြေးအပါအဝင် အခြားအရင်းအမြစ်များ ဈေးကွက်လွှမ်းခြုံမိခြင်း
(Coverage) - ဈေးကွက်လွှမ်းခြုံမိသည့် မြန်နှုန်းနှင့် အတိုင်းအတာတို့ ဖြစ်ပေသည်။
တွေ့ရသော Franchise ပေးခြင်းပုံစံများ . . .
၁။ အပြည့်အဝလုပ်ငန်းပုံစံ Franchise
၂။ စီမံခန့်ခွဲရေးဆိုင်ရာ Franchise
၃။ ရှယ်ယာတန်ဖိုးဆိုင်ရာ Franchise
၄။ Banner Groups များနှင့် လိုင်စင်များ
အပြည့်အဝလုပ်ငန်းပုံစံ Franchise . . .
- Franchise ပေးသူ (Franchisor) က Franchise ရသူ (Franchise) အား အောက်ပါတို့ကို လွှဲအပ်ပေးရန် ကာလတို၊ သို့မဟုတ် ရေရှည်သဘောတူ စာချုပ်ချုပ်ဆိုသည်။
၁။ လုပ်ငန်း အခွင့်အလမ်း
၂။ နာမည်ကောင်း နှင့် ကျွမ်းကျင်မှုအားလုံး
၃။ သီးသန့်နယ်မြေ/ အရပ်ဒေသ၌ အသုံးပြုမှု
၄။ ကနဦး Franchise ပေးငွေနှင့် မူပိုင်ခွင့်အခကြေးငွေများ (Royalty Fees)
- ဤပုံစံသည် အမေရိကန်ပြည်ထောင်စု၌ စောစီးစွာ ပေါ်ပေါက်ခဲ့သော်လည်း ၁၉၄၀ ပြည့်နှစ်များနှင့် ၁၉၅၀ ပြည့်နှစ်များ ရောက်မှသာ အထူးရှင်သန်ဖွံ့ဖြိုးခဲ့သည်။
စီမံခန့်ခွဲမှုဆိုင်ရာ Franchise . . .
- Franchise ပေးသူ (Franchisor) က Franchise ရသူ (Franchisees) များအား Branding နှင့် လုပ်ငန်းကျွမ်ကျင်မှုကို လွှဲအပ်သည့်အပြင် လုပ်ငန်းလည်ပတ်လုပ်ကိုင်ရန် စီမံခန့်ခွဲရေး ဝန်ထမ်းများကိုလည်း ပေးအပ်ခန့်ထားစေသည်။ ဥပမာ- နိုင်ငံတကာ ဟိုတယ်လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Marriott နှင့် ဟိုတယ်အများအပြားကို ဤသို့သောစီစဉ်မှုဖြင့် လည်ပတ်ဆောင်ရွက်သည်။
ရှယ်ယာတန်ဖိုးဆိုင်ရာ Franchise . . .
- Franchise ပေးသူက Franchise ရသူ၏ လုပ်ငန်းတွင် အနည်းစုငွေကြေး ရင်းနှီးမြှုပ်နှံရသည်မှာ ထုံးစံဖြစ်သည်။ (Franchise ရသူ၏ လုပ်ငန်းသည် လက်အောက်ခံ ဖြစ်သွားသည်)။
- များသောအားဖြင့် ဖက်စပ်လုပ်ငန်းသစ်ပုံစံကို တည်ထောင်သည်။
- Franchise ပေးသူက အနည်းစုရှယ်ယာပိုင်ဆိုင်နေသည့်တိုင် ဘုတ်အဖွဲ့ဝင်ဖြစ်လာနိုင်သည်။
- တစ်ခါတစ်ရံတွင် အရင်းအနှီးအတွက် ငွေသားထည့်ဝင်ရန် လိုအပ်ချင်မှ လိုအပ်ပေလိမ့်မည်။
- ဖက်စပ်လုပ်ငန်း သက်တမ်းကို များသောအားဖြင့် Franchise သက်တမ်းနှင့့် ချိတ်ဆက်ထားသည်။
Banner Groups များနှင့် လိုင်စင်များ . . .
- စာရင်းကိုင်လုပ်ငန်းကွန်ရက်များ
ဥပမာ - KPMG ၊ Ernst & Yong
- စတိုးဆိုင်လုပ်ငန်းတွဲများ
ဥပမာ - Econ Minimart
- Marketing Franchise
ဥပမာ - ဒစ္စနေဇာတ်ကောင်ရုပ်များ
အသုံးများသည့် Franchise တည်ဆောက်ပုံများ . . .
၁။ ယူနစ်တစ်ခု Franchise (Single – Unit Franchise)
Franchise ပေးသူက Franchise ရသူအား အချိန်တစ်ချိန်၌ ယူနစ်တစ်ခု လုပ်ကိုင်ခွင့်ကိုသာ အပ်နှင်းသည်။
၂။ နယ်မြေအလိုက် လုပ်ငန်းလည်ပတ်မှု Franchise (Area Development Franchise)
Franchise ရသူသည် ရွေးချယ်သတ်မှတ်ထားသောနယ်မြေ (ဥပမာ- မြို့ကြီး၊ နိုင်ငံ၊ ဒေသ) တွင် တိုက်ရိုက်ပိုင်ဆိုင်လုပ်ကိုင်လည်ပတ်ခြင်းအားဖြင့် သတ်မှတ်ထားသော ယူနစ်အရေအတွက် တည်ထောင်ပေးရန် တာဝန်ရှိသည်။
၃။ Master Franchise
Franchise ရသူသည် ရွေးချယ်သတ်မှတ်ထားသောနယ်မြေ (ဥပမာ- မြို့ကြီး၊ နိုင်ငံ၊ ဒေသ) ၌ သတ်မှတ်ထားသော ယူနစ်အရေအတွက်ကို ဖွင့်လှစ်ပေးရန် တာဝန်ရှိသည်။ ယင်းက တစ်ဆင့်ခံ Franchise ပေးနိုင်ခွင့်ရှိသည်။
၄။ ကိုယ်စားလှယ် Franchise (Representative Franchise)
Franchisor နှင့် Franchisee ကြား ပေါင်းကူးဆက်သွယ်ပေးထားသူဖြစ်ပြီး လုပ်ငန်းသဘောတူစာချုပ် ရေးထိုးရာတွင်မူ ကိုယ်စားလှယ် Franchise မပါဝင်ရပေ။ သို့သော် Franchise ၏ ဈေးကွက်ရှာဖွေလုပ်ငန်း စသည်တို့တွင် ပါဝင်ဆောင်ရွက်ရပြီး Franchisee ထံမှ အကျိုးအမြတ်ရှယ်ယာ ရရှိသည်။
Franchise တစ်ခုဝယ်ယူရာတွင် . . .
သတိပြုရန်အချက်များ
- သင့်ကျွမ်းကျင်မှုများ၊ လုပ်ဆောင်နိုင်မှုများ၊ စိတ်ထက်သန်ပြင်းပြမှု၊ ငွေရေးကြေးရေး ရင်းမြစ်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို သိပါစေ။
- ထိုလုပ်ငန်းကို နားလည်ပါစေ။
- Franchise ပေးသူနှင့် သူ၏ လက်တွေ့အောင်မြင်ထားမှုများကို သိပါစေ။
- ကြိုတင်ထည့်သွင်းထားရမည့် ရင်းနှီးမြှုပ်နှံမှု၊ လည်ပတ်စရိတ်များနှင့် မမြင်နိုင်သည့် ကုန်ကျစရိတ်များ ကိုသိပါစေ။
- Franchise ပေးသူနှင့် ဘဏ္ဍာရေး အလားအလာ ခန့်မှန်းချက်များကိုသာ အားမကိုးဘဲ ကိုယ်တိုင်လည်း အလားတူပြုလုပ်ပါ။
- အခြား Franchise ရသူများ မည်သို့အခြေအနေဖြင့် လုပ်ဆောင်နေကြသည်။ အဘယ်ကြောင့် စွန့်ခွာသွားကြသည်ကို သိပါစေ။
- နှစ်ဖက်စလုံး၌ တာဝန်ရှိသူများကို သိပါစေ။
- အခြား Franchise ကမ်းလှမ်းချက်များနှင့် နှိုင်းယှဉ်ကြည့်ပါ။
ပြည်ပ Franchise တစ်ခု ဝယ်ယူတင်သွင်းခြင်း . . .
- ဒေသတွင်း Franchise ဥပဒေနှင့် ကိုက်ညီမှုရှိ မရှိစစ်ဆေးရန်
- Franchise ပြုလုပ်ခြင်း၊ သို့မဟုတ် လုပ်ငန်းအပေါ် အကျိုးသက်ရောက်နိုင်စရာရှိသည့် အခြားဒေသများဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးရန် (ဥပမာ- ပြိုင်ဆိုင်မှုဥပဒေ၊ ဉာဏပစ္စည်းဥပဒေ၊ ဘာသာရေးဥပဒေ၊ ကန့်သတ်လုပ်ငန်းများ၊ တားမြစ်ကုန်ပစ္စည်းစာရင်းများ စသည်)
- ဒေသတွင်း၌ လိုက်လျောညီအောင် ညှိယူကျင့်သုံးရာတွင် ဖြစ်နိုင် မဖြစ်နိုင်၊ လက်ခံနိုင် မခံနိုင်စစ်ပါ (မေးရန်မှာ Franchise ပေးသူက သူ့လုပ်ငန်းကို ပြည်ပသို့တိုးချဲ့ထားခြင်းရှိ မရှိ လေ့လာရန် လိုပါသည်)။
- အချိန်ဇုန်ခြားနားချက်များ (ယင်းက ဝန်ဆောင်မှုဆိုင်ရာ ပံ့ပိုးခြင်းအပေါ် အကျိုးသက်ရောက်နိုင်သည်)
- ထိမ်ချန်အခွန်များ
- ထောက်ပံ့ရေး (တင်သွင်းခြင်း၊ သို့မဟုတ် ဒေသတွင်းမှ ရရှိခြင်း)
- အခြားနယ်မြေများ၌ အသုံးပြုခဲ့သော ဖွင့်ဟဝန်ခံချက် စာရွက်စာတမ်း ရယူထားပါ။
ဦးကျော်နီခင်
Member of SME Development Central Committee
လက်ရှိလုပ်နေတဲ့ Franchise လုပ်ငန်းအခြေအနေ . . .
မြန်မာပြည်က ဟိုတယ် Franchise လုပ်ငန်းတွေက တကယ်တော့ အမေရိက၊ ဥရောပတို့မှာ လုပ်နေတဲ့ Franchise ပုံစံမဟုတ်ပါဘူး။ ဟိုမှာရှိနေတဲ့ Franchise က ဟိုတယ်ကို ရင်းနှီးမြှုပ်နှံမှုလုပ်တာ ဖြစ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ဆီမှာက ဟိုတယ် Operator သက်သက်ပဲ ပိုများပါတယ်။ လက်ရှိ ကျွန်တော်တို့ ဆက်သွယ်လုပ်ကိုင်နေတာတွေကတော့ သုံး၊ လေးခု ရှိပါတယ်။ Hilton ၊ Accor Group ၊ IHG (InterContinental Hotels Group) ၊ Belmond စသဖြင့် ဖြစ်ပါတယ်။
နိုင်ငံတကာ ဟိုတယ် Franchise ဆိုရင် Design ကအစ အပြီးအစီးပါလာတယ်။ Star အရေအတွက်ပေါ်မှာ မူတည်ပြီးတော့ အကျယ်အဝန်း ဘယ်လောက်ရှိရမယ်။ ဘယ်အသုံးအဆောင်ပစ္စည်းတွေ ပါရမယ်။ Guidelines တွေအပေါ်မူတည်ပြီး Designer ကိုအပ်တယ်။ Online ခေတ်ဖြစ်လာတော့ Computer နဲ့ပတ်သက်တဲ့ Requirements တွေကလည်း အများကြီးပါပဲ။ အဲဒါတွေကို Franchise ပေးတဲ့ အဖွဲ့အစည်းတွေက Requirements တွေပေးပါတယ်။ ဆောက်တဲ့အခါမှာလည်း များသောအားဖြင့် Guidelines ထဲမှာ Resorts တွေရဲ့ Stars အလိုက် အကျယ်အဝန်းတွေ၊ ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲဆိုတာကအစ ခန့်မှန်းတွက်ချက်ထားပြီးသား ဖြစ်ပါတယ်။ တကယ်တမ်း Franchise လုပ်တယ်ဆိုရင် သူတို့မှာ Initial Fees ပေးရတယ်။ ဟိုတယ်အခန်း၊ အကျယ်အဝန်းအလိုက် Franchise ဈေးနှုန်းက ဒေါ်လာသုံးသောင်းကနေစပြီး အမျိုးမျိုးရှိပါတယ်။ ဒါကတော့ ဟိုတယ်အသစ်ဆောက်တဲ့ Model ပါ။ လက်ရှိ ဟိုတယ်အဟောင်းရဲ့ Team ကနေ Franchise အတွက် Enage လုပ်မယ်ဆို Engagement နဲ့ပတ်သက်တဲ့ Fees တစ်ခုပေးရတယ်။ သူတို့က Star ပေါ်မှာမူတည်ပြီး Silver ၊ Gold ၊ Platinum စသဖြင့် Brand တွေရှိတယ်။ အဲဒီပေါ်မှာမူတည်ပြီး ကိုယ့်ဟိုတယ်က ဆောက်ထားပြီးသားကို Franchise ယူချင်ရင် ဆောက်ထားတဲ့ အခြေအနေကိုကြည့်ပြီး ဘယ် Level ကို သူတို့ပေးနိုင်တယ်ဆိုပြီး ထွက်လာပါမယ်။ သူတို့ Team က လာစစ်တဲ့အခါ သူတို့ရဲ့ Design ၊ Criteria မီအောင်လို့ ဒီအချက်တွေတော့ ပြင်ရမယ်ဆိုတာမျိုးရှိပါတယ်။
Franchise ပေးပြီးတဲ့အခါမှာ Operator ပါ ဆက်လုပ်တာက ဟိုတယ်လုပ်ငန်းက နည်းနည်း Compulicated ဖြစ်တာရယ် Service နဲ့ နွှယ်နေတဲ့ ကိစ္စဖြစ်နေတာရယ်ကြောင့်ပါ။ ဟိုတယ်တစ်ခုမှာလည်း ဌာနတွေက အများကြီးရှိတော့ System တွေနဲ့ Operation Procedure အတိုင်း အုပ်ချုပ်ရပါတယ်။ သာမန်ဟိုတယ်ပိုင်း တစ်ခါမှမလုပ်ဖူးတဲ့ လူတစ်ယောက်ကလာပြီး Invest လုပ်မယ်ဆိုရင် အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ အဲဒီအတွက် Franchise Company တွေကပါ လုပ်ပေးတယ်။ ဒါဆိုရင်တော့ Management Fees ပေးရတာရှိတယ်။ Management လုပ်တဲ့အချိန်ခန့်ရတဲ့ ဝန်ထမ်းမှန်သမျှဟာ ပေးတဲ့ Franchise ပေးတဲ့ Company ရဲ့ ဝန်ထမ်းမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ဝန်ထမ်းအဖြစ် သူတို့နဲ့ချိတ်ထားတဲ့ လူတွေအတွက် လစာကို ပိုင်ရှင်ကပေးရပါတယ်။
Hotel Franchise လုပ်ငန်းတစ်ခုအတွက် နှစ်စဉ်ပေးသွင်းရတဲ့ Fees တွေနဲ့ပတ်သက်လို့ ပြောပြပေးပါဦး . . .
Initial Fees ၊ License Fees ၊ Sales & Marketing ၊ ဥပမာ- Accor Hotel တွေဟာ တစ်ကမ္ဘာလုံးမှာ ရှိတယ်။ သူတို့က Centralize Reservation လုပ်ပေးတယ်။ အဲဒီအတွက်လည်း Fees ပေးရတယ် ။ Initial Fees ကတော့ One Time ပေးရတဲ့ Fees ပါ။။ ဥပမာ- Engagement လုပ်ရင်ပေးရတဲ့ Engagement Fees (One Time Fees) ၊ Technical Assistant Fees တွေပေးရတယ်။ ဒါက Franchise ယူတဲ့ဘက်က Company ကိုပေးရတာ၊ Designer ပိုင်းကျတော့ သူတို့ Recommend လုပ်တဲ့ Designer ကိုပဲ သုံးရပါတယ်။ အဲဒီနှစ်ခုက သူတို့ကိုပေးရတယ်။ ဖွင့်ပြီးသွားတဲ့အခါမှာ Brand License Fees ပေးရတယ်။ Franchise ဖြစ်တဲ့အတွက် Profit နဲ့ Revenue ပေါ်ကနေ ဘယ်လောက်ကောက်တယ်ဆိုတာမျိုးလည်း ရှိပါတယ်။ အကြမ်းဖျင်းတော့ 3 to 4 ရာခိုင်နှုန်း ၊ Revenue ပေါ်မှာဆို 5 to 12 ရာခိုင်နှုန်လောက် ပေးရတာရှိတယ်။ နောက်ပြီး Sales & Marketing Fees က တစ်ကမ္ဘာလုံးကို ဖြန့်ပြီးတော့ လုပ်ပေးတဲ့အခါမှာ သူတို့က ပူးတွဲလုပ်လိုက်ပါတယ်။ အကြမ်းဖျင်း 2 to 3 ရာခိုင်နှုန်းတောင်းတယ်။ Membership Fees ဆိုတာမျိုးလည်း တချို့မှာရှိပါတယ်။ Member တွေကို ကိုယ့်ဟိုတယ်ကို Market လုပ်ပေးတယ်။ Global Distribution System လို့ခေါ်တဲ့ GDS (Online Booking) လုပ်တာမျိုးတွေဆို အဲဒီပေါ်မှာပဲ 2 to 3 ရာခိုင်နှုန်း ပေးရတာမျိုးတွေရှိတယ်။ အားလုံးပေါင်းရင် ၁၅ ရာခိုင်နှုန်းလောက် ဖြစ်သွားနိုင်ပါတယ်။
ဟိုတယ် Franchise လုပ်ငန်းတစ်ခုလုပ်တော့မယ့် လုပ်ငန်းရှင်တွေအတွက် ဆောင်ရန် ရှောင်ရန်အချက်တွေ ပြောပြပေးပါ . . .
ဒါကတော့ Business Decision ဖြစ်သွားပါပြီ။ ဟိုတယ်ကလည်း စီးပွားရေးလုပ်ငန်းဆိုတော့ နိုင်ငံတကာ Perspective အနေနဲ့ဆို ဥပမာ- ဒေါ်လာ လေး၊ ငါးသန်းရှိတယ်ဆိုရင် ကိုယ်တတ်နိုင်တဲ့ Amount အပေါ်မူတည်ပြီး Franchise တစ်ခုခုနဲ့ချိတ်လိုက်ပြီး ရွေးချယ်နိုင်ပါတယ်။ ဘဏ်မှာထားရင် ဘယ်လောက်ရတယ်ဆိုတာ တွက်ကြည့်ပြီး လုပ်ငန်းစနိုင်ပါတယ်။ (ဥပမာ- သူတို့ဆီက ပင်စင်သွားတဲ့ အရွယ်လူတွေက ကိုယ့်မှာရှိတဲ့ ပိုက်ဆံကိုကြည့်ပြီး ဘဏ်မှာမထားဘဲ လုပ်ငန်းတစ်ခု လုပ်ချင်တဲ့အခါမှာ လုပ်ကြတဲ့သဘောဖြစ်ပါတယ်။) Management ၊ Marketing ပိုင်းကအစ တာဝန်ယူလုပ်ဆောင်ပေးတဲ့ Franchise တွေရှိတော့ နိုင်ငံတကာမှာတော့ အလုပ်ဖြစ်ပါတယ်။ အမေရိက၊ ဥရောပနဲ့ တရုတ်ဘက်တွေမှာ ပိုပြီးအလုပ်ဖြစ်ပါတယ်။
နောက်တစ်ခုက ဟိုတယ် Franchise ကို လုပ်ငန်းရှင်ကြီးတွေ လုပ်တာများပါတယ်။ ကိုယ့်မှာ တခြားလုပ်ငန်းတွေ အများကြီးရှိပြီးသား ဖြစ်တယ်။ ဥပမာ- Consturction ၊ Hotel တွေလည်း လုပ်တယ်ဆိုရင် အဲဒီလို လုပ်ငန်းရှင်က နောက်ပိုင်း သူတို့ကုမ္ပဏီကို Public Listed လုပ်မယ် ရည်ရွယ်ထားတဲ့အခါ Portfolio ကောင်းရှိနေဖို့၊ သူတို့ရှယ်ယာခေါ်တဲ့အခါ ကုမ္ပဏီကို လူအများယုံကြည်စိတ်ချမှုပိုရရှိဖို့ နိုင်ငံတကာ ဟိုတယ် Brand ကို Franchise ယူလုပ်ကြတာမျိုး ရှိပါတယ်။ သူကိုယ်တိုင်လည်း မလုပ်တတ်တဲ့ ကဏ္ဍဖြစ်တော့ Investor တစ်ယောက်အနေနဲ့ စဉ်းစားပြီးလုပ်တဲ့သဘောဖြစ်ပါတယ်။ Franchise ကို လုပ်ငန်းခွဲတစ်ခုအနေနဲ့ပဲ ကြည့်တယ်။ ဒီဟာကြောင့် ကိုယ့်ရဲ့ Portfolio လည်း မြင့်လာတယ်။ တစ်ဆက်တည်းမှာပဲ ထိုက်သင့်တဲ့ Income တွေရတယ်ဆိုတော့ Invest လုပ်မယ်ဆိုပြီး လုပ်ကြတာများတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ဆိုရင်တော့ ဟိုတယ် Franchise လုပ်မယ့် သူက ဘာလို့ဟိုတယ်ပိုင်းလုပ်ချင်တာလဲဆိုတာ စဉ်းစားရပါမယ်။ တစ်ချိန်ကျရင် ကိုယ့်ရဲ့ Portfolio ထူထောင်ချင်တဲ့အခါမှာ Novotel ၊ Hilton လိုမျိုးနဲ့ ချိတ်ဆက်ထားပြီးသား ဖြစ်ချင်တာလား စဉ်းစားရပါမယ်။
နောက်တစ်ခုက ဟိုတယ် Franchise ယူတယ်ဆိုတာ ဈေးမပေါပါဘူး။ စားသောက်ဆိုင်၊ Retail ဆိုင်ကို Franchise ယူရင် Investment မများဘူး။ ဟိုတယ် Franchise ယူရင် Investment များသွားတယ်။ မြေကွက်တစ်ခု ဒီတိုင်းထားတာကို ရောင်းချင်ရင် အချိန်မရွေးရောင်းလို့ရနိုင်တယ်။ ဒါပေမဲ့ ဟိုတယ်ဆောက်ထားရင် တခြားအဆောက်အအုံပြောင်းဖို့ ခက်တယ်။ ဟိုတယ်ရော၊ မြေရော၊ Business ရော ရောင်းမှရတော့မယ်ဆိုရင် Business အနေနဲ့ပြောရင် လွယ်လွယ်နဲ့ငွေပြန်ဖော်လို့မရတဲ့ ၊ Liquid လုပ်လို့မရတဲ့အနေအထားမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
နောက်ပြီး Franchise ပေးတဲ့ International Brand တွေကလည်း ကမ္ဘာတစ်ဝန်း လုပ်နေတာဆိုတော့ ကိုယ့်အတွက်ရယ်လို့ မျက်နှာသာပေးပြီး အခွင့်အရေးပေးမှာ မဟုတ်ဘူး။ ဥပမာ- စင်ကာပူမှာ ဟိုတယ်ဆောက်လို့ ဆယ်သန်းကုန်တယ်ဆိုရင် ဒီမှာဈေးပိုသက်သာတယ်ဆိုရင်တောင် ၁၀ ၊ ၁၅ ရာခိုင်နှုန်းထက်ပိုပြီး မသက်သာနိုင်ပါဘူး။ အနည်းဆုံး ဆယ်သန်းလောက်ကုန်တဲ့ ဟိုတယ်တစ်ခု ကိုယ့်ဆီမှာဆောက်ရင် အနည်းဆုံး ရှစ်သန်း၊ ကိုးသန်းလောက် ကိုယ့်မှာအဆင်သင့်ရှိနေရဲ့လား ဆိုတာမေးဖို့လိုပါတယ်။
ကိုယ်ပြန်ပေးရတဲ့ Fees ရာခိုင်နှုန်းတွေအကုန်လုံးက International Bank တွေရဲ့ အတိုးနှုန်းပေါ်မှာ အခြေတည်ထားတော့ ပြန်ပြီးတော့ Return ပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် Investment မှာလည်း ဘဏ်ရယ် Financial System ရယ် နှစ်ခုထပ်ရှိနေတယ်။ ကျွန်တော်တို့ဆီမှာ Financial System လည်း သိပ်မကောင်းဘူး။ ဘဏ်တွေရဲ့ အတိုးနှုန်းကလည်း အတော်များတဲ့အတွက် အများကြီးစဉ်းစားဖို့လိုပါတယ်။ အဲဒီအချက်တွေပေါ်မှာ မူတည်ပြီးတော့မှ ဘယ် Level လောက် ယူသင့်တယ်ဆိုတာ ရှိတယ်။ ဟိုတယ်ကို ရေရှည် Run ဖူးတဲ့လူမဟုတ်ရင် Technical Assistant လောက်ပဲယူမလားဆိုတာမျိုးတွေ စဉ်းစားရမှာပါ။
ဟိုတယ် Franchise လုပ်ငန်းရှင်တွေအတွက် အားသာချက်၊ အားနည်းချက်တွေနဲ့ မြန်မာနိုင်ငံအတွင်း လက်ရှိဟိုတယ် Franchise လုပ်ငန်းအခြေအနေအပေါ် ထင်မြင်ချက် . . .
International Franchise ပေးတဲ့ Brand တွေရှိတယ်။ သူတို့ Brand တွေအတွက် လုပ်မယ်ဆိုရင် ကျွန်တော်တို့က စိတ်ရှည်ရမယ့်သဘောရှိတယ်။ အားသာချက်၊ အားနည်းချက်တွေလည်း အများကြီးရှိတယ်။ အားသာချက်တွေကတော့ System ၊ Design ၊ Management ၊ ထိုက်သင့်တဲ့ Marketing ၊ ထိုက်သင့်တဲ့ Image လည်းရနိုင်ပါတယ်။
အားနည်းချက်တွေကတော့ လောလောဆယ် ကျွန်တော်တို့က ဘဏ်တိုးကိုက်ဖို့ အနေအထားမရှိဘူး။ Investment က ကြာနိုင်တယ်။ Hold On လုပ်နိုင်တဲ့ အနေအထားမျိုး ရှိလားဆိုတာထည့်စဉ်းစားရမယ့် အချက်တွေရှိတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Corporate Strategy နဲ့ပတ်သက်ပြီး ကိုယ်က နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ Practice တွေ ကိုယ့်အဖွဲ့အစည်းထဲရောက်အောင် ဘယ်လိုပြန်ပြောင်းယူနိုင်မလဲဆိုတဲ့ပေါ်မူတည်ပြီး စဉ်းစားသင့်ပါတယ်။ ဒါကတော့ လုပ်ငန်းကြီးလုပ်ချင်တဲ့ သူတွေအတွက်ပါ။
ကျွန်တော့်အမြင်အရ Franchise ကတော့ အခြေခံအရ ဘဏ်ထက်ပိုအတိုးရဖို့အတွက် မှန်းပြီးတော့ ကိုယ့်ငွေလည်း အလကားမဖြစ်အောင် ကိုယ်လည်းထိုက်သင့်တဲ့ Income နဲ့ Construction လေးရပြီးတော့ ထိန်းထားပြီး လုပ်လို့ရတာမျိုးလေးလုပ်ချင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ Franchise ခက်မယ်လို့ထင်တယ်။ နိုင်ငံတကာမှာ ဘဏ်ရဲ့ အတိုးနှုန်းက သိပ်နည်းတယ်။ ၂၊ ၃၊ ၄၊ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိနေတယ်။ များသောအားဖြင့် Franchise Model တွေက Development Countries တွေကလာတာ များတယ်။ အင်္ဂလန်၊ အမေရိက၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင် စသဖြင့်ပါ။ Franchise မှာ မြတ်တဲ့ ရာခိုင်နှုန်းရှိတယ်။ ၅ ရာခိုင်နှုန်း ဖြစ်ရင်ဖြစ်မယ်။ ၁၀ ရာခိုင်နှုန်း ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ဘယ် Franchise မှ ၁၅၊ ၂၀ ရာခိုင်နှုန်း မြတ်တာမရှိပါဘူး။ ဥပမာ တစ်သိန်းရင်းရင် နှစ်သောင်းမြတ်တဲ့ Franchise မျိုး မတွေ့ဖူးသေးပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ ဘဏ်အတိုးနှုန်းက သိပ်မြင့်တယ်။ အဲဒီတော့ ဟိုတယ်လုပ်ငန်းတစ်ခုအတွက် ပေးရမယ့် အတိုးနှုန်းက ၁၃ ရာခိုင်နှုန်းလောက်ဖြစ်နေရင် အဆင်ပြေမပြေဆိုတာ ရှိပါတယ်။ နောက်တစ်ခုက International Franchise တွေက များသောအားဖြင့် ပြန်ရောင်းထုတ်လိုက်တာ များတယ်။ စင်ကာပူမှာThai Express လုပ်တာက တစ်ချိန်ကျရင် ရောင်းစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စလုပ်ခဲ့တာပါ။ ဒါမျိုး Franchise ကိုဝယ်ပြီး လုပ်ထားရင် ကိုယ်က ၅ ၊ ၈ ရာခိုင်နှုန်း Return လောက်နဲ့ ကျေနပ်နိုင်မလားဆိုတာ စဉ်းစားရပါမယ်။
အကြံပေးလိုတာက ငွေကြေးအင်အား မတောင့်တင်းဘဲ ဒီလုပ်ငန်းအပေါ် မှီနေရမယ်၊ အရင်းမြန်မြန် ပေါ်ချင်တယ်ဆိုရင် လောလောဆယ်မှာတော့ စဉ်းစားသင့်တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ငန်းက နိုင်ငံရေး၊ စီးပွားရေး၊ Tourism တွေ၊ ဘဏ်တွေရဲ့ အတိုးနှုန်း၊ Government စတာတွေနဲ့ ဆက်စပ်နေတော့ ကိုယ်က Deep Pocket မရှိထားဘူးဆိုရင် ပြန်စဉ်းစားသင့်ပါတယ်။
Franchise တွေက များသောအားဖြင့် Service Industry နဲ့ Food Industry တွေမှာ များပါတယ်။ Food ၊ Retail ၊ Laundry ဒါတွေအကုန်လုံးက Franchise တွေပါ။ အခုနောက်ပိုင်းမှာပေါ်နေတဲ့ Franchise က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အခုပေါ်နေတာက Coding ပါ။ Application ဆိုတာ Coding တွေရေးတဲ့အခါမှာသုံးတဲ့ Coding တွေ။ အရင်တုန်းကတော့ ကျွန်တော်တို့ အသုံးလုံးလို့ပြောတဲ့ အရေး၊ အဖတ်၊ အတွက်ဆိုတာရှိပါတယ်။ အဲဒီကနေပြီးတော့ အင်္ဂလိပ်စာမတတ်ရင် စာမတတ်ဘူးလို့ ဖြစ်သွားပါတယ်။ အခုကတော့ အခုမွေးလာမယ့်ကလေးတွေ ကြီးလာတဲ့အခါ Coding မတတ်ရင် စာမတတ်ဘူးဆိုတာမျိုးတောင် ဖြစ်လာနိုင်တယ်လို့ ပြောကြပါတယ်။ အခု Silicon Vallery မှာတော့ Coding ကို Early Child ကို သင်ပေးတာမျိုး ရှိနေပါပြီ။ ဒါက နိုင်ငံတကာကိုတော့ မပို့ပေးပါဘူး။ Silicon Valley မှာပဲ Coding Franchise စလုပ်နေတယ်လို့ သိရပါတယ်။ ဆိုလိုတဲ့သဘောက Franchise ယူမယ်၊ လူငယ်တွေအနေနဲ့လုပ်မယ်ဆိုရင် အဲဒီလိုဘက် Area တွေ ဖြစ်တဲ့ ဥပမာ - Financial Technology နဲ့ပတ်သက်တာတွေ၊ Coding နဲ့ပတ်သက်တာတွေစတဲ့ Trend ကို မျက်ခြည်မပြတ်ဘဲ လုပ်တဲ့ဟာတွေကို ယူသင့်၊ ပိုစဉ်းစားသင့်ပါတယ်။ သာမန် Franchise ကတော့ ကျွန်တော်စောစောက ပြောသလိုပဲ 5 to 8 ရာခိုင်နှုန်းပြန်ရမှာနဲ့ ကိုက်ပါ့မလားဆိုတာမျိုးကို ပြန်တွက်နေရပါမယ်။
ဒေါ်ချောခင်ခင်
Group CEO
MCC Group
Franchise လုပ်ငန်းစလုပ်ဖြစ်တဲ့အချိန် . . .
Franchise စပေးတာကို ၁၉၉၄ ခုနှစ်ကတည်းက စခဲ့တာပါ။ အဲဒါကလည်း ဥက္ကဌရဲ့ Vision ကြောင့် ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ MCC ကို ကျွန်မအဖေ ဦးတင်ဝင်းအောင်က ကျွန်မတို့အိမ်အောက်မှာပဲ သင်တန်းကျောင်းလေးဖွင့်ခဲ့တာပါ။ ရန်ကုန် Main Centre က လုပ်တာ အားသန်လာတော့ အဲဒီကနေ ပထမဦးဆုံး Centre အခွဲတွေက တောင်ကြီး၊ မကွေး၊ မန္တလေး၊ ဖြစ်ပါတယ်။ စကတည်းကနေ ဒီကနေ့အထိ ဥက္ကဌရဲ့ ခံယူချက်က Partner တွေနဲ့ လက်တွဲလုပ်မှပဲ လုပ်ငန်းတစ်ခုက အောင်မြင်မယ်ဆိုတဲ့ အတွေး၊ Collaboration ဆိုတဲ့ အမြဲတမ်းဘာပဲလုပ်လုပ် ပူးပေါင်းလုပ်ဆောင်မှ လုပ်ငန်းတစ်ခုက အောင်မြင်မယ်၊ ကိုယ်တစ်ယောက်တည်း လုပ်နေလို့ ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဆိုတဲ့ အတွေးရှိပါတယ်။ MCC Centre တွေ စချဲ့လိုက်ကတည်းက ကိုယ်ပိုင်လုပ်တာဆိုလို့ ကျွန်မတို့အရင်တုန်းကနေခဲ့တဲ့ လှည်းတန်း ၇ လမ်းက အိမ်ရယ်၊ MCC ရဲ့ ဘူမိနက်သန် တောက်လျှောက်ရုံးချုပ်ဖြစ်ခဲ့တဲ့ ၄၉ လမ်းထိပ်က Centre ရယ်ပဲ ရှိခဲ့တာဖြစ်ပါတယ်။ ကျန်တာအားလုံးက Partner တွေနဲ့ပဲ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ Mendate နဲ့ပဲလုပ်ခဲ့တာဆိုတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး Franchise ကို MCC က စခဲ့တာလို့ ပြောရင်လည်း မမှားပါဘူး။ ၁၉၉၄ ခုနှစ်က စခဲ့တာဆိုတော့ ခုဆို ၂၃ နှစ် ရှိသွားပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်လောက်ကတည်းက Formalization တွေ အများကြီးပြန်လုပ်ခဲ့ပါတယ်။ Standard Booklet တွေထုတ်တယ်။ Contract တွေ ပြန်ကြည့်တယ်။ Governmance က အရေးကြီးတော့ သေချာပြန်လုပ်ခဲ့ပါတယ်။
ကျွန်မတို့ရဲ့ Franchise Concept ကတော့ Education Service Process Franchise ပေါ့။ လုပ်ငန်းစပြီဆိုတာနဲ့ Training for the Trainer လုပ်ပေးတယ်။ Set Up လုပ်လို့ရအောင် လူလွှတ်ပေးပါတယ်။ Process တစ်ခုလုံးကို Franchise ပေးတဲ့သဘောပါ။ ကျွန်မတို့ Grade လိုက် သတ်မှတ်ထားတဲ့ သင်တန်းတွေရှိတယ်၊ အဲဒီသင်တန်းပဲ သင်ရပါတယ်။ စာအုပ်စာတမ်းတွေကလည်း ရုံးချုပ်က သတ်မှတ်ထားတဲ့အတိုင်း သုံးရပါမယ်။ Syllabus နဲ့သင်ကြားရေးအထောက်အကူပြု Guideline တွေက MCC Head Office က ထုတ်ပေးပါတယ်။ ကွန်ပျူတာတွေကိုတော့ Partner တွေကပဲ စီစဉ်ပါတယ်။ MCC Centre တစ်ခုကို ဝင်လိုက်ရင် စာအုပ်လည်း တစ်သမတ်တည်း ဖြစ်ရမယ်။ အရည်အသွေးနဲ့ရသွားတဲ့ လက်မှတ်ကလည်း တစ်သမတ်တည်း ဖြစ်ရမယ်ဆိုပြီး သေသေချာချာ Control လုပ်ထားပါတယ်။ တစ်နှစ်တစ်ခါ Inspection Check ဝင်တယ်။ တစ်နှစ်တစ်ခါ Contract Renew လုပ်ရတယ်။ တစ်နှစ်ခြားတစ်ခါကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Conference လုပ်ပါတယ်။
နောက်တစ်ခုကတော့ ကျွန်မတို့မှာ MCC Partner Network ဆိုတာလည်း ရှိပါသေးတယ်။ အဲဒါကျတော့ သင်တန်း Franchising မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ တခြားသောလုပ်ငန်းတွေကို ပူးတွဲဆောင်ရွက်လို့ရတဲ့ သင်တန်းမဟုတ်တဲ့ Partner ပုံစံလည်း ရှိပါတယ်။ အဓိက Franchise လုပ်ရတယ်ဆိုတာကလည်း ဥက္ကဌက အဲဒီအချိန်တုန်းကလည်းက နည်းပညာပြန့်ပွားမှုကို သိပ်ဖြစ်စေချင်တာကြောင့်ပါ။ နယ်လိုမျိုးဒေသတွေမှာ သင်တန်းတွေရှိဖို့ပဲ၊ အခြေခံတွေရှိဖို့ပဲဆိုပြီး လုပ်တာဖြစ်ပါတယ်။
MCC ရဲ့ Franchise Training Centre တွေနဲ့ပတ်သက်လို့ ပြောပြပေးပါ . . .
လက်ရှိမှာ Registered Franchise Centre ၂၀၂ ခုရှိပါတယ်။ Franchise လာလျှောက်နိုင်ပြီလို့ ကြေညာတာမျိုးလည်း မလုပ်ပါဘူး။ လာတာကတော့ ကိုယ့်ရဲ့ Franchise တွေနဲ့ဆက်စပ်တဲ့လူတွေ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ Franchise တွေထဲကနေပဲ နှစ်နေရာ၊ သုံးနေရာကို Partnership သော်လည်းကောင်း၊ Indudival အနေနဲ့သော်လည်းကောင်း ထပ်ချဲ့ကြတာမျိုးလည်း ရှိပါတယ်။ တချို့နေရာတွေမှာ Computer သင်တန်းကျောင်းမရှိဘူး။ ရန်ကုန်ကနေလာဖွင့်တဲ့ သင်တန်းကျောင်းမရှိရင် အဲဒီမြို့ကဒေသခံတွေက Computer Training ဖွင့်ဖို့ စိတ်ဝင်တစား လာဆက်သွယ်ကြတယ်။
သူတို့ကို Franchise Enquiry Form ကို လူကိုယ်တိုင်၊ ဒါမှမဟုတ် Online ကနေပေးလိုက်တယ်။ Inquiry Form မှာ ဘာတွေထည့်ထားလဲဆိုတော့ Franchise ဖွင့်လှစ်လိုတဲ့ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ Biography အချက်အလက် တောင်းတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်ချင်သလဲ။ ဒီဟာအတွက် ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်အထိ ထည့်သွင်းဆောင်ရွက်မလဲ။ ဒါကို ပါဝင်ဆောင်ရွက်မယ့် လူတွေက ဘယ်သူတွေလဲဆိုတာလည်း တောင်းပါတယ်။ သက်ဆိုင်ရာဒေသ၊ မြို့တစ်ခုရဲ့ အခြေခံအချက်အလက် (လူဦးရေ၊ ကျောင်းအရေအတွက်၊ ဘဏ်၊ ကုမ္ပဏီအဖွဲ့အစည်း ဘယ်လောက်ရှိလဲ)၊ အလုပ်ရနိုင်မယ့် Potential လည်း ကြည့်ပါတယ်။ နောက်ပြီးတော့ တက္ကသိုလ်တွေကို ကြည့်ပါတယ်။ အဲဒီ Enquiry Form ကို Franchise ဌာနရုံးချုပ်ကိုပို့ပေးတယ်။ အဲဒီအချက်အလက်တွေ စစ်ကြည့်ပြီးတော့ Franchise ပေးဖို့ လုံလောက်တဲ့ အခြေခံအကြောင်းပြချက်တွေနဲ့ ပြည့်စုံရင် အဲဒီဒေသကို Inspection သွားတယ်။ တာဝန်ရှိသူတွေက Enquiry Form မှာပါဝင်တဲ့ အချက်အလက်တွေနဲ့ လက်တွေ့အခြေအနေ ကိုက်ညီမှုရှိ မရှိ ကွင်းဆင်းလေ့လာတယ်။ အဆင်ပြေရင် အဲဒီအပေါ် မူတည်ပြီးမှ Franchis ပေးဖို့သင့်တယ်လို့ သတ်မှတ်ပြီး Contract လုပ်ဖို့ခေါ်ပါတယ်။ Contract လုပ်တဲ့အခါ Individual ၊ ဒါမှမဟုတ် အဖွဲ့အစည်းကိုယ်တိုင် လာရောက်စာချုပ်ချုပ်ပါတယ်။ စာချုပ်ကလည်း ဥပဒေအကြံပေးတွေနဲ့ သေချာပြင်ဆင်ထားပါတယ်။
သက်ဆိုင်ရာမြို့ရဲ့ Population ၊ စီးပွားရေးအနေအထား၊ ကျောင်းသားအင်အား၊ တက္ကသိုလ်၊ နောက်ပြီးတော့ အလုပ်ရရှိနိုင်ဖို့ အခွင့်အလမ်းရှိ မရှိဆိုတဲ့ အချက်တွေပေါ်မူတည်ပြီး Franchise ကို Grade သုံးခုလောက် သတ်မှတ်ထားတယ်။ Grade 1 ၊ Grade 2 ၊ Grade 3 ဆိုပြီးတော့ရှိပါတယ်။ Grade 3 က နည်းနည်း Portable ဖြစ်ပါတယ်။ တော်ရုံတန်ရုံမြို့သေးသေးလေးတွေမှာ ဖွင့်မယ်ဆို ဖွင့်လို့အဆင်ပြေပါတယ်။ Grade 2 က အလယ်အလတ်ဆိုတော့ ခရိုင်မြို့တွေမှာ ဖွင့်နိုင်ပါတယ်။ Grade 1 တွေ ပေးထားတာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်မြို့တော်ကြီးတွေက Centre တွေ အတွက်ပေးပါတယ်။
Grade 3 အနေနဲ့ အနည်းဆုံးကွန်ပျူတာ ဆယ်လုံးလောက် Invest လုပ်ရမယ်။ စာသင်ခန်းတစ်ခန်း ရှိရမယ်။ တက်တဲ့ကျောင်းသားနားနေဖို့ Reception Area လိုတယ်။ သင်တန်းတစ်ခုအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံပိုင်းကို စစ်ဆေးတယ်။ အခန်းနေရာကအပိုင် ဖြစ်ရမယ်လို့တော့ မကန့်သတ်ထားပါဘူး။ ငှားလုပ်ချင်လည်း လုပ်လို့ရပါတယ်။ တချို့လည်း သူတို့ငှားတဲ့နေရာမှာပဲ နှစ်တိုင်းလုပ်သွားတာရှိတယ်။ တချို့သင်တန်းနေရာ ပြောင်းတဲ့သူတွေက နေရာပြောင်းလျှောက်ရပါတယ်။ Franchise Grade 3 မှာတော့ အခြေခံကွန်ပျူတာသင်တန်း ဆယ်မျိုးလောက်ပဲ ခွင့်ပြုထားပါတယ်။
Grade 2 မှာ LCCI အပါအဝင်၊ စီးပွားရေးသင်တန်းနဲ့တခြားသင်တန်းတွေ ခွင့်ပြုထားပါတယ်။ Grade 1 မှာ ရုံးချုပ်က လုပ်နေတဲ့ Diploma သင်တန်းတွေအထိ လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ပေးထားတယ်။ Grade 3 ဖွင့်ထားရာက သူတို့မှာ Market Potential လည်းရှိတယ်။ သူတို့မြို့က စည်ပင်ဖွံ့ဖြိုးလာတယ်။ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာတယ်ဆိုရင် Grade 3 ကနေ Grade 2 ကို Upgrade လုပ်လို့ရပါတယ်။ အနည်းဆုံး ခြောက်လလောက် စောင့်ကြည့်ပြီးတော့ နောက်နှစ်သက်တမ်းတိုးတဲ့အခါ သူတို့ Grade Upgrade လုပ်ချင်တယ်လို့ Demand လုပ်လာရင် Upgrade လုပ်ပေးပါတယ်။
Grade 2 မှာကတော့ ကွန်ပျူတာအလုံးရေ ၁၅ လုံး၊ ၁၆ လုံးလောက်စထားရမယ်။ Grade 1 ဆိုရင်တော့ ၂၀၊ ၂၅ လုံးလောက် စထားရပါတယ်။ မကွေး၊ မော်လမြိုင်၊ မန္တလေးမြို့တွေမှာရှိတဲ့ Grade 1 အဆင့် သင်တန်းကြီးတွေမှာ ဝန်ထမ်းအင်အားက အနည်းဆုံးဆယ်ယောက်၊ ၁၅ ယောက် ရှိပါတယ်။ Grade 3 မှာတော့ ပိုင်ရှင်က ကိုယ်တိုင်သင်တာလည်း ရှိမယ်။ ဒါပေမယ့် အနည်းဆုံး ဝန်ထမ်းတစ်ယောက်လောက် ထားရပါတယ်။ Grade 3 ရဲ့ ဖွဲ့စည်းပုံက ပိုင်ရှင်နဲ့ဝန်ထမ်းပေါင်း နှစ်ယောက်၊ သုံးယောက်လောက်ရှိမယ်။ Grade 2 ဆိုရင် ငါးယောက်၊ ဆယ်ယောက်လောက်ရှိမယ်။ Grade 1 ဆိုရင်တော့ ဝန်ထမ်း ၁၅ ယောက်၊ ၂၀ ယောက်နဲ့ လည်ပတ်နေပါပြီ။ ရုံးချုပ်ဘက်က Set Up လုပ်ဖို့လိုအပ်တဲ့အရာတွေ ပံ့ပိုးပေးတယ်။ တချို့ကတော့ ကွန်ပျူတာသင်နိုင်တဲ့ လူတွေရှိတော့ တစ်ခါတည်းချိတ်ဆက်ပြီး သင်တန်းဖွင့်ကြတယ်။ တကယ်လို့ သင်နိုင်တဲ့ဆရာ၊ ဆရာမ မရှိဘူးဆိုရင် ရုံးချုပ်ကနေ ဆရာ၊ ဆရာမတွေ ပံ့ပိုးပေးတယ်။ အနည်းဆုံး သုံးလ၊ ခြောက်လပေါ့။ ပံ့ပိုးပြီးရင် သူတို့ Local မှာ သေချာ Train လုပ်ကြမယ်။ တချို့ကတော့ အကြောင်းကြောင်းကြောင့် သူတိုရဲ့ ဆရာ၊ ဆရာမတွေ အလုပ်ထွက်တာရှိရင် Operation မပျက်အောင် ဆရာ၊ ဆရာမ အရန်ထားပြီး ပံပိုးပေးတာရှိတယ်။ ကျွန်မတို့က Inspection Check တွေ လိုအပ်သလို လုပ်ပေးတယ်။
ရုံးချုပ်က တာဝန်ယူပေးတဲ့အချက်က သူတို့ရဲ့ သင်ရိုးညွှန်းတမ်း၊ စာအုပ်စာတမ်း၊ Certificate တွေကို ရုံးချုပ်ရဲ့ စံချိန်စံညွှန်းသတ်မှတ်ချက်နဲ့ပဲ လုပ်ရပါမယ်။ ကျောင်းအပ်လက်ခံတဲ့ Registration ပိုင်းကိုလည်း ရုံးချုပ်ကပဲ လက်ခံဆောင်ရွက်ပေးပါတယ်။ ရုံးချုပ်ရဲ့ ကျောင်းသားအနေနဲ့ သတ်မှတ်ပြီး Certificate ကိုလည်း ရုံးချုပ်ကပဲ တာဝန်ယူလုပ်ဆောင်ပါတယ်။ ကျောင်းသားတွေ အနေနဲ့ MCC ရဲ့ တစ်နိုင်ငံလုံးအသိအမှတ်ပြု Certificate တွေ ရရှိမှာဖြစ်ပါတယ်။ Certificate က Security Feature အပြည့်ရှိတော့ အတုလုပ်လို့မရပါဘူး။
Royalty Fees သတ်မှတ်ထားတာမျိုးရှိပါသလား . . .
Initial Joining Fees ရှိတယ်။ Annual Fees ရှိတယ်။ တစ်မြို့ထဲမှာ Centre နှစ်ခုဖွင့်ချင်တယ်ဆိုရင်လည်း ကျွန်မတို့မှာ စည်းကမ်းချက်တွေရှိတယ်၊ Proximity သတ်မှတ်ထားတာရှိပါတယ်။ Radius သတ်မှတ်ပေးထားပါတယ်။ သူ့ကဏ္ဍနဲ့သူ Criteria တွေရှိတယ်။
Long - tem Partner တွေကို ပြောပြပေးပါဦး . . .
MCC မန္တလေးဆို တော်တော်ကြာနေပြီ။ MCC ပုသိမ်ဆို ၁၅ နှစ်ကျော်ပြီ။ Entrepreneurship ရဲ့အစထဲမှာ Franchising လည်းပါပါတယ်။ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး၊ ပျဉ်းမနား၊ မြစ်ကြီးနား၊ မကွေး အစရှိတဲ့ မြို့ကြီးတွေက Centre တွေက Long-term Partner တွေဖြစ်ပါတယ်။ MCC ပုသိမ်၊ လားရှိုး၊ မိတ္ထီလာ၊ မြင်းခြံတို့ဆိုရင် Long-term Partner တွေ ဖြစ်ပါတယ်။ MCC ပုသိမ်ဆိုရင် Long-term ဖြစ်တဲ့အပြင် အဖေလက်ထက်ကနေ သမီးလက်ထက်ရောက်သွားပါပြီ။ သမီးလက်ထက်ရောက်တော့ Top 10 Centre တွေထဲမှာပါလာပါတယ်။ သူကိုယ်တိုင်လည်း သင်တယ်၊ သိပ်ကြိုးစားပါတယ်။ Top 3 ထဲမှာပါတာ သုံးနှစ်လောက်ရှိပါပြီ။ Long-term Partner Award ၊ Best Performing Award ဆိုပြီး Grade အလိုက် ဆုချီးမြှင့်ပတယ်။ ရန်ကုန်ကဆို လှိုင်သာယာ၊ သန်လျင်၊ တောင်ဒဂုံက Centre တွေ ပါပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် နွေရာသီကလေးတွေအတွက် ဆုပေးပါတယ်။ Conference မှာဆိုရင်တော့ နှစ်အလိုက် Centre တွေရဲ့ Performance ကိုလိုက်ပြီး ဆုပေးပါတယ်။
တစ်နှစ်တစ်ခါ Renew လုပ်တဲ့အခါ ဘာတွေစစ်ဆေးပါသလဲ . . .
လက်ရှိတော့ ပြည်နယ်နဲ့တိုင်းအလိုက် Centre တွေကို တွေ့နေပါတယ်။ Inspection Check အပြင် အထက်မြန်မာပြည်၊ အောက်မြန်မာပြည်ခွဲပြီး တစ်နှစ်မှာ နှစ်ခါလောက်တော့ အနည်းဆုံး အစည်းအဝေးလုပ်ဖြစ်တယ်။ Market ထဲမှာ ဘာ Needs တွေရှိလဲသိအောင်လုပ်ရပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပြောင်းလဲလာတဲ့အခါကျတော့ Regional Needs ကို ဆင်းတယ်။ Region တစ်ခုနဲ့တစ်ခုရဲ့ Needs မတူဘူး။ နောက် Grade တစ်ခုနဲ့တစ်ခုရဲ့ Needs မတူဘူး။ Certificate တင်လာတဲ့ Course တွေပေါ်မူတည်ပြီး Analysis လုပ်ပြီး သင်တန်းတွေနဲ့ Grade တွေကို Upgrade လုပ်တယ်။ Trend တွေ ပြောင်းလာတာပေါ့နော်။ အထူးသဖြင့် ၂၀၁၆ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာ Trend တော်တော်ပြောင်းလာတာ တွေ့ရတယ်။ အောက်ခြေအထိ ဆင်းတဲ့အနေနဲ့ တိုင်းနဲ့ ပြည်နယ်အလိုက် သူတို့ကိုခေါ်တွေ့တာရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း တိုင်းနဲ့ပြည်နယ်အလိုက် သွားတယ်။ ဥပမာ- မွန်ပြည်နယ်ဆို မော်လမြိုင်မှာ တွေ့တာမျိုးလုပ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းတွေဆိုရင်တော့ တွေ့ပြီးပါပြီ။ Trend တွေ ပြောင်းလာတာကလည်း တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ Education Market Trend ပြောင်းလာသလို၊ နယ်ရဲ့ Market Trend ပြောင်းလာတဲ့အခါ ကျွန်မတို့က သင်တန်းတွေကို ပိုပြီးတော့ Diversity ဖြစ်အောင်၊ Market Needs နဲ့လည်း ပြည့်မီအောင် ပြန်လုပ်ပေးရပါတယ်။
လက်ရှိ Education Franchising လုပ်နေတဲ့လုပ်ငန်းကြီးတစ်ခုအနေနဲ့ ဆောင်ရန် ရှောင်ရန်တွေရှိရင် ပြောပြပေးပါဦး . . .
လူတွေအများကြီးနဲ့လုပ်ရတဲ့အခါမှာ စိန်ခေါ်မှုတွေတော့ ရှိပါတယ်။ ဆောင်ရန်ဆိုရင်တော့ ကျွန်မတို့က Second Generation Repatriate တွေဆိုတော့ အောက်ခြေအထိဆင်းပြီး ဗျူဟာတစ်ခုကို Move လုပ်တော့မယ်ဆိုရင် အချိန်ပေးရပါတယ်။ ဒါကိုတော့ နည်းနည်းနားလည်ပေးရပါတယ်။ အားလုံးကို အချိန်ပေးပြီး မျှခေါ်သွားမှသာ Synergy ရမှ အင်အားကြီးတစ်ခု ဖြစ်ပေါ်တာပါ။ ကျွန်မရဲ့အတွေ့အကြုံအရဆိုရင် မလောဖို့နဲ့ စောင့်ဖို့လိုပါတယ်။ တဖြည်းဖြည်းချင်းလုပ်သွားရင်တော့ ပါလာကြပါတယ်။ ချက်ချင်းကြီးတော့ မပြောင်းနိုင်ပါဘူး။ ဒုတိယကတော့ ကျွန်မတို့ ဘာကိုကြည့်ပေးရသလဲဆိုရင် Trend ပြောင်းတဲ့အခါမှာလည်း Partner နဲ့ အလုပ်လုပ်နေတော့ Partner ကိုလည်း နားလည်ပေးရမယ်။ ဈေးကွက်ကိုလည်း နားလည်ဖို့လိုတယ်။ ဈေးကွက်ကို Define လုပ်တတ်ဖို့လိုတယ်။ ဒီနှစ်ဆိုရင် ကျွန်မတို့ Region အလိုက် သူတို့ရှိတဲ့ နေရာကိုသွားပြီး အစည်းအဝေးတွေ လုပ်ပါတယ်။ ဒေသခံတွေနဲ့လည်း စကားပြောဖို့လိုပါတယ်။ တတိယကတော့ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်လည်းပြောတဲ့ Governance ပါပဲ။ အဲဒါကတော့ အဓိကဆောင်ရန်ပါပဲ။ များပြားလှတဲ့ Partner တွေနဲ့ အလုပ်လုပ်တဲ့အခါ Issue တွေ ရှိပါတယ်။ တစ်ခါတစ်လေမှာ သူတို့အချင်းချင်း ပြဿနာဖြစ်ပေမယ့် တိုင်စာက ရုံးချုပ်ကို ရောက်ပါတယ်။ Customer ကလည်း တစ်ခါတစ်လေတိုင်ရင် ရုံးချုပ်ကိုတိုင်တာပါ။ ဒါမျိုးတွေလည်းရှိတဲ့အခါမှာ ကိုယ့် Governance Structure တစ်ခုကောင်းကောင်း ချထားဖို့လိုပါတယ်။ နောက်ပြီး ကျွန်မတို့ဥပဒေအကြံပေးလည်းထားပါတယ်။ လုပ်ငန်းစဉ်ကို သေချာတိကျစွာထားပြီးတော့ ကိုယ်တိုင်လည်း သေချာအောင်လုပ်ထားဖို့ လိုပါတယ်။ Franchise လုပ်နေတော့ Brand ကို ထိခိုက်မှုမရှိအောင် သတိထားရတယ်။ ဒါကြောင့် ဥပဒေအကြံ ပေးထားတယ်၊ စာချုပ်တွေကို သေသေချာချာ လုပ်ထားတယ်။ ဒါပေမယ့် အရေးကြီးဆုံးက Formalize လုပ်ဖို့လိုတယ်။ Governance Sturcture ရှိသွားတော့ တချို့ကိစ္စတွေလုပ်ရတာ အရမ်းအဆင်ပြေသွားပါတယ်။ ဒါကြောင့် Franchise လုပ်မယ်ဆိုရင် ကိုယ်က Proven Business Model တစ်ခုရှိတယ် ၊ အဲဒါကိုတစ်နိုင်ငံလုံးက လူတွေပွားပြီး ယူသွားလို့ရအောင် လုပ်တဲ့အခါမှာတော့ Structure နဲ့ Process နဲ့ Governance နဲ့ Define မလုပ်ထားရင် ဘယ်လိုမှ အဆင်မပြေပါဘူး။ ရှောင်ရန်တွေကတော့ အားလုံးအဆင်ပြေဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်တော့ Internal Discount Policy ကအစ ၊ အုပ်စုဖွဲ့တာတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ခုခုဖြစ်တိုင်းလည်း Learning Process အနေနဲ့ထားတယ်၊ ပြီးရင် Governance Structure ထဲကိုလည်း ထည့်လိုက်ပါတယ်။ ကိုယ့် Partner ကို သေသေချာချာတော့ လေ့လာဖို့လိုပါတယ်။ မျက်နှာလွှဲခဲပစ်လဲ လုပ်လို့မရသလို ကိုယ့် Homeword ကိုယ်ကျေမှရပါတယ်။ Partner များရင် Collective Bargaining ဖြစ်မှာပါပဲ။ အဲဒီလိုဖြစ်တဲ့အခါ Management က မူကိုပဲလိုက်ရပါတယ်။ ဒါပေမဲ့ အရင်ဆုံးတော့ သူတို့ပြောတာကို နားထောင်ပေးရပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ဟာဆိုရင်တော့ လက်ခံပေးပါတယ်။ မဟုတ်ဘဲ Noise ဖြစ်နေရင်တော့ Factual နဲ့ရှင်းရပါတယ်။ အများနဲ့လုပ်ရတာဆိုတော့ မျက်နှာမလိုက်မိဖို့နဲ့ Personal Favor မပေးမိဖို့ အရေးကြီးပါတယ်။ ဘယ်တော့မဆိုမူကိုပဲ အမြဲတမ်း လက်ကိုင်ထားတယ်။ မူနဲ့ပြောတဲ့အခါ Data တွေရှိရမယ်။ Analyse လုပ်ထားရမယ်။ Performance Score ၊ Interest တွေ ရှိထားရမယ်။
ဘယ်အချက်တွေဖြစ်လာရင် Tunrdown လုပ်မယ်ဆိုပြီး သတ်မှတ်ထားတာရှိပါသလား . . .
စာချုပ်ထဲမှာ ထည့်ထားပြီးသားဖြစ်ပါတယ်။ အဓိကက ငွေရေးကြေးရေးကိစ္စနဲ့ Brand ထိခိုက်မယ့်ကိစ္စတွေ အကုန်လုံးအတွက် စည်းကမ်းချက်တွေ သတ်မှတ်ထားတာရှိပါတယ်။ Agreement ချုပ်တဲ့အခါ Non-Compete အဖြစ်ချုပ်ရပါတယ်။ ကျွန်မတို့ရဲ့ ပင်မလုပ်ငန်းတွေနဲ့အပြိုင် Competitor တော့ ဖြစ်လို့မရဘူး။ ဥပမာ- Hardware, Mobile Retail ရောင်းတယ်။ Hardware, Mobile Retail ရောင်းတာနဲ့ ပေါင်းလို့ရတယ်။ ပြဿနာမရှိဘူး။ တချို့ဆိုရင် DTP Service ၊ Photo Copy Service တွေနဲ့ပေါင်းတယ်။ ဒါလည်း ပြဿနာမရှိပါဘူး။ MCC Centre အနေနဲ့ Inspection သွားတဲ့အခါမှ ရှိရမယ့်စံနဲ့ ရှိရမယ့် Structure နဲ့ရှိရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ Direct Competition ဖြစ်သွားရင်တော့ စာချုပ်စာတမ်းတွေနဲ့အညီ Centre အဖြစ်ကနေရပ်ပါတယ်။ ဒါက နှစ်ဦးသဘောတူရပ်စဲကြပါတယ်။
နောက်တစ်မျိုးက MCC Centre အနေနဲ့ ဆက်လက်ရှိနေပေမယ့် ကျွန်မတို့နဲ့လုပ်နေတဲ့ Partner ၊ အဲဒီ Centre ရဲ့ ပိုင်ရှင်ပြောင်းသွားတာမျိုးလည်း ရှိဖူးပါတယ်။ နောက်ပြီး တစ်ဦးတည်းပိုင် Individual ကနေ အုပ်စုပိုင် ဖြစ်သွားတာမျိုးလည်း ရှိဖူးပါတယ်။
ကျွန်မတာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ လက်တွဲဖြုတ်လိုက်တဲ့ Centre တွေတော့ရှိခဲ့ပါတယ်။ ကျွန်မ အဖေတုန်းက ကျောင်းဆရာဆိုတော့ Termination ဆိုတာမျိုး သူ့မှာမရှိပါဘူး။ ကျွန်မက KPI နည်းနည်းထားတယ်။ Meeting လုပ်တိုင်းပြောရတာက Centre တွေရဲ့ Customer Service တွေက မတူလို့မရဘူး။ ဘာလို့ဆို MCC Centre တစ်ခုကိုဝင်သွားလို့ Satisfied ဖြစ်ရင် နောက်တစ်ခုကို သူက Spillover ဖြစ်သွားတယ်။ Dissatisfied ဖြစ်ရင်လည်း နောက်တစ်ခုကိုသွားပြီးတော့ Impact ထိတယ်။ လူများတော့လည်း လူများတဲ့အလျောက် စိန်ခေါ်မှုတွေရှိတယ်။ ဒါပေမဲ့ ဆွေးနွေးတိုင်ပင်တဲ့အခါမှာတော့ Constructive ဖြစ်ပါတယ်။
Education Services Franchising လုပ်ငန်းကဏ္ဍအနေအထားနဲ့ ဆက်လက်လုပ်ဆောင်သွားမှာတွေကို ပြောပြပေးပါဦး . . .
Industry အနေနဲ့ကြည့်ရင် Hardware ရောင်းတာတောင်မှု IT ချည်းပဲရောင်းရင် Market က ကျတယ်။ ဒါပေမဲ့ Mobile Market က တအားတက်တယ်။ နယ်တွေမှာ ကျွန်မတို့ရဲ့ Franchising ဆို ဘာမှမကြေညာဘူး။ သတင်းစာထဲမှာလည်း တသီးတသန့် ကြော်ငြာတာ မရှိပါဘူး။ များသောအားဖြင့် သူတို့ဘာသာ သူတို့လာကြတယ်။ တချို့ကတခြားလုပ်ငန်းရှိပေမယ့် သူတို့ဒေသရဲ့ ပညာရေး ဖွံ့ဖြိုးစေချင်တယ်၊ သူတို့ရဲ့ ဒေသမှာ ခေတ်မီတဲ့နည်းပညာတွေဖွံ့ဖြိုးစေချင်ကြတဲ့ ရည်ရွယ်ချက်နဲ့လာပြီး MCC ကို Approach လုပ်ကြတယ်။ အဲဒီအတွက် အဲဒီဒေသတွေမှာ Retail ပြီးရင် Quantity အရကြည့်ရင် သင်တန်းကျောင်းတွေက ဒုတိယလိုက်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒုတိယနေရာမှာရှိပါတယ်။ ဥပမာ- မြို့တစ်မြို့ကိုသွားရင် သူ့မှာ ကွန်ပျူတာသင်တန်းကျောင်းတွေ နဂိုကတည်းက ရှိပြီးသားဖြစ်မယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလို Brand တွေကို ချဉ်းကပ်ကြသလဲဆိုတော့ သူတို့က အစုအဖွဲ့ကြီးတစ်ခုထဲမှာ ပါဝင်ချင်တယ်။ Curriculum Update တွေ လိုချင်တယ်။ နောက်ပြီးတော့ Value of Certificate ပါ။ ဥပမာ- MCC က လူသိများတဲ့အခါကျတော့ MCC ရဲ့ Certificate ရှိရင် Job Opportunity ကောင်းတယ်။ Credibility ကောင်းတယ်။ အထူးသဖြင့် ဘဏ်တွေက ကွန်ပျူတာတတ်တဲ့လူဆိုရင် တန်းခန့်တယ်။ FMCG ကုမ္ပဏီတွေ ဆိုရင်လည်း ကွန်ပျူတာတတ်ရမယ်ဆိုတာမျိုး စသဖြင့် ခေါ်ကြပါတယ်။ ခေါ်တဲ့အခါ ကုမ္ပဏီတွေအနေနဲ့ သာမန် Computer Centre ကပေးထားတဲ့ လက်မှတ်ကို ကြည့်လိုက်တာနဲ့ ဒီလက်မှတ်က အစစ်ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ မသိနိုင်ပါဘူး။ ဒါပေမဲ့ MCC ရဲ့ လက်မှတ်နဲ့ဆိုရင် Value တစ်ခုရှိပြီးသားဆိုတာ သိကြတယ်။ အဲဒီအတွက် တချို့နယ်သင်တန်းကျောင်းတွေက ပြောင်းလာကြတာဖြစ်ပါတယ်။ တချို့ဆို သူ့သင်တန်းနဲ့ သူရှိပြီးသားဆိုပေမယ့် MCC နာမည်ယူလာကြတယ်။ အဲဒီအခါမှာတော့ ကျွန်မတို့က Conflice of Interest ကို ထိန်းရတယ်။ MCC နာမည်ယူရင် သူ့အရင်သင်တန်းကျောင်းနာမည်ကို ဖြုတ်ရတယ်။ တချို့က အရင်နာမည်နဲ့ MCC နာမည် နှစ်ခုတွဲတယ်။ မိတ်မပျက်စေချင်တဲ့ သဘောပါ။ ဒါလေးတွေ နည်းနည်းတော့ ထိန်းပေးရပါတယ်။ ဒါပေမဲ့ Value of the Certificate ကို Consumber က နားလည်တယ်။ ဒီသင်တန်းတက်ပြီး ရလာတဲ့ Recognition ၊ Job Opportunities တွေကို နားလည်လာပါတယ်။
အခုလည်း ပြည်နယ်နဲ့တိုင်းတော်တော်များများမှာ MCC ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ ကျွန်မတို့က မြို့နယ် ၃၃၀ လုံးမှာ MCC Franchise ရှိချင်ပါတယ်။ MCC အနေနဲ့ တစ်ခါမှကိုယ်တိုင်ဖွင့်တာ မရှိဘူး။ ဒါပေမဲ့ ဒီနှစ်အတွင်းမှာ Target အရ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ရိုက်ဖွင့်ဖို့ စဉ်းစားနေတယ်။ ဒါကတော့ Regional Development ပါ။ ကယားပြည်နယ်၊ လွိုင်ကော်မှာ Enquiry ရှိပြီးသားဆိုပေမယ့် Activate လုပ်ပေးရမယ့် သဘောပါ။ ချင်းပြည်နယ်ကျတော့ သွားလာရခက်ခဲပြီး Market Base မရှိလို့ ဘယ်လိုလုပ်ရမလဲ၊ CSR အောက်ပဲရောက်သွားမလားလို့ စဉ်းစားနေပါတယ်။ နည်းပညာတွေ ပြန့်ပွားစေချင်စိတ်ကတော့ အပြည့်ရှိပါတယ်။ အခုဆိုရင် ကျွန်မတို့သင်တန်းတွေမှာ Mobile တွေပါ တွဲသင်လာတယ်။ Microsoft Office သင်တန်းဆို လူတိုင်းတက်ကြပါတယ်။ ခုဆို MCC Centre တွေက ဖုန်းတွေထဲက Android မှာရှိတဲ့ Office ကိုပါ တွဲပြီးတော့ သင်ပေးတာမျိုးလည်း လုပ်ပါတယ်။
ဦးစိုးညီညီ
ပိုင်ရှင်
Feel Group
Miami Grill Myanmar
Mix Restaurant & Bar
နိုင်ငံတကာ Restaurant Chain တွေကို Franchise ယူဖြစ်တဲ့ အကြောင်းကို ပြောပြပေးပါ . . .
ကျွန်တော်တို့က မိသားစုလုပ်ငန်းဖြစ်တယ်၊ အဲဒီအတွက် အမြဲတမ်းလေ့လာနေဖို့လည်း လိုပါတယ်။ နောက်တစ်ခု ကိုယ့်လုပ်ငန်း ရေရှည် Sustainable ဖြစ်နေဖို့၊ ရေရှည် Survive ဖြစ်ဖို့ဆိုရင် နိုင်ငံတကာမှာရှိနေတဲ့ တစ်ခုခုကို မှီငြမ်းရမယ်၊ အတူယူရမယ်ဆိုတဲ့အခါကျတော့ Miami Grill လိုဟာမျိုးကို ယူလိုက်ပါတယ်။ အမေရိကန်နိုင်ငံကို ရောက်တဲ့အခါကျတော့ အမေရိကန်မှာ သင်တန်းတက်ခွင့်ရတယ်၊ သူတို့လူမျိုးတွေနဲ့ သူတို့လုပ်တဲ့စနစ်တွေကို လေ့လာခွင့်ရတယ်။ ရာနဲ့၊ ထောင်နဲ့ချီတဲ့ Franchise တွေပေးတဲ့အခါ သူတို့ဘယ်လိုလုပ်သွားသလဲဆိုတာကို သိခွင့်ရပါတယ်။ အဲဒါကို မှီငြိမ်းပြီးတော့မှ ကိုယ့်နိုင်ငံမှာလည်း ကိုယ့်အစားအသောက်ကို ဒီလိုမျိုးတီထွင်ပြီး လုပ်မယ်ဆိုရင် ကိုယ်လည်းပဲ Franchise အများကြီးပေးလို့ ရတယ်ဆိုတဲ့ အဖြေထွက်ပါတယ်။ အဲဒီအတွက် Technology လိုတယ်ဆိုတာကိုလည်း သိခွင့်ရပါတယ်။
ကိုယ်တိုင်ပေးဖို့အတွက် Miami Grill နဲ့ Mix ကို ယူလိုက်ပါတယ်။ အဲဒီအတွက် Mix က ထိုင်းကုမ္ပဏီဆိုတော့ Mix လို အမေရိကန်ကုမ္ပဏီလောက်တော့ Systematic မဖြစ်ပါဘူး။ ကျွန်တော်က Miami ရဲ့ Manual Book ကို မြန်မာနိုင်ငံနဲ့ကိုက်ညီအောင် အချိန်ယူပြန်ဆွဲပြီး အဲဒီအတိုင်းပဲ Franchise စပေးခဲ့ပါတယ်။
နိုင်ငံတကာ Franchise Restaurant တွေလုပ်တဲ့အခါ Menu ကအစ၊ ဝန်ထမ်းကအဆုံး ဘယ်လိုကန့်သတ်ချက်တွေ ရှိတာတွေ့ရပါသလဲ။ နောက်ပြီး နှစ်ကန့်သတ်ချက်အလိုက် ဘယ်နှဆိုင် ဖွင့်ရမယ်ဆိုတာမျိုးကော ရှိပါသလား . . .
Miami Grill က Local ဝန်ထမ်းကို ခွင့်ပြုပါတယ်။ Mix Restaurant ကျတော့ သူတို့ဆီက ဝန်ထမ်းအနည်းဆုံး သုံး၊ လေး၊ ငါးယောက် ခန့်ထားရမယ်ဆိုတာ ရှိပါတယ်။ သူကတော့ မြန်မာချည်းပဲဆိုရင် မြန်မာအရသာဖြစ်သွားမှာ စိုးလို့ပါ။ မြန်မာကနေ တစ်ဆင့်ယိုးဒယားစာကို သင်ထားတဲ့အတွက် မြန်မာစိတ်ကြိုက် အစပ်၊ အချဉ်တွေ ပိုသွားနိုင်တယ်ဆိုတာကြောင့် ဖြစ်ပါတယ်။ ထိုင်းကျတော့ ထိုင်းအစားအစာဖြစ်စေချင်တဲ့အတွက် ထိုင်းအရသာအကြိုက်သိအောင် အဲဒီဝန်ထမ်းထားခိုင်းတာ ဖြစ်ပါတယ်။ Miami ကျတော့ ဘာလို့ Local ကို ပေးလဲဆိုတော့ အစားအသောက်တွေအတွက် ပါဝင်ပစ္စည်းတွေအားလုံးက Supplier ဖြစ်တဲ့ Cheney Brothers က ဖြစ်ပြီး ဒီကဝန်ထမ်းက ဟမ်ဘာဂါအတွက်ဆို ပေါင်မုန့်ကို ဘယ်ဒီဂရီထား၊ အသားပြားကို Oven မှာ ဘယ်အပူအချိန် အတိုင်းအတာလောက်ထား၊ ချိစ်က ဘယ်လောက်အတိုင်းအတာထည့် စသဖြင့် အားလုံးသတ်မှတ်ထားပြီးသားကိုပဲ လိုက်လုပ်ရတာ ဖြစ်လို့ပါ။ Miami Grill ဆိုရင်တော့ ငါးနှစ်မှာ ငါးဆိုင်ဖွင့်ပေးရပါမယ်။ ကိုယ်တိုင်ဖွင့်ဖွင့် မဖွင့်ဖွင့် သူများဖွင့်ချင်တယ် ဆိုရင်လည်း ကျွန်တော်က ပေးလို့ရပါတယ်။ ကျွန်တော်က ငါးနှစ်အတွင်း ငါးဆိုင်ကို ရှာပေးဖို့ပဲလိုပါတယ်။
ကိုယ်တိုင် Feel စားသောက်ဆိုင်ကို Franchise ပေးတဲ့ပုံစံကို ပြောပြပေးပါဦး . . .
အခု Franchise ဆိုင်ကို ကလောမှာ စဖွင့်ပါတယ်။ Franchise ပေးတာ မကြာသေးပါဘူး။ နယ်တွေကို ကျွန်တော် ကိုယ်တိုင်က သိပ်မဖွင့်နိုင်တော့ သူတို့ဆီက ဖွင့်ချင်တဲ့ လူတွေနဲ့စကားပြောထားတာတွေ ရှိပါတယ်။ သူတို့ကို သင်တန်းပေးပြီး သူတို့ကိုယ်တိုင်ဖွင့်ပါတယ်။
နောက်တစ်ခု ရှယ်ယာရှင်နဲ့လုပ်တယ်ဆိုတာက Investor နဲ့လုပ်တယ်၊ မြေပိုင်ရှင်နဲ့ လုပ်ပါတယ်။ ဥပမာ - လုပ်ငန်းရှင်တော်တော်များများက ကျွန်တော့်နာမည်နဲ့ ဖွင့်ချင်တယ်ဆိုရင် Rental Fees ကို ကျွန်တော် ပေးစရာမလိုဘူး။ အမြတ်ပေါ်မှာပဲ ၆၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း ခွဲပါတယ်။ ၆၀ ရာခိုင်နှုန်းကို ကျွန်တော်တို့က ယူပြီး ၄၀ ရာခိုင်နှုန်းကို မြေပိုင်ရှင်ကိုပေးပါတယ်။ သူကတော့ အဆောက်အအုံတွေ၊ မီးဖိုချောင်တွေကို အပြီးအစီးလုပ်ရတယ်။ ကျွန်တော်တို့ဘက်ကတော့ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ခုံ၊ စားပွဲတွေ အားလုံးကို တာဝန်ယူပါတယ်။ တော်တော်များများက ကျွန်တော့်ကိုယုံကြည်တဲ့အတွက် ငွေရေးကြေးရေးကအစ စစ်မယ့်သူတွေထည့်တာမျိုးတော့ ဒီကနေ့အထိ မရှိပါဘူး။
နောက်ပိုင်းလည်း Franchise တွေ ထပ်ပေးသွားဖို့ ရှိပါတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့က Cheney Brothers လို Kitchen တစ်ခု မဖြစ်မနေလုပ်သွားရမယ့် သဘောရှိပါတယ်။ ဥပမာပြောရရင် ဆိတ်သားနှပ်၊ အမဲသားနှပ်၊ ကြက်သားဆီပြန်ပဲဖြစ်ဖြစ် ရောင်းတယ်ဆိုရင် အဲဒါတွေ အားလုံးအတွက် အဓိကဟင်းလျာကို Frozen ပဲဖြစ်ဖြစ်၊ Marinate လုပ်ပြီးပဲဖြစ်ဖြစ် လုပ်ရပါမယ်။ အဲဒီတော့မှ ကိုယ့်ဆီကနေပြီးတော့ Marinate လုပ်ထားတဲ့ ဟင်းအမယ်ကိုပဲယူပြီး ဆိုင်မှာ ပြန်ချက်ရမယ်ဆိုတာမျိုးလုပ်နိုင်ရင်တော့ တစ်နိုင်ငံလုံးမှာ သူတို့လိုသလောက် ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် အချိန်တစ်ခုတော့ စောင့်ရပါဦးမယ်။
မြန်မာနိုင်ငံအတွင်း စားသောက်ဆိုင် Franchise လုပ်ငန်းလုပ်တဲ့သူတွေရဲ့အခြေအနေကို လေ့လာမိသလောက် ပြောပြပေးပါဦး . . .
Franchise လုပ်တဲ့လူတွေအကုန်လုံးရဲ့ အပြောအရဆိုရင်တော့ သူတို့အတွက် မကျန်ဘူးလို့ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာ Rental Fees တွေက တအားမြင့်တယ်၊ Buying Power က နည်းပါတယ်။ အဲဒီတော့ Supply နဲ့ Demand အရကြည့်မယ်ဆိုရင် Supply ကများပြီး Demand က နည်းနေပါတယ်။ ဒါဆိုရင် နိုင်ငံခြားသားတွေက ဘာဖြစ်လို့ဖွင့်နေသလဲဆိုတော့ ဥပမာ- Swensen ၊ Pizza Hut ၊ KFC ၊ Budger King ပဲဖြစ်ဖြစ်ပြောရရင် သူတို့အနေနဲ့က နိုင်ငံတကာမှာ သူတို့ Fund သိပ်တောင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်ဆိုင်လုံးရှုံးနေလည်း သူတို့က အပြုံးပျက်တဲ့လူတွေ မဟုတ်ပါဘူး။ ဒီမှာ သူတို့က ခြေချထားတယ်၊ ဦးထားတဲ့သဘော ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း သူတို့အနေနဲ့ နိုင်ငံတကာမှာ ဆိုင်ပေါင်းနှစ်ထောင်လောက် ရှိတယ်။ မြန်မာပြည်ဆိုင်တွေလောက်ပဲ ရှုံးနေပြီး ကျန်တဲ့ဆိုင်တွေအကုန်က မြတ်တယ်ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ Local Business တွေက ကြောက်ပါတယ်။ Feel ကလည်း ကြောက်ပါတယ်။ အဲဒီအတွက် ဟမ်ဘာဂါတွေ၊ ပီဇာတွေ၊ ရေခဲမုန့်တွေဘက်တော့ လှည့်နေလို့မဖြစ်ဘူး။ ကိုယ်ကျွမ်းကျင်တဲ့ ငါးပိရည်တို့၊ ငါးခြောက်တို့၊ ထမင်းကြော်တို့ ဒီမြန်မာလိုင်းကိုပဲ မုန့်ဟင်းခါး၊ နန်းကြီးသုပ်တို့ဘက်ကိုပဲ သွားရမယ်ဆိုတာကို ကိုယ်ကမြင်လာပါတယ်။ တကယ်တော့ မြန်မာပြည်မှာ Local တွေက ရေရှည် Survive ဖြစ်ဖို့ တအားခက်လာပါတယ်။ ဆိုင်တွေဆိုရင် မြို့တွင်းကနေ တဖြည်းဖြည်း မြို့ပြင်ကိုရောက်ဖို့ များလာပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရာငှားခတွေက တအားမြင့်လို့ပါ။ ရောင်းတာက လက်ဖက်ရည်၊ မုန့်ဟင်းခါး၊ နန်းကြီးသုပ်ဆိုတော့ တစ်ပွဲကို လေးငါးထောင်ရောင်းလို့လည်း ဘယ်သူမှ လာစားမှာ မဟုတ်ပါဘူး။ အဲဒီလိုမရောင်းလည်း ဒီမှာဘယ်လိုမှ ငှားနိုင်မှာမဟုတ်ပါဘူး။ အဲဒီဟာမျိုးကို ဘယ်သူတွေက တတ်နိုင်လဲဆိုတော့ နိုင်ငံခြားသားတွေက တတ်နိုင်ပါတယ်။
တကယ်လို့ Franchise ယူမယ်ဆိုရင်လည်း ဆောင်ရန်ရှောင်ရန်က ကိုယ်ယူတဲ့ကုမ္ပဏီပေါ်မှာ မူတည်ပါတယ်။ ကိုယ်ယူမယ့်ကုမ္ပဏီက Flexible ဖြစ်တယ်ဆိုရင် ယူလို့ကောင်းပါတယ်။ သိပ်ပြီးတော့ Straight ဖြစ်ပြီး ကန့်သတ်ချက်တွေ သိပ်များတယ်ဆိုရင်တော့ Local အနေနဲ့က သိပ်ချမ်းသာလို့ ဂုဏ်အနေနဲ့ဖွင့်မယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ စီးပွားဖြစ်ဖွင့်မယ့်သူတွေကျတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။
ဦးရော်နယ်အောင်မိုးရွှေ
CEO
KMD Computer Group
KMD Centre တွေကို Franchise ပေးရတဲ့ ရည်ရွယ်ချက် . . .
ကျွန်တော်တို့ Franchise ပေးတဲ့ ရည်ရွယ်ချက်က တချို့ဝန်ထမ်းတွေကို လုပ်ငန်းရှင်တွေဖြစ်အောင် လုပ်ပေးတဲ့သဘောပါ။ Franchise Centre တွေဖွင့်ထားတဲ့ ပိုင်ရှင်အများစုက ကျွန်တော်တို့ရဲ့ Ex KMD ဝန်ထမ်းတွေ၊ ဒါမှမဟုတ် Employee တွေပါ။ သူတို့က သူတို့နယ်တွေမှာ၊ ဇာတိမှာ Computer Centre ပြန်ဖွင့်ချင်တယ်ဆိုရင် Centre အနေနဲ့ဖွင့်ခွင့်ပေးခဲ့တဲ့အတွက် သူတို့ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ Franchise Centre တွေ ဖွင့်ခွင့်ပေးဖို့ ရွေးချယ်တဲ့အခါ ပညာရေးဦးစားပေးတဲ့သူ ဖြစ်ရမယ်ဆိုတာနဲ့ စည်းကမ်းသတ်မှတ်ချက်တွေ လိုက်နာရမယ်ဆိုတာကို အဓိကထား စဉ်းစားပါတယ်။ ကျွန်တော်တို့က နယ်မြို့တွေမှာဆိုရင် Distance နဲ့ ကြည့်ပြီး Franchise ပေးပါတယ်။ တချို့မြို့မှာဆိုရင် Centre နှစ်ခု၊ သုံးခုလောက်ရှိပါတယ်။ လောလောဆယ်ထိတော့ ကျွန်တော်တို့ဝန်ထမ်းတွေကို ဦးစားပေးနေတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ အနာဂတ်မှာ ပြင်ပက ဆက်သွယ်လာတာကို ခွင့်ပြုတာမျိုးလည်း ဖြစ်လာရင် ဖြစ်နိုင်ပါတယ်။ Training Centre ဖွင့်မယ်ဆိုရင် စည်းကမ်းလိုက်နာရမယ်၊ ပညာရေးကို ဦးစားပေးတာမျိုးဖြစ်ရမယ်၊ ပြီးတော့ တကယ်သင်ကြားနိုင်တဲ့ ဆရာ၊ ဆရာမတွေရှိမယ်ဆိုရင်တော့ ကျွန်တော့်တို့ဘက်က လက်ခံသွားမှာပါ။
KMD ကလည်း နှစ်သုံးဆယ်ကျော် သက်တမ်းရှိနေပြီဖြစ်လို့ လောကမှာ ကျွန်တော်တို့ KMD က Degree ၊ Diploma ၊ Certificate ရလာတဲ့သူတွေ တော်တော်များများရှိပါပြီ။ ကျွန်တော်တို့ KMD က IT ICT Knowledge တွေကို ဖြန့်ဖြူးပေးတာမျိုး ဖြစ်စေချင်တယ်။ အားလုံးက KMD တက်ပြီးတော့ တိုးတက်လာတာမျိုး ဖြစ်စေချင်ပါတယ်။ Mission က KMD က IT လောကမှာ နည်းပညာပြန့်ပွားပေးနိုင်ဖို့ပါ။ Business Needs အနေနဲ့ Centre တစ်ခုဖွင့်မယ်ဆိုရင် ကွန်ပျူတာဆယ်လုံးလောက်နဲ့တော့ စစေချင်ပါတယ်။ အခန်းအကျယ်အဝန်းကလည်း ကွန်ပျူတာဆယ်လုံးစာနေရာအတွက် သင့်တော်တဲ့အကျယ်အဝန်းရှိရမယ်။ Facility ပြည့်စုံပြီး သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့တော့ ကျွန်တော်တို့ Request လုပ်ပါတယ်။ Logo နဲ့ Billboard ကတော့ ကျွန်တော်တို့သတ်မှတ်ထားတဲ့ KMD Logo နဲ့ Billboard တွေနဲ့ Same Design ဖြစ်ရပါမယ်။ ဒါကြောင့် Franchise Centre တစ်ခု စစချင်း Investment ကတော့ နည်းပါတယ်။ နှစ်စဉ်ကြေးရှိပြီး တစ်နှစ်တစ်ခါ Renew လုပ်ဖို့လိုပါတယ်။
ကျွန်တော်တို့ဆီက Franchise ယူမယ်ဆိုရင် Curriculum ကတော့ ကျွန်တော်တို့ဆီကယူရမယ်။ KMD Standard ဖြစ်ရမယ်။ အတန်းချိန်တစ်ခုမှာ မတူတဲ့ Course တွေ ပေါင်းမသင်ရဘူး။ ကိုယ့်မှာရှိတဲ့ ကွန်ပျူတာအရေအတွက်ထက် ပိုပြီး ကျောင်းသားလက်မခံရဘူး စသဖြင့် ရှိပါတယ်။ Training ကောင်းကောင်းပေးရမယ်။ User တွေကို ဂရုစိုက်ရမယ်။ ကျောင်းသားတွေရဲ့ ခံစားခွင့် Facilities တွေ အပြည့်ပေးရမယ်ဆိုတာတွေလည်း သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာက Don’ts ဆိုတာထက် Dos က ပိုများပါတယ်။ ပြီးတော့ Trainer Program လည်း လုပ်ပေးပါတယ်။ တစ်နှစ်မှာ အနည်းဆုံးတစ်ကြိမ်တော့ ကျွန်တော်တို့ဆီက Training ကို Franchise Centre တွေမှာ စာပြန်ပြနေတဲ့ Trainner တွေက မဖြစ်မနေတက်ရပါတယ်။
Franchise ပေးတဲ့အခါ ဘယ် Course တွေကို ပေးသလဲ . . .
Franchise ယူတဲ့အချိန်မှာ ရွေးချယ်ခွင့်ရှိပါတယ်။ Franchise အများစုကတော့ Short Course တွေကို ယူလေ့ရှိပါတယ်။ IT Application Course တွေပဲ များပါတယ်။ နှစ်စဉ် တစ်နှစ်တစ်ကြိမ် Franchise Centre တွေက Instructor တွေကို Course Update Training တွေ လုပ်ပေးပါတယ်။ ဒီနှစ်အတွက်ကတော့ Franchise Centre တွေကို မြန်မာပြည် အပေါ်ပိုင်းနဲ့အောက်ပိုင်း နှစ်ပိုင်းခွဲပြီး Training လုပ်ပေးပါမယ်။ ပြီးတော့ သင်ရိုးနဲ့ သင်ထောက်ကူပစ္စည်းတွေကအစ ရုံးချုပ်က Provide လုပ်ပေးတာဖြစ်ပါတယ်။ လက်ရှိအထိတော့ Diploma Course တွေကို Franchise Centre တွေမှာ သင်ခွင့်မပေးပါဘူး။ တကယ်လို့ Course Version အသစ်ထွက်တာ၊ New Course ထွက်တာမျိုးကို သူတို့ဘက်က ဖွင့်ချင်တယ်ဆိုရင် ကျွန်တော်တို့ဆီက Training ယူပြီးမှ ဖွင့်ခွင့်ရှိပါတယ်။
Computer Trianing တင်မကဘဲ Sales ပိုင်း လုပ်ချင်တယ်ဆိုလည်း ကျွန်တော်တို့ Franchise Centre တွေကို လုပ်ခွင့်ပေးထားပါတယ်။ IT ရော၊ Mobile ရောဖွင့်ချင်တယ်ဆိုရင် လုပ်လို့ရတယ်။ ဒါပေမဲ့ နေရာအနေအထားပေါ်မူတည်ပြီးပေးတာပါ။ ကျွန်တော်တို့ Distribution လုပ်နေတဲ့ Brand တွေ ယူချင်တယ်ဆိုရင်လည်း ပေးပါတယ်။ ဒီ Product တွေကို ဘယ်လိုရောင်းရမလဲဆိုတာနဲ့ ပတ်သက်လို့ Products Training တွေ လိုချင်ရင်လည်း လုပ်ပေးပါတယ်။ New Product တွေ ရောက်လာပြီဆိုတာနဲ့ Training ပေးတယ်။ ဒါတွေကတော့ Sales နဲ့ ပတ်သက်သွားပါတယ်။
ကုမ္ပဏီကြီးတွေက Education Project တွေ လုပ်မယ်ဆိုရင် သက်ဆိုင်ရာ Region မှာရှိတဲ့ Franchise Centre တွေကခံစားခွင့်ရှိတယ်။ ဥပမာ- MPT ၊ Telenor တို့လို ကုမ္ပဏီတွေက သူတို့ရဲ့ နယ် Centre တွေမှာ Training ပေးချင်တယ်ဆိုရင် ကျွန်တော်တို့ KMD Head Office နဲ့ Contract လုပ်ရပါတယ်။ အဲဒီလို Contract လုပ်ပြီး ကျွန်တော်တို့က အဲဒီ Region မှာ ရှိတဲ့ Franchise Centre တွေကို သင်ပေးဖို့ပြန်ချပေးလိုက်တယ်။ အဲဒီလို Project တွေအတွက် ခံစားခွင့်အားလုံးက သင်ပေးတဲ့ Franchise ကပဲရတာပါ။
ကျွန်တော်တို့ သုံးလတစ်ကြိမ် Support Check လုပ်ပေးတယ်။ Region အလိုက် ကျွန်တော်တို့ဘက်က သွားနိုင်မယ့်အတိုင်းအတာနဲ့ Franchise Centre တွေထဲက Support Check လုပ်ပေးရမယ့်ဆိုင်တွေ ရွေးလိုက်ပြီး သွားကြည့်ပေးပါတယ်။ သွားတဲ့အခါ သင်တန်းအခန်းတွေကို ကြည့်တယ်၊ ကွန်ပျူတာတွေက လက်ရှိခေတ် အခြေအနေနဲ့ အဆင့်မီရဲ့လားဆိုတာ ကြည့်ပေးတယ်။ ကွန်ပျူတာတွေက တအားဟောင်းနေတဲ့ Model ဖြစ်နေလို့ မရပါဘူး။ နောက်ပြီး ဆိုင်းဘုတ်စစ်ပေးပါတယ်။ သင်နေတဲ့ Method တွေက ကျွန်တော်တို့ Standard နဲ့ ကိုက်၊ မကိုက်ဆိုတာ စစ်တယ်။ ဒါတွေကို ကျွန်တော်တို့ရဲ့ Senior Trainer တွေက သွားစစ်ပေးတာပါ။ အပြန်အလှန်အားဖြင့် Franchise Centre တွေဘက်ကနေ ကျွန်တော့်တို့ဆီက Course တွေ Update လုပ်ဖို့ Information တွေယူတယ်။
သင်တန်းဆင်း Certificate ကတော့ Franchise Centre တွေက ပေးခွင့်မရှိပါဘူး။ ကျွန်တော့်တို့ ရုံးချုပ်ကပဲ KMD Certificate ထုတ်ပေးတာပါ။ သူတို့ဘက်က ကျောင်းသားစာရင်းနဲ့ ကျောင်းသားဓာတ်ပုံကို ပို့ပေးရပါတယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ သင်တန်းတစ်ခုအတွက် တက်ရမယ့် Attendance သတ်မှတ်ချက် မပြည့်မီရင်တော့ Certificate မထုတ်ပေးပါဘူး။
Support Check လုပ်တဲ့အခါ Standard မမီတာတွေ့ရင် ဘယ်လိုအရေးယူဆောင်ရွက်သလဲ . . .
ကျွန်တော်တို့ Standard ကို မမီဘူးဆိုရင် Warning Letter တွေ ထုတ်ပေးတဲ့အထိတော့ လုပ်ခဲ့ဖူးပါတယ်။ နောက်တစ်ခါ ထပ်တူညီတဲ့ Complaint မျိုး၊ ဒါမှမဟုတ် စည်းကမ်းမလိုက်နာတာမျိုး ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်က လက်တွဲဖြုတ်သွားမှာပါ။ အကြောင်းရင်းက ကျွန်တော်တို့ KMD ရဲ့ Standard ကျသွားလို့ မရဘူး။ ကျောင်းသားတွေကိုလည်း တစ်ပုံစံတည်းဖြစ်တဲ့ Quality မျိုးကိုရစေချင်တာပါ။ ကျောင်းသားတစ်ယောက်က KMD Centre မှာပဲသင်သင်၊ KMD Franchise Centre မှာပဲသင်သင် ခံစားခွင့်ရအပြည့်အ၀ ရရမယ်။ ဒါကလည်း ကျွန်တော်တို့ Contract ထဲမှာ ပါပြီးသားပါ။ စည်းကမ်းတွေရှိပါတယ်။ ဘာတွေလိုက်နာရမယ်၊ ဘယ်လိုအဆင့်မှာဆိုရင်တော့ ကျွန်တော်တို့ဘက်က အလုပ်ဆက်လုပ်ဖို့ ရပ်စဲမယ်ဆိုတာမျိုး ပါပြီးသားပါ။ အခုအချိန်အထိ ရပ်စဲလိုက်တယ်ဆိုတာက မရှိသလောက်ကို နည်းပါသေးတယ်။
Franchise Centre တွေအဆင်မပြေရင် Head Office ကို Complaint တက်လို့ရသလား . . .
ရပါတယ်။ ဘာတွေလိုအပ်နေလဲ ပြောခွင့်ရှိပါတယ်။ User တွေဘက်ကလည်း Centre တက်ခွင့်ရှိပါတယ်။ ဒီ Centre နဲ့ ဘယ်လိုအဆင်မပြေဘူးဆိုတဲ့ Reason တော့ အတိအကျတော့ ပေးရပါမယ်။
တစ်နိုင်ငံလုံးမှာ KMD Franchise Centre ဘယ်လောက်ရှိပါသလဲ . . .
ကျွန်တော်တို့ ကိုယ်တိုင် Operate လုပ်နေတဲ့ KMD Centre က ကိုးခုရှိပါတယ်။ Franchise Centre ကတော့ နယ်မြို့တွေမှာ ကိုးဆယ်ကျော် ရှိပါတယ်။ ရန်ကုန်မှာတော့ ၃၇ ခု ရှိပါတယ်။
ပထမဆုံး စပေးခဲ့တဲ့ Franchise Centre တွေ . . .
၁၉၉၅ ခုနှစ်မှာ မန္တလေး KMD အရင်ဆုံး စပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာမှ တောင်ကြီး၊ မိတ္ထီလာ၊ ပျဉ်းမနား၊ လားရှိုးဘက်တွေမှာ စပေးခဲ့ပါတယ်။
Franchise အပိုင်းမှာ ထပ်တိုးလုပ်သွားမယ့် Plan တွေ . . .
Franchise Centre တွေဘက်က သင်ပေးနိုင်တဲ့အနေအထားပေါ်မူတည်ပြီး IT နဲ့ပတ်သက်တဲ့ Vocational Course တွေအထိ ထပ်ပေးသွားမှာပါ။ Networking Engineering ၊ Software Engineering တွေအထိလည်း ပေးနိုင်ပါတယ်။ ကျွန်တော်တို့ Support ပေးသလို သူတို့ဘက်ကလည်း အင်တိုက်အားတိုက်နဲ့ လုပ်မယ်ဆိုရင်တော့ တိုးတက်လာမှာပါ။
လက်ရှိမှာလည်း နှစ်စဉ်နှစ်တိုင်းမှာ Data တွေကို ကြည့်ပြီးတော့ Top Centre ၊ Top Performance Award တွေပေးပါတယ်။ သူတို့ကြိုးစားမှုကို Recognized လုပ်တာပါ။ Top Centre ၊ Top Performance ရတဲ့အထဲမှာ မန္တလေး၊ တောင်ကြီး၊ မိတ္ထီလာမြို့တွေက Franchise Centre တွေ ပါပါတယ်။ ရန်ကုန်မှာဆိုရင်လည်း မြောက်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွေက Strong Franchise Centre တွေက Top ထဲမှာ ပါပါတယ်။ Franchise Centre တွေနဲ့ အမြဲတမ်းလည်း ထိတွေ့မှုရှိပါတယ်။
မြန်မာနိုင်ငံ Education Franchise လုပ်ငန်းအခြေအနေအပေါ် အမြင် . . .
ကျွန်တော်ကတော့ ပညာရေးလုပ်ငန်းဖြစ်လို့ ပညာရေးကို ဦးစားပေးသင့်တယ်လို့ ထင်ပါတယ်။ ကိုယ်က Qualified ဖြစ်တဲ့ ပညာတွေကို အပြည့်အဝပေးနိုင်မယ်ဆိုရင် ဈေးကွက်မှာ Leading နေရာမှာ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဦးဇော်မင်းလတ်
Executive Director
City Express
Myanmar Convenience Store Co Ltd
City Express ရဲ့ Franchise ပေးဖို့အစီအစဉ် . . .
အခုကတော့ Franchise ပေးထားတာမရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ Franchise ပေးသွားဖို့ အချိန်ယူ ပြင်ဆင်နေပါတယ်။ အခုလောလောဆယ်မှာတော့ Franchise Setup လုပ်ပေးတဲ့ စင်ကာပူက ကုမ္ပဏီတစ်ခုနဲ့ Workshop လုပ်နေတာ ရှစ်လလောက်ရှိပါပြီ။ ဒီနှစ် ဝါမထွက်ခင်မှာလည်း Franchise ဆိုင်တွေ လေး၊ ငါးဆိုင်လောက် စမ်းသပ်ဖွင့်လှစ်သွားဖို့ရှိပါတယ်။ ပြီးရင်တော့ Public ကိုဖိတ်ကြားပြီး Franchise Event တစ်ခုလုပ်မှာပါ။
Franchise ပေးဖို့ ဘယ်လို Criteria တွေနဲ့ သတ်မှတ်ထားသလဲ . . .
အဓိကသတ်မှတ်ထားတဲ့ Criteria နှစ်ခုပဲ ရှိပါတယ်။ ပထမတစ်ခုက Location ကောင်းရမယ်။ ဒါကတော့ ဘယ်လို Retail ဆိုင်မဆို Location ကောင်းဖို့ လိုပါတယ်။ ဒုတိယတစ်ခုကတော့ Franchise ဆိုတဲ့အတိုင်းပဲ Owner ကိုယ်တိုင် Operate လုပ်နိုင်မှ အဆင်ပြေမှာပါ။ ဒီဆိုင်ကို တကယ်ဦးစီးပြီး လုပ်ချင်တဲ့စိတ်ရှိရမယ်၊ လုပ်လည်း လုပ်နိုင်ရမယ်။ ဒီနှစ်ချက်ရှိမှသာ အမြတ်ရတဲ့လုပ်ငန်း ဖြစ်လာမှာပါ။ ဒါကြောင့် ဒီနှစ်ချက်နဲ့ ဆုံးဖြတ်ပါတယ်။
Franchise ယူမယ့်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေ . . .
ကျွန်တော်တို့ Franchise ရဲ့ Agreement ထဲမှာ အကုန်လုံး တိတိကျကျရေးရပါတယ်။ ပုံမှန် Agreement အချက်တွေကတော့ ဆယ်ချက်ကနေ ၁၅ ချက်လောက်အထိ ရှိပါတယ်။ တော်တော်များများ နိုင်ငံတွေက Franchise နဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ ဆိုင်ရဲ့ Image ကို ထိခိုက်စေတာမျိုး၊ Customer ကို စော်ကားတာမျိုးမလုပ်ရဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်မျိုးတွေပါ။ ထူးထူးခြားခြား အများကြီးတော့မရှိပါဘူး။
Franchise ယူချင်တဲ့သူတွေအတွက် Revenue သတ်မှတ်ချက် . . .
ရှေ့မှာပြောသွားတဲ့ Location ကောင်းရမယ်ဆိုတာက ကိုယ်ပိုင်မြေနေရာဖြစ်လည်း ရတယ်။ ငှားရမ်းထားတဲ့ မြေနေရာဆိုလည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်မြေနေရာဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ငွေကြေးကတော့ အနည်းဆုံး သိန်းနှစ်ရာလောက်နဲ့ စမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ငွေကြေးအတွက် ကျွန်တော်တို့ ဘဏ်တွေနဲ့လည်း စကားပြောနေတာတွေ ရှိပါတယ်။ Hire Purchase ၊ Financing လိုမျိုး ကျွန်တော်တို့နဲ့ ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ပေးဖို့ပြောနေတာတွေ ရှိပါတယ်။ ကိုယ့်မှာ ငွေကြေးအကုန်လုံး မရှိရင်တောင် ကျွန်တော်တို့ချိတ်ဆက်ထားတဲ့ဘဏ်နဲ့တစ်ဆင့်ပေါင်းပြီး လုပ်လို့ရမယ့် အခြေအနေမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဥပမာ- ကိုယ့်မှာပုံမှန်ဖွင့်နေတဲ့ အိမ်ဆိုင်ရှိတယ်၊ အိမ်က ကိုယ်ပိုင်တယ်။ ဒါပေမဲ့ အရင်းအနှီးမရှိဘူးဆိုရင် ကျွန်တော်တို့ ချိတ်ဆက်ထားတဲ့ဘဏ်နဲ့ အလုပ်လုပ်လို့ရမယ်ဆိုတာမျိုးပါ။
Fees တွေ (ဥပမာ- Licence Fees) . . .
Licence Fees ကတော့ ကျွန်တော်တို့ အကြမ်းဖျင်း လျာထားတာပဲ ရှိပါတယ်။ အတိအကျကိုတော့ ကျွန်တော်တို့လုပ်မယ့် Franchise Event မှာ သေချာချပြသွားမှာပါ။ Licence Fees ယူရတဲ့အကြောင်းအရင်းက Owner ဘက်ကနေ Commitment လိုချင်တယ်။ ကျွန်တော်တို့ကလည်း Win Win Situcation ကိုပဲ အဓိကကြည့်ပါတယ်။ Franchise ကလည်း ရေရှည်အကျိုးမြတ်ရှိမှသာ ဆက်လက်ရပ်တည်နိုင်မှာဖြစ်တယ်။ ကျွန်တော်တို့ အမြတ်ရှိသလို သူတို့လည်း အကျိုးမြတ်ရှိရမယ်။ အဲဒါကြောင့် Licence Fees တွေကလည်း အများကြီးတော့ဖြစ်မှာမဟုတ်ပါဘူး။
Franchise ယူတဲ့သူတွေကို တခြားဘာတွေ provide လုပ်ပေးဦးမှာလဲ . . .
ကျွန်တော်တို့က One-Stop Solution ပုံစံနဲ့သွားမှာပါ။ ဆိုင်တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင် ဒီဆိုင်ခန်းကို ဘယ်လို Layout ချရမလဲ၊ ဆိုင်ခန်းပြင်ဆင်တာကအစ ပစ္စည်းတွေ ဘယ်လိုစီ၊ ဘယ်လိုထားရမယ်ကအစ သင်ပေးမယ်။ ဆိုင်တွေမှာ ခန့်မယ့်ဝန်ထမ်းတွေကို On Job Trainig ပေးတယ်။ ဆိုင်မှာ စီမံခန့်ခွဲမယ့်သူကိုလည်း မန်နေဂျာ Training ပေးမယ်။ အကုန်လုံး One-stop Solution ပဲ လုပ်ပေးသွားပါမယ်။
City Express ကို Franchise ယူမယ်ဆိုရင်၂၄ နာရီလုံး ဖွင့်ကိုဖွင့်ရမှာလား . . .
အကြမ်းအားဖြင့်တော့ ၂၄ နာရီဖွင့်ရမှာပါ။ ကိုယ်ဆိုင်ဖွင့်ထားတဲ့ အဆောက်အအုံက ၂၄ နာရီ Operate မလုပ်တဲ့ နေရာဆိုရင်တော့ တစ်မျိုးပေါ့။ ဥပမာ- မနက် ၈ နာရီ၊ ည ၈ နာရီ ဖွင့်တဲ့ ရုံးတွေရှိတဲ့ အဆောက်အအုံမှာ ဖွင့်ထားတဲ့ ဆိုင်ဆိုရင်တော့ ၂၄ နာရီ ဖွင့်စရာမလိုပါဘူး။ ဒါပေမဲ့ ပုံမှန်ရပ်ကွက်ထဲမှာ ဖွင့်မယ်ဆိုရင်တော့ ၂၄ နာရီ ဖွင့်ကို ဖွင့်ရမယ်။ ကျွန်တော်တို့ဖွင့်ထားတဲ့ ဆိုင်တွေထဲက MICT Park မှာ ဖွင့်ထားတဲ့ဆိုင်က ၂၄ နာရီမဖွင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရုံးထဲမှာဖြစ်လို့ ရုံးပိတ်တဲ့ ညဘက်တွေမှာဆိုရင် ကျွန်တော်တို့ဆိုင်ကလည်း လိုက်ပိတ်ရတယ်။ ဒါကတော့ MICT Park ရဲ့ သတ်မှတ်ချက်အတိုင်း လိုက်လုပ်ရတာပါ။
Franchise ဆိုင်တစ်ဆိုင်အတွက် သတ်မှတ်ထားတဲ့ ဝန်ထမ်းအင်အားနဲ့ ဝန်ထမ်းတွေရဲ့အလုပ်ချိန်တွေ . . .
လက်ရှိမှာတော့ ရှစ်နာရီတစ်ချိန်နဲ့ တစ်ရက်ကို အလုပ်ချိန် သုံးပိုင်းခွဲထားပါတယ်။ အနည်းဆုံး အလုပ်ချိန် တစ်ချိန်မှာ ဝန်ထမ်းနှစ်ယောက်ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ Owner ကိုယ်တိုင် Operate လုပ်တဲ့အခါမျိုးမှာ သူတစ်ယောက်တည်း ဖြစ်ချင်လည်းဖြစ်မယ်။ ကျွန်တော်တို့ကတော့ Owner Operated ဆိုရင်လည်း အလုပ်ချိန်သုံးပိုင်းခွဲဖို့ပဲ အားပေးပါတယ်။ Owner က ကိုယ့်ဆိုင်ကိုယ်လုပ်တဲ့အတွက် ရှစ်နာရီထက်ကျော်ပြီး ကိုးနာရီလုပ်လုပ်၊ ဆယ်နာရီလုပ်လုပ် ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဝန်ထမ်းတွေ ခန့်မယ်ဆိုရင်တော့ တစ်ရက်ကို သုံးပိုင်းနဲ့သွားရပါတယ်။
Inspection Check ကို ဘယ်လောက်အကြာ တစ်ကြိမ်လုပ်ပေးမလဲ . . .
ကျွန်တော်တို့ လုပ်ပြီဆိုတာနဲ့ တစ်လတစ်ကြိမ် Record ကောက်သွားမယ်။ ကျွန်တော်တို့ကတော့ Standard Check လို့ခေါ်ပါတယ်။ Standard အတိုင်းရှိရဲ့လားဆိုတာ Check လုပ်တာပါ။ ပြီးတော့ Score Point နဲ့ သွားပါမယ်။ တစ်ရာမှာ အနည်းဆုံးတော့ ဘယ်နှ Point တော့ Maintain လုပ်ထားရမယ်ဆိုတာမျိုးကတော့ ကျွန်တော်တို့စာချုပ်ထဲမှာလည်း ပါပါတယ်။ Owner အနေနဲ့ လိုက်လုပ်ရမယ့်ကိစ္စတွေကို စစ်ဆေးတဲ့အဖွဲ့လည်း သီးသန့်ရှိပါမယ်။
Custormer Complaint တွေကို ဘယ်ဘက်က ဖြေရှင်းပေးမှာလဲ . . .
အကြမ်းအားဖြင့်တော့ နှစ်ပိုင်းခွဲလို့ရပါတယ်။ Customer က ဆိုင်ကို Complaint လုပ်တာမျိုးရှိတယ်။ ပထမဆုံးကတော့ ဆိုင် Owner ဆီရောက်သွားမယ်။ သူက အဲဒါကို ကိုင်တွယ်ဖြေရှင်းပြီး ကျွန်တော်တို့ဆီကို Report လုပ်ရမယ်။ ကျွန်တော်တို့က သူ့ရဲ့ဖြေရှင်းပုံကိုကြည့်ပြီး အကြံဉာဏ်ပေးမယ်။ ကျွန်တော်တို့ဘက်က ဒီလိုမဖြစ်သင့်ဘူး၊ နောက်ကိုဒီလိုမလုပ်ရဘူးဆိုတာမျိုး Feedback ပြန်ပေးမယ်။ နောက်တစ်ခုက Online က တိုက်ရိုက်လာတဲ့ Complaint တွေရှိတယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့က Owner ကို Inform လုပ်မယ်။ တအားအခြေအနေ ဆိုးတာမျိုးဆိုရင်တော့ Owner ရဲ့ ဆိုင် CCTV Record ကို တောင်းကြည့်မယ်။ ပြီးမှ ဒီ Customer ကို ပြုမူလိုက်တဲ့အနေအထားကို ကြည့်ပြီး လက်ခံနိုင်တဲ့ အနေအထားလား၊ လက်မခံနိုင်တဲ့ အနေအထားလားဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်။
City Express က ရန်ကုန်မြို့တွင်းပဲ Franchise ပေးသွားမှာလား . . .
လက်ရှိကျွန်တော်တို့ဆိုင်တွေ အကုန်လုံးက ရန်ကုန်မှာပါပဲ။ ရန်ကုန်မှာမဟုတ်တဲ့ဆိုင်ဆိုလို့ ၁၁၅ မိုင်က Genko ဆီဆိုင်မှာ တစ်ခုပဲရှိပါတယ်။ တခြားနယ်တွေမှာ မရှိပါဘူး။ Franchise ကလည်း Lunch လုပ်ပြီး ပထမတစ်နှစ်ကတော့ ကျွန်တော်တို့ Focus က ရန်ကုန်မှာပဲဖြစ်မှာပါ။ နယ်တွေကိုတော့ Franchise မပေးသေးပါဘူး။ အကြောင်းရင်း ပထမအချက်က Logistice ပါ။ ရန်ကုန်ကနေ နယ်တွေကို Support လုပ်ဖို့က ခက်ခဲနေသေးတယ်။ Cost က ပိုများလာမယ်။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ Franchise စလုပ်တဲ့ ပထမတစ်နှစ်ကို နီးနီးကပ်ကပ်လေ့လာချင်တယ်။ ဒါမှ သူတို့ရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို သေချာလေ့လာခွင့်ရမှာပါ။ နယ်တွေမှာက ကျွန်တော်တို့ သိပ်လက်လှမ်းမမီတဲ့အတွက် သူတို့ကို သေချာ Support မလုပ်ပေးနိုင်တာမျိုးဖြစ်မှာ စိုးရိမ်မိလို့ပါ။ နောက်ပိုင်းကျရင်တွေ နယ်တွေအထိသွားဖို့ အစီအစဉ်ရှိပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ Franchise လုပ်ငန်းတွေရဲ့အခြေအနေ . . .
လက်ရှိမှာတော့ Retail ကို Franchise ပေးတယ်ဆိုတာမျိုး များများစားစား မရှိသေးဘူးလို့ ကျွန်တော်ကြားပါတယ်။ တရားဝင်လုပ်နေတာတွေလည်း ကျွန်တော်မကြားမိပါဘူး။ Franchise လုပ်ဖို့ ပြင်ဆင်နေတာတွေရှိပေမယ့် တကယ်စလုပ်တဲ့လုပ်ငန်းတွေတော့ မတွေ့သေးပါဘူး။
Retail Franchise လုပ်ငန်းအခြေအနေကို ပြောရရင်တော့ အစပိုင်းမှာကျွန်တော်ပြောခဲ့သလိုပဲ ဆိုင်ရဲ့ Location ကောင်းရမယ်။ ပြီးတော့ ကိုယ်က Operation ကို စိတ်ဝင်တစားနဲ့ အားတက်သရောလုပ်မယ်ဆိုရင် ဒါက Profitable ဖြစ်နိုင်တယ်။ ကျွန်တော်တို့ရဲ့ လက်ရှိဖွင့်ထားပြီးသား City Expressဆိုင် ခြောက်ဆယ်ကျော်ရဲ့ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Profitable ဖြစ်တယ်ဆိုတဲ့ အဖြေထွက်ပါတယ်။
တခြားဖြည့်စွက်ပြောချင်တာတွေ . . .
ကျွန်တော်တို့နဲ့ Franchise လုပ်ငန်းကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့လုပ်သွားမယ့် Franchise Event လေးကို လာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်။
ကျွန်တော်တို့လည်း လက်လှမ်းမီသလောက် ပွဲအကြောင်းကို ထုတ်ပြန်ပေးမယ်။ ငွေကြေးတတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်သည်ဖြစ်စေ ကျွန်တော်တို့က ဘဏ်တွေနဲ့ချိတ်ဆက်တာတွေလုပ်နေတဲ့အတွက် ကိုယ့်ရဲ့ ကိုယ်ပိုင်စီးပွားရေးလိုမျိုး တစ်ပိုင်တစ်နိုင် လုပ်ချင်တယ်၊ ဆိုင်ဖွင့်ဖို့ နေရာကောင်းကောင်းရှိတယ်၊ ကိုယ့်မှာ Operate လုပ်မယ့် မိသားစုရှိတယ်ဆိုရင် ကြွရောက်ပေးဖို့ ပြောချင်ပါတယ်။
Kris Suryakanth
Director
5aSec Myanmar
5aSec အကြောင်း အကျဉ်းချုပ် . . .
အဝတ်အထည်အခြောက်လျှော်တာက ၁၈၀၀ ပြည့်နှစ်မှာ ဥရောပမှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အခြောက်လျှော်တဲ့ဝန်ဆောင်မှုအတွက် ဘယ်လောက်ကုန်ကျမယ်ဆိုတာကို အတိအကျဈေး မသတ်မှတ်နိုင်ခဲ့ပါဘူး။ ရှပ်အင်္ကျီတစ်ထည်သွားလျှော်မယ်ဆိုရင် တစ်ခါသွားတိုင်း ဈေးတစ်မျိုးပြောမယ်။ ၁၉၆၈ ခုနှစ်မှာ 5aSec ကို ပြင်သစ်နိုင်ငံမှာ စဖွင့်ခဲ့တယ်။ 5aSec ရဲ့ အဓိပ္ပာယ်က Five Main Prices (အဓိကဈေးနှုန်းငါးမျိုး) ဖြစ်ပါတယ်။ ဘယ်လိုအဝတ်အထည်အမျိုးအစားတွေပဲလာလာ အဓိကဈေးနှုန်း ငါးမျိုးနဲ့ပဲ ခွဲခြားသတ်မှတ်ပြီး ဈေးနှုန်းယူပါတယ်။ ဒါက Customer တွေကိုလည်း စိတ်ကျေနပ်မှုပေးပါတယ်။ အဲဒီသတ်မှတ်ချက်က သိပ်အောင်မြင်ခဲ့ပါတယ်။ တခြားကိုယ့်ရဲ့ပြိုင်ဘက်တွေက သူတို့စိတ်ကြိုက်ဈေးတွေ ယူပေမယ့် 5aSec ကတော့ ဈေးကိုတစ်သမတ်တည်းသွားပါတယ်။ ဒါကြောင့်လည်း တခြားနိုင်ငံတွေမှာ ဈေးကွက်ဖြန့်ကြက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာ 5aSec က Franchise စပေးခဲ့ပါတယ်။
5aSec က နိုင်ငံတကာအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အခြောက်လျှော်နဲ့ အဝတ်အထည်လျှော်ဖွတ် သန့်စင်တဲ့နေရာမှာ နံပါတ်တစ်နေရာမှာရှိတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ကုမ္ပဏီရုံးချုပ်ကတော့ ဆွစ်ဇာလန်နိုင်ငံ၊ Geneva မြို့မှာ ရှိပြီး နိုင်ငံပေါင်းသုံးဆယ်ကျော်မှာ ဆိုင်ပေါင်းသုံးထောင် နီးပါးရှိပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ B2C လုပ်နိုင်ပြီး ကမ္ဘာ့အဆင့်မီအခြောက်လျှော်လုပ်ငန်းနဲ့ အဝတ်အထည်လျှော်ဖွတ်သန့်စင်တဲ့ ဝန်ဆောင်မှုဆိုင်ရာ စီးပွားရေးအခွင့်အလမ်းတွေ ရှိတာမြင်တဲ့အတွက် ဆိုင်ဖွင့်ခဲ့တာဖြစ်ပါတယ်။ B2B ကို အဓိကထားပေမယ့် B2B Service လည်း ပေးပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံးဆိုင်ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာ အင်းလျားလမ်းမှာ စဖွင့်ခဲ့ပြီး အောက်တိုဘာလမှာ Offical Opening ပြုလုပ်ခဲ့ပါတယ်။ ဒုတိယဆိုင်ခွဲကိုတော့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာပလာဇာမှာ ဖွင့်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလာဖွင့်ဖြစ်တဲ့အကြောင်းရင်းက အခြောက်လျှော်တာနဲ့ အဝတ်အထည်သန့်စင်တဲ့လုပ်ငန်းက အခြေခံလိုအပ်ချက်ဖြစ်တယ်။ ပြည်သူတွေရဲ့ ပျမ်းမျှဝင်ငွေ တိုးတက်လာပြီး သူတို့တွေက အရည်အသွေးကောင်းတဲ့ အဝတ်အထည်တွေ ပိုဝယ်လာမယ်။ အဲဒီလို ဝယ်တဲ့အခါ ဒီအဝတ်အထည်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုလာမယ်။ ဒီအဝတ်အထည်တွေကို အိမ်မှာလျှော်လို့မဖြစ်ဘူး။ ကျွန်တော်တို့ရဲ့ အခြောက်လျှော်လုပ်ငန်းလိုအပ်လာမယ်။ ဒါက ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေးရဲ့ တောင်းဆိုချက်တစ်ခုပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဝတ်လျှော်လုပ်ငန်းမှာ အဓိကဦးဆောင်နေတာက လုပ်ငန်းတစ်ခု၊ နှစ်ခုလောက်ပဲရှိပါတယ်။ ခေတ်မီနည်းစနစ်နဲ့ ဝန်ဆောင်မှုပေးတာဆိုရင် လုပ်ငန်းသုံးခုလောက်ပဲအများဆုံးရှိပြီး သုံးခုစလုံးက ပြည်တွင်းကပဲဖြစ်ပါတယ်။ သူတို့ကလည်း နည်းပညာတွေ သုံးလာပါတယ်။ တခြားလုပ်ငန်းတွေကတော့ အိန္ဒိယက ဒိုဘီလုပ်ငန်းနဲ့ဆင်တူပါပဲ။ ဒါက Traditional Style ဖြစ်ပြီး ကောင်းတော့ကောင်းတယ်။ ဒါပေမဲ့ တကယ့်တန်ဖိုးကြီး အဝတ်အထည်တွေအတွက်တော့ မသင့်တော်ပါဘူး။
5aSec ကို တစ်ကမ္ဘာလုံးက နိုင်ငံအတော်များများမှာ တည်ထောင်ထားပြီးဖြစ်တဲ့အတွက် ရန်ကုန်လိုမျိုး စိန်ခေါ်မှုတွေပြည့်နေတဲ့ဈေးကွက်မှာ ဒီအမှတ်တံဆိပ်ကို တည်ထောင်ဖို့လွယ်ကူသွားပါတယ်။ ရှေ့ပိုင်းနှစ်တွေမှာ ရုံးချုပ်ရဲ့ Management က Training နဲ့ Technoloyg ပိုင်းကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ဝန်ထမ်းတွေက . . .
ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေအားလုံးက ပြည်တွင်းက ဖြစ်ပါတယ်။ ဆိုင်နှစ်ခုက မန်နေဂျာနှစ်ယောက်ကိုတော့ ဆွစ်ဇာလန်နိုင်ငံ၊ Geneva မြို့မှာ နှစ်လကြာ Training ပေးခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Upper Management အနေနဲ့ Orientation Training ယူဖို့လိုတဲ့အတွက် ဆယ်ရက်ကြာ Trining တက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းအများစုကတော့ မြန်မာလူမျိုးတွေ ဖြစ်ပါတယ်။ နောက်အနာဂတ်မှာဆိုရင်လည်း ဝန်ထမ်းတွေ အားလုံးကို ပြည်တွင်းကပဲခန့်ဖို့ ရည်ရွယ်ထားပြီး တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့ကူညီသွားချင်ပါတယ်။
ဒေသတွင်းက အအောင်မြင်ဆုံး 5aSec ဆိုင်တွေက . . .
ပြင်သစ်နဲ့ဥရောပကလွဲပြီး အအောင်မြင်ဆုံးနေရာကတော့ အင်ဒိုနီးရှာနိုင်ငံ၊ ဂျာကာတာမြို့ ဖြစ်ပါတယ်။ ဂျာကာတာက ဆိုင်တွေရဲ့ Operation ပိုင်းက သိပ်ထိရောက်ပြီး တိုးတက်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ လုပ်ငန်းစချိန်တုန်းက 5aSec Indonesia ရဲ့ Upper Management နဲ့တိုင်ပင်ပြီး အကြံဉာဏ်တောင်းခံခဲ့ပါတယ်။ တအားကို အထောက်အကူရခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကို သူတို့ရဲ့ Customers တွေရဲ့ လူနေမှုပုံစံနဲ့ သူတို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို မေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အဝတ်အထည်တွေက မြန်မာနိုင်ငံက အဝတ်အထည်တွေနဲ့ ဆင်တူလို့ပါ။ အင်ဒိုနီးရှားမှာဆိုရင် 5aSec က ဥရောပမှာထက်ပိုပြီး Premium ဖြစ်တဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Market Positioning နဲ့ ဖက်ရှင်လုပ်ငန်းတွေနဲ့ အကျွမ်းဝင်မှုရှိတာကြောင့်ပါ။
မြန်မာနိုင်ငံမှာ 5aSec ရဲ့ ရှေ့ဆက်သွားမယ့် လုပ်ငန်းအစီအစဉ်တွေက . . .
မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့အမှတ်တံဆိပ်က ပထမဆုံးစတင်တဲ့နှစ်ထဲမှာပဲ ရှိသေးတဲ့အတွက် ရန်ကုန်မြို့က Customer တွေ တိုးလာအောင်လုပ်သွားဖို့ ကြိုးစားနေပါတယ်။ ဒီအတွက် ရန်ကုန်မှာ ဆိုင်တွေထပ်တိုးပြီး ဖွင့်သွားနိုင်အောင်လုပ်မယ်။ Pick up & Delivery Service လည်း ပေးသွားဖို့ရှိတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ စံနှုန်းဖြစ်တဲ့ One Day Service နဲ့ Customer Service ကို အကောင်းဆုံးပေးသွားမယ်။ 5aSec မှာဆိုရင် အရာအားလုံးက ရှင်းလင်းတိကျပါတယ်။ ဆိုလိုတာက ဈေးနှုန်းပိုင်း၊ Servive ပိုင်းတို့က ရှင်းလင်းတိကျပါတယ်။ ဈေးနှုန်းတွေက ဆိုင်မှာလည်း ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားပြီး မဂ္ဂဇင်းတွေမှာထည့်တဲ့ ကြော်ငြာတွေမှာလည်း ဈေးနှုန်းပါ တစ်ခါတည်း ထည့်ကြော်ငြာပါတယ်။ ဒီလိုဈေးနှုန်းကို သေချာဖော်ပြတဲ့အခါ Customer တွေက ကျွန်တော်တို့ဆိုင်ရဲ့ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးတဲ့ကြာချိန်အပေါ် ယုံကြည်စိတ်ချသွားပါတယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ 5aSec ကို တစ်နိုင်ငံလုံး အတိုင်းအတာအထိ ဖြန့်ကြက်သွားဖို့ မျှော်လင့်ထားပါတယ်။
အယ်ဒီတာအဖွဲ့